Tuesday, June 22, 2010

အချစ်၏ မီးခိုးတန်းများ

တံဆိပ်နားထိလောင်ကျွမ်းပြီးဖြစ်တဲ့ လက်ထဲကစီးကရက်ကို သေချာကြည့်လိုက်မိတဲ့အခါ နှမြောသလိုခံစား ရသည်။ကုန်သွားတဲ့ဆေးလိပ်ကို နှမြောတာလား၊နစ်ကိုတင်းတွေဝင်သွားလို့ အထိုက်အလျောက် လျော့ပါးသွား နိုင်ချေရှိတဲ့ သူ့အဆုတ်ကျန်းမာရေးကို နှမြောတာလား။

ရှူသွင်း၊မှုတ်ထုတ်ထားသော မီးခိုးငွေ့အချို့က လေနှင့်အတူခပ်ဝေးဝေးထိလိုက်ပါ ပျောက်ရှသွားသည်။ကိုယ့် အနားမှာတုန်းက မီးခိုးငွေ့တွေက အဖြူလိုလို၊ခဲလိုလိုအရောင်၊ခပ်လှမ်းလှမ်းရောက်တော့အစိမ်းရောင်လို။ ခဏနေတော့ လုံးဝပျောက်ကွယ်သွားသည်။တချို့မီးခိုးငွေ့များ ကိုယ့်ဆီသို့ ပြန်လာကြသည်။မျက်လုံးထဲဝင်လာ မှာစိုးပြီး မှေးစင်းထားလိုက်မိသည်။

"စီးကရက်ကို ကြိုက်တတ်ရင် စီးကရက်မီးခိုးမျက်စိထဲ ၀င်တာလောက်တော့ ခံနိုင်ရည်ရှိရမယ်" ဆိုတဲ့ သီချင်း စာသားတချို့က ခေါင်းထဲသို့ အလိုအလျောက် ၀င်ရောက်လာကြသည်။
ချစ်ခြင်းမေတ္တာကို ခံယူလို၊ပေးအပ်လိုပါက ချစ်ခြင်းမေတ္တာရဲ့နောက်မှာ တပါတည်းပါလာသော လွမ်းဆွတ်မှု ဝေဒနာကိုလဲ လက်ခံနိုင်ဖို့လိုသည်။
စီးကရက်ကိုကြိုက်တတ်မှတော့ စီးကရက်မီးခိုးငွေ့များ မျက်စိထဲဝင်လာတဲ့ အခါ အပြုံးမပျက် ရှိနေသင့်တယ်လို့ ပြောချင်တာများလား။တောင်စဉ်ရေမရ လိုက်ပြီးတွေးနေမိသည်။

မိဘချစ်၊မောင်နှမချစ်၊သူငယ်ချင်းချစ်...ပြီးတော့ ချစ်သူ ချစ်။ချစ်ခြင်းမေတ္တာထားမိလေတိုင်း လွမ်းဆွတ်မှု ဝေဒနာက နောက်တော်ပါးကနေ အရိပ်လို ကပ်ပါလာတတ်စမြဲ။

တခါတလေတော့ စိတ်နဲ့ဆံ့သလောက် ခံစား တတ်သော ကိုယ့်ကိုယ်ကို မုန်းတီးမိပြီး ဘာကိုမျှမခံစားတတ်သော လူတဦးအဖြစ် ရပ်တည်ချင်မိပြန်သည်။ ပြီးတော့ ကိုယ့်ချစ်ခြင်းမေတ္တာကို ယုံကြည်ဖို့ဝန်လေးနေသော သူ့အား သက်သေပြချင်ပါသည်။

+++++++

ဘယ်သူ့ကို အချစ်ဆုံးလဲ သူခဏခဏ မေးလေတိုင်း ကိုယ်လွယ်လင့်တကူဖြေဖြစ်တာက မင်းကိုအချစ်ဆုံး၊ ကြယ်ကလေးကို အချစ်ဆုံး လို့ ဟု။...။

စကားစပ်ပြီးပြောရရင် သူက ကိုယ့်ရဲ့ ကြယ်ကလေး ပေါ့..။

ကိုယ်မတွေ့ချင်ဘူးဟု ရှောင်ဖယ်နေခဲ့ဖူးသော ကြယ်ပွင့်လေးတခုက ကိုယ့်ဘ၀လမိုက်ညများမှာ တပွင့်ထဲ ထည်ထည်ဝါ၀ါ ကိုယ့်အတွက် လင်းပေးခဲ့သည်။ခုတော့ မေ့မေ့မျောမျောနဲ့ သူ့ကို မျှော်မျှော် ကြည့်ယူရသည်ထိ။
သူ့လင်းချင်းမှုများက ကိုယ့်အပေါ် ဖြန့်ကျက်နေရာယူနိုင်လွန်းလေစွ...။

+++++++

စိတ်၏အရှိအတိုင်းဆိုရင်ဖြင့် ကိုယ်မျက်စေ့ထဲ စီးကရက်မီးခိုးငွေ့များ အ၀င်မခံချင်။မီးခိုးငွေ့များကြောင့် ကိုယ့်မျက်လုံးများ စိုစွတ်မခံချင်တော့။

ဒါကြောင့် ကိုယ့်ရင်ဘတ်ထဲကနေ ချစ်ခြင်းမေတ္တာအား ခံစားတတ်စေသော အပိုင်းအစအချို့ကို အချိန်ကာလ အတော်ကြာ ဖယ်ထုတ်ထားခဲ့ဖူးသည်။ ကိုယ့်ဆီကို ဘယ်လိုစိတ်ခံစားမှု အတိမ်အနက်ကိုမှ ရောက်မလာစေချင် တော့ဟု ဆိုကာ ကိုယ့်ရင်ခွင်အခန်း တံခါး ကိုယ်ပိတ်ပြီး ငြိမ်သက်စွာ နေခဲ့သည်။
မင်းက ရောက်လာတာလား၊ကိုယ်က မင်းဆီလျှောက်လာတာလား။ကိုယ့်ဘာသာကိုယ်လဲ သိပ်တော့မသေချာ။ အဲ့ဒီအကြောင်းတွေ ကိုယ်ပြောပြတဲ့ညတုန်းက မင်းက ပြုံးပြီးကြည့်နေခဲ့တယ်။

အဲ့ဒီညက ကိုယ်တို့နှစ်ဦး... စီးကရက်ကို မီးစတင်ညှိလိုက်မိကြပြီ..။

တရိုက်မက်မက် ဖွာပစ်မိခဲ့ကြသည်။မီးဖွားတွေ တဖွားဖွား။ လိုချင်တပ်မက်မှုအချို့က ရဲ ကနဲ..။ ရဲ ကနဲ...။

+++++++++++

ဆေးလိပ်မီးတွေ ကိုယ့်ဆီမလာစေချင်ဘူး။ ဘာလို့ဆို ကိုယ့်မျက်ဝန်းများ မစိုစွတ်လိုဘူး။

++++++

ကုန်သွားတဲ့ဆေးလိပ်ကို ဖိချေပြီး နောက်တလိပ် ထပ်သောက်ရ ကောင်းမလား စဉ်းစားမိသည်။ တော်ပါပြီ။ မီးခိုးတွေ အလွန်အမင်းဖြစ်ကုန်ရော့မယ်။

လဲလျောင်းအိပ်စက်ရာ အခန်းဘက်ဆီသို့ ပြန်လာရင်း ရေအေးတဗူးကို ဆွဲလာမိလျက်သား။ပြီးတော့ မော့ချ လိုက်သည်။အေးပြီးသားရေက လည်ပင်းထဲမှာ ပိုပြီး အေးမြသွားသည်။ ပြီးတော့ ခါးသည်။ ပြီးတော့ အခါးမှ အချိုသို့ ကူးသော အမျိုးအမည်တပ်ရခက်ခဲသည့် အရသာတခုကို ခံစားမိသည်။

အဲ့ဒီ အေးမြမှု၊ခါးသီးမှု၊ချိုမြိန်မှု စတဲ့ခံစားမှုတွေကိုပဲ ချစ်ခြင်းမေတ္တာဟု ကိုယ်က ကိုယ်တဦးတည်းပိုင်အဖြစ် နာမည်တပ်လိုပါသည်။

++++++

7 Responses to “အချစ်၏ မီးခိုးတန်းများ”

jr said...

~~ အချစ်ဆိုတာပူလောင်တဲ့မီးတောက်ငယ်တစ်ခု ~~ :D

P.S. အရေးအသားတွေတအားကောင်းလာကြောင်း ..

အချစ်ဆိုတာ ဆေးလိပ်သောက်ရသလိုပါပဲ ဖွာနေတုန်းတော့ ကောင်းတယ် နောက်ဆုံးတော့ တပ်မက်မှုမရှိတော့တဲ့ ဖွာရှိုက်ခြင်းကုန်တော့ အောက်ကိုပစ်ချ ပြီးတော့ ခြေတောက်နဲ့နင်းခြေခံရပေါ့ ။

မြင်ဖူးတာကို င်္ဒီစာနဲ့ဆိုင်မဆိုင်မသိပဲ မန့်ထည့်လိုက်တာ ငါဆေးလိပ်မသောက်ဖူးတာ နင်သိတယ်နော် သူငယ်ဂျိုး =)

ဆေးလိပ်တောင် သောက်ချင်လာပြီ....။

အဲသီချင်းစာသားလေးကတော့ အသည်းစွဲပဲ...။
စီးကရက်ကိုလည်း ကြိုက်တတ်ခဲ့တယ်...အင်း...။

ဆေးလိပ်ကိုတော့ ဖြတ်နိုင်ခဲ့ပါပြီ ။
ချစ်ခြင်းလွမ်းခြင်းကြောင့်ရတဲ့ မီးခိုးငွေ့တွေကတော့ ဘယ်လို မှုတ်ထုတ် မှုတ်ထုတ် ချစ်သူကျင်လည်ရာ နှလုံးသားတဝိုက်မှာ ဝေ့မှိုင်းပြီး အမှန်ကို အမြင်ကန်းနေတုန်းပဲ..။

littlebrook said...

ပို့စ်ဖတ်ပီး ပထမဆုံးဖြစ်လာသည်က ဆေးလိပ်သောက်ချင်လာသည် ... ကိုယ့်ရင်ဘတ်ထဲက ချစ်ခြင်းမေတ္တာအားခံစားတတ်စေသော အပိုင်းအစအချို့ကို ဖယ်ထုတ်ထားခဲ့သည်ဆိုတဲ့ စာသားလေးကို ငါခု ကြိုက်တယ် ...

နင့်အကို
LB

Anonymous said...

ဒီတပုဒ်တော့ ထိပြန်ပြီ မကြေးမုံရေ

ဒါပါနဲ့ဆို နှစ်ပုဒ်တိတိရှိပြီ

ဖတ်ပြီးတော့လည်း တယောက်တည်း ရီမိတယ် (ချစ်ခြင်းမေတ္တာကို ဒီလို အနက်ဖွင့်တာ ငါတယောက်တည်းမဟုတ်ပါလားဆိုပြီး သူခိုးသေဖော်ညှိ မိတဲ့အဖြစ်ကိုပါ)

ချစ်ခြင်းမေတ္တာဆိုတာကို ငတ်မွတ်တယ်။ ချစ်တတ်တယ်လို့လည်းထင်ခဲ့တယ်။ ဒါပေမယ့် တကယ်က ချစ်ခြင်းမေတ္တာဆိုတဲ့ နောက်ကွယ်က ခါးသီးခြင်းတွေ နာကျင်ခြင်းတွေကို မလိုချင်ခဲ့ပြန်ဘူး ဘယ်လောက်ကြီးတဲ့ အတ္တလဲ။ ဒီလိုလူ ချစ်ခြင်းတွေနဲက အကြိမ်ကြိမ်လွဲနေတာကို အံသြစရာတော့ မရှိလှပါဘူးလေ။

ဆေးလိပ်တော့ မသောက်ပါဘူး။ ဒါပေမယ့် နစ်ကိုတင်းတွေက ကိုယ်ထဲမှာ ပျံ့နှံ့နေပြီးသား။ ဘေးပတ်ဝန်းကျင်က ဆေးလိပ်ငွေ့တွေက မသိလိုက်မသိဖာသာ ကိုယ်ထဲမှာ နေရာယူနေနှင့်ပြီ။

ဘေးနားက လူတွေ မီးတွေရဲခနဲနေအောင်ဖွာတုန်းက ပူတယ်လို့ မခံစားမိဘူး။ ကိုယ်တိုင်ကျမှ ငရဲကျတယ်လို့ အထင်ရောက်နေမိပြန်တယ်။ သနားဖို့မကောင်းဘူးနော်.....

ရွာသားလေးဝိုင်တီယူ

အားလုံး အချစ်ကြောင့်ပါပဲ မကြေးမုံရေ

လေးစားအားပေးလျက်။

littlebrook said...

အပျင်းပြေညနေတစ်ခုမှာ ခုံတန်းလျားအနီလေးမှာထိုင် ခြောက်သွေ့နေဖုန်တက်နေတဲ့ သစ်ပင်နီနီလေးတွေကို ငေးရင်း အချစ်၏ မီးခိုးငွေ့များကို မှုတ်ထုတ်နေလိုက်တယ် ... ( နင်သိလား .. ခေါင်းစဉ်သုံးခုပေါင်းရေးကြည့်တာ :P)
နင့်အကို အယ်လ်ဘီ