Thursday, August 05, 2010

မိုးရာသီ အလွမ်း

ရွာနေလက်စ မိုးကခုထိမရပ်သေးပါလား။တဖြည်းဖြည်းနဲ့ ပိုလို့တောင် သည်းထန်လာတယ်လို့ ထင်မိသည်။ မိုးစက်တွေကအရှေ့ဘက်သို့ စွေစောင်းပြီးရွာနေတာ။မှန်ပြတင်းတံခါးတွေမို့ မိုးစက်တွေရဲ့ရွေ့လျားမှုကို သေချာ ကွဲကွဲပြားပြားမြင်ရသည်။

ထိုင်နေရာကနေ ရုတ်တရက်ထလိုက်မိပြီး သီချင်းဖွင့်ဖို့ စိတ်ကူးရသည်။ ဖြူသီရဲ့ လွမ်းငွေ့တဝေေ၀နဲ့ အတူ အလွမ်းတွေ ဝေနေမိသည်။လွမ်းဆွတ်ခြင်းဆိုတာ လက်နဲ့ဆုပ်ကိုင်ပြလို့ရတဲ့ အရာမဟုတ်။သို့ပေမယ့် ခံစားရင် ခံစားနိုင်သလောက် လူကို လေးလံထိုင်းမှိုင်းစေသည်။

-----------------

အင်္ကျီကိုချွတ်ပြီး အိမ်ထဲသို့ ပစ်ထည့်ခဲ့လိုက်သည်။ပြီးရင် ဒီအင်္ကျီကို ပြန်ဝတ်မှာမဟုတ်လို့ ပစ်ထည့်လိုက်တာ ဘယ်နေရာရောက်သွားလဲ သိစရာမလိုပါ။
မိုးစက်အေးအေးများက ကိုယ်ပေါ်ရောက်လာသည်။အေးလိုက်တာ...။ စိမ့်ခနဲ နေတာပဲ။

"တံစက်မြိတ်အောက်မှာပဲ ချိုးနော်...အဝေးကြီးမသွားနဲ့ "ဆိုတဲ့အမေ ဘယ်ရောက်သွားလဲ။အမေ့အသံ မကြား ရတော့ဘူး။ငြိမ်ပြီးတော့များ ညနေစာချက်ဖို့ ဆန်ထဲကနေ စပါးလုံးတွေ ရွေးထုတ်နေသလား...။အမေက မျက်စိမမှုန်သေးတော့ ၀ိုင်းကူရွေးပေးစရာ မလို...။

ခေါင်းမော့ကြည့်တော့ ဓနိမိုးပေါ်ကနေလိမ့်လျှောဆင်းလာတဲ့ မိုးရေတွေကအညိုရောင်လိုလို။လက်ခုပ်လေးနဲ့ ခံလိုက်တော့လဲ "ကြည်"လို့ပါလား။ဒါဆို အင်တုံထဲထည့်လိုက်တော့ ဘာလို့ညိုသွားပြန်တာလဲမသိ။လက်ခုပ် လေးနဲ့ ရေတွေခံလိုက်၊ အင်တုံထဲပြေးထည့်လိုက်။မိုးရေကိုအေးလို့အေးရကောင်းမှန်းမသိ။ဒီလိုပဲပေါ့။အမေ့အိမ် မှာ ရွာတဲ့မိုးမို့ ထင်ပါရဲ့...မိုးရေတွေက အေးစက်မနေ...။

"ပျိုးဆုပ်တွေ... ပျိုးဆုပ်တွေ...အမေ ရေ ၁၇၂ ဆုပ်ရှိသွားပြီ..."
"ဟော.. ဟိုမှာ နွားကြီး တကောင်.."
"အာ မဟုတ်ပါဘူး.. အဲ့ဒါ သစ်တုံးကြီးပါ..." အမငယ်က ၀င်ပြောသည်။ခပ်လှန်းလှန်းမို့ ချောင်းရေထဲမျောပါ လာတဲ့ သစ်တုံးကို နွားသေ ကောင်လို့ မြင်နေမိတာ။
မိုးလင်းလင်းချင်း အိမ်နောက်ဖေးကိုကြည့်မိတော့ ချောင်းထဲကရေတွေက ခါတိုင်းထက်ပိုများနေသည်။ မို့မောက်လျှံကျနေသည်။ချောင်းစပ်က အရင်လို အိမ်နဲ့ခပ်ဝေးဝေးမဟုတ်တော့ဘဲ အိမ်ခြေရင်းကိုကပ်လို့။

ဝါးတလံရိုက်လောက်ဝေးတဲ့ ချောင်းစပ်နားမှာကတီကောင်တွေ..တီကောင်တွေ အထွေးလိုက်။အထွေးလိုက်။ အမငယ်က "နင် ခေါက်ဆွဲကြောက်စားမလား.." တဲ့..။
အို.. ရွံ လိုက်တာ..အမငယ်က အမြဲ ညစ်တီးညစ်ပတ်နိုင်လွန်းသည်..။
အဲ့ဒီရက်တွေတုန်းက လူကြီးတွေက ခြေမကိုင်မိ၊လက်မကိုင်မိ ဖြစ်တဲ့အထိ အပျက်အစီးအဆုံးအရှုံးများ အတွက် ပူပင်သောကရောက်နေရပေမယ့် သူတို့ညီအမ ၂ယောက်မှာဖြင့် ပျော်လို့ကောင်းလိုက်တာ...။

င၀န်မြစ်နဲ့ မြို့လေးကို ကန့်ထားတဲ့တမံကြီးပေါက်ကြပြီး သူတို့မြို့ကလေးဆီ ရေတွေဒလဟောနဲ့ ပြေးဝင်လာ ကြတော့ မိုးရေတဖွေးဖွေးမှာ ရေပြင်ကျယ်ကျယ်ကြီးနဲ့နေရတာဟာ အတိုင်းမသိပျော်စရာ..။အမေလုပ်ကျွေးတဲ့ ဆန်နှစ်နဲ့လုပ်တဲ့ မုန့်တွေကို မောင်နှမတွေ လုယက်စားကြသည်။ငါးပိ၊ထန်းလျက်နဲ့ ဆန်ကလွဲပြီး တခြားစား စရာမရှိ။အဲ့ဒီသုံးမျိုးကို တမျိုးပြီးတမျိုး မရိုးအောင် လုပ်စားကြရင်း မိုးအေးအေးမှာ ကိုယ်တို့မိသားစုလေး နွေးလိုက်သည့်ဖြစ်ခြင်း...။ ....။

-------------------

မှိတ်ထားမိတဲ့ မျက်လုံးတွေကို ဖွင့်လိုက်ပြီး မျက်လုံးရှေ့တည့်တည့်ဆီမှ မျက်နှာကျက်ဖြူဖြူ၊နံရံဖြူဖြူမှာ တစုံတရာကို ရှာဖွေမိသည်။ဘယ်လို အရိပ်အယောင်၊အပြောင်းအလဲကိုမှ မမြင်ရ၊ မကြားရပါ..။

-------------------


6 Responses to “မိုးရာသီ အလွမ်း”

ywartharlay-ytu said...

လွမ်းလေလွမ်းလေ လွမ်းမပြေ

မေရာ... နင်ဟာ ကလေးတစ်ယောက် မဟုတ်တော့ဘူး ။ (ဒိုးလုံး အလိုက်နဲ့ ဆိုရန်..။)

တချို့မှတ်စုတွေက သတိရစိတ်နဲ့ ပြန်ဖတ်ရုံကလွဲလို့ ဘာမှ မတတ်နိုင်ဘူး ။

စိမ်းလန်းခဲ့တဲ့နေ့တွေအကြောင်းလေ..။

ဟဲ့...ဒါ ငါတဂ်တဲ့ ပို့စ်ရေးနေတာလား ငါပါ ကူလွမ်းနေတာနဲ့ အောက်က အက်ဆေး ဆိုမှတွေ့တော့တယ်း)

ကျွန်တော်တို့မိတ္ထီလာမြို့ရေကြီးတုန်းကလဲအလိုပဲ
ပျော်စရာကောင်းတယ်..ဟဲ
လူတွေတော့တော်တော်သေတယ်..ရွာသုံးရွာလောက်ပြုတ်သွားတယ်

ဂျ said...

နောက်တစ်ခေါက် ထပ်ဖတ်သွားသည်။
အတော်ကောင်းတဲ့ ပို့စ်။

ဆင်ဆာဖြတ်လိုက်သော တစ်ပိုဒ်ပါက ပိုကောင်းမည် ထင်ပါသည်။

jr said...

အပေါ်က ဂျ ဆိုတာ ဂျူ.. အန်းတာ ခေါက်ထည့်လိုက်တာ။ ကျသွားတာ။ :P