Wednesday, December 21, 2011

ပျက်၍မပြယ်သော ကဗျာ

နှစ်လေးဆယ် (၄၀) လုံးလုံး ခြေနဲ့ရေးခဲ့သမျှ
ခုမှ လက်နဲ့ ဒရောသောပါး လိုက်ဖျက်နေရုံနဲ့
ချက်ချင်း ပျော့ပျောင်းသွားရအောင်
ငါ့နှလုံးသားက ရွှံ့နဲ့လုပ်ထားတာ မဟုတ်ဘူး။

ဒီခရီးရဲ့အစကတည်းက
လှေနံကို တစ်ဖက်ထဲနာနာနင်းပြီး ရပ်ခဲ့တာ
လွယ်လွယ်နဲ့ ပြောင်းလဲပစ်ဖို့ မဟုတ်ဘူး။

ငါက..
ကျဉ်းမြောင်းတယ်လို့ ပြောပါ။
ငါ့လိုပဲ သင်ယူလွယ်၊ တတ်လွယ်တဲ့ အရွယ်ကောင်းတွေအားလုံး
သေးသိမ်ကျဉ်းမြောင်းအောင် အသင်ခံခဲ့ရတာပဲ၊
ဒီလောက်တော့ ရှိတာပေါ့။

တစ်တိုင်းပြည်လုံး သင်တို့ရဲ့ "အပြောင်းအလဲ" လေနီကြမ်းအောက်မှာ
ယိမ်းထိုးမှောက်ခုံဖြစ်သွားစေဦးတော့
ငါ့ အမုန်းတရား အပင်ငယ်လေး အမြစ်တွယ်ဆဲဆိုတာ
ငါ့ရပ်တည်မှုအတွက် ငါ့သက်သေပဲ။
ငါလျှောက်ခဲ့သောခရီးအတွက် ရင်နဲ့ရင်းတဲ့ ကဗျာပဲ။

Mirror
21-12-2011

No response to “ပျက်၍မပြယ်သော ကဗျာ”