Saturday, May 15, 2010

အမေ့ထမင်းဝိုင်းလေး

တနေ့က သူငယ်ချင်းအိမ်က မိသားစုပုံလေးတပုံရောက်လာတော့ ၂ ယောက်သားကြည့်ရင်းက ဘာလိုအပ်နေ မှန်း မသိ။ဓာတ်ပုံက မပြည့်မစုံဖြစ်နေသလို ခံစားမိကြသည်။ပြီးတော့ ဓာတ်ပုံထဲက သူ့တူမလေးနဲ့ တူလေး၊ကလေး ၂ ယောက်ကို ဟာသလုပ်ပြီး ရယ်မောဖြစ်ကြသည်။ကလေးတွေက အချိန် အနည်းငယ်အတွင်း မှာ အများကြီးပြောင်းလဲလာသည်။ကိုယ်တွေ ရင်ခွင်ပိုက်တဲ့ကလေးက မတ်တပ်ရပ်ပြီး စတိုင်ပြည့်နဲ့ ဓာတ်ပုံရိုက်ခံ နေတာမြင်တော့ အသက်ရှူတောင်မှားလောက်အောင် အံ့သြဘနန်းဖြစ်ရသည်။

နောက်တရက်၊မနေ့တုန်းက တခေါက်ထပ်ကြည့်ဖြစ်သည်။ဘာလိုသလဲ ဆိုတာ ရှာတွေ့မိသွားသည်။အဓိက Subject တွေ..၊လူတွေ လိုနေ တာပါ။မိသားစု အင်အားတောင့်တင်းတဲ့သူတို့မိသားစုဆိုတာက ဓာတ်ပုံရိုက်ရင် အထဲနဲနဲတိုးဦး၊အထဲနဲနဲတိုးဦးနဲ့ လူအားလုံးပါအောင် တွန်းတွန်းထိုးထိုး၊ကြပ်ကြပ်သိပ်သိပ်နဲ့ရိုက်ခဲ့ကြတဲ့ မိသားစု က ခုတော့ကမျောက် ကချောက် ဖြစ်နေသည်။အဝေးရောက်နေသူတွေ နေရာမှာ အနီးရှိတဲ့ ကလေးငယ်တွေ အစားထိုး ပါဝင်လာသည်။ဘယ်လိုပဲ ဖြစ်ဖြစ်၊သိပ်တော့ မစိုပြည်..။ မပြည့်စုံ...။

ဓာတ်ပုံကြည့်ရင်းကနေ ထမင်းစားဝိုင်းတွေအကြောင်း တွေးမိသည်။ဟိုးး ခပ်ဝေးဝေးက ထမင်းဝိုင်းလေး....။

ကျမအသက် ၁၆ နှစ်ထိနေထိုင်ကြီးပြင်းခဲ့တဲ့ အမေအိမ်က ထမင်းစားပွဲက အလှူမင်္ဂလာ၊ပွဲနေပွဲထိုင်ဆိုရင် အငှားလိုက်ရလေ့ရှိသည်။အဖေက တို့မိသားစု ၇ ယောက်စာ ဆိုပြီး ထမင်းစားပွဲကို အကြီးကြီးလုပ်ထားခဲ့သည်။ ၇ ယောက် ချောင်ချောင်ချိချိ စားလို့ရသည်။ဧည့်သည်ဝင်ချင်ရင်တောင် ၀င်လို့ရသည်။ ကလေးငယ်ငယ်တွေ၊ ပုစုခရုနဲ့ဆိုတော့ အတော်လေးကျယ်ဝန်းမှလဲ အဆင်ပြေသည်။ ဒါပေမယ့် အဲ့ဒိထမင်းစားဝိုင်းလေးမှာ အဖေက ဘယ်နှစ်နှစ်လောက်များ သူ့မိန်းမ၊သူ့သားသမီးတွေနဲ့ ထမင်းလက်စုံ စားခွင့် ရခဲ့ပါသလဲ။တခါတလေကျ အဖေ လုပ်သူကို ကျမ ကရုဏာသက်မိသည်။သူ လူဖြစ်လာသည်။အသက် ၂၀ မှာ အိမ်ထောင်တည်ထောင်သည်။ အလုပ်လုပ်သည်။သားကျွေးမှု၊မယားကျွေးမှု။ကြွေးသစ်တွေ တပင်တပန်း ချသည်။ အသက် ၃၈ မှာ ရောဂါဆိုး တခု စတင်ခံစားရပြီး အသက် ၄၀ မှာ သူ့ဘ၀က အဆုံးသတ်သွားသည်။သူ့ကို ကြွေးဟောင်းဆပ်တာကို သူခံစားခွင့်မရရှိခဲ့ပါ။သူမွေးထားခဲ့တဲ့ သားတွေသမီးတွေရဲ့ ကောင်းသည်၊ဆိုးသည်ကို သူမမြင်နိုင်ခဲ့။သူ့ဘ၀က ဖြစ်သင့်သည်ထက် အနည်းငယ် တိုတောင်းလွန်းလှသည်ဟု တခါတခါ တွေးမိသည်။

ကျမငယ်ငယ်က မိသားစုထမင်းစားတော့မည်ဆိုတာနဲ့ အငယ်ဆုံးဆိုတော့ ဗာဟီရ၊တောက်တိုမယ်ရ ၀င်လုပ်ရ သည်။အိမ်မှာက ထမင်းကို သူတခါ၊ငါတခါ ကိုယ်ဆာတဲ့အချိန်ကိုယ်ထစား။အဲ့လို စားလို့မရ၊အမေ မကြာခဏ ပြောဖူးတဲ့စကားက "ငါးပိရည်နဲ့ပဲ စားဦး၊လက်ဆုံစားတော့ ပိုဝင်တယ်" တဲ့။အမ လုပ်သူက ထမင်းခူးနေရင် ကျမက အဲ့ဒိအဖေ့လက်ရာ ထမင်းစားပွဲအကြီးကြီးကို မနိုင်မနင်း မ ရသည်။နောက်ဖေး မီးဖိုချောင်ရဲ့ ဒေါင့်တနေရာရာမှာ ထောင်ထားတဲ့ အဲ့ဒိ ထမင်းစားပွဲကြီးကို လှိမ့်ရင်းက ကိုယ့်ခြေမပေါ် စားပွဲနဲ့ဖိသွားလို့ သွေးချေဥသည်အထိ ဖြစ်ရသည်။ကြမ်းပြင်မှာ ဖင်ချထိုင်ပြီး ထိုင်စားရတဲ့စားပွဲဆိုတော့ တခါတလေမှာ ဟင်းတွေ၊ထမင်းတွေ အိုးထဲပြန်မထည့်ချင်လို့ ထမင်းစားပွဲကို ပြန်မထောင်တော့ပဲ ဒီအတိုင်း ထားရတဲ့အခါမျိုးတွေဆိုရင်တော့ ရှပ်ပြာရှပ်ပြာနိုင်လှတဲ့ ကျမညှို့သကျည်းရိုးတွေ အညိုအမဲစွဲသည်အထိ ခလုတ်တိုက်မိတာမျိုးတွေလဲ ရှိသည်။

တကယ်တော့ အဲ့ဒိထမင်းစားပွဲက မိသားစု ၇ ယောက်ဆန့်အောင် လုပ်ထားခဲ့တယ်ဆိုပေမယ့် အဖေဆုံးပြီး နောက်နှစ်အနည်းငယ်အတွင်းမှာပဲ အမတယောက်၊အကို တယောက်က ရှေ့ဆင့်နောက်ဆင့်အိမ်ထောင်ပြုသွား ကြတာဆိုတော့ တကယ့်လက်တွေ့မှာ သားသမီးသုံးယောက်နဲ့ အမေနဲ့ လေးယောက်နဲ့ စိုပြေခဲ့တဲ့ ထမင်းဝိုင်းလေးဖြစ်သည်။ ၇ ယောက် မဟုတ်ပေမယ့် လေးယောက်ဆိုတာလဲ အင်အားတော့ နည်းလှတာ မဟုတ်ပါဘူးလေ။

မိုးတွေသိပ်သည်းတဲ့ တချို့ညနေခင်းတွေမှာ အဲ့ဒိထမင်းဝိုင်းလေးကို ကျမလွမ်းဆွတ်မိပါသည်။ငါးသလဲထိုး သေးသေးမျှင်မျှင်လေးတွေကို သရက်သီးပါးပါးလေးတွေနဲ့ ရောချက်တဲ့ အမေ့ငါးဟင်းလေး၊နောက်ဖေး ကမ်းနား ချောင်းစပ်မှာစိုက်ထားတဲ့ ဘူးပင်တွေဆီက ခူးထားတဲ့ ဘူးညွန့်ပြုတ်၊ငြုပ်သီးစိမ်း မီးဖုတ်ထောင်း ဖျော်ထားတဲ့ ကွင်းချောင်းရွာထွက် ငါးပိရည်၊ပြီးတော့ တစိမ့်စိမ့်ရွာနေတဲ့မိုးအေးအေးမှာ ထမင်းပူပူလေးနဲ့။မိသားစုလေး ယောက် စကားတပြောပြောနဲ့ လွေးကြတဲ့ ညနေခင်းထမင်းဝိုင်းလေးကို ကျမသတိတရ ရှိမိသည်။

အငယ်ဆုံးက နောက်ကားကျော်တက်ပြီး အရင်ဆုံး အမေ့အိမ်ကို လက်ပြနှုတ်ဆက်ခဲ့သည်။ မျှော်လင့်ချက်တနင့် တပိုးထည့်လွယ်ထားတဲ့ ကျောပိုးအိတ်တလုံး၊ဒိုင်ယာရီစာအုပ် တအုပ်နဲ့ ရင်ခုန်သံခပ်ပြင်းပြင်းတချက်ကို သယ်ဆောင်ပြီး အမေ့အိမ်က ထမင်းဝိုင်းလေးကို စွန့်ခွာခဲ့သည်။ နှစ်ကာလတွေအတော်များများမှာ အမေ့အိမ်က ထမင်းဝိုင်းလေးကို လွမ်းရကောင်းမှန် မသိတတ်ခဲ့ပါ။အမေ့အိမ်က ထမင်းဝိုင်းလေးဆီက ကြည်နူးမှုတွေက "ဧရာဝတီတိုင်းမှ နှုတ်ခွန်းဆက်သပါ၏ "ဆိုတဲ့ဆိုင်းဘုတ် နောက်မှာ တရေးရေးပျောက်ကျန်ခဲ့ဖူးသည်။

ပြီးခဲ့တဲ့ နှစ်တုန်းကတော့ အမေက ထမင်းဝိုင်းကို အပြောင်းအလဲလုပ်ထားသည်။ထမင်းစားပွဲနဲ့ ကုလားထိုင်နဲ့။ သို့သော် ကုလားထိုင်က ၂ လုံးတည်း။ အဲ့ဒါကိုမြင်တော့ စိတ်ထဲမယ် တခုခုကို မနာလိုစိတ်ဖြစ်သွားသည်။ စိတ်နောက်ကိုယ်ပါ "အမေကလဲ ဘာလို့ ထိုင်ခုံ က နှစ်ခုံထဲဖြစ်နေရတာလဲ "လို့ပြောခဲ့မိသည်။ "နင့်အကိုအိမ်က လက်သမားတွေလုပ်ပေးတဲ့အတိုင်းပါပဲကွယ်။ ထိုင် ထိုင် အမေ မထိုင်ဘူး "တဲ့။နောက်တစ်လလောက် အကြာ၊နောက်ထပ်တခေါက် အမေ့အိမ်ပြန်ရောက်တော့ ကုလားထိုင်လေးလုံး ဖြစ်နေသည်။ ကျမဖို့ တလုံး၊ အိမ်ရှေ့အိမ်မှာ သားနဲ့ဇနီးနဲ့ ဖြစ်နေတဲ့ သူ့သားငယ်အတွက် တလုံးဖြစ်ဟန်တူပါသည်။တကယ်တော့ အဲ့ဒိ ထမင်းစားပွဲမှာက သိပ်ပြီးစားဖြစ်ကြတယ်လဲ မရှိပါ။ကြမ်းပြင်မှာ ပိပိပြားပြား ထိုင်ချပြီးစားရတဲ့ အဖေလုပ်ပေး ခဲ့တဲ့ ထမင်းစားပွဲမှာပဲ သွားဝိုင်းဖြစ်ကြတာချည်း။တူတွေ၊တူမတွေက ကျမအိမ်ပြန်ရောက်နေချိန်ဆိုရင် နှင်ချလို့ တောင် မပြန်ကြ။သူတို့တွေနဲ့ဆိုတော့ စားပွဲ၊ကုလားထိုင် လေးလုံးနဲ့လဲ အဆင်မပြေ။

ကျမမရှိတဲ့ ခုလိုအချိန်တွေမှာ အမေက ဘယ်ထမင်းစားပွဲမှာ စားနေမှာလဲ။သူ့သမီးကြီးက အေးတိအေးစက်။ နွေးနွေးထွေးထွေး၊သဲသဲကဲကဲ မနေတတ်။သူဗိုက်ဆာရင် ၀မ်းချင်းဆုံတာ မဟုတ်ဘူးဆိုပြီး သူ့ဘာသာသူ စားနှင့် နေတတ်တဲ့သူ။အဲ့ဒီလို ညနေခင်းတွေတိုင်း အမေဘယ်သူနဲ့ ထမင်းလက်ဆုံစားနေမှာပါလိမ့်။ သူ့ယောက်ျား လုပ်ပေးခဲ့တဲ့ ထမင်းစားပွဲဝိုင်းကြီးက မီးဖိုချောင်ရဲ့ ထောင့်တစ်နေရာမှာ ထောင်လျက်သားဖြစ်နေပြီး သူတဦးထဲ စားပွဲနဲ့ ကုလားထိုင်ပေါ်ထိုင်လို့ ရေနွေးကြမ်း တခွက်နဲ့ပဲ ငြိမ်သက်တိတ်ဆိတ်နေလေမလား။ရေနွေးကြမ်းခွက် လေးကြောင့်ပဲဖြစ်ဖြစ် အမေ့ထမင်းဝိုင်းလေးက နွေးနွေးလေးဖြစ်နေပါစေလို့သာ ကျမဆန္ဒပြုနေမိပါသည်။


8 Responses to “အမေ့ထမင်းဝိုင်းလေး”

သိပ်လိုချင်တဲ့အရာတွေကို ကိုယ်ဘာသာ ပုတ်ပုတ်ချခဲ့။
အတိတ်ကို ပြန်ပြန်ထုတ်ကြည့်ပြီး နောက်တော့ နာကျင်ကြေကွဲ။
ဘာပြောရမလဲ..
OOPS!! ပြောမိပြီးသွားပြီပဲ။

အနော် said...

စွန့်ပီးထွက်ခဲ့ပေမဲ့ နောက်ပြန်လှည့်တိုင်း မေတ္တာတွေအပြည့်နဲ့ အမေ့ရဲ့ ထမင်းဝိုင်းလေးကို လွမ်းမိတယ်.. ပြန်လှည့်ဖို့ ခြေလှမ်းတွေကို ဇက်ကြိုးမဆွဲနိုင်သရွေ့ကတော့ အမေ့ထမင်းဝိုင်းလေးနဲ့ ဝေးနေဦးမှာပဲ. အသေအချာ.. တစ်နေ့နေ့ပေါ့...

littlebrook said...

ထမင်းဝိုင်းနဲ့ပတ်သက်တဲ့ ခံစားမှုအကို့မှာတော့မရှိဘူး
အကိုတို့အိမ်က တစ်ယောက်တစ်ပေါက် ၀င်စားတဲ့အိမ်
အကိုတို့ အားရပါးရစားရင် အမေက ဘေးနားလာရပ်ကြည့် ယပ်ခတ်ပေး အဲ့လောက်ပဲ
ပို့စ်လေး ကောင်းတယ်း)

ခံစားမိတယ် သူငယ်ချင်းရေ့ အိမ်ရဲ့ တန်ဖိုး အိမ်ရဲ့ လုံခြုံနွေးထွေးမှုကို အိမ်နဲ့ ဝေးမှ မိသားစနဲ့ဝေးမှ ခံစားနားလည်တတ်တယ် မိသားစု ဆိုတဲ့ စကားကြားရင်ကို ရင်ထဲ တစ်ခုခုကတော့ဖြစ်နေကြပဲ နောက်ဆုံးတော့ အဖြည့်ခံတွေက သားသမီးတွေအိမ်ပြန်လာမယ့်အချိန်ကို မျှော်လင့်နေကြတာလေ မိသားစု ထမင်းဝိုင်းလေးဆိုလို့ ငါလည်း မိသားစုနဲ့ အဝေးရောက်နေတဲ့ အခ်ျိန်တုန်းက ရေးဖူးတဲ့ ကဗျာလေး တစ်ပုဒ်ပေါ့ နင့်ရဲ့ ဒီစာလေးနဲ့ လိုက်မယ်ထင်လို့ ထည့်ရေးလိုက်တယ် ။


ကြမ်းတမ်းတဲ့ လောဂဓံ ကို အံတု
ဘ၀ အခက် အခဲတွေ ကို ကြံကြံ ခံ ရင်ဆိုင်ဖြေရှင်း
မိသားစု အတွက် ရှေ့ က တံတိုင်းကြီး သဖွယ် ရပ် တည်ပြီး
သားသမီးတွေ အတွက် ဘယ်တော့မှ ပင်ပန်းတယ် မထင်တဲ့  အဖေ
ဒီအချိန် ကွမ်းစိုက် ဖို့ အတွက် ခြံထဲမှာ ပေါက်တူး ပေါက်နေမယ့်
အဖေ့ ကို သနားစိတ်နဲ့  လွမ်းတယ်…………….။

အဖေ့ အတွက် လက်တွဲ ဖော်ကောင်း
မောင် တစ်ထမ်း မယ်တစ်ရွက် ဘ၀ ကို ရင်ဆိုင်ပြီး
လောကရဲ့  သင်ခန်းစာတွေကို နောကြေနေတဲ့ 
စမ်းရေလို အေးမြတဲ့ မေတ်တာ နဲ့ ကျနော်တို့ ဘ၀ အတွက် လက်ဦး ဆရာ အမေ
နေ မှ ကောင်းပါ့ မလား ဆိုတဲ့ 
စိုးရိမ် စိတ်နဲ့  အမေ့  ကို လွမ်းတယ်……………။

ညီ ၊ညီမ တွေ အတွက် ဘ၀ ကိုပေးဆပ်
ပညာတစ်ပိုင်းတစ်စ နဲ့ အဖေ့ကိုဝိုင်းကူ
သူ့ လို ပင်ပန်းမှာ စိုးလို့ 
စာကျက် ပျင်းတဲ့  ကျနော့် ကို
ဂရုဏာ ဒေါသနဲ့  တစ်ခါခါ ရိုက်တတ်တဲ့ အစ်ကိုကြီး
တည်ကြည် ပြတ်သားတဲ့ ရုပ်သွင်းကို
မျက်လုံး ထဲ မြင်ယောင်ပြီး အစ်ကိုကြီး ကို လွမ်းတယ်………။

ငယ်ငယ် က ရန်ဖြစ်လိုက် ပြန်ချစ်လိုက်
သူငယ်ချင်းတွေ နဲ့ ရန်ဖြစ်ရင် ကျနော့် ဘက်က
ယောင်္ကျားလေး တစ်ယောက်လို ၀ိုင်းကူချပေးတဲ့ အစ်မ
အစားကြီးတဲ့ ကျနော့် ကို သူ့ ဝေစုထဲက အနစ်နာခံ ခွဲပေး
အခုနေ…မီးဖိုချောင်ထဲ မှာ ထမင်း၊ ဟင်း ချက်နေမယ့်
အစ်မ ကို လွမ်းတယ်……………။

ဈေးကြီးပေး ၀ယ်ရ တဲ့ ဟင်းလျာတွေ မဟုတ်
အငွေ့ တထောင်းထောင်း ထနေပြီး
အငယ်ဆုံး သား ကျနော့် ပန်ကန်ထဲမှာ
ဟင်းတွေ ပြည့်သွားတတ်တဲ့
မိသားစု ထမင်းဝိုင်း လေးကို လွမ်းတယ်…………။

နွားကျောင်းတုန်းက အရိပ်ခိုခဲ့တဲ့
ရွာထိပ် က ညောင်ပင်ကြီးကို လွမ်းတယ်………. ။
ဘယ်သူ မှမသိအောင် ရေသွားခိုးကူးခဲ့တဲ့
ကွင်းစပ် က ချောင်းငယ်လေးကို လွမ်းတယ်..........။
ဆောင်းတွင်း အေးအေးမှာ မိသားစုတွေ အတူတူ မီးလှုံခဲ့ တဲ့ ဆောင်းတွင်းမီးဖို လေးကိုလွမ်းတယ်……….။

အမှတ်တရပေါ့ သယ်ရင်းရေ့ အလွမ်းတွေ ပြေလျှော့ပါစေ။

လေးဖြူနဲ့ မျိုးကြီး ဆိုထားတဲ့ ....
အိမ်ကို မင်းလွမ်းနေသားနဲ့ ပေတေပြီး.....
အခုလောက်ထိတော့ မင်း မခွဲစဖူး...
ဆိုတဲ့ သီချင်းလေး ဆိုမိရက်သား ဖြစ်သွားတယ် ။

အမေက ထမင်းဝိုင်းမှ တစ်ယောက်ချင်း ထွက်သွားတဲ့ သားသမီးတွေကို ထမင်းစားရင်း အတိတ်က အချိန်တွေ သတိရနေတဲ့အခါ....
အဲဒိ မြင်ကွင်းမျိုးလည်း ပြန်မြင်လာတယ် ။

မကြေးမုံ စာရေး အလွန်တော်ပေသည် ။ :)

ဖြိုးအောင် said...

အမေ့အိမ် အကြောင်း အတိတ်အကြောင်းကို တတ်နိုင်သရွေ့ မတွေးပဲနေတယ်ဗျာ...
၂နှစ်နေမှ တခါပြန်ဖို့တောင် မနည်းအားယူနေရတာ။
ပြန်တွေးမိရင် ချက်ချင်းထပြန်ချင်လာရော...

လွမ်းအောင်လုပ်တယ်ဗျာ။အတွေး၊အရေး လေးစားတယ်ဗျာ။

SHWE ZIN U said...

စာလေး ဖတ်ပြီးတော့ စိတ်တောင်မကောင်းဘူးဗျာ ရေးတတ်လိုက်တာ