Thursday, May 05, 2011

Internet cafe' မှာ မိမိကိုယ်ကို ပြန်လည်ရှာဖွေကြည့်မိတယ်

အခန်းတံခါးကို ဆွဲဖွင့်ပြီးဝင်လိုက်လိုက်ချင်းမှာပဲ ၀မ်းနည်းစိတ်၊ သူ့ကိုယ်သူ နှမြောစိတ်၊ သူ့ရဲ့ အတိတ်ကို သူ ပြန်လည်တသ တဲ့စိတ်တွေ လှိုက်လှိုက်ပြီး တက်လာတယ်။ သူဟာ သိပ်ကိုခံစားတတ်သူပါ။ ဘုရားဟောခဲ့ဖူးတဲ့ တစ်စက္ကန့်မှာ အကြိမ်ပေါင်းကုဋေကဋာ ပြောင်းလဲနေတယ်ဆိုတဲ့ စိတ်ရဲ့အပြောင်းအလဲတိုင်းကို ဥာဏ်မှီသ လောက် လိုက်ဖမ်းဆုပ်ပြီး ခံစားတတ်နေတာလဲ သူပဲလေ။

ကောင်တာဘက်ဆီ လှမ်းကြည့်လိုက်တော့ တစ်ဦးတစ်ယောက်မှ မမြင်ရဘူး။ ဟိုအရင်တုန်းကဆိုရင်တော့ ခုလို ဘယ်သူမှမရှိနေလဲ ပြဿနာမရှိဘူး။ လွတ်နေတဲ့တစ်နေရာဆီ လျှောက်သွားပြီး ကိုယ့်စကားဝှက်ကို ရိုက်ထည့်လို့ ကွန်ပြူတာပွင့်လာတာနဲ့ သုံးလိုက်ရုံ။ ခုတော့ ကိုယ့်ကို "အမ ဘယ်စက်ယူမလဲ၊ member လား " ဆိုပြီး နေရာချထားပေးမယ့် တစ်ယောက်ယောက် ဒီကောင်တာဆီကို ပြန်လာတဲ့အထိ မတ်တပ်ရပ်လို့ စောင့်နေရုံပေါ့။ ခဏနေတော့ အမျိုးသမီးတစ်ဦးပြန်ထွက်လာတယ်။ နောက်ဖေးဘက်သွားတာ ထင်ပါရဲ့။ ပြီးတော့ သူ့ကို နံပါတ် ၆ ကို သွားပါ အမ ဆိုပြီးပြောတယ်။ ခြေလှမ်း ငါးလှမ်း၊ခြောက်လှမ်းလောက် အတွင်းမှာ သူ့စိတ်တွေဟာ အဝေးဆီကို ထွက်ပြေးသွားတယ်။

၅၊၆၊၇ ဆိုတာ သူထိုင်နေကျ ခုံနံပါတ်တွေ။ အဲ့ဒီတုန်းက သူက ဂျီမေးလ်၊ဂျီတော့ခ် မှန်မှန်သုံးဖြစ်တယ်။ ဂျီတော့ခ် ကို အမြဲတမ်းစိမ်းထားပြီး သူငယ်ချင်းစာရင်းထဲမှာ မိတ်ရင်းဆွေရင်းတွေချည်းပဲ ဆိုပေတဲ့ လာခေါ်တဲ့လူတိုင်းကို စကားပြန်ပြောမဟုတ်ဘူး။အနီရောင်အတုံးဆိုတာ ဘယ်တုန်းကမှ မတား,ထားခဲ့ဖူးဘူး။ သူ့အယူအဆက သူဟာ အလုပ်များနေတဲ့သူ မဟုတ်ဘူး။အားလို့ အင်တာနက်သုံးနေတာဖြစ်တဲ့အတွက် အစိမ်းရောင် အစက်လေးပဲ ချထားရမယ်။ ဒါပေမယ့် လူတိုင်းနဲ့ စကားမပြောချင်လို့ လာခေါ်တိုင်းပြန်မပြောနိုင်ဘူး။ အဲ့လိုမျိုး ကန့်လန့်တွေးပြီး ထင်သလိုလုပ်ရဲတဲ့ စိတ်အင်အားတွေ သူ့မှာ ခိုအောင်ခဲ့ဖူးတယ်။

အဲ့ဒီတုန်းက သူ ဘလော့မှန်မှန် ဖတ်ဖြစ်တယ်။ ပရောက်ဇီအမျိုးပေါင်း သောင်းခြောက်ထောင်ကို အလွတ် မှတ်မိနိုင်တယ်။ "ဥပဒေနှင့် မလွတ်ကင်းသောဝက်ဘ်ဆိုဒ်များ မကြည့်ရ" လို့ တားမြစ်စာ ကပ်ထားတဲ့ဆိုင်မှာ ကိုယ်ကြည့်ချင်တဲ့၊ဖတ်ချင်တဲ့ သတင်းမှန်သမျှ ဖတ်ခဲ့ဖူးတယ်။ ဆိုင်ဝန်ထမ်းက နောက်သလို၊ပြောင်သလိုနဲ့ "အမ ဘာတွေကြည့်နေတာလဲလို့" တားမြစ်ချင်သလို မေးလာခဲ့ရင် "ငါ့လာမေးမယ့်အစား ဟိုဘက်စက်က ညစ်ညမ်းဗွီဒီယိုကြည့်တဲ့လူကို သွားမေးပါလားဟယ်" လို့ အငေါ့လဲတူးတတ်တယ်။

အဲ့ဒီတုန်းက သူ စာမှန်မှန်ရေးနိုင်ခဲ့ဖူးတယ်။ သူ့စာတွေအတွက် သူ့မှာ ဘယ်လိုယုံကြည်ချက်မှ မထားခဲ့ဖူးဘူး။ သူ့စာတွေဟာ သူ့အတိုင်းပဲ၊ ခပ်သွက်သွက်၊ခပ်မြန်မြန် အရှိန်တစ်ခုနဲ့ ...။ ပြီးတော့ သူ့စာတွေကနေ သူ့ကို ဖောက်ထွင်းလဲ မြင်နိုင်တယ်။

အဲ့ဒီတုန်းက သူက အင်တာနက်သုံးရင်း အင်းစတင့်ကော်ဖီ တစ်ခွက်ပြီးတစ်ခွက် မှာသောက်ခဲ့တယ်။ ထမင်းကြော်ကို ပုံမှန်စားတယ်။ မျက်စိညောင်းလာရင် အင်တာနက်ဆိုင်မှာရှိတဲ့ သတင်းဂျာနယ်တွေထဲမှ အတင်းအဖျင်းတွေကို လိုက်ဖတ်တတ်တယ်။ ပြီးတော့ ဆိုင်ရှင်တွေနဲ့ စကားစမြည် ပြောဆိုလေ့ရှိတယ်။

----
-----
------

အဲ့ဒီတုန်းက သူဟာ စကားများတဲ့သူ ဖြစ်ခဲ့တယ်။သို့ပေမယ့် အဲ့ဒီတုန်းက သူဟာ မလိမ်ညာတတ်ခဲ့ဘူး။

အဲ့ဒီတုန်းက သူ ဆိုတာလဲ ရှိခဲ့ဖူးတယ်။


6 Responses to “Internet cafe' မှာ မိမိကိုယ်ကို ပြန်လည်ရှာဖွေကြည့်မိတယ်”

jr said...

ဖောက်ထွင်းမြင်ရတိုင်းလဲ ကောင်းတာမဟုတ်ပါ။
အကြောင်းကြောင့် အကျိုးဖြစ်။ ကောင်းမွန်သော အကြောင်းတရားများကိုပါ ပြန်လည်ရှာတွေ့နိုင်ပါစေလို့ ဆုတောင်းပေးတယ်။

Kay said...

ငါ့ညီမလေး..
အကျီ င်္ ဟောင်းတထည် ကို ပြန်ဝတ်ကြည့် နေတယ် ထင်ပါ့...။

ဒါဟာ ကြီးပျင်းလာခြင်း ဖြစ်မှာပါ.. ကွယ်..
း)

ဖဘ လည်း တို့ မသုံး နေ ပြန်တော့..မတွေ့တာတောင်ကြာပီကော..ငါ့ညီမ.. ငါ့မောင်လေး တယောက်ကတော့..ထွက်ရပ်ပေါက်သွားပြီ ထင်ပါ့..း)

အသက်အရွယ်ကိုလိုက်ပြီး လူက စိတ်ဝင်စားမှု လုပ်ချင်တာလေးတွေ ပြောင်းလာတယ် ထင်တာပဲ ။
ဖတ်တဲ့စာတွေ ပြောင်းလာတယ် ။ နားထောင်တဲ့သီချင်းအမျိုးအစားတွေ ပြောင်းလာတယ် ။
ကြည့်ဖြစ်တဲ့ ရုပ်ရှင်တွေ ပြောင်းလာတယ် ။
ဖြတ်သန်းလို့ရလာတဲ့အတွေ့အကြုံ အတွေးအမြင် ပြောင်းလာလို့ပါပဲ ။

အသက်အရွယ်တိုင်းအတွက် တော်တဲ့ အင်္ကျီတော့ ဘယ်ရှိမလဲကွယ် ။ (ကိုးကား.... မကေကွန်မင့်) :P

ဆိုရိုးတစ်ခုက အရေးကြီးတာကို အရင်လုပ်လိုက်ပါ .. နောက်မှ လုပ်မယ်ဆိုရင် အချိန်မရှိတော့ပါတဲ့ ... ဒါလည်း စဉ်းစားစရာ တစ်ခုပဲ ...

တိုက်တိုက်ဆိုင်ဆိုင် ဖတ်လက်စ စာတစ်အုပ်ထဲက စာကြောင်းလေးလိုပဲလေ။ “ There was a little girl who had a little curl right in the middle of her forehead and when she was good she was criticized anyway” Elan Golomb, ( Trapped in the Mirror)

ဘာပဲဖြစ်ဖြစ် ညီမလေးရယ်
ကိုယ့်ကိုကိုယ်ရှာဖွေကြည့်တာဟာ မေ့လျော့ပျောက်ဆုံးနေတာထက် သာလွန်တာ အမှန်ပါး)

မောင်မျိုး said...

အဲ့ဒီ ဂျစ်ကန်ကန် စရိုက်လေးတွေ ရှိတတ်တဲ့ ငါ့သူငယ်ချင်းကို ငါလည်း ပျောက်ပျောက်သွားလို့ ပြန်ပြန်ရှာကြည့်မိတယ် ။ နီနေတာတွေ့ရင်တောင် “ ဟဲ့... ဘာတွေလုပ်နေတုန်း ”လို့ အတင်းမေးတတ်ပေမယ့် အခုတော့ စိမ်းနေရင်တောင် မခေါ်ရဲတော့သလိုလို ။ အချိန်တွေကပဲ တိုက်စားသွားလေ သလား ပတ်ဝန်ကျင်အခြေနေတွေကပဲ ပြောင်းလဲပေးပစ်လို်က်တာလား သေချာတော့မသိတော့ပါး)


အဆင်ပြေပါစေ သယ်ရင်းရေ ။

ပြောင်းလဲမှုကို Control လုပ်လို့မရတဲ့ဘဝမှာ မကြာခဏ ပျောက်ဆုံးနေကြဦးမှာပါပဲ ညီမလေးရေ... ဒီအထဲကပဲ အကောင်းလေးတွေ တန်ဖိုးထားမိရာလးတွေကို ပြန်ပြန်ရှာကြရမှာပါပဲ...