Wednesday, April 28, 2010

သွားနှင့်ဦးတော့ ဆရာရေ...

နားထွေးသွားလားဆိုတဲ့ စကားလုံးကို ဆရာ့ဆီမှ စတင်ကြားဖူးခြင်းဖြစ်သည်။ ကွမ်းလေးတမြုံ့မြုံ့ဝါးရင်း စာရှင်းပြလိုက်၊ သူ့ကိုယ်သူ မနိုင့်တနိုင်နဲ့ မတ်တပ်လေးရပ်ပြီး ကျောက်သင်ပုန်းပေါ်မှာ စာရေးလိုက် လုပ်နေရင်း ကျောင်းသား အယောက်(၂၀)ကျော်ထဲမှာ ဘယ်တစ်ယောက်က စိတ်မ၀င်စားဘူး ဖြစ်နေလဲဆိုတာ သူမြင်တတ်သည်။ စိတ်မ၀င်စားတာလား၊ နားမလည်တာလားဆိုတာလဲ သူ ခွဲခြားတတ်သည်။

ဆရာက စာသင် အလွန်ကောင်းသည်။ သူ့သင်ကြားမှုပုံစံကို ကျမတို့တွေ မမှီမကမ်းနဲ့ လိုက်သင်ရတဲ့အခါ မျက်လုံးများ ဇဝေဇ၀ါနဲ့ နားအူနားလည်တွေ ဖြစ်နေခဲ့ပုံရသည်။ အဲ့လိုဖြစ်ကြတဲ့အခါတိုင်း နားထွေးသွားလားလို့ မေးတတ်းစမြဲ။ စကြားခါစတုန်းက ဘာကြောင့်မှန်းမသိ ကျမတို့ ပြုံးမိတတ်ကြသည်။ မျက်နှာတွေလဲ တဖြီးဖြီး ဖြစ်ကြသည်။ နောက်တော့ ကျမတို့အဲ့ဒိ နားထွေးသားလားဆိုတဲ့ စကားနဲ့ ဆရာနဲ့ကို အတွဲတိုက် တွဲပြီးတော့ပါ မှတ်မိနေတော့သည်။ ကိုယ့်ဘာသာကိုယ်တွေလဲ နားထွေးသွားလားလို့ အချင်းချင်း နောက်ပြောင်မိကြသည်။ အဲ့လိုအခါတိုင်းလဲ ဆရာ့ကို ပြေးပြေးလွှားလွား သတိရဖြစ်သည်။

ဆရာက သိပ်ကိုတော်တဲ့ဆရာ၊ ပြီးတော့ သိပ်ကို တန်ဖိုးကြီးတဲ့ဆရာ။ အတတ်ပညာရှင်တယောက်ရဲ့ ဂုဏ်သိက္ခာကိုလဲ သိပ်တန်ဖိုးထားတတ်တဲ့ ဆရာ။ အဲ့ဒါကြောင့်မလို့လဲ ဆရာကမြန်မာပြည်မှာ မအောင်မြင်ရှာဘူး။ နေနိုင်စားနိုင်ရုံသာ..။

ကျမတို့ တတိယနှစ် နဲ့ နောက်ဆုံးနှစ်မှာ အပတ်စဉ် သောကြာနေ့တိုင်း ဆရာ့ဆီမှ စာသင်ခွင့်ရသည်။ တကယ်တော့ အဲ့ဒီအချိန်မှာကတည်းက ဆရာက ပင်စင်စားဖြစ်နေပြီ။ အဲ့ဒိအချိန်ထဲက ဆရာ့အသက်က ၇၀ နီးပါး။ ပင်စင် မယူခင်ထိ ကျောင်းမှာပဲ စာသင်နေသေးသည်။ နောက် ပင်စင်ယူပြီး ခဏနားသည်။ သို့သော် ကျမတို့ရဲ့ ကျောင်းတော်မဟာက အင်မတန် အထောက်အပံ့တွေ အားကောင်းလွန်းတဲ့ အခါကျတော့ Medical Imaging ဆိုတဲ့ ဘာသာရပ်ကို သင်နိုင်မယ့် ဆရာရယ်လို့မရှိတာနဲ့ ဆရာ့ကိုပဲ ပြန်ခေါ်ရသည် ဆိုကြသည်။

ကျမသိသလောက် ကျောင်းက ဆရာ့ကို လခ မပေးကြပါ။ ဆရာနေတဲ့ သန်လျင်ကနေ မြို့ထဲ စိုက်ပျိုးရေးလိပ်ခုံးအထိ သောကြာနေ့လာတိုင်း ကားငှားလာတဲ့ ကုန်ကျစရိတ်၊ ဆရာ့အတွက် မနက်စာ၊ နေ့လည်စာ၊ကော်ဖီ၊အအေး စတဲ့ကုန်ကျစရိတ်တွေ အားလုံး၊ ပြီးတော့ အသက်ကြီးလှပြီ ဖြစ်တဲ့ ဆရာ့အတွက် ဗာဟီရကိစ္စမှန်သမျှ ကျောင်းသူ၊ကျောင်းသားတွေကပဲ ကျခံရသည်။ ပြောရရင် အပြင်ကျူရှင်ယူသလိုမျိုးနဲ့ ဘာမှမထူးခြားလှ။ အဲ့ဒီလိုအခြေအနေမှာ ဆရာက တပည့်တွေကို အားနာသည်။ တပည့်တွေက ဆရာ့ကို တပြန်အားနာသည်။ ကျောင်းသူ၊ကျောင်းသားတွေနဲ့ ဆရာနဲ့ကြားမှာ နားလည်မှုတွေ အများအပြားတည်ဆောက်ပြီး စာသင်ကြရသည်။ စာသင်နှစ်ပြီးရင် ကျောင်းသားတွေက အထိုက်အလျောက်ကန်တော့တာမျိုးတော့ ရှိသည်။ ဒါလဲ တစ်လနဲ့တစ်လ ကိုယ့်ဘာသာကိုယ်တောင် အလျင်မှီအောင် သုံးနေကြရတဲ့ နယ်ကလာပြီး ကျောင်းတတ်တဲ့လူတွေများတဲ့အတွက် ဘာမှတော့ ပြောပလောက်စရာမရှိပါ။

ဆရာ့စေတနာက ခန့်မှန်းကြည့်လို့ မရလောက်အောင်ကို ထက်သန်သည်။ စိတ်ဓာတ်လဲ ပြင်းထန်လွန်းသည်။ ဆရာပြန်ပြောပြတဲ့ သူ့ငယ်ဘ၀တွေဆီက ကျမ သင်ယူရရှိလိုက်တာတွေက တန်ဖိုးကြီးမားလှပါသည်။ ကံ့ကော်တော၊ အင်းလျားနဲ့ သထုံ၊ ပင်းယနဲ့ မန္တလေးဆောင်တွေအကြောင်း ပြောနေရတဲ့ အချိန်တွေမှာဆို ဆရာ့မျက်နှာမှ အပြုံးတို့က အင်မတန်နှစ်လိုဖွယ် ကောင်းလှသည်။

နှစ်ပေါင်းများစွာ ဘုံဘေမှာ ကျောင်းဆရာအဖြစ် သွားလုပ်ဖူးသည်ဟု ဆိုသည်။ အိန္ဒယလူမျိုးတွေအကြောင်း ဆရာပြောပြလို့ အနည်းအကျဉ်း တီးမိခေါက်မိရှိခဲ့သည်။ သူ ဘုံဘေမှာ အကြာကြီးနေပြီး မြန်မာပြည် ပြန်လာတဲ့အခါ မြန်မာအမျိုးသမီးလေယာဉ်မယ်လေးကို စတွေ့တွေ့ချင်းဖြစ်တဲ့ စိတ်ခံစားမှုလေးကအစ တပည့်တွေစိတ်ဝင်စားလာအောင် ပြောတတ်သည်။

ဆရာက လူကောင်လေးက သေးသေးလေး ပေမယ့် ပုဆုံးနဲ့တိုက်ပုံကို သပ်သပ်ရပ်ရပ် ၀တ်တတ်သည်။ ယဉ်ကျေးသိမ်မွေ့သည်။ ပြီးတော့ နူးညံ့ညင်သာသည်။ သူစိတ်ထွက်လာပြီဆိုလျှင်လည်း ကျမတို့တစ်တွေ နေစရာမရှိလောက်အောင် ကြောက်ကြရသည်။

စာကို အသေချာသင်ပြီး အသေအချာ စစ်သည်။ တက္ကသိုလ်တက်ခဲ့သည့်လေးနှစ်မှာ ဆရာစစ်မှပဲ Unseen Question ဆိုတာမြင်ဖူး၊ ကြုံဖူး၊ ဖြေဖူးခဲ့သည်။ တစ်ပုဒ်ကို တစ်မှတ်ပဲပေးပြီး တစ်ခန်းလောက် မကြည့်တော့ပါဘူးလေဆိုပြီး လွှတ်လိုက်တာနဲ့ စာမေးပွဲကျပြီဆိုတဲ့ မေးခွန်းမျိုးတွေနဲ့ စာမွေးပွဲတွေကို ဆရာက စစ်တတ်သည်။ ဒါပေမယ့် ဆရာသင်ထားတဲ့ သင်ခန်းစာတွေက ဘယ်ဟာကို ကျက်လို့ကျက်ရမယ်မှန်း မသိ။ ဘယ်ဟာက ကျက်စရာ၊ဘယ်ဟာက ဖတ်စရာလို့လဲ မရှိ။ သင်ချင်သလိုတွေသင်ပြီး မေးချင်သလိုတွေမေးသည်။ ကိုယ်တွေလဲ ဖြေချင်သလိုဖြေခဲ့ပုံရသည်။ အသေချာ မမှတ်မိတော့ပါ။

မင်းတို့ Instant ရဲ့ အနက်အဓိပါယ်ကို သိကြားလားကွ။ အင် ဒါလေးများသိတာပေါ့လို့ တွေးလိုက်မိသည်။ ပြောလက်စ စကားကို ခဏရပ်ထားပြီး အာရုံစူးစိုက်မှုကို ယူသည်။ တပည့်တွေ စိတ်ဝင်စားနေပြီဆိုတာ သေချာသလောက်ရှိမှ နှပ်ထားတဲ့ကော်ဖီကြမ်းတခွက်ရဖို့ အချိန်တွေ အများကြီးရင်းရတယ်၊ ပြီးတော့ နို့ဆီလေးထည့်ရတယ်ကွာ။ နို့ဆီထည့်မယ်ဆိုတော့ အဲ့ဒိနို့ဆီဗူးထဲ ပုရွက်ဆိတ်တွေ မ၀င်နိုင်အောင်လို့ ရေခွက်နဲ့ ခံပြီးထည့်ထားရမယ်ကွာ။ ရေခွက်ထဲမှာ နို့ဆီဗူး သံချေးမတက်ဖို့လဲ မင်းတို့ သတိထား ရဦးမယ်ကွာ။ ကဲ နှပ်ထားတဲ့ကော်ဖီလဲရပြီ။ နို့ဆီ၊သကြားလဲ ရပြီ၊ အိုကေ ကောင်းပြီ၊ဖျော်တော့မယ်။ မင်းတို့ဘာသာမင်းတို့ ဖျော်တာထက် တကယ်ဖျော်တတ်တဲ့ အတွေ့အကြုံရ ၀ါရင့်သဘာရင့် အဖျော်ဆရာက မင်းတို့သောက်ဖို့ ဖျော်ပေးတာဆို ပိုမကောင်းဘူးလားကွာ။ ကဲ မင်းတို့ အဲ့ဒီ ကရိကထ တွေမခံချင်ရင်တော့ စူပါလေးတစ်ထုတ်သာ ပြေးဝယ်ပြီး ကော်ဖီခွက်ထဲ ဖောက်ထည့်လိုက်ကြကွာ။ ပြောလက်စစကားကို ခဏလေးရပ်ပြီးတော့မှ မင်းတို့သင်နေရတဲ့ပညာရေးကလဲ ပြောရရင် Instant ပညာရေးပါကွာ။ စူပါကော်ဖီမစ်လိုပဲ အင်းစတန့်ပညာရေးပေါ့ကွာနဲ့ ကွမ်းလေးမြုံ့ပြီး ဆရာပြောခဲ့တဲ့ စကားတွေက တသက်လုံးစာ အမှတ်ရစရာများ ဖြစ်သည်။

ဆရာ့ခြေထောက်လေးတဘက်က မသိမသာနိမ့်နေသည်။ လမ်းကောင်းကောင်းမလျှောက်နိုင်၊ ငယ်ငယ်တုန်းက တော့ မရအရ ကြိုးစားပြီး လျှောက်ခဲ့မယ့်လူပါ။ အသက်ကြီးလာလို့  ကိုယ့်အရိုးကိုယ်မနိုင်တော့ နိမ့်နင်း၊ နိမ့်နင်းဖြစ်နေတာလေးက အနှောက်အယှက်ဖြစ်တာပေါ့။ ဒါပေမယ့် ဆရာက အားမလျှော့ပါ။ သုံးထပ်မြောက် သို့မဟုတ် လေးထပ်မှာရှိတဲ့ ကျမတို့ရဲ့ စာသင်ခန်းဆီရောက်ဖို့ သူ့ဘာသာသူ လှေကားလက်ရမ်းလေးကို အားပြုပြီး ဆွဲတက်သည်။ ဘေးက တပည့် တွေက တွဲကူရင်လဲ ကူတယ်ဆိုရုံလေးပဲ လက်ခံသည်။ တွဲကူတာကိုချည်းပဲ မှီပြီး မလိုက်ဖူးပါ။

ခုတော့ ဆရာက သူ့ကို ဘယ်သူမှ တွဲကူလို့မရတဲ့လမ်းကလေးတခုကို သူ့ဘာသာသူ လျှောက်လို့ သွားနှင့်ပြီ။ ခံစားခဲ့ရတဲ့ရောဂါဝေဒနာက ကြီးမားပေမယ့် ဆရာ့အနေနဲ့ အေးဆေးသက်သာစွာ ဖြတ်လျှောက်သွားခဲ့နိုင်လိမ့်မယ်ဆိုတာ ယုံကြည်နေသည်။

ရန်ကုန်မှာရှိနေတုန်းက ဆရာဆေးရုံတက်နေတယ်လို့ သတင်းရသည်။ မသွားဖြစ်။ အဲ့သည်ရက်တွေမှာပဲ ဦးဝိစာရလမ်းပေါ်ရှိ တပ်မတော်ဆေးရုံရှေ့က အခေါက်ပေါင်းများစွာဖြတ်ဖြစ်သည်။ သို့သော် မ၀င်ဖြစ်။ တခါတခါ ကိုယ့်မြစ်များက သူများတကာတွေထက်  ကောက်ကွေ့လွန်းသည်။ ခြေလှမ်းတွေက မရောက်ဖြစ်ခဲ့ပေမယ့် သတိရခြင်းစိတ်များတော့ ဖြစ်မိပါသည်။

အခုလဲ ချစ်ခင်ရပါသောဆရာကောင်းရာသုဂတိလားပါစေဟု သာမန်ရိုးကျ ဆုတောင်းပေးမိသည်။ သွားနှင့်ဦးတော့ ဆရာရေ...ဟုသာ တိတ်တိတ်လေး အထပ်ထပ်ပြောနေမိသည်။

(၁၇.၄.၂၀၁၀ နေ့တွင် Brain Tumor ဖြင့်ဆုံးပါးသွားသော ဆရာကြီးသို့....)
ဒီစာလေးရေးထားတာ "ဆရာဆုံးပြီ " ဆိုတဲ့သတင်းကြားတဲ့နေ့တုန်းထဲက။ အဲ့ဒိနေ့က စိတ်ခံစားမှုတွေပေါင်းဆုံ ပြီး လတ်စမသတ်နိုင်ခဲ့လို့ ခုမှတင်ဖြစ်တော့သည်။

10 Responses to “သွားနှင့်ဦးတော့ ဆရာရေ...”

jr.lwinoo said...

ဆရာ့ပန်းကျောင်းလေးမှာ ဖူးပွင့်ခွင့်ရခဲ့တာကိုက ဂုဏ်ယူကျေနပ်ဖွယ်။
ဆရာကောင်းရာသုဂတိလားပါစေ။

littlebrook said...

ဆရာတစ်ယောက်ရဲ့ ဘ၀ပုံရိပ်ကို လေ့လာမှတ်သားသွားရင်း
ထပ်တူဝမ်းနည်းသွားပါတယ် ဖြစ်လေရာဘ၀တိုင်း
ပညာလက်ဆင့်ကမ်းသူသာ ဖြစ်ပါစေဗျာ ...

မေတ္တာတွေ စီးဆင်းနေတဲ့သူတစ်ယောက်ရဲ့ အေးချမ်းမှုက လောကဓာတ် အပူတွေကို လျော့ကျသွားစေတယ် ။
ဆရာဆိုတာ အမြဲတမ်း ကျေးဇူးမမေ့အပ်တဲ့ ကြီးစွာသော သစ်ရိပ်တစ်ခုပါပဲ ။

Physics ဆရာလား။ သံလျင်ကနေ လာသင်ရတာတော့ကြားဖူးလိုက်တယ်။ ဆရာက လခမရဘဲ တကယ်အနစ်နာခံခဲ့တာပဲ။
ဆရာ့လို ဆရာမျိုး တကယ်နှမြောဖို့ကောင်းတယ်။
“ ဆရာ ကောင်းရာသုဂတိလားပါစေ”
ဖိုးဒီနဲ့အတူ ထပ်ဆုတောင်းလိုက်ပါတယ်။..

mirror said...

ကိုနေကြာရိုးရေ့ ဟုတ်တယ်လေ။Physics ဆရာပဲ။ အကိုတို့မေဂျာမှာ မသင်ရလို့ အမှတ်တမဲ့ဖြစ်နေတာ နေမှာ။စာလာဖတ်တာ ကျေးဇူးး)

khin oo may said...

ဆရာ့အတွက် ဆုတောင်းပါသည်။ “ ဆရာ ကောင်းရာသုဂတိလားပါစေ”

Juicy said...

ဆရာရဲ့တပည့်ထဲမှာတစ်ယောက်အပါအ၀င်ဖြစ်ရတဲ့အတွက် ထာဝရဂုဏ်ယူနေမှာပါ။အဆင့်မြင့်ပညာကိုအဆင့်မြင့်မြင့်သင်နိုင်အောင်ဖန်တီးပေးခဲ့တဲ့ဆရာရဲ့ကျေးဇူးကိုအစဉ်မမြဲသတိရရင်းဂါရ၀ပြုပါတယ်ဆရာ။

ကြည်နူးစရာ ဆရာ့စေတနာ၊ စိတ်မကောင်းစရာ၊ ဝမ်းနည်းစရာ။
ကောင်းရာသုဂတိလားပါစေ။

အမရေ မမြဲတဲ့သေခြင်းတရားအကြောင်းကို ဆင်ခြင်ရင်း တိတ်တိတ်လေးပဲ ပြန်သွားပါတယ်။

စိတ်မကောင်းစရာပဲ သူငယ်ချင်းရေ သွားမကြည့်ဖြစ်ခဲ့တာတွေ အတွက်လည်း စိတ်မကောင်းဖြစ်မနေပါနဲ့တော့လေ ဆရာ့ကိုတော့ မသင်ဖူး မမြင်ဖူးပေမယ့် ဒီစာလေးဖတ်ရတာနဲ့တင် တကယ့်ကိုလေးစားမိပါတယ် ။ဒါကြောင့် နာသုံးနာနဲ့ ဆရာတွေလို့ပြောကြတာပေါ့ ဒီဆရာကတော့ တကယ့်ရှားပါ ဆရာမျိုးပေါ့ ခုခေတ်မှာတော့ ရှားသွားပြီး ။