Saturday, June 04, 2011

အရိပ်အသွင်ထင်နေဆဲများ

ကိုယ့်မှာ ခံစားတတ်တဲ့နှလုံးသားအခန်းတွေပါနေသရွေ့... ရုပ်သေအဖြစ် မှတ်တမ်းတင်စရာ ပစ္စည်းပစ္စယတွေ မလိုပါဘူး။ အဲ့ဒီလိုယုံကြည်ပြီး အမေ့မြေကိုပြန်တဲ့ လမ်းတစ်လျှောက်လုံး မျက်လုံးနဲ့သေချာစေ့ငုအောင်ကြည့်၊ စိတ်နှလုံးသားထဲ သံမှိုစွဲအောင်ရိုက်ထည့်ဖြစ်ခဲ့တာတွေချည့်။ အများကြီးရယ်.။မြေရဲ့ ရနံ့ပြောင်းလဲသွားတာမှ စလို့ သစ်ပင်တွေရဲ့ အစိမ်းရောင်ခြားနားမှုအထိ။ ဘာကိုမှ လက်လွှတ်မခံမိခဲ့ဘူး ထင်ပါတယ်။

လေယာဉ်ကွင်းသေးသေးလေးနဲ့ လေယာဉ်ကွင်း အကျယ်ကြီး၊ အတိုင်းအဆမလိုတဲ့ နွေးထွေးမှုနဲ့ အတင်းကာ ရော လိုက်လံရှာဖွေယူရတဲ့ အကြင်နာများ...။

အောင်ဆန်းလမ်းနဲ့ ကျောင်းလမ်းဆုံက စိန်ပန်းပင်ကြီးက နီနီစွေးစွေးရှိလိုက်တာ။ အဲ့ဒါကို ၂ လမ်းထိပ်မှာ မုန့်တီသုပ်စားရင်း တစိမ့်စိမ့်ခံစားမိတယ်။ ချစ်စရာ စိန်ပန်းနီနီတွေ။ စိန်ပန်းတွေမြင်တာနဲ့ ကျောင်းတက်ရတော့ မှာပါလားလို့ ...လစ်ခနဲ တွေးလိုက်မိတဲ့ အတွေးကို ကဗျာကယာ ပြန်ရုတ်သိမ်းရတယ်။

င၀န်မြစ်ကို ဖြတ်တိုက်လာတဲ့လေဟာ... မလတ်ဆတ်ဘူး။ ဒါပေမယ့် အပူဒဏ်ကိုတော့ လျော့စေသားပဲ။ ခုတစ်ခေါက် င၀န်မြစ်နားကို ရောက်တာဟာ ဒီ တစ်ပတ်အတွင်းမှာ ၂ ကြိမ်မြောက်ပေါ့။ သင်္ကြန်အကြိုနေ့တုန်း က တစ်ခေါက်ရောက်တယ်။ အကြိုနေ့၊ ကလေးတွေပတ်တဲ့ရေဟာ... အေးမြမြနဲ့ပေမယ့် လူတစ်ကိုယ်စာတောင် မစိုစွတ်စေဘူး။ အိမ်အပြန်လမ်းမှာ သင်္ကြန်အိုး(အတာအိုး) တည်ဖို့အတွက် ငယ်ငယ်တုန်းက အတာပန်းတွေ အရှာထွက်ကြတဲ့အကြောင်း တူတော်မောင်ကို ပြောပြမိတယ်။ ခု တစ်ခေါက်ရောက်တာလဲ င၀န်မြစ်နားပဲ။ ကွဲကွာသွားတာ ၁၀ နှစ်ရှိပြီဖြစ်တဲ့ သူငယ်ချင်းတွေနဲ့ အင်ကြင်းပင်ကြီး တစ်ပင်အောက်မှာ တန်းစီလဲလျောင်းပြီး စကားတွေ တောင်စဉ်ရေမရ။ ကိုယ့်ပုခုံးပေါ် ကြွေကြလာတဲ့ အင်ကြင်းပန်းမွှေးမွှေးလေးကို ဘယ်နားမှာ ချထားခဲ့မှန်း တကယ် မမှတ်မိတော့ဘူး။

၇ လမ်းရဲ့ ဟိုဘက်ထိပ်၊ဒီဘက်ထိပ်မှာ ကိုယ်တက်ခဲ့တဲ့ ကျောင်း ၂ ကျောင်းရှိတယ်။ ခေတ်အဆက်ဆက် တည်ရှိ ခဲ့တဲ့ မြို့မကျောင်းရဲ့သရုပ်မှန်က ပျောက်ဆုံးသွားပြီး တစ်နှစ်အတွင်းမှာ ထီးထီးကြီးပေါ်လာတဲ့ ကျောင်းဆောင်သစ် ကို အချိန်အတော်ကြာကြာ ရပ်ကြည့်နေမိတယ်။ ဒီမြို့မှာ ဒီကျောင်းသစ်ကြီး ပြောင်းလဲဖြစ်တည်မှုအပေါ် မနှစ်မြို့တဲ့လူဆိုလို့.. ငါနဲ့အပြင် တခြားဘယ်သူတွေ ရှိဦးမလဲ။ တွေးမိတယ်။

ကိုယ်တို့တွေက ၅ တန်းကနေ ၈ တန်းထိကို မြို့မကျောင်း(အလယ်တန်းကျောင်း)မှာ တက်ရပြီး ၉ တန်းနဲ့ ၁၀ တန်း ၂ နှစ်ကိုပဲ အထက်တန်းကျောင်းမှာ တက်ရတာ။ ငယ်တုန်း၊ကလေးစိတ်ဆီမှာထဲက စွဲလာတာက အထက်တန်းကျောင်းကို ကိုယ့်ကျောင်းရယ်လို့သတ်မှတ်မထားမိဘူး။ မြို့မကျောင်းကမှသာ.. ကိုယ့်ကျောင်း၊ ငါတို့ကျောင်း။ငါတို့ မြို့မကျောင်းကို ဘယ်သူဖျက်ဆီးပစ်လဲ။နောက်တစ်ခေါက် ထပ်မသွားချင်တော့ဘူး။ မြင်လဲ မမြင်ရက်တော့ဘူး။

လယ်ကွက်တွေရဲ့နောက်မှာ၊ ရထားလမ်းကို မေးတင်ထားတဲ့ ကိုယ်တို့ရဲ့ အထက်ကျောင်းဟာ နဂိုအတိုင်း ဘာမှ မပြောင်းလဲဘူး။ ကျောင်းခြံစည်းရိုးနားထိ ရောက်အောင်မသွားမိဘူး။ ကျောင်းခြံစည်းရိုးတလျှောက်က စိန်ပန်းပင်တွေ နီရဲနေပြီ။

မြင်ကွင်းထဲကကျောင်းနဲ့ ကိုယ်နဲ့ကြားမှာ ရထားဖြတ်လာဖို့ မျှော်လင့်နေမိတာ။ အမေ့ကို ရထားတွေခန့်မှန်းခြေ ဘယ်အချိန် ၀င်တတ်သလဲဆိုတာ မေးပြီးမှအချိန်ကိုလဲ တမင်ချိန်ကိုက်သွားတာပါ။ တစ်ယောက်ထဲ ရပ်နေတဲ့ကိုယ်ကို ကိုယ်တို့မြို့ကလူတွေက သူစိမ်းလိုလို၊ ရင်းနှီးသလိုလို မျက်လုံးတွေနဲ့ ကြည့်ကြတယ်။

မကြာခင်မှာပဲ ရထားက ဖြတ်သွားတယ်။ ခုဖြတ်သွားနေတဲ့ ရထားရဲ့အရောင်က အစိမ်းရောင်ဘက်ပါတယ်။ ဘာအရောင်လဲဆိုတာ သေချာ မမှတ်မိတော့ဘူး။ စိမ်းပြာရောင်လား ထင်တာပဲ။ သေချာတာက ကိုယ်တို့တွေ ငယ်ငယ်တုန်းကလို အနီရောင် မဟုတ်တော့ဘူး။ အထက်တန်းတွဲ၊ ရိုးရိုးတန်းတွဲရယ်လို့တော့ ရှိနေတုန်းပဲ။ ရထားဟာ ဘူတာအ၀င်မို့ ပုံမှန်ထက် လေးပင်ချည့်နဲ့စွာ။

ကျောင်းခြံစည်းရိုးက စိန်ပန်းပင်တွေက လေနဲ့အတူ ခပ်သွဲ့သွဲ့ပဲ ယိမ်းနေကြတယ်။ လျှစ်စစ်ဓာတ်အား ပေးဝေရေးတိုင်တွေ၊တယ်လီဖုန်း၊ကြေးနန်းဆက်သွယ်ရေးတိုင်တွေလဲ ငိုးတိုးငေါက်တောက်နဲ့။ အရောင်ပြောင်း သွားတဲ့ ရထားတစ်စင်း ကိုယ့်ရှေ့က ဖြတ်သွားတယ်။.. ဆွေးတယ် ဒုတ်ဒုတ်ထိပဲ။

========

5 Responses to “အရိပ်အသွင်ထင်နေဆဲများ”

“ဆွေးတယ် ဒုတ်ဒုတ်ထိပဲ” ဆိုတာလေးကို သိပ်သဘောကျတာပဲ... ဘဝတူတွေမို့ ထပ်တူခံစားသွားရတယ်...

jr said...

တစ်ကိုယ်စာခံစားချက်အတွက် ဆိုရင် မလိုဘူးပေါ့။
လူများကိုပြန်ချ'ပြမယ်ဆိုရင်တော့ ခုလို ပြန်ပြောတတ်တဲ့ အသည်းနှလုံးတစ်စုံဖြစ်ဖြစ်တော့ လိုတာပေါ့။
ဘာမှတောင် မဖတ်ရသေးဘူးပြီးသွားတယ်။ အပိုင်း ၁၊ ၂၊ ၃၊ ၄ ... လုပ်ပါဦး။

မြို့နဲ့ ပြန်ပြီး အသားကျဖို့ဆိုတာ မြို့ထဲကို အဝေးပြေးကားတစ်စီးလို ပြေးဝင်သွားရုံနဲ့ မရဘူးဆိုတဲ့ တာရာမင်းဝေဝတ္တုတစ်ပုဒ်အမှတ်ရမိတယ်။

ကျောင်းရယ် မီးရထားလမ်းရယ်မှာပဲ ရပ်ထားလိုက်တော့ ဒုတ်ဒုတ်ထိ မဆွေးလိုက်ရဘူး ဖြစ်သွားတယ် ။ :P

ကျောင်းတွေ ပြန်ဖွင့် မိုးနံ့သင်းသင်းလေးရတဲ့ ခုလို အချိန်မှာ ဒီပို့စ်လေးဖတ်ပြီး ခေါင်းစဉ်တပ်မရတဲ့ အလွမ်းနာတစ်ခု ရင်ထဲ ထိုးဖေါက်ဝင်ရောက်လာသလိုပဲ ။

ရေးသားချက်ကလေးတွေ တကယ်ရသမြောက်တယ်။ ဆွေးနေတာလေး ကိုယ်ပါဆွေးသွားတယ်

ခင်မင်လေးစားလျက်