Friday, October 22, 2010

သီတင်းကျွတ်ညလေး တစ်ည

ရောက်နေတဲ့ အရပ်ဒေသမှာတော့ တခြားတနေရာဆီက မီးခိုးမှိုင်းလုံးတွေကြောင့် နေကုန် ဝေေ၀၀ါးဝါးဖြစ်နေခဲ့ တာ ဒီနေ့နဲ့ပါဆို သုံးရက်ရှိခဲ့ပြီ။မနေ့တုန်းက မိုးတွေတအားရွာနေခဲ့ပြီး ဒီနေ့တော့ နေအလင်းရောင်မြင်ရတယ်။

မွေးရပ်မြေဆီက မုန်တိုင်းသတင်းတွေဖတ်ရ၊ကြားရတယ်။ စိုးရိမ်မိတယ်ဆိုတာထက် မည်ရွေ့မည်မျှ မစွမ်းသာ။ သဘာဝဘေးအန္တရာယ်ကို မွေးရာပါယဉ်းပါးခဲ့သူတွေအတွက် ကိုယ်တွေလို ကမ္ဘာ့ကွန်ယက်ပေါ်တက်ပြီး ရှာဖွေဖတ်မှ သူတို့သိမှာမဟုတ်ဘူး။ ကောင်းကင်မော့ကြည့်ပြီး၊သို့မဟုတ် အိမ်ရှေ့အုန်းပင်က ငှက်သိုက်လေး တွေ အခြေအနေကြည့်ပြီး၊ဒါမှမဟုတ်လဲ မိုးဦးကျတုန်းထဲက သရက်ပင်က သရက်ပွင့်တွေ၊သရက်ကင်းတွေ ဖူးငုံပွင့်တဲ့ အဆင့်ဆင့်ကို ကြည့်ပြီး သူတို့က သိနှင့်ပြီးသားဖြစ်မှာပါ..။

ကိုယ်ကသာ ဒီကနေ တွေးပူနေတာ။ တွေးပူနေပြီး တယ်လီဖုန်းလေးတချက်တောင် ဆက်လားဆိုတော့လဲ မဆက်ဖြစ်ပါဘူး။ သူတို့သိပြီးသားမို့ ထူးပြီး မပြောနေချင်တော့။နောက်ပြီးတော့ ဒီနေ့မှာမို့ ပိုလို့ပင်မဆက်ချင် ဖြစ်နေမိတာပါ။ ဒီနေ့မှာမို့ သူတို့ဆီမှာ မိုးမရွာဖို့ဆုတောင်းပေးနေမိပါတယ်။မိုးဖျက်လို့ သူတို့ပွဲတော်ကြီး မပျက်စီးပါစေနဲ့ လို့.. ။

+++++++

ဒီအချိန်ဆို သူတို့ ပျော်ကြလေပြီပေါ့လေ..။တအိမ်နဲ့ တအိမ်...အော်ဟစ်မေးကြလို့...။
"နင်တို့က ဘာမုန့်လဲ.."
"အေး ငါတို့အိမ်ကတော့ မုန့်ဟင်းခါး.."
"ဟုတ်တယ်။ မွဌေး တို့အိမ်က သာကူ တဲ့..."
အဲ့လိုအသံတွေ ညံစီနေမှာပေါ့...။

"သူတို့အိမ်က ဘယ်နှစ်မဲ ယူတာလဲ.."
"အိုးအေ... ဒီလောက်ချမ်းသာပြီး ငါးမဲ ထဲယူရသလား..."... "ကုတ်ကို ကုတ်ကပ်တာအေ့..."

အသံများ နားထဲမှာ ပဲ့တင်ထပ်လို့နေတယ်..။ ဒါက အမျိုးသမီးတွေဆီက အသံပေါ့။

အမျိုးသားငယ်တွေဆီက အသံများကျတော့....

"အေးသာရေ...အေးသာရေ...ကောက်ရိုးပုံဟေ့... " လို့ အချိန်းအချက် လုပ်တဲ့သူက လုပ်..။
အဲ့ဒီသီချင်းကို ဟင်္သာတထွန်းရင် ဆိုထားတာ။ သီတင်းကျွတ်ရင် ကိုယ်တို့ရွာမှာ ဖွင့်နေကျ သီချင်းပေါ့...။
"၀ါကျွတ်ပြီ..ချစ်ရယ် သက်ရယ်.. သီတင်းကျွတ်ခဲ့ပြီကွယ်..သီတင်းကျွတ်ခဲ့ပြီကွယ်...အော် အချစ်..."
"မီးပုံးလေးတွေ ကိုယ်စီကိုယ်ငှာ ထွန်းကြမယ်ကွယ်...ကိုယ့်ရဲ့အချစ်က ဆရာမရှိပါကွယ်..၀ါကျွတ်ချစ်သူ တယောက်ထဲ အချစ်ရယ်...မောင့်ငယ်ကျွမ်း..ဆွေ..." စသဖြင့်... တီးတိုး ပိုးပန်း....။

"လေပြေမလှုပ်ပါဘဲ ခန်းစီးရွှေဝါ သူလာလှုပ်ပါလို့..မင်း ကျွန်ုပ်ကိုလှောင်သလား အချစ်ရယ်...ငုတ်တုတ်မိုးလင်း လို့..စောင့်နေသူ..ကျုပ်အား..ပျက်ရယ်ပြုသလား.." လို့ စိမ်းကားလေသူ မမများကို..စောင်းလို့ ချိတ်လို့...။

အိုး...ကြည့်စမ်းပါဦး..။ဒီသီချင်းတွေအတော်များများကို ကိုယ်ခုထိမှတ်မိနေတုန်းပါလား..။ဟုတ်ပါရဲ့လေ..။ကိုယ် မှတ်မိနေခဲ့တာ သီချင်းလေးတွေချည်းပဲမှ မဟုတ်တာ...။

+++++++

ကလေးတွေ...သူတို့လေးတွေ မပါရင် ဒီသတင်းကျွတ်ပွဲတော်ကြီးက ဘယ်လိုမှ မစည်ကား၊မသိုက်မြိုက် နိုင်ပါဘူး။နိဗ္ဗာန်ဈေးပွဲတော်ကို အသေအချာပါဝင်ဆင်နွှဲမယ့် ပရိတ်သတ်လေးများပေါ့။

နေ့လည်နေ့ခင်းထဲက လူကြီးတွေပြောနေ၊ဆိုနေကြတဲ့ စကားတွေထဲကနေ ဘယ်သူ့အိမ်က ဘယ်မုန့် နဲ့ နိဗ္ဗာန်ဈေးလှူမယ် ဆိုတာ ကြိုတင်သတင်းရပြီးသား။ ညနေရောက်လို့ မဲတိုးတဲ့အခါ အဲ့ဒီအိမ်တွေရဲ့ မဲနာပါတ်တွေ ရပါစေလို့ ဆုတောင်းရတာ ဘုရားစာတွေလဲ အရှေ့ရောက်၊အနောက်ရောက်နဲ့။

++++++

တခုသော သီတင်းကျွတ်ရာသီ..။အဲ့သည်နေ့တုန်းက တနေ့လုံးမိုးတွေသည်းသည်းမဲမဲ ရွာနေခဲ့ပြီးမှ သူတို့တွေ မဲတိုးခါနီးမှ မိုးက စဲပေးထားသယောင်..။
မျှော်လင့်ထားသလိုဖြစ်မလာတတ်တာ ဘ၀ကြီးတခုလုံးနဲ့ချီမှ မဟုတ်ပါဘူး။သီတင်းကျွတ်လဆန်း ၁၄ ရက် ည၊ တောရွာလေးတရွာရဲ့ နိဗ္ဗာန်ဈေးပွဲမှာကို ရှိခဲ့ဖူးတတ်တာရယ်။

တနေလုံး အမျှော်ကြီးမျှော်ခဲ့သမျှ ညရောက်လို့ မဲတိုးကြတဲ့အခါ.. အသံချဲ့စက်သံ ဆူဆူညံညံကြားမှာ ချွေးတလုံးလုံးနဲ့ ကလေးတွေ၊ကလေးမက၊လူကြီးမကျတွေ... အစုလိုက်အပြုံလိုက်၊ဆဲလို့ဆိုလို့၊ရန်တွေဖြစ်လား ဖြစ်လို့...။အပင်ပန်းခံပြီး ရလာတော့ မဲလိပ်လေး နှစ်ခု။

၁ မိုင် မရှိတရှိရှည်လျားတဲ့ ရွာလေးတလျှောက် တောင်ဘက်ပြေးလိုက် မြောက်ဘက် ပြေးလိုက်နဲ့..။နောက်ဆုံး ရလာတော့ ထန်းလျက်ယိုလေး ၂ ပြား...။အဲ့လိုလေးတွေလဲ ရှိတာပေါ့။ ညအမှောင်ကြီးစိုးလာတဲ့အချိန် ရောက်တဲ့အထိ အပင်ပန်းခံရှာဖွေခဲ့ပေမယ့် တစ်မဲ ပဲရှာလို့ရသေးတယ်။ သူများတကာတွေ ခေါက်ဆွဲကြော်ထုပ်တွေ၊ မုန့်ဟင်းခါးအထုပ်တွေ သယ်သွားတဲ့အချိန်... သူက သူတို့ထန်းလျက်ယိုလေးတွေကို ဘောင်းဘီသားရေကြိုးကြားထဲ မသိမသာလေး လိပ်ထည့်လို့...။ သီတင်းကျွတ်ညရဲ့ လမင်းကြီးကတော့ သူ့ကို ခပ်ပြုံးပြုံးလေးနဲ့သာ ငုံ့ကြည့်နေခဲ့တာ။

အမေက ပြန်လာခဲ့ဖို့ အော်ခေါ်နေပြီမို့..လက်ထဲက လက်ကျန်မဲလိပ်လေးတခုကို ရှပ်အင်္ကျီအိတ်လေးထဲ ထိုးထည့်မိတယ်။ တကယ်တော့ ဒီမဲလိပ်နာပါတ်ရှိတဲ့ အိမ်ကို ဒီညအပြီးရှာရမှာ။ရှာပြီး ဘာမုန့်ရရ အရယူရမှာ။ မနက်ဖန်ဆို ဒီမဲလိပ်က ဘာမှသုံးလို့မရတော့ဘူး။ဘယ်နေရာမှာမှ မုန့်နဲ့လဲစားလို့ မရနိုင်တော့တဲ့ စက္ကူရွက် တစ်ရွက် ဖြစ်သွားတော့မှာ။အမေ ကလဲ ခက်ပါ့...။

ခြေထောက်မှာ တွယ်ကပ်နေတဲ့ ကျွတ်တွေကို ခြေဆေးရင်း ခွာချနေမိတယ်။ သူတို့တွေ သွေးစုပ်သွားခဲ့တဲ့နေရာ တွေက နာနေပေမယ့် နာဖို့ သတိမရ..ဘာကို ၀မ်းနည်းမှန်းမသိ။ခေါက်ဆွဲကြော်ထုပ်တွေ၊မုန့်ဟင်းခါးထုပ်တွေ၊ သာကူထုပ်လေးတွေ... အဲ့ဒါတွေများ လိုချင်လို့လား။ ဒီလိုလဲ မဟုတ်ဘူး။ကိုယ်တို့အိမ်မှာက နှစ်တိုင်း မုန့်ဟင်းခါး လုပ်တာပဲ...။ ဒါပေမယ့် ဘာကြောင့်မှန်း မသိပါဘူးကွယ်..။အိုး... ကြေကြေကွဲကွဲ ရှိလိုက်တာ။....။

++++++

"ဘုရားထဲ ဆီမီးသွားထွန်းကြရအောင် သမီး " လို့ အမေခေါ်တော့...စိတ်က သိပ်မပါချင်..။
အနွေးထည်လေးတစ်ထည် ကောက်ယူလိုက်ပြီး အမေ့နောက်က လိုက်လာမိတယ်။ကိုယ့်လက်ကို ခပ်နွေးနွေး အရာတခု လာထိတယ်။ ပြီးတော့ အိခနဲ...။ ရခိုင်မုန့်တီ အထုပ်လေးတစ်ထုပ်။ နောက်လှည့်ကြည့်လိုက်တော့... ချာကနဲ ထွက်ပြေးသွားတဲ့ သူ...။ ကြည့်ဦး ...ဒီလောက်ရွှံ့တွေဗွက်တွေထဲမှာ ပုဆိုးခြေမူးထိုး နဲ့....။

+++++++

အပြင်မှာ မိုးတွေသည်းလို့နေပြီ...။ နံဘေးနားက သူငယ်ချင်းတယောက်က ရှင်ငြိမ်နေလို့ မိုးရွာတာလို့ ပြောသည်။ ကိုယ် သူ့ကို ပြန်ပြီးပြုံးပြလိုက်မိသလား...။ ကိုယ်ပြုံးပြလိုက်တာ သူငယ်ချင်းမ ကိုမှဟုတ်ရဲ့လား...။

ပြုံးမိနေတုန်းအခိုက်မှာ ကိုယ့်နှလုံးသွေးတွေ နွေးလာတယ်။အတိတ်တို့က ကိုယ့်ကို ခြောက်လှန့်ဆဲ၊နှလုံးသား ထဲမှာ နေရာယူလို့ကောင်းဆဲ...။ ဒီတခေါက်ပြန်ရင်တော့ သူ့သမီးလေးကို ပွေ့ချီနမ်းရှုံ့ပစ်လိုက်ဖို့ စိတ်ကူးထားမိတယ်။

+++++++

5 Responses to “သီတင်းကျွတ်ညလေး တစ်ည”

Kay said...

လွမ်းနေပြီ....း)

သီတင်းတော့ ကျွတ်ပြီ .....

jr said...

သီတင်းကျွတ်ညများဆိုပီးရေး.. ပြောချင်တာတွေက များနေ ..
နယ်သူဖြစ်ရတာကောင်းပ။ ပျော်စရာကြီး။

ဖတ်ရတာထက် ပြောပြတာ ပိုရီရတယ် :)

mirror said...

မကြီးကေ.. နောက်တဲ့အသံကြီးနဲ့...း)) လွမ်းတာတာ လွမ်းတာပေါ့လေ.။ လွမ်းလို့သာ..လွမ်းရဦးမှာ ဆိုသလိုပဲ..။

ဦးနွေဆူးအလင်္ကာတို့ တစ်ကိုယ်တည်းဆို အပြောင်းလဲလုပ်ဖို့ ညွှန်းဆိုပြတဲ့အချိန်ပေါ့..လေ။

ဒေါ်ကြီးဂျူ.. ဟုတ်ပါ့ဗျာ။ အမြဲအဲ့လိုပဲး(

ကိုလဒပ.. non-verbal language ဆိုတော့ ဂလိုပဲပေါ့..။း))) လက်ဟန်ခြေဟန်တွေနဲ့ ပြောပြတာလောက်တော့ ဘယ်ဟန်ပါ့မလဲ။ ဒါမယ့် ဒီပိုစ့် လုံးဝမကောင်းဘူး။ ရေးချင်လွန်းပြီး ဘာတွေဖြစ်ကုန်တယ် မသိ...။

စာလာဖတ်သူအားလုံးကို ကျေးဇူးတင်ခင်မင်လျက်။း)