Friday, September 24, 2010

အပြောင်းအလဲ နာရီများ

အခန်းအပြင်က မိုးရေစက်တွေကိုကြည့်ပြီး ဒီတနေ့စာကုန်လွန်ခဲ့ပြီးတဲ့နာရီတွေထဲကနေ အချို့နာရီတွေကို ကျနော် ပြန်နှုတ်ထားချင်မိသလိုဖြစ်လာသည်။ မိုးရေတွေထဲမှာ ကျနော်စိတ်တွေ စိုစွတ်ကုန်တော့သည်။

စိတ်ရောလူပါ အထိုင်ကျစေဖို့ဆို ကဗျာတပုဒ်ကို ဖတ်လိုက်ရင် နေသာသွားမလား။ ဒါမှမဟုတ်လဲ အက်ဆေး တပုဒ်ပေါ့။ သီချင်းတပုဒ်ဆိုလဲ နေသာထိုင်သာရှိ သွားမလား။ဒါနဲ့ ခင်မောင်တိုးတွေချည်းပဲ နားထောင်နေမိ သည်။
"ဝေးခဲ့ပြီ..ပန်းခရမ်းပြာရေ.... .. ဝေးခဲ့ပြီ... ပန်းခရမ်းပြာရေ......"
ဟူးး.... ထွက်လာသမျှ ဘာလို့များ ဝေးကွာခြင်းသီအိုရီတွေထဲက ရုန်းမထွက်နိုင်တဲ့သီချင်း တွေဖြစ်နေရသလဲ...။ ထို့ထက်ပိုတာကတော့ ဘာကြောင့် ပန်းခရမ်းပြာဖြစ်နေရသလဲ...။
ကျနော့်မှာလဲ ဒီနေ့နေ့လည်တုန်းက ခြေဆောင့် စိတ်ကောက်ပြီး ထွက်သွားတဲ့ ခရမ်းရောင်ပန်းကလေး တစ်ပွင့်ရှိသည်..။

+++++

"ကျမ မျက်စိရှေ့က ရှင်ထွက်သွားစမ်းပါ... " ပြောပြောဆိုဆို ကျနော့်ရှပ်အင်္ကျီစကိုဆွဲပြီး
"လာ ကျမ တံခါးလိုက်ဖွင့်ပေးမယ် " အဲ့လိုပြောလိုက်တဲ့အချိန်မှာ ကျနော့်ခန္ဒာကိုယ်တစ်ခုလုံးက ဒေါသကြောင့် တဆတ်ဆတ် တုန်လို့နေသည်။ကျနော့်လက်တွေကို လက်ပိုက်ထားသလိုမျိုး ချုပ်ထားရသည်။ လက်တွေကို အဲ့လို ချုပ်ထိန်းမထားပါက ကျနော့်ရှေ့က အဲ့ဒီမိန်းမကို တခုခု နာကျင်သွားအောင် လုပ်မိလိမ့်မည်ထင်ပါသည်။

"မင်းက နှင်နေမှတော့ ငါကဘာအကြောင်းကြောင့်မှ ထွက်မသွားစရာ မရှိဘူးဘူးကွ" လို့ပြောပြီး ကျနော်ချာခနဲ လှည့်ထွက်ခဲ့ဖို့ ကောင်းသည်။ဘာလို့ဆို ဒါက သူ့အခန်းဖြစ်နေသည်လေ။ဧည့်သည်ကိုအိမ်ရှင်ကမှ နှင်နေပြီပဲ။ ကျနော်ဘာကြောင့် ထပ်ရှိနေဦးမလဲ...။

သူ့ပုံစံကြည့်ရတာ ကျနော့်ကို သူ့ဘ၀၊သူ့စိတ်၊သူ့နှလုံးသားထဲကနေ ထွက်သွားအောင် မောင်းနှင်ထုတ်နေပုံရပါ သည်။ သူမမျက်လုံးများက ထိုစကားများကိုပြောနေချိန်မှာ နှစ်နှစ်ကာကာ စိတ်ပါလက်ပါ ရှိလှသည်။

++++++

အဖြစ်အပျက်များက လွန်စွာမြန်ဆန်လှသည်မို့ ဘယ်အခိုက်အတန့်မှာ ခုလိုစိတ်ပျက်ညစ်ညူးဖွယ် အခြေအနေကို ရောက်သွားခဲ့လဲ ကျနော် စဉ်းစားလို့မရပါ။
ကျနော်ခန့်မှန်းရသလောက်တော့ ကျနော့်ဆီကို ၀င်လာတဲ့တယ်လီဖုန်းတခုကြောင့် ဖြစ်သည်။ တယ်လီဖုန်း ဆက်တဲ့ကိစ္စရော၊ဆက်တဲ့သူပါ ကျနော့်အတွက် အရေးမကြီးလှသည်မို့ ပေါ့ပေါ့တန်တန်သာ သဘောထား လိုက်ပါသည်။ သူက ဘယ်သူ့ဖုန်းလဲမေးတော့လဲ အမှန်အတိုင်းကျနော်ဖြေခဲ့မိသည်။ဒီမှာကျနော် ကိစ္စတိုင်းမှာ အမှန်အတိုင်းဖြစ်နေဖို့ မလိုဟု သင်ခန်းစာတခုရလိုက်ပါသည်။

အမှန်အတိုင်းပြောပြလိုက်တော့ သူဒေါသူပုန်ထပါသည်။ သူဒေါသက ချက်ချင်းအမြင့်ဆုံးအခြေအနေကို ရောက်နေတာမျိုးမဟုတ်ပဲ တဖြည်းဖြည်းချင်း ဒေါသဒီဂရီက မြင့်တက်လာတာ ဖြစ်သည်။သူ ဒေါသ စထွက်ချိန်မှာ စကားတခွန်းပြောမည်။ကျနော်က ဖြေရှင်းမည်။ ပြောရင်း... သူ့အပြစ်တင်မှုတွေကို ဖြေရှင်းရင်း ဖြေရှင်းရင်းကနေ... ကျနော့်စကားတွေကြားကျနော့်ဘာသာ လှောင်ပိတ်မိ ပြီးထွက်မရတော့...။ အဲ့ဒီအခါမှ သူ့ဒေါသမီးလျှံများက အထွဋ်အထိပ်သို့ရောက်ကာ ဘယ်လိုမှ ငြှိမရ၊နှိုင်းမရတွေ ဖြစ်ကုန်တော့သည်။

++++++

မျက်လုံးကို အစွမ်းကုန်ပြူးထုတ်ထားပြီး အသံကိုအကျယ်ဆုံးထိ မြှင့်တင်ထားသော ထိုမိန်းမကို စိတ်ပျက်လက်ပျက် ကြည့်နေရင်းကပင် သူမရဲ့ အလှကိုကျနော်သတိပြုနေမိသောကြောင့် ကိုယ့်ကိုယ်ကိုသာ ဒေါသဖြစ်မိသည်။
ပါးလျလျနှုတ်ခမ်းတွေက ရေဓာတ်ခမ်းခြောက်လို့ အဖြူဖတ်လေးတွေလန်နေသေးသည်။ ကျနော့်ဆီ ဖုန်းတခုဝင်လာပြီးနောက် သူနဲ့ကျနော်ကတောက်ကဆတ်ဖြစ်ကြတဲ့အချိန်က သူမအပြင်သွားဖို့ အလှပြင် နေချိန်မို့ မိတ်ကပ်လူးလက်စ သူမမျက်နှာက ကြည်လင်လို့နေသည်။ ခေါင်းလျှော်ထားတဲ့ဆံပင်တွေက စိုနေတုန်းပေမယ့် ငယ်ထိပ်နားတ၀ိုက်က ဆံပင်တွေတော့ ခြောက်နေပြီ။

လွန်ခဲ့တဲ့ ဆယ်ငါးမိနစ်လောက်တုန်းက "မောင်..ကျမဆံပင်တွေကို စက်ဆွဲပေးဦးနော်" လို့ ကျနော့်ကို ပြောခဲ့တာ သူမမှ ဟုတ်ပါလေစ လို့ ကျနော် ကပျာကယာတွေးမိသည်။ သေးသေးလေးပေမယ့် ထိပ်ကလေးမှာ လုံးနေတဲ့ သူမနှာခေါင်းကို ဖြတ်ကနဲ လိမ်ဆွဲပြီး ကျနော့်ရင်ခွင်ထဲဆွဲထည့်ထားဖို့ စိတ်ကူးမိသည်။မဖြစ်နိုင်ပါ။ ကျနော်သူ့ကို ဆွဲဖက်လိုက်ရင် သူမက ကျနော့်ကို ကုတ်ဖဲ့ရိုက်ပုတ် မလုပ်ဘူးလို့ ပြောနိုင်ပါ့မလား...။ သူမအဲ့လိုလုပ်လာရင် ကျနော်ကရော စိတ်ကို ထိန်းထားနိုင်ပါ့မလား။

++++++

သို့နှင့်ပင် ကျနော်ထွက်လာခဲ့သည်။ဘယ်လောက်အတိုင်းတာထိ ထွက်သွားခိုင်းမှန်း ကျနော်မသိသော်ငြား ကျနော်ခြေလှမ်းများက သူ့ဘ၀ထဲကနေ ထွက်သွားနေတာဖြစ်သည်။ကျနော် အဲ့ဒီမိန်းမကို လည်ပြန်တောင် ငဲ့မကြည့်ချင်တော့ပါ...။

စိတ်သည် ထူးဆန်းပေစွ...။

+++++

ဆေးလိပ်မီးကို ရဲကနဲ ရဲကနဲ နေအောင် ကျနော်ဖွာလိုက်သည်။ မိုးတွေက အပြင်မှာ သည်းသည်းထန်ထန်...။ ကျနော်တို့ ရန်ဖြစ်ကြတုန်းက သူမက အပြင်သွားမို့လုပ်နေတာ။ထီးမှ ပါသွားရဲ့လား။ သူမ သွားရမယ့် နေရာကိုရော ချောချောမွေ့မွေ့မှ ရောက်ရဲ့လား...။သွားတဲ့ကိစ္စရော အဆင်မှပြေရဲ့လား...။
ကျနော် မိန်းမကြီးတယောက်လို ပူပင်နေမိသည်။

သူ့ဆံပင်စိုစိုတွေကို ရေခြောက်အောင် မသုတ်ပဲ အိပ်ယာထဲဝင်အိပ်နေမလား...။စိတ်ဖိစီးမှုတွေများပြီး ဖြစ်နေတဲ့ ပါးစပ်ထဲက အနာတွေကများ အရမ်းနာနေမလား...။ ဆေးခန်းသွားဖို့ အင်မတန်ပျင်းတဲ့ သူမကို ကျနော်ပဲ ဆေးတွေကို အဆင်ပြေသလို တိုက်နေတာမို့ ခု ဘယ်ဆေးကို သူသောက်မလဲ... ကျနော့်ကိုရွဲ့ပြီး သောက်ရောသောက်ပါ့မလား....။ .....။

++++

လက်ထဲက ဆေးလိပ်ကိုကြည့်လိုက်တော့ အစီခံနားထိ တိုဝင်နေပြီ..။အပြင်ကိုငေးနေမိတဲ့ စိတ်တွေကို အခန်းထဲပြန်ခေါ်ထည့်....နောက်ပြီးတော့ ဆေးလိပ်ကို ဆေးလိပ်ခွက်ထဲ ထိုးခြေပြီး မာန်ဖီနေတဲ့ ခရမ်းရောင်ပန်းပွင့်လေးဆီ ကျနော့်ခြေလှမ်းတွေကို သယ်ဆောင်ခဲ့မိတော့သည်...။

စိတ်သည်ထူးဆန်းပေစွ..။


(မှတ်ချက်...။ နာရီတွေတင် ပြောင်းလဲတာမဟုတ်. ..စာရေးတဲ့သူလဲ ပြောင်းလဲနေတယ်။စက္ကန့်နဲ့အမျှပါပဲ..။
ဇေယျာလင်းစကားနဲ့ပြောရရင် ကိုယ့်အကြောင်းကိုယ်ပြောဖို့တောင် ကိုယ့်ကိုယ်ကိုပြန်ရှာနေရတယ် ဆိုသလို အခိုက်အတန့်ခဏဆိုတော့... စာတွေလဲ မရေးဖြစ်၊ရေးဖြစ်လဲ အရာမထင်။ ဆိုတော့... သည်းခံပြီးဖတ်ကြဗျာ.)



8 Responses to “အပြောင်းအလဲ နာရီများ”

jr said...

ya.. "စိတ်သည်ထူးဆန်းပေစွ..။"

your writing style's also "ထူးဆန်းပေစွ"

Nice.

littlebrook said...

ဟုတ်ပါ့ .. ရေးဟန်သည် ထူးထွေအံ့ရာတည့်
သို့သော် ... အောက်မှ အလွမ်းသင့်ညနေခင်းကို ပိုကြိုက်သည် ..

နင့်အကို LB

အစ်မကတော့ ကြိုက်တယ်။ လူ့စိတ်ဟာ တကယ်ပဲ ဆန်းတယ်နော်။

စာရေးတဲ့သူနဲ့ သူရေးတဲ့စာကို တွဲမြင်မိနေတာက ဒွတ်ခ ။:P

ပေးထားတဲ့ mood နောက်ကို လိုက်ပေမယ့် ပြုံးစိစိ ဖြစ်ရတယ် ။

သက်ဝေ said...

စိတ်တွေဟာ စက္ကန့်နဲ့ အမျှ ပြောင်းလဲနေတယ်...သိပ်မှန်တာပဲ...
အဲဒီ ပြောင်းလဲနေတဲ့ စိတ်တွေကြောင့်ပဲ... ... ...
... ... ...

Anonymous said...

စာဖတ်ပြီးတော့ မနေ့ညက ကြည့်မိတဲ့ဇာတ်ကားကိုစိတ်ရောက်သွားပြန်သည်။
Backup plan နဲ့ Money never sleep နှစ်ကား လုံးမှာ မင်းသမီးတွေက မင်းသားတွေကို အိမ်ကသွားဖို့ပြောတာကိုတွေးမိစေသည်
ဒီခလေးမ ဆေးလိပ်သောက်တတ်သလားလို့ တွေးမိသည်အထိ ဆေးလိပ်အကြောင်းတွေကို မှတ်မှတ်ထင်ထင်ရှိလာသည်
အင်း လူစိတ်က ဆန်းကြယ်သလို လူတွေကလည်း ဆန်းကြယ်ပါတယ်လေလို့ သက်ပြင်းသဲ့သဲ့ရှိုက်မိသည်

ညီညီ့အစ်ကို

ဟူး....

စိတ်သည်ထူးဆန်းပေစွ ။

စိတ်တွေကို စိတ်နဲ့ လိုက်ပြီးဖတ်လိုက်ရတယ် ။ မရေရခြင်းသာ သေချာနေတော့သည် ဆိုသလိုပါလားဗျာ ။
(အလွမ်းသင့်ညနေခင်းထက် ပိုကြိုက်တယ်ဗျ)

ညီညီ said...

ဒါ ခုမှ ဖတ်မိတယ်.. ဘယ်လိုဖြစ်လို့ ဒါကို ကျော်သွားမိပါလိမ့်..
ကြိုက်တယ်ဗျ..
(သူက ဘယ်သူ့ဖုန်းလဲမေးတော့လဲ အမှန်အတိုင်းကျနော်ဖြေခဲ့မိသည်။ဒီမှာကျနော် ကိစ္စတိုင်းမှာ အမှန်အတိုင်းဖြစ်နေဖို့ မလိုဟု သင်ခန်းစာတခုရလိုက်ပါသည်။)
း)