Saturday, May 29, 2010

အနာ...

နာကျင်မှု ဆိုတာကို လူတွေဘယ်လိုနားလည်ထားကြပါသလဲ။
ကျမအဖို့တော့ "အနာ"ကို "အနာ"၊တနည်းအားဖြင့် "နာကျင်တယ်" လို့ မခံစားမိတာ ဘယ်လောက်များ ကြာမြင့် ခဲ့ပြီလဲ ။.....။နာကျင်မှုကို မနာတတ်တော့ပါ။နာကျင်မှုကို မည်သို့မျှ မခံစားရတော့တာပါ။ ကိုယ်ခန္ဒာ အစိတ်အပိုင်းတွေရဲ့ နာကျင်မှု၊ပြီးတော့ စိတ်၏ နာကျင်မှု...။

ငယ်စဉ်အခါကတည်း သက်သောင့်သက်သာကြီးပြင်းလာခဲ့ရသူ မဟုတ်လေတော့ တော်ရုံ အလုပ်ကြမ်းတွေကို ပေါ့ပေါ့ပါးပါး လုပ်နိုင်ပါသည်။အလုပ်ကြမ်းဆိုတာနဲ့ ထိခိုက်နာကျင်မှုကတော့ ရှိတာပါပဲ။ အဲ့ဒိတော့ ခြေတွေ၊လက်တွေမှာဆို ဒဏ်ရာတွေ၊အမာရွတ်တွေ ပရပွ ...။နာရကောင်းမှန်း အဲ့ဒီအခါတုန်းကရော.. ကျမ သိခဲ့ပါရဲ့လား။ ...။

အကြီးအကျယ် နာကျင်ဖူးတာ ၂ ကြိမ်..။ခန္ဒာကိုယ်အပေါ်ပိုင်း တခုလုံးရေနွေးပူတွေ လောင်းချသလို ဖြစ်တုန်းက တခါ..။နားပြည်ယိုတဲ့ ရောဂါကို မဖြစ်မနေ ခွဲစိတ်ရတုန်းက တခါ..။

နားရောဂါကို သုံးကြိမ်တိတိ ခွဲစိတ်ခန်းဝင်ပြီး ခွဲရသည်။ အဲ့ဒိတုန်းကတော့ "နာ" ခဲ့ဖူးသည်ဟု (ထင်ပါသည်)။ သွေးတွေအများကြီး ထွက်နေခဲ့တာ မှတ်မိနေသည်။ နားရဲ့ ဟိုးအခေါင်းထဲကကို လှိုက်လှိုက်ပြီး နာနေတဲ့ အနာ။ သွေးတွေက နားထဲက ထွက်လာတာလား၊နား နောက်က ဖြတ်ထုတ်လိုက်တဲ့ အရိုး ကနေထွက်လာတာလား မသိပေမယ့် ခေါင်းကိုပတ်ပြီး စီးထားတဲ့ ပတ်တီးဖြူဖြူတွေ အကုန်လုံးက အနီရောင်ပတ်တီးအဖြစ် တမဟုတ်ချင်း ပြောင်းပြောင်းသွားတာ ခပ်ရေးရေးမှတ်မိပါသည်။ထင်မိတာ အဲ့ဒီတစ်ခါ နာပြီးထဲက နောက်ထပ် တော်ရုံအနာဆို မဖြုံတော့တာ များလား။

တကယ်ပါ။ခုတော်ရုံ နာကျင်မှုကို သိပ်ကို မနာတတ်တော့တာ။အဲ့ဒိနာနေတဲ့ နေရာကို နောက်ထပ် ထပ်ပြီး နာသွားတဲ့အထိ ထိခိုက်တော့မှ "အော် ဒီနေရာ နာနေပါလား"လို့ သတိထားမိတဲ့အထိ.. အမှုမဲ့ အမှတ်မဲ့.. ။

အနာကို တခုချင်းခွဲခြမ်းစိတ်ဖြာမိသည်။ဒီနားလေးကတော့ နာနေပြီ၊ဟင့်အင်း မဟုတ်သေးပါဘူး။
နောက်ဘက်ကို ၁ စင်တီမီတာလောက် ရွေ့ပြီး နာနေပြီ။အဲ့လိုမျိုးနဲ့ နာကျင်မှုကို လိုက်လံခံစား သာယာနေမိတာ အတော်ကြာခဲ့ပါပြီ။အနာကို အဲ့လိုခံစားရင်းက နာတဲ့ဝေဒနာတွေလဲ တဖြည်းဖြည်းနဲ့ ပျောက်ရှသွားကြသည်။

++++++++

လက်နဲ့ ထိတွေ့ကိုင်တွယ်ကြည့်လို့မရတဲ့ အနာတွေလဲ ကျမမှာရှိပါသည်။လွယ်လင့်တကူ ပြောကြစတမ်း ဆိုရင်ဖြင့် "စိတ်၏အနာများ" ပေါ့။

မိဘ၊ညီအကို မောင်နှမကလွဲရင် ကျန်တဲ့ ကျမနဲ့ပတ်သက်တဲ့ လူတွေ အတော်များများအပေါ်မှာ ကျမ ခဏခဏ နာကျင်ဖူးပါသည်။နာကျင်မှု ဝေဒနာတွေက ပုံစံအစုံ၊အမျိုးအစားအစုံ.. အရွယ်အစား အစုံပါပဲ။
ခဏခဏ နာကျင်သလို ခဏခဏပဲ အဲ့ဒိဝေဒနာတွေ ပျောက်ကင်းဖူးပါသည်။

ကျမ တဦးတည်းစာဆိုရင်တော့ စိတ်ရဲ့အနာကို "နားလည်မှု" အနာဂျက်ဆစ်တမျိုးထဲကသာ ပျောက်အောင် ကုသပေးနိုင်သည်။အနာက ရိုးရိုးထိခိုက်ပွန်းပဲ့အနာဆိုပေမယ့် ဗိုင်းရပ်စ်တွေပါ ၀င်နေပြီး ယောင်ယမ်းလို့ ပြည်တည်နာ အဖြစ်ပါ ရောက်နေပြီဆိုရင်ဖြင့် "တဖန်ပြန်လည်ချစ်မြတ်နိုးခြင်း"ဆိုတဲ့ အန်တီဘိုင်အောတစ် ကိုပါ ထည့်သုံးဖို့ လိုတဲ့အခါ ထည့်သုံးရတာတွေလည်း ရှိသည်။

ကျမမှာ အချစ်ဆုံးတွေ သိပ်မများများ မရှိပါ။လက်တဖက်တောင်မပြည့်။ထိုအချစ်ဆုံးတွေကိုပဲ ခဏခဏ နာကျင်ဖူးသည်။

ထိလွယ်၊ရှလွယ်၊ကျိုးလွယ်၊ကြေလွယ်...စိတ်နဲ့မို့ ခံစားမှုစံချိန်ကလဲ သူတကာထက် ပိုလွန်တာ ကိုယ့်ကိုယ်ကိုလဲ သိထားပါရဲ့..။

စိတ်ရဲ့ အနာကိုလဲ အရသာခံဖူးပါသည်။ ကဗျာဆရာတဦးက ပြောဖူးသည်။ "ကျနော်ဖြင့် စိတ်ထဲ နာကျင်တွေတွေ များလေလေ.. ကဗျာတွေ ဆက်တိုက်ရလေပဲ "ဟု..။ကျမအတွက်တော့ စိတ်ထဲ များများနာလေ အဲ့ဒိအနာတွေကို ဖြေဖျောက်ဖို့၊လမ်းကြောင်းတွေ ပြောင်းပစ်ဖို့ ကြိုးစားနေမိတော့တာပါပဲ။

အဲ့ဒါက ကောင်းသော အလေ့အထ မဟုတ်တာတော့ ကျမကိုယ်တိုင် လက်ခံပါသည်။သို့သော် ကိုယ့်ကိုယ်ကို တားမြစ်ဖို့ ဘယ်တုန်းကမှ မတတ်နိုင်ခဲ့ပါ။အဲ့ဒီလို မတတ်နိုင်လို့ စိတ်လွတ်ကိုယ်လွတ် နေ့ရက်အတော်များများကို ဖြတ်သန်းအပြီး နောက်ဆုံးသတိရမိလိုက်တဲ့အခိုက်မှာ.. အနာကိုအနာမှန်းမသိ၊နာရ ကောင်းမှန်းမသိအောင်ကို ထုံအသွားခဲ့ပြီး ဖြစ်သည်။

ဒီစာရေးနေရင်းက ငယ်ငယ်တုန်းက ကျမတို့ မြို့က အရူးမကြီးတယောက် သူ့ ခြေထောက်က အနာတွေကို
"ဟဲ့ ဒါဘာဖြစ်တာလဲ "ဆိုတော့ ချက်ချင်းဆိုသလို သူမရဲ့လေသံကို နှိမ့်ချလိုက်ပြီး "ဘယ်သူ့မှ သွားမပြောနဲ့နော်.. အဲ့ဒါ "အနာ " "လို့ ပြန်ပြောတာလေး ပြေးသတိရမိသည်။ ခုလဲ... ဘယ်သူမှ မပြောနဲ့နော်.. အဲ့ဒါ အနာ.. ပါ ပေါ့။

++++++

ကိုယ်တိုင် ပြန်လည်သုံးသပ်ကြည့်တော့ တခုခုဆို ခပ်မြန်မြန်ခံစား၊ခပ်မြန်မြန် ကြွေပဲ့ပြီး၊ခပ်မြန်မြန် ရိုးအီတတ်တဲ့ ကျမရဲ့ အဇျတ္တ ကြောင့်များလား... ဟု သာ အဖြေရှာရသည်။

ဖြစ်သင့်တာကတော့ "အနာ"ဆို နာတတ်ဖို့သာ။ကျမလို မနာတတ်အောင် မနေကြပါနှင့် လို့သာ တိုက်တွန်းချင်မိသည်။

++++++

10 Responses to “အနာ...”

ကျွန်မကတော့ နာတတ်တယ်။
ဒီကဗျာဖတ်ရတာတောင် နာနာကျင်ကျင်။

SHWE ZIN U said...

ထုသားပေသားကျနေတယ် ဆိုတာ ဒါမျိုးကို ခေါ်တာနေမှာ

ငါးဖယ်များ လိုပေါ့ ထုလေ မာလေ

littlebrook said...

:) အနာသိရင် ဆေးရှိတယ် အားလုံးအေးဆေး
ကိုယ့်ကိုယ်ကို မနှိပ်စက်နဲ့

ကဲ.......ငါ့နှမ ဘာဖြစ်သတုန်း ဆရာ့ကိုပြော စောရနက္ခတ်ဖွား မယုံမရှိနဲ့ ဟိုက်ချလောင်းဆို ရောဂါ မှန်သမျှ ပျောက်စေရမယ့်

ပုံ/ ဒေါက်တာပေါက်တူးဂေါ်ပြားမောင်မျိုး

ဟဲဟဲ ညစ်နေတယ်လား ဖူဂျီရှိတယ် ပို့လိုက်ရမလားေ၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀း)

ခန္ဓာကိုယ်က အနာထက် စိတ်အနာကတော့ ပိုခံစားရတာပေါ့.. ဒါပေမယ့် စိတ်ထဲ ကြာကြာမထားတာတော့ အကောင်းဆုံးပါပဲ..

purplemay said...

body ကတော့ အနာတရသိပ်မဖြစ်ဖူးပေမယ့် ...စိတ်ဒါဏ်ရာတွေကတော့ မရေမတွက်နိုင်အောင်ပဲ....။
အနာဂျစ်ဆစ်တို့ ၊ အန်တီဘိုင်အောတစ် တို့တွေလည်း ခဏခဏအွန်ဖူးပါတယ်....။
ဒါပေမယ့် သက်သာခဲပါ့...။ ဘာပဲဖြစ်ဖြစ် အနာအကြောင်း ဖတ်ကောင်းတယ် ညီမလေးရေ...။

အနာ မပျောက်သေးဘူးလားေ၀၀၀၀၀၀

အနာတွေများနေတော့ ဘယ်အနာကို နာရမှန်း မသိတော့သလိုဖြစ်နေတယ်ထင်ပါရဲ့ ။ ။

ခင်လျက်

မင်းဒင်

......စိတ်ရဲ့အနာကို "နားလည်မှု" အနာဂျက်ဆစ်တမျိုးထဲကသာ ပျောက်အောင် ကုသပေးနိုင်....
....."တဖန်ပြန်လည်ချစ်မြတ်နိုးခြင်း"ဆိုတဲ့ အန်တီဘိုင်အောတစ် ....

xxxxxxxxxxxxxxxxxxxxx

....."ဘယ်သူ့မှ သွားမပြောနဲ့နော်.. အဲ့ဒါ "အနာ ".....

xxxxxxxxxxxxxxxxxxxxx

ဒီပိုစ့်လေးက လေးလေးနက်နက်နဲ့ တွေးစရာတွေ အများကြီးရတယ် ။

ဒဏ်ရာဆိုတဲ့ စကားလုံး ကြားနေကျလို ဖြစ်နေတုန်း အနာဆိုတာလေး ကြားလိုက်ရတော့ ...အင်း
ဒါလည်း ဘယ်သူ့မှ သွားမပြောနဲ့နော် အဲဒါ အနာလို့ ပြောရမလို....