Tuesday, June 29, 2010

ကြယ်လွဲမိုး(တိုးနှောင်မိုး)

အဝေးကိုစီးဖို့
မြစ်ရဲ့ခြေအစုံကို တောင်းပန်
ကောင်းကင်တစ်ခုပြီးတစ်ခု ဖတ်ခဲ့။
ဘယ်တော့များ ကြယ်ကိုစိုအောင် ရွာမှာလဲ
စကြာဝဠာ ကျစ်ဆံမြီးထဲ
ပွင့်ချင်တိုင်းပွင့်
လှချင်တိုင်းလှ ကြယ်မလေးရေ...
ငါ့ကောင်းကင် လက်တစ်ဆုံးတောင်
မင်း ပုန်းနေတုန်းပဲလားကွယ့်
အာသီသတွေသာ ရှိပြီး
သင်ယူလို့ မရတဲ့မိုးဟာ ငါပဲပေါ့။

တိုးနှောင်မိုး

ဆိုဒ်ဘားမှာ တင်ထားဖြစ်တာ အတော်ကြာပြီမို့ ဘလော့လည်မိတ်သဟာများလဲ ဒီကဗျာကို ရင်းနှီးနှင့်ပြီးသား ဖြစ်ပါလိမ့်မယ်။
ကဗျာအသစ်လဲ လဲချင်၊အဟောင်းလဲ မပြစ်ရက်... ဘာလုပ်ရမယ်မှန်းမသိနဲ့.. လူက ဒွိဟဖြစ်နေမိပါသေးတယ်။ ဒီကဗျာကို တန်ဖိုးထားမိစေတဲ့ အခြားသောအကြောင်းချင်းရာများလဲ ရှိနေသေးတဲ့အတွက် ဘလော့မှာ အမှတ်တရ သိမ်းထားလိုက်ပါတယ်။

စကားစပ်ပြီးပြောရရင် သရေခေတ္တရာမြို့သား ကဗျာဆရာတိုးနှောင်မိုးရဲ့ ကဗျာတွေကို ကလေးဘ၀ထဲက စွဲလန်းခဲ့မိခဲ့တယ်။မှတ်မှတ်ရရ သူနဲ့အတူ စာရေးဆရာမ သွေး(စစ်ကိုင်း) လဲပါတဲ့ ကဗျာစာအုပ်တအုပ် ဖတ်ဖူးရဲ့။ "သက်ပြင်းမှုတ်သံ တဟူးဟူး" ဆိုတဲ့အသုံးကို တအားသဘောကျလွန်းလို့ ခုထိ စွဲနေတာ။အဲ့ဒီ စကားလုံးက သူတို့နှစ်ယောက်ထဲက တယောက်ယောက် ရေးတာပါပဲ။ဘယ်သူလဲသာ မသိတာ။

မှတ်မိချင်တာတွေကိုသာ မှတ်မိတတ်ပြီး မမှတ်ချင်တာတွေကို အကွက်လိုက်၊အကွက်လိုက် မေ့သွားတတ်တဲ့ အကျင့်က ဘယ်ကဘယ်လို ကိုယ့်ဆီ တိတ်တဆိတ်ဝင်ရောက်ခဲ့သလဲ မသိပါဘူး။
ဒါကစကားချပ်။း)

Tuesday, June 22, 2010

အချစ်၏ မီးခိုးတန်းများ

တံဆိပ်နားထိလောင်ကျွမ်းပြီးဖြစ်တဲ့ လက်ထဲကစီးကရက်ကို သေချာကြည့်လိုက်မိတဲ့အခါ နှမြောသလိုခံစား ရသည်။ကုန်သွားတဲ့ဆေးလိပ်ကို နှမြောတာလား၊နစ်ကိုတင်းတွေဝင်သွားလို့ အထိုက်အလျောက် လျော့ပါးသွား နိုင်ချေရှိတဲ့ သူ့အဆုတ်ကျန်းမာရေးကို နှမြောတာလား။

ရှူသွင်း၊မှုတ်ထုတ်ထားသော မီးခိုးငွေ့အချို့က လေနှင့်အတူခပ်ဝေးဝေးထိလိုက်ပါ ပျောက်ရှသွားသည်။ကိုယ့် အနားမှာတုန်းက မီးခိုးငွေ့တွေက အဖြူလိုလို၊ခဲလိုလိုအရောင်၊ခပ်လှမ်းလှမ်းရောက်တော့အစိမ်းရောင်လို။ ခဏနေတော့ လုံးဝပျောက်ကွယ်သွားသည်။တချို့မီးခိုးငွေ့များ ကိုယ့်ဆီသို့ ပြန်လာကြသည်။မျက်လုံးထဲဝင်လာ မှာစိုးပြီး မှေးစင်းထားလိုက်မိသည်။

"စီးကရက်ကို ကြိုက်တတ်ရင် စီးကရက်မီးခိုးမျက်စိထဲ ၀င်တာလောက်တော့ ခံနိုင်ရည်ရှိရမယ်" ဆိုတဲ့ သီချင်း စာသားတချို့က ခေါင်းထဲသို့ အလိုအလျောက် ၀င်ရောက်လာကြသည်။
ချစ်ခြင်းမေတ္တာကို ခံယူလို၊ပေးအပ်လိုပါက ချစ်ခြင်းမေတ္တာရဲ့နောက်မှာ တပါတည်းပါလာသော လွမ်းဆွတ်မှု ဝေဒနာကိုလဲ လက်ခံနိုင်ဖို့လိုသည်။
စီးကရက်ကိုကြိုက်တတ်မှတော့ စီးကရက်မီးခိုးငွေ့များ မျက်စိထဲဝင်လာတဲ့ အခါ အပြုံးမပျက် ရှိနေသင့်တယ်လို့ ပြောချင်တာများလား။တောင်စဉ်ရေမရ လိုက်ပြီးတွေးနေမိသည်။

မိဘချစ်၊မောင်နှမချစ်၊သူငယ်ချင်းချစ်...ပြီးတော့ ချစ်သူ ချစ်။ချစ်ခြင်းမေတ္တာထားမိလေတိုင်း လွမ်းဆွတ်မှု ဝေဒနာက နောက်တော်ပါးကနေ အရိပ်လို ကပ်ပါလာတတ်စမြဲ။

တခါတလေတော့ စိတ်နဲ့ဆံ့သလောက် ခံစား တတ်သော ကိုယ့်ကိုယ်ကို မုန်းတီးမိပြီး ဘာကိုမျှမခံစားတတ်သော လူတဦးအဖြစ် ရပ်တည်ချင်မိပြန်သည်။ ပြီးတော့ ကိုယ့်ချစ်ခြင်းမေတ္တာကို ယုံကြည်ဖို့ဝန်လေးနေသော သူ့အား သက်သေပြချင်ပါသည်။

+++++++

ဘယ်သူ့ကို အချစ်ဆုံးလဲ သူခဏခဏ မေးလေတိုင်း ကိုယ်လွယ်လင့်တကူဖြေဖြစ်တာက မင်းကိုအချစ်ဆုံး၊ ကြယ်ကလေးကို အချစ်ဆုံး လို့ ဟု။...။

စကားစပ်ပြီးပြောရရင် သူက ကိုယ့်ရဲ့ ကြယ်ကလေး ပေါ့..။

ကိုယ်မတွေ့ချင်ဘူးဟု ရှောင်ဖယ်နေခဲ့ဖူးသော ကြယ်ပွင့်လေးတခုက ကိုယ့်ဘ၀လမိုက်ညများမှာ တပွင့်ထဲ ထည်ထည်ဝါ၀ါ ကိုယ့်အတွက် လင်းပေးခဲ့သည်။ခုတော့ မေ့မေ့မျောမျောနဲ့ သူ့ကို မျှော်မျှော် ကြည့်ယူရသည်ထိ။
သူ့လင်းချင်းမှုများက ကိုယ့်အပေါ် ဖြန့်ကျက်နေရာယူနိုင်လွန်းလေစွ...။

+++++++

စိတ်၏အရှိအတိုင်းဆိုရင်ဖြင့် ကိုယ်မျက်စေ့ထဲ စီးကရက်မီးခိုးငွေ့များ အ၀င်မခံချင်။မီးခိုးငွေ့များကြောင့် ကိုယ့်မျက်လုံးများ စိုစွတ်မခံချင်တော့။

ဒါကြောင့် ကိုယ့်ရင်ဘတ်ထဲကနေ ချစ်ခြင်းမေတ္တာအား ခံစားတတ်စေသော အပိုင်းအစအချို့ကို အချိန်ကာလ အတော်ကြာ ဖယ်ထုတ်ထားခဲ့ဖူးသည်။ ကိုယ့်ဆီကို ဘယ်လိုစိတ်ခံစားမှု အတိမ်အနက်ကိုမှ ရောက်မလာစေချင် တော့ဟု ဆိုကာ ကိုယ့်ရင်ခွင်အခန်း တံခါး ကိုယ်ပိတ်ပြီး ငြိမ်သက်စွာ နေခဲ့သည်။
မင်းက ရောက်လာတာလား၊ကိုယ်က မင်းဆီလျှောက်လာတာလား။ကိုယ့်ဘာသာကိုယ်လဲ သိပ်တော့မသေချာ။ အဲ့ဒီအကြောင်းတွေ ကိုယ်ပြောပြတဲ့ညတုန်းက မင်းက ပြုံးပြီးကြည့်နေခဲ့တယ်။

အဲ့ဒီညက ကိုယ်တို့နှစ်ဦး... စီးကရက်ကို မီးစတင်ညှိလိုက်မိကြပြီ..။

တရိုက်မက်မက် ဖွာပစ်မိခဲ့ကြသည်။မီးဖွားတွေ တဖွားဖွား။ လိုချင်တပ်မက်မှုအချို့က ရဲ ကနဲ..။ ရဲ ကနဲ...။

+++++++++++

ဆေးလိပ်မီးတွေ ကိုယ့်ဆီမလာစေချင်ဘူး။ ဘာလို့ဆို ကိုယ့်မျက်ဝန်းများ မစိုစွတ်လိုဘူး။

++++++

ကုန်သွားတဲ့ဆေးလိပ်ကို ဖိချေပြီး နောက်တလိပ် ထပ်သောက်ရ ကောင်းမလား စဉ်းစားမိသည်။ တော်ပါပြီ။ မီးခိုးတွေ အလွန်အမင်းဖြစ်ကုန်ရော့မယ်။

လဲလျောင်းအိပ်စက်ရာ အခန်းဘက်ဆီသို့ ပြန်လာရင်း ရေအေးတဗူးကို ဆွဲလာမိလျက်သား။ပြီးတော့ မော့ချ လိုက်သည်။အေးပြီးသားရေက လည်ပင်းထဲမှာ ပိုပြီး အေးမြသွားသည်။ ပြီးတော့ ခါးသည်။ ပြီးတော့ အခါးမှ အချိုသို့ ကူးသော အမျိုးအမည်တပ်ရခက်ခဲသည့် အရသာတခုကို ခံစားမိသည်။

အဲ့ဒီ အေးမြမှု၊ခါးသီးမှု၊ချိုမြိန်မှု စတဲ့ခံစားမှုတွေကိုပဲ ချစ်ခြင်းမေတ္တာဟု ကိုယ်က ကိုယ်တဦးတည်းပိုင်အဖြစ် နာမည်တပ်လိုပါသည်။

++++++

Friday, June 18, 2010

ညနေခင်း

ပြတင်းတံခါးတွေကို
ဖွင့်ပေးလိုက်တယ်။
အလွမ်းတွေ သွားလိုရာ သွားစေဖို့..
(ဆိုကာမှ..)
သူတို့ခမျာ လမ်းစပျောက်နေရှာ...။

mirror

ဒီကဗျာရေးပြီးတော့ ရေးခဲ့ဖူးတဲ့ ဒီကဗျာကို သွားသတိရတယ်။အဲ့ကဗျာရေးတုန်းက ညဘက်။ခု ညနေဘက်ပေါ့။
စိတ်၏စေရာက အတူတူပါပဲ..။

Monday, June 14, 2010

ခရမ်းရောင် စာမျက်နှာ

ဒီမနက် ခရမ်းရောင်ပန်းတွေ ပွင့်တယ်။ခရမ်းရောင် အပြုံးတွေ ဝေဆာတယ်။ခရမ်းရောင် နူးညံ့မှုအချို့ ကျနော် အမိအရ ပိုင်ဆိုင်ရတယ်။ခရမ်းရောင် မနက်ခင်းတခုကို ကျနော်ဖြတ်သန်းခဲ့ပြီးပြီ။
အင်း...အရောင်ဆိုလို့ ကျနော်က အရောင်တွေအကြောင်း သိပ်ပြီးခံစားတတ်လှတာ မဟုတ်ပါဘူး။

++++++

အရောင်တွေကို ကျနော် နာမည်တပ်ပြမိတဲ့အခါတိုင်း ကျနော့် အရောင်တွေအပေါ် သဘောတကျ ရယ်မောတတ်သူတယောက်ကို ကျနော်သတိရမိပါရဲ့..။
အခုလဲ ခရမ်းရောင် မနက်ခင်းတခုကို ကျနော်မိန်းမူးသာယာနေတာ သူသိသွားရင် ကျနော့်ကို ပြုံးနေဦးမှာလား။ ကျနော် နာမည်တပ်ပြတဲ့အရောင် မှားယွင်းလို့လား သို့မဟုတ် ခံစားတတ်လွန်းတယ်ကွယ် ဆိုပြီးတော့လား.. သူပြုံးနေဦးမှာပါ။ သူ့အပြုံးရဲ့ အဓိပ္ပါယ်ကိုတော့ သူပဲ သိပါလိမ့်မယ်။

ကျနော့်လိုခပ်တုံးတုံးကောင်က အရောင်တွေအကြောင်း မသိရုံမက သူ့အပြုံးအချို့ကိုလဲ နားမလည်ပါ။ အရောင်တွေကို မခံစားတတ်ပေမယ့် သူ့အပြုံးတွေကိုတော့ ခံစားတတ်နေမိပြန်တယ်။အဲ့ဒီအကြောင်းကို ကျနော် သူ့ကိုမပြောခဲ့မိပါ။အင်းလေ..အချို့အကြောင်းအရာတွေမှာက စကားလုံးတွေ သိပ်ပြီး လိုအပ်လှတာ မဟုတ်ပါဘူး။
စိတ်ကို စိတ်နဲ့မြင်အောင် ကြည့်တတ်၊ခံစားတတ်ဖို့ပဲ လိုတာပါ။ စိတ်ကို စိတ်နဲ့နားလည်ယူလို့ရကြောင်း သူနဲ့ ဆုံပြီးမှ ကျနော်နားလည်တတ်လာတယ်။

++++++

သူ့စိတ်ကိုဖတ်ဖို့ ကျနော့်စိတ်ကို ရွက်ကုန်လွှင့်ထားရတယ်။ သူ့စိတ်အလျင်ကို ကျနော်က အမြဲတမ်း မမှီမကမ်း လိုက်ရတယ်။အဲ့ဒီအခါတိုင်း ကျနော်မောပန်းမိပါရဲ့။ခြေကုန်လက်ပမ်း ကျမိပါရဲ့။ဒါပေမယ့် ကျနော်က သူ့စိတ်မှာ အဲ့လိုစီးမြောရတာကိုပဲ နှစ်သက်နေမိပြီး ရပ်တန့်ပစ်ဖို့လဲ စိတ်မကူးမိသေးပါဘူး။

ဒီလိုဆိုရင် သူ့ဘက်ကရော... သူဟာ သာမာန်နေထိုင်မှုပုံစံထဲမှာပဲ ရှိနေပါတယ်လို့ ခဏခဏပြောဖူးတယ်။ သူ့စိတ်ကို မဖတ်ဖို့လဲ တားမြစ်လား တားမြစ်ရဲ့။နောက်ဆုံးတော့ သူ့ဘ၀ထဲ လျှောက်ဝင်မလာဖို့ပါ ဟန့်တားထား တတ်သေးတယ်။ကျနော့်အဖို့တော့ ရပ်ပါလို့ တားဆီးနေတာက ရှေ့သို့မြန်မြန်လို့ တွန်းပို့နေသလို ဖြစ်စေတယ်ဆိုတာ ကျနော်သူ့ကို မပြောပြဖြစ်ခဲ့ပါဘူး။
သူ့စိတ်ကို ညစဉ်ညတိုင်း ကြိုးစားပြီးဖတ်နေတုန်းပါပဲ...။ကျနော့် စာမျက်နှာတရွက် နောက်ကိုရွေ့တဲ့နေ့ဟာ နောက်တနေ့မှာ ခရမ်းရောင်ပန်းတွေ ပွင့်တဲ့နေ့ပေါ့...။

ခရမ်းရောင်ပန်းတွေ၊ခရမ်းရောင်လမ်းတွေ..ပြီးတော့ ခရမ်းရောင်အပြုံးတွေ ခပ်များများပွင့်စေဖို့.. ကျနော်ကတော့ဖြင့် သူ့စိတ်ကို ကြိုးစားပမ်းစား ဖတ်နေရဦးမှာပါပဲ...။....။

+++++++