Friday, May 14, 2010

အသိမဲ့

ရုပ်ရှင်ကြည့်မယ်ဆိုတဲ့စိတ်ကူးက ဘယ်အချိန်ကဖြစ်ပေါ်ခဲ့သလဲဆိုတာ သူ မမှတ်မိတော့ပါ။ခုတော့ ကြည့်နေ လက်စရုပ်ရှင်ကို ပိတ်လိုက်ပြီးသားဖြစ်သွားပြီ။ဟင့်အင်း..ပိတ်လိုက်တာမဟုတ်ဘူး။ ခဏလေးရပ်ထားတာ။ ပြန်ကြည့်ချင်ရင်ကြည့်မယ်။မကြည့်ချင်ရင်လဲ မကြည့်တော့ဘူး။စိတ်အပြောင်းအလဲမြန်လိုက်တာလို့ ပြောချင် ရင်လဲ ပြောပေါ့။ခု သီချင်းနားထောင်တော့မလား လို့...။

ကဗျာဆရာတယောက် ပို့ပေးထားတဲ့ ခင်ဝမ်းသီချင်းအတော်များများ သူ့မှာရှိသည်။ကဗျာဆရာ ဆိုလို့။ အဲ့ဒီ ကဗျာဆရာနဲ့ဆုံပြီး လေဖုတ်ဖို့ချိန်းထားတာ သွားသတိရသည်။ဖုန်းနာပါတ်ပြောင်းထားတာ သူမသိသေးဘူး။ ပြောဖို့လိုလား။အင်း လိုတာပေါ့။သူ့ကို တချက်လှမ်းပြီး သတင်းပေးလိုက်သည်။နောက်တော့ ဂဏန်း (၈) နဲ့ စသော ဖုန်းနံပါတ်များအကြောင်း သတိရသည်။

သီချင်းနားထောင်မလို့ သီချင်းရှာနေတာကို ပြန်သတိရသည်။မြင်မြင်ရာ ခင်ဝမ်းသီချင်းတပုဒ်ဖွင့်လိုက်သည်။ ခွဲခွာခြင်းကိုနှစ်သိမ့် တဲ့။အချစ်ရေ...မင်း မျက်ရည်မ၀ဲပါနဲ့ မကြာခင်ပြန်ဆုံရမယ်.. ပြုံးနိုင်တုန်းမှာ အချစ်ရေ ပြုံးထားပါဦး... ခွဲခြားခြင်းကို တုပြိုင်..ပြုံးစမ်းပါဦး....။

သီချင်းမဆုံးသေးခင်မှာပဲ သူ ပြုံးလိုက်မိသည်။

ရုပ်ရှင်တွေ..ယုတ္တိမရှိလိုက်ပုံများ။ခေတ်အခါနဲ့ လျော်ညီမှုကိုမရှိဘူး။ရပ်ထားရာကနေ ပြန်ဖွင့်ကြည့်သည်။ ပြီးတော့ အပြီးအပိုင် ပိတ်ပစ်လိုက်ရသည်။အဲ့လို ရိုက်ချင်ရာရိုက်ပြနေတတ်တဲ့ ရုပ်ရှင်တွေထက်စာရင် ပျော်ရွှင် ကျေနပ်စရာ၊ စိတ်ပင်ပန်းမှုများနဲ့ ခေတ္တကင်းဝေးစရာ ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးတွေသာ ကြည့်ချင်သည်။ သို့သော် အခုတော့ ဘာမှမကြည့်ချင်တော့ဘူး။

လေ ၀၀ရှူလိုက်ချင်တဲ့စိတ် ဖြစ်လာသည်။

အပြင်ဘက်ကို ခဏလေးဖြစ်ဖြစ် မြင်ခွင့်၊ကြည့်ခွင့်ရရင် သိပ်ကောင်းမည်။သြကာသလောကကြီး တစ်ခုလုံး ဘာတွေများ ဖြစ်ပျက်ပြောင်းလဲနေသလဲ ဆိုတာ သူစိတ်ဝင်စားသည်။ဘယ်သူတဦးတယောက်ကမှ မဖိတ်ခေါ် ပေမယ့် သူ့စိတ်က အတိတ်ဆီသို့ ခြေဦးလှည့်သွားသည်။

အထပ်မြင့်တိုက်တခုပေါ်ကနေ လှမ်းကြည့်လိုက်ရင် ကျယ်ကျယ်ပြန့်ပြန့်တြိဂံပုံစံ မြေနီကွက်လပ်လေးမှာ မှောင်ကုပ်ကုပ်လက်ဘက်ရည်ဆိုင်လေးရှိတဲ့ မြင်ကွင်းလေးတခု ဟိုဟိုဒီဒီ၊ဘယ်ဆီကနေမှန်းမသိ ပေါ်လာသည်။အဲ့ဒီဆိုင်လေးမှာ သူတို့တွေ ရေနွေးကြမ်းအိုးပေါင်းများစွာ အတူတူသောက်ကြသည်။ ပေါ်ဦးသက်ရဲ့ ပန်းချီကားတွေကို လက်ဘက်ရည်ထဲနှစ်သောက်ပြီး မင်းချမ်းမွန်ရဲ့ ကဗျာကို ရွတ်ကြသည်။ ပဲပြုတ်နံပြား စားခဲ့သည်။.............။

လွမ်းရပြန်သည်။တစ်ခါ။

ထုံထိုင်းမူးယစ်ခြင်းနဲ့ ကိုယ့်အလွမ်းကို တစ်လွှာချင်းစီ အရောင်တင်ဖြစ်သည်။သတိတရရှိခြင်းမှာ ဒဏ်ရာတွေ မပါဖို့ သူကြိုးစားရတော့မည်။မဖြစ်မနေ..။ချစ်ခြင်းမေတ္တာဆိုတာ ပူလောင်ဖို့ မဟုတ်ဘူး။ရင်ငွေ့ခြုံလုံပါပေ့ ဖြစ်စေဖို့။ရရှိခဲ့ဖူးတာတွေကို ပြန်ပြီးဆာလောင်နေရတာ... အနာဖေးအထပ်ထပ် အနာကို သေချာ ကြည့်ပြီးဆွ နေရသလို။

မမြင်ရသော၊မပိုင်ဆိုင်နိုင်သော ကောင်းကင်ကြီးကို အခန်းကျဉ်းလေးထဲကနေပြီး စိတ်ကူးနဲ့လဲ ပုံဖော်လို့ ရသားပဲ။သူ့ကိုအုပ်မိုးထားသော၊သူချစ်သောသူတွေကို အုပ်မိုးထားသော ကောင်းကင်ကြီးက ညနေတုန်းကလို ညစ်ပုတ်ပုတ်ဖြစ်နေတုန်းပဲလား။ဒါမှမဟုတ် ဟိုနေ့ညတွေတုန်းကလို တိမ်မျှင်မျှင်တွေကများက သူ့အလင်း သူမဆောင်နိုင်ရှာတဲ့ လမင်းကြီးရဲ့ အပေါ်ကနေ ဖြတ်ဖြတ်ပြီး ပြေးနေကြမလား။

သူ့ ကောင်းကင်တစ်ခုလုံး ဘာတွေဖြစ်နေသလဲဆိုတာ ဒီညအဖို့ သူ မသိရသေးပါ...။ဘယ်အချိန်ကျရင်ဖြင့် သေချာသိခွင့်ရမလဲဆိုတာလဲ မသေချာပါ။

အသိမဲ့စွာ ခဏလေး ပြေးထွက်သွားရာကနေ လက်ရှိပစ္စက္ခဆီသို့ ပြန်ရောက်လာရပြန်သည်။ဒါမှ သူ့ဘ၀ အစစ်အမှန်ဖြစ်သည်။


8 Responses to “အသိမဲ့”

littlebrook said...

ဒီည လသာလား မသာလားတော့မသိဘူး ရယ်မောသံလေးတော့ထွက်လာတယ် ..

ပန်းချီအကြောင်းကို အာပေါင်အာရင်းသန်သန်ဖြင့်ပြောပြီး
နံပြားကို ပဲပြုတ်နှင့်လိပ်ကာ ကော်ဖီနှင့်မျောချ
စီးကရက်ကို တစ်ဝက်ကျိုးသည်အထိ ရှိုက်ချလိုက်သောအခါ .. :P

သက်ဝေ said...

တခါတခါမှာ ကိုယ်လဲ ထွက်ပြေးကြည့်မိတယ်...
ဒါပေမယ့်...

ဒီလူဟာ ဒီနေရာပဲ
အချိန်တန်ရင် ပြန်လာရအုံးမှာ တဲ့...

ဖတ်ရင်းနဲ့တော့ တကယ်ပဲ အသိမဲ့သွားသလိုပဲ။ သိစိတ်ကို ပြန်ဖမ်းရင်း ရေးခဲ့၏ :D

အသိတွေက မဲ့နေတာ ကြာပြီ...။
ဘာကိုလိုချင်ရမှန်း မသိတဲ့ နေ့တွေ...။

တကယ် မထင်ရဘူး အဟုတ်ပြောတာ နင်အဲ့လိုတွေ ရေးတတ်မယ်လို့း)

purplemay said...

စကားလုံးလေးတွေက ချစ်စရာ....ငါ့ညီမ ရေးတတ်ပါ့....း)

mirror said...

LB >> ရယ်မောခြင်းမှာ အသက်ပါဖို့ပဲ လို၏။ ဟုတ်တယ် မဟုတ်ဘူးလား။ ဒါနဲ့ ပဲပြုတ်ကို နံပြားနဲ့ လိပ်တယ် လုပ်ပါလေ။ ပြောင်းပြန်။သူ့ ကျမှ.. :D

မကြီး သက်ဝေ.. ပြန်လာရဦးမှာနေရာမှာ (ဦး) လို့ သူအော်လိုက်တဲ့နေရာအခိုက်ဆုံးပဲ။ဘာလို့လဲတော့မသိ။:D

မောင်ရှင်းသန့်က အရောက်ပို့တယ်။ မနောက်နဲ့ ကျေးဇူးရှင်။း)

ကိုလဒပရေ့..ဘယ်ဘလော်ဂါရဲ့ ပရိုဖိုင်မှာလဲ မသိဘူး ရေးထားတာမြင်ဖူးတယ်။ ဘာလိုချင်မှန်း မသိတဲ့ကောင်တဲ့။း) အဲ့လိုဖြစ်။အဲ့လိုဖြစ်နေ..း)

မောင်မျိုး နင့်ပြောဖူးပါတယ်ဟယ်။
ငါ ငိုပြတဲ့အခါကျမှ နင်မရယ် နဲ့လို့။း)
ညိုချောကတော့ ပြောတယ်။ ဘာတွေရေးမှန်းလဲ မသိဘူးတတဲ့။ဟက်ဟက် ။ အားပေးတယ်နော်။အဲ့လို ပိတ်သတ်ကြီးက။

ချစ်မကြီး ခရမ်းမေရေ အမလောက်တော့ လက်စ မရှိပါဘူး။စာလာဖတ်တာ ကျေးဇူး။း)

ဟုတ်တယ် လိုချင်ပါတယ်။ ဖြစ်ချင်ပါတယ်။
လုပ်ချင်ပါတယ်။
အဲဒီစိတ်တွေ ရှိနေပါသေးတယ်။
မညာဘူးရော။
တခုပဲ.. လိုချင်တာတွေ မရလာရင်လဲ ဘာမှမဖြစ်တော့တာ။