Monday, December 20, 2010

အိုင်စီပွဲနဲ့ ဆက်စပ်မိသမျှ....

ဇာတ်သမားပြန်တော့ မှတ်သားစရာကျန်သတဲ့။အိုင်စီပြန်တော့...လွမ်းကျန်ခဲ့ရပါပေါ့။လွမ်းတာက အိုင်စီကိုမှ၊ ကိုကြီးငဲ တို့ကိုမှ လွမ်းရခြင်းမဟုတ်။ သူတို့ပြန်သွားမယ့် ရွှေပြည်ကြီးကိုပေါ့။ လွမ်းတာလေ လွမ်းလိုက်တာမှ။ အငဲ ထွက်လာလာချင်း ကိုယ့်ဆွေမျိုးသားချင်းများ မြင်ရသလိုပါပဲ။ အမေ့ကို မြင်ရင်တောင် ဒီလောက် ခံစားမှု တွေ ယောက်ယတ်ခပ်ပါ့မလား..ကိုယ့်ဘာသာကိုယ် မသေချာပါဘူး။ သီချင်းကို လိုက်ဆိုမလို့လုပ်လိုက်၊
ငြိမ်နေလိုက်ရလိုက် နဲ့..။ ခု ပြန်စဉ်းစားတော့ လိုက်ဆိုမိလား၊မဆိုမိလား မမှတ်မိနိုင်တော့...။ ဘာပဲဖြစ်ဖြစ် သူတို့တွေ၊ နောက် တောကျောင်းဆရာတို့တွေ အများကြီးဘ၀ပေးကံ ကောင်းပါတယ်။တခြားတခြားသော အရေခွံတွေကိုခွာချပြီး ကိုယ့်ရင်ထဲက ခံစားမှုချည်းသက်သက် ချဉ်းကပ်ကြည့်မယ် ဆိုရင်ပေါ့..။

မျှော်ခဲ့လိုက်ရတဲ့ ဒီဇင်ဘာ ၁၉ ရက်။ ဟိုးလွန်ခဲ့တဲ့ ၁ လ လောက်ထဲက။ စိတ်မလှုပ်ရှားတော့ပေမယ့် ငါဟဲ့.. သွားကို အော်ဟစ်ပေါက်ကွဲပစ်လိုက် ဦးမယ်ပေါ့။လင်းလင်း ဆိုတဲ့ပွဲ မြန်မာပြည်မှာတုန်းက တစ်ပွဲကြုံတယ်။ သူငယ်ချင်းမတွေ အလှပြင်လို့ မပြီးတာနဲ့ သူ ဆိုတဲ့တချိန်လုံး လုံးဝကို လွတ်သွားခဲ့တယ်။ဒီ တစ်ခေါက်မှ လွတ်ရင်တော့ သူတို့နဲ့ကိုယ်နဲ့ သေခန်းပြတ်ပဲ သူငယ်ချင်းတောင် ဖြစ်သွားမလားပဲ။သက်ပြင်းတွေ ပြိုင်တူချ ခိုင်းပြီး ကိုယ်တွေကို နေတတ်သလိုနေခိုင်းခဲ့တဲ့ လင်းလင်းကို စိတ်မနာပါဘူး။ နေတတ်သလိုပဲ နေပါတယ်။

လင်းလင်းမထွက်ခင်မှာပဲ ရှေ့တန်းမှာထိုင်တဲ့ သူငယ်ချင်းတွေက အပြင်ခဏသွားပါတယ်။ထိုင်နေတုန်းပဲ ဗြုန်းဆို ကိုယ့်မျက်နှာပေါ် ဆံပင်တွေ အထွေးလိုက်လာထိတော့ ရုတ်တရက် လန့်ဖျပ်သွားပါတယ်။ မော့ကြည့် လိုက်တော့ ကောင်မလေးတစ်ယောက်ရဲ့ မျက်နှာက ကိုယ့်အပေါ်တည့်တည့်မှာ။လမ်းခဏလောက်ဆိုပြီး လွှားခနဲဆို ကျော်ဆင်းသွားပါတယ်။သူ့နောက်ကနေ ကောင်ကလေးတစ်ယောက်၊ကောင်မလေး တစ်ယောက် ထပ်ဆင့်လွှား ကြပါတယ်။ကြယ်တွေ၊လတွေ မြင်သွားသလိုပါပဲ။ ပြီးတော့ စောစောက အပြင်ခဏ ထွက်သွားတဲ့ သူငယ်ချင်း ၂ ယောက်နေရာမှာ ၀င်ထိုင်ပါတယ်။ ဟန့်တားရမှာ အားနာပေမယ့် ဒီနေရာ လူရှိတယ် ပြောလိုက်ပါတယ်။ ခုံနာပါတ်နဲ့ မဟုတ်ပေမယ့် သူတို့နေရာအသီးသီးမှာ ရေသန့်ဗူးတွေ ချထားပါတယ်။ ကိုယ်လိုချင်တဲ့နေရာရဖို့ အတွက် အိမ်ကနေ အစောကြီးထွက်ကြရပါတယ်။ နောက်ပြီး ကိုယ်တွေကိုယ်တိုင် အပြင်(အိမ်သာ)ခဏသွားချင်ပေမယ့် တမင်လေးယောက်ကို ၂ ယောက်စီခွဲ သွားရတာ ကိုက ကိုယ့်နေရာ မပျောက်သွားချင်လို့ပါ။ ဒီတော့ မပြောမဖြစ် ပြောရပါတယ်။ပြောတဲ့အခါကျတော့ မယ်မင်းကြီးမလေး နဲ့ မောင်မင်းကြီးသားက ကိုယ်တွေ့ရှေ့တည့်တည့်မှာ မတ်တပ်ရပ်ပါတယ်။ ဒီတော့ ကိုယ့်တစ်ယောက်ကျော်က ကိုယ့်သူငယ်ချင်းပါပဲ။သူကလဲ ခပ်စွာစွာရယ်ဆိုတော့.. ဟင် နင်တို့ ဒီလိုရပ်တော့ နောက်က လူတွေ ဘယ်လိုမြင်ရမလဲ လို့ ပြောပါတယ်။ကိုယ်လဲ ၀င်ပြောပါတယ်။ သူတို့ကို ကိုယ်တို့ပြောတဲ့စကားလုံးတွေ၊အမူအယာတွေဟာ ရည်ရည်မွန်မွန် မဟုတ်တောင် မရိုင်းပြဘူးဆိုတာ ကိုယ်တို့ဘာသာ ကိုယ်တို့ သေချာပါတယ်။ဒီတော့ မိန်းကလေး ၂ ယောက်ကြား သူရဲကောင်း မောင်မင်းကြီးသားက ပိုက်ဆံပေးကြည့်တာ ဘယ်သူ့မှ ဂရုစိုက်စရာမလိုဘူး။ လာ ရပ်သာရပ် လို့ ဆိုပါတယ်။ အင်း ဒါဆို မကြေးမုံတို့က အလကား အလကားကြည့်တာပေါ့ နော်။ ...။

ဆက်ပြောမနေပါဘူး။ လက်မှတ်စစ်တဲ့လူကို သွား အကူအညီတောင်းပါတယ်။ ဒီလိုဒီလိုပေါ့။ တကယ်ကိုလဲ ရှေ့မှာ မတ်တပ်ရပ်ရုံမက ကို့ရို့ကားယားတွေ "က"နေပါသေးတယ်။သူတို့က တာက Rock တာ မဟုတ်ပါဘူး။ သူတို့ ကနည်းက တမျိုးပါ။ ထားပါတော့လေ..။ အဲ့ဒါနဲ့ သွားပြောတော့ လက်မှတ်စစ်ရဲ့ ဖြေရှင်းပေးပုံက အတော်လေးကိုပဲ ပြီးပြည့်စုံပါတယ်။ မရပ်နဲ့လို့ ပြောလိုက် တဲ့။ ပြောပြီးပြီ။ မရဘူး။ အကို ကိုယ်တိုင်လာပြောပေးကြည့်ပါဦး ဆိုမှ ဆင်းသွားပါတယ်။ ရိုက်ပေါက်စကားကို စပြောပါတယ်။
"ဟေးဟေး... မင်းတို့ရပ်ကြည့်နေလို့ နောက်မှာ ငါ့လာပြောနေပြီ " လို့ဆိုတော့ ကိုယ်က သူတို့ရန်သူ ဖြစ်မသွားပေဘူးလား။ မသကာရင်.. "ညီလေး ဒါ ရပ်ကြည့်တဲ့ အတန်း မဟုတ်ဘူးကွ။နောက်က လူတွေ အကုန်ကွယ်ကုန်မှာပေါ့...။ ရပ်ကြည့်ချင်ရင် နောက်ဆုံးမှာ သွားရပ်ပေးပါလားကွာ" လို့ ပြောရင်လဲ ဖြစ်သား ပဲ။ အင်း.. စည်းနဲ့ဘောင်းနဲ့ ဖြစ်မှာ စိုးလို့ တူပါရဲ့။ ကိုယ်တို့ချင်း အဲ့လို တိုက်ပေးသွားတာ။ ပြဿနာက ပြေလည်သွားလားဆိုတော့ ပွဲပြီးတဲ့အထိ ဟုန်း ဆို..ဆင်းလာလိုက်၊လွှား ဆို ကျော်တက်သွားလိုက်ပါပဲ။

ဒီနေရာမှာ ဘာသွားစဉ်းစားမိလဲ ဆိုတော့... အဲ့လိုလူတွေကြောင့် အဲ့လို အဓိပ္ပါယ်မရှိတဲ့ စည်းကမ်းတွေနဲ့ ကြပ်မတ်ထားရတာပါလား၊အဲ့လို စည်းကမ်းတွေ အဓွန့်ရှည်နေတာပါလား ဆိုတာတွေးမိတယ်။လူတွေဟာ ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ်သာထိန်းသိမ်းမယ်ဆိုရင် ဘယ်သူက စော်ကားပြီး ဘယ်သူကကာကွယ် ပေးသလဲ ဆိုတာ ကိုယ်တိုင်ဝေခွဲတတ် ပါလိမ့်မယ်။ ခုတော့ သေနတ်မိုးပြီးခြောက်မှ ကြောက်မယ့် လူငယ်တွေ ဖြစ်မှန်းမသိ ဖြစ်နေပြီ။ဖြစ်လဲ ဖြစ်နေပါပြီ။

မကြေးမုံက ခုလိုပြောတာကို ဝေဖန်ချင်သူတွေ ရှိပါဦးမယ်။ အပြင်ရောက်ထဲက ဒီလိုစကားတွေ ဒီလိုအကြောင်းတွေ မရေးတော့၊ မပြောတော့ပါဘူး။ အပြင်ရောက်မှ စွတ်အော်တယ်လို့ နာမည်အတပ် မခံနိုင်ပါဘူး။ ခုက အပြင်မှာမြင်တဲ့ လူငယ်တွေ အကြောင်းမို့ ကြုံတုန်း ဆုံတုန်းပဲ ဆိုပါတော့။..ဒါနဲ့...

အာဇာနည် ထွက်ပါတယ်။ ကောင်းပါတယ်။လင်းလင်းလို အသံကြောင်၊ပွဲကြောင်မနေပါဘူး။ သူက သီချင်းတွေ ဆိုပါးဝနေပြီ မို့ ဟုတ်သောရှိ၊မဟုတ်သော်ရှိ ပရိတ်သတ်ကို ကောင်းကောင်း ပွဲထိန်းနိုင်ပါတယ်။ လင်းလင်းက ပွဲကြောင်သယောင်ရှိပေမယ့် အဓိပ္ပါယ်ရှိတဲ့ နှုတ်ခွန်းဆက်စကားတွေနဲ့မို့ နှုတ်ဆက်တဲ့နေရာမှာ အာဇာနည်ထက် သာ ပါတယ်။ အာဇာနည် ဆိုနေချိန်မှာ မကြေးမုံက အမောဖြေပါတယ်။

ဝိုင်ဝိုင်းကတော့ဖြင့် သစ်လွင်၊တောက်ပြောင် လန်းဆန်းမြဲပါ။ဒါမယ့် မြန်မာပြည်မှာတုန်းကလိုတော့ ပေါ့ပါး လွတ်လပ်မှုတွေ သူ့ဆီမှာ ရှာမတွေ့ပါဘူး။ရင်ဘတ်မှာ လက်ညှိုးနဲ့လက်မ ကွင်းပြီးမေးထားတဲ့ အိုကေ လား ဆိုတဲ့ စတစ်ကာနဲ့။ အိုကေသလောက် အိုကေပြီး မကေတာတွေ မကေဘူးပေါ့လေ။

မျိုးကြီးအလှည့်ပါ။ မျိုးကြီးသီချင်းဆိုနေတာ ကြည့်ပြီး သူတို့မှာ အဲ့လောက်ခံယူချက် မရှိပါဘူးလို့ပြောဖူးတဲ့ ရွှေပြည်ကြီးက သူငယ်ချင်းကို သတိရမိပါတယ်။ ဆေးပေးပါ တို့ဘာတို့ဆိုတာက သီချင်းရေးဆရာ ရေးထားတာတွေပါ။ မျိုးကြီးရေးတာ မဟုတ်ဘူးလေ။ နော်။

ကိုကြီးအငဲ ပါ..။ "တစ်တိုင်းတစ်ပြည်" မှာလို့ သူပြောသွားတဲ့စကားတွေထဲမှာ ပါသွားတယ်။ ကိုယ်တွေက မြန်မာစကားကို စာရေးပြီးပဲ ပြောနေရတာ အကျင့်တွေဖြစ်နေပြီမို့ သူပြောတဲ့ "တစ်တိုင်းတစ်ပြည်" ကို အင်မတန်သဘောကျမိပါတယ်။ ညာဘက်လက်ကိုမြှောက်တင်ပြီး ဗယ်ဘက်က နားရွက်ကို ပတ်ကိုင်ပြီးတော့
အားနာပါးနာပုံစံနဲ့ ခင်ဗျားတို့မှာ အိမ်ရောရှိကြရဲ့လားဗျ လို့ သူမေးပါတယ်။ သူများတွေတော့ မသိပါဘူး။ ကိုယ့်မှာတော့ အိမ်မရှိပါဘူး။မရအရ၊ မဖြစ်မနေပြရမယ်ဆိုရင်တော့ ကိုယ့်ခြေသလုံးက ကိုယ့်အိမ်ပေါ့...။ အိမ်မရှိခဲ့တာ ၁၀ နှစ်ရှိပြီ။ အငဲနဲ့ လင်းလင်းက နှလုံးသားတည့်တည့်ကို စကားလုံးတွေနဲ့ ပစ်ပါတယ်။

လေးဖြူက အလွန်အင်မတန် ပဲ များပါတယ်။ စင်ပေါ်ကို ရိုးရိုးမတက်ပါဘူး။ ပြေးတက်ပါတယ်။ နောက်.. ပွဲပြီးတော့လဲ ပြေးဆင်းပါတယ်။ အဲ့ဒီအချိန်..အာဇာနည်ကို မင်းဆံနွယ်တွေ လေမှာလွင့်တဲ့အခါတွေ ဘာတွေ ဆိုခိုင်းရမှာပါ။ ငယ်မူငယ်သွေးပြန်ပြီး ဆံပင်အရှည်တွေနဲ့။လေးဖြူကို သိပ်ကြိုက်တဲ့ သူငယ်ချင်းလေး အသက်မှရှူရဲ့လားလို့ နောက်ကနေ လှုပ်နှိုးပေးရပါသေးတယ်။ လေးဖြူကတော့ လေးဖြူပါပဲ။ သူလာရင် ပွဲက ပွဲဆူလာတဲ့ထုံးစံအတိုင်း အားလုံးရဲ့သွေးတွေ ပွက်ပွက်ဆူကုန်ပါတယ်။

အပြင်ခဏထွက်ပါတယ်။ မြန်မာအမျိုးသားတွေ.... အိမ်သာကို မသွားကြဘဲ တွေ့ရာနေရာ ကပ်ပန်း လုပ်ကြဖို့ ချောင်ဘက်ဆီ ထွက်သွားကြပါတယ်။သူတို့လျှောက်သွားနေတာ ရေကူးကန်ဘက်ဆီကိုပါ။ မနက်လင်းတဲ့ အခါ ဘယ်လောက်များ နံစော်နေမလဲ မစဉ်းစားဝံ့စရာပါပဲ။ ဒါတောင်မှ တခြား စီးကရက်ဖင်စီခံ တို့၊ ဘီယာပုလင်း(ဗူး)ခွံ၊ ကြွပ်ကြွပ်အိပ်ခွံ...စတာတွေ မပါသေးပါဘူး။ သန့်ရှင်းရေးအလုပ်သမားတွေရဲ့ မေတ္တာကို ရွှေတစ်မျိုးလုံး ခံယူရဖို့ အသင့်ပါပဲ။တော်ပါပြီ လေ...။

တစ်ပွဲလုံးခြုံပြီးပြောရရင် ပွဲရဲ့ tempo က မြန်မာပြည်ကပွဲတွေရဲ့ တစ်ဝက်တောင် မရှိပါဘူး။ကိုယ်တွေရဲ့ ရင်ခုန်နှုန်းက တစ်ဝက်ထိလျော့ကျသွားတာမျိုးလဲ ဖြစ်တန်ကောင်းပါတယ်။

9 Responses to “အိုင်စီပွဲနဲ့ ဆက်စပ်မိသမျှ....”

Anonymous said...

ဒီမှာလုပ်သွားတဲ့ အိုင်စီပွဲတုန်းကတော့ ဗမာပြည်ကနေ စခေါ်ပြီး ပွဲသွင်းတဲ့သူတွေ ရှုံးတယ်လို့ သတင်းကြားမိသေးတယ် ... စားရိတ်တွေကကြီးလို့ ထင်တယ် နောက်ပိုင်း သူတို့ကို ဘယ်သူမှ မခေါ်ကြပြန်သေးဘူး အားလုံးထဲမှာ မျိုးကြီး ကို အကြိုက်ဆုံး ဘဲ ... ရန်ကုန်မှာဆို အေးအေးဆေးဆေး မကြည့်ရတာမို့ ဒီေ၇ာက်မှဘဲ တနှစ်တပွဲ တော့ မျှော်မိတယ် ...

mie nge

Anonymous said...

မရပ်နဲ့လို့ပြောလို့မရရင် ရေသန့်ဘူးတစ်ဝက်လောက်အကျန်နဲ့ နောက်ခပ်လှမ်းလှမ်းပြန်ဆုတ်ပီး အားရပါးရထုထည့်ပစ် :)
ကိုယ်တို့ အမျိုးတွေက ပါးစပ်နဲ့ပြောမရရင် တုတ်နဲ့ပြောမှ တန်ကာကျတယ်ဖြစ်ကုန်ပီ :P

★Craton said...

စိတ်ပျက်စရာကြီးရယ်ပါ...

" မီးကျိုး မောင်းပျက်၊ ဘားပြည့်အောင်မဆိုနိုင်တဲ့ အဆိုတော်တွေကြားမှာ အိုင်စီဆိုတာကလည်း ပရိသတ်ရဲ့ ပိုက်ဆံကို လိမ်ယူနေတဲ့ ငတတွေ" လို့ လူတိုင်းကို (သူတို့အပါအ၀င် သူတို့နဲ့ တိုက်ရိုက်ပတ်သက်သူတွေရဲ့ ရှေ့မှာပါ) ပြောဆိုထားပြီး ဖြစ်လို့ သူတို့အကြောင်း ဘာမှ ထပ်မပြောလိုပါ။

ဒါပေမယ့် ရေးထားတဲ့ စာရဲ့ ပထမပိုဒ်မှာ
"အများကြီး ဘ၀ပေး ကံကောင်းတယ်တဲ့လား"။

ဘ၀ပေးကံဆိုတာ လူတိုင်းမှာ ရှိပါတယ်
ဒါပေမယ့် အဲတစ်ခုတည်းက ဘ၀အပေါ်
လုံးဝသက်ရောက်မှု မရှိဘူး...
အဲတာကြောင့် အဲဒီအချက်ကို ငြင်းဆိုပါတယ်။ :)

တလောတုန်းကလား...
ပြောခဲ့ဖူးတယ်..
ရွေးချယ်မှုသာ အဓိက ဆိုတာ..
အမြဲ ရွေးနေရတာပဲ
စားတာ သောက်တာ နေတာ ထိုင်တာ အကုန်လုံး..
မှန်သွားတာလည်းရှိ၊ မှားတာလည်း ရှိတာပဲ။
ဘ၀တစ်ခုလုံး မှန်သွားတာလဲရှိ၊
ဘ၀တစ်ခုလုံး မှားသွားတာလဲ ရှိမှာပဲ။
Life is serious business.

သူတော့ ဖြင့် ကံကောင်းတယ်၊
ငါတော့ဖြင့် ကံဆိုးတယ်
သီချင်းတောင်ရှိတယ်
(တစ်ချို့က ကံကောင်းတယ်)
သီချင်းက သီချင်းလိုနားထောင်ရင် ကောင်းတယ်။
သီချင်းထဲကလို လိုက်ပြောကြည့်။
ဒီလို ပြောတာက ကိုယ့်ရွေးချယ်မှုအပေါ်
ကိုယ်တိုင်က မယုံကြည်နိုင်ဖြစ်တာ၊
အဲတာ မကောင်းဘူး။

မြန်မာတွေရဲ့ ဘာသာရေး အမြင်မှာလည်း
ကံဆိုတာ နှစ်ပိုင်းရှိတာပဲ။
အရင်လုပ်ခဲ့တာ၊ အခုလုပ်နေတာ၊
ဖြစ်တည်မှုမှာ ကံကို ထည့်သွင်းစဉ်းစားပေမယ့်
အဓိက အကျဆုံးက ရွေးချယ်မှုနဲ့ သူ့နောက်က ဆက်လိုက်လာတဲ့ လုပ်ရပ်ပဲ။

ရွေးခဲ့တုန်းက စဉ်းစားပြီး ရွေးခဲ့တာပဲ။
ဆိုကြပါစို့..
အခု အလုပ်လုပ်နေတယ်။
လုပ်ပေမယ့် ငွေကြေးမချမ်းသာဘူး။
ချမ်းသာတဲ့ လူလည်း ဖြစ်မလာဘူး..
ဘာဖြစ်လဲ..
ချမ်းသာချင်လို့ လုပ်ခဲ့တာမှ မဟုတ်တာ။
ချမ်းသာချင်ရင် အခုလုပ်နေတဲ့ အလုပ်ကို
ဘယ်လုပ်ပါ့မလံ။
ဘိန်းကုန် ကူးမှာပေါ့..
အဲဒီတော့ ငါဖြင့် မချမ်းသာလိုက်တာဆိုပြီး
ဒီအချိန်မျိုးမှာ ကိုယ့်ရွေးချယ်မှုအပေါ် ကိုယ်တိုင်က
သံသယဖြစ်စရာ၊ နောင်တ ဖြစ်စရာမရှိဘူး။

မြန်မာမှာ ဆိုရိုးရှိတာ နင်လည်း သိမှာပေါ့။
စိတ်သာ ရှင်စော ဘုရားဟောတဲ့လေ။

ဘုရားသခင်ကတော့ လူတိုင်းကို
အပြည့်ပေးမထားဘူး။
အနည်းဆုံးတော့ တစ်ဇွန်းဆီနှုတ်ထားခဲ့တာပဲ။
တစ်ချို့ကျတော့ တစ်ဇွန်းမကဘူး။

ဒါပေမယ့် အဲဒီအတွက်
ဘာလုပ်မှာလဲ။
လုပ်စရာ ရှိတာ ဆက်လုပ်ပေါ့။
ဖြစ်မလာတော့လည်း လွယ်ပါတယ်။
သေတာပေါ့။
လောကကိုယ်တိုင် စကတည်းက
သူချည့်ပဲ ပြဿနာတွေရှုပ်နေပြီး
ပျင်းစရာ ကောင်းနေတာပါ။

ကိုယ်နေချင်သလို မနေရဘူး။
ဖြစ်နေသလိုလည်း မနေနိုင်ဘူးဆိုရင်
ရှင်းပါတယ်။
မနေတော့ဘူးပေါ့။ :D
ှုIs not a joke.

နေနိုင်ဖို့ အားတွေလိုတယ်။
အားတွေကို ရှာပြီးနေပေါ့။
မသေချင်ရင်တော့ နေရမှာပဲ။
သေတာက ပြောသလောက်
လွယ်မှ မလွယ်တာ။

အိုကေနော်..
အဲတာဆို အက်ပရက်ဆိုတစ်ခွက်စာတော့
တန်မယ်ထင်တယ်။ :)


PS: စာအုပ်တွေရပြီးရင် အကြောင်းပြန်ပါ။
ရေထဲကို ခဲပစ်ချရင်တောင် ပလုံဆိုတာ ကြားရတယ်တဲ့လေ။ ကြားဖူးတာပဲ။ ဘယ်ဘလော့မှာမှ Comment မပေးတော့ဘူး ဆုံးဖြတ်ထားတာ နင့်ဆီတော့ လာပေးခဲ့ပြီ။ လူတွေက ဟာသတွေပါ၊ ဟာသတွေကို ဟာသလို့ သဘောထားပြီး ရယ်နိုင်ရင် ပေါ့ပါးပါတယ်။ ပေါတင်ရူးနဲ့ ဟန်ဆောင်ရူးတွေ ချည်းပါပဲ။ ငါကတော့ အခုချိန်မှာ သေခြင်းနဲ့ သေဆုံးပြီးနောက်ကိုပဲ စိတ်ဝင်စားတယ်။
အဲတာလည်း တလောကပြောခဲ့ဖူးတယ် ထင်တယ်။

နင့်ပို့စ်ကိုကော ကျောင်းဆရာကော့မန့်ကိုကော သေချာဖတ်သွားတယ် ငါ့လိုတူတူလေးက နင်တို့ရေးထားတာတွေဖတ်င်္ပြီး ဒီအဒေါ်ကြီး နဲ့ ဦးလေးကြီး ဘာတွေပြောနေတာလဲမသိဘူးဖြစ်သွားတယ် ရွှေပြည်သားတွေကတော့ ကပ်ပန်းတဲ့နေရာမှာတော့ ပြိုင်စံရှားပဲ မြက်ပင်လေးတွေ့ရင်တောင် အကွယ်ထင်ပြီး ပန်းချင်နေကြတာ ( အဲ့ထဲမှာ ငါမပါ ) ခ အိမ်ကောရှိရဲ့လားဆိုတော့ ရှိတာပေါ့ကွယ် ဟိုလဒကြီးသေမှ ပြန်တော့မယ်လို့ ဆုံးဖြတ်ထားတယ် တော်ပြီး ဒီပို့စ်က စိတ်ကို လာလာဆွနေသို ဟူးးးး

အိုင်စီ အဲ့မှာကြည့်ရတာ ရန်ကုန်မှာလောက် လမိုင်းမကပ်ဘူးလို့ တော်တော်များများပြောကြတယ်.. သနားတယ်.. :P

PS
ပို့စ်ကိုရော ကိုတောကျောင်းမန့်ကိုရော ကိုမောင်မျိုးမန့်ကိုရော ဖတ်ပြီး တခွိခွိရယ်မိပါတယ်.. ခွင့်လွှတ်ပါ ကိုတောကျောင်း..

အိမ်တွင်းပုန်း.. ကွန်ပြူတာထဲကနေပဲ live show တွေ ကြည့်သူဖြစ်ပါသည် =)

နောက်ကျမှ လာဖတ်တော့ ဆရာမ မယ်ရာရဲ့ ပိုစ့်ကော
ဆရာ တောကျောင်းဆရာရဲ့ ပိုစ့်ပါ ဖတ်လိုက်ရလို့
တစ်ချက်ခုတ် နှစ်ချက်လောက်ပြတ်သွားပြီ :)))

အဲ့တာကြောင့်ပြောတာနေမယ်
ရွှေတွေဒီမို မကရေစီသင့်သေးဘူးဆိုလို့
ကိုယ်ကတော့ ဟိုမိုပဲ ကရေစီနေလိုက်တယ်
အေးရော

ကိုတောကျောင်း ကို လူမသိပါ
သို့သော် စူစိုက်ကိစ္စကတော့ စိတ်ဝင်စားပါတယ်
နည်းလမ်းကောင်းလေးတွေလဲ ရှာနေပါတယ်
ရှိနေတော့ လိုတော့ သုံးရတာပေါ့
ဝေလဲဝေမျှပါတယ်