Saturday, March 27, 2010

နေရာ

ငါ့ကိုယ်ငါ.......
နေရာကျပြီ..
သို့တည်းမဟုတ်
နေရာရပြီ လို့
ငါ့စိတ်ကူးနဲ့ငါ မှောက်မှားခဲ့...။

မိခင်တယောက်လို ကြင်နာဖေးမ
ဇနီးမယားလို
ဝတ္တရားများ ကျေပြွန်ရ....
အိမ်ဖော်တယောက်လို
ရိုးကျိုးနာခံ
အပျော်မယ်လို
ဖြည့်ဆည်းခဲ့ရဲ့.........။

နှစ်ကာလတွေ ခြစားသွားခဲ့တယ်။
ပိုင်ဆိုင်ခြင်းမှာ လက်ဆုပ်လက်ကိုင်ပြစရာမရှိ
ခုတော့...
ငါဆိုတာက...
တန်ဖိုးသတ်မှတ်ရင်
အနှုတ်လက္ခဏာ ဆောင်ခဲ့ချေပြီ....။

Mirror

Sunday, March 21, 2010

ညနေအိပ်မက်

ပိတောက်ချောင် ပါသေးလား။ ပိတောက်ချောင် ပါသေးလားလို့ မေးသံနဲ့အတူ ကားအကူကောင်လေးက ကိုယ့်ဘေးနား ရောက်လာတယ်။ တကယ်တော့ သူသိနေပြီးသား။ဒီနေရာမှာ ဆင်းမယ့်သူဆိုလို့ ကိုယ်တစ် ယောက်ပဲရှိတယ်။ တခြားသူ ဘယ်သူမှမရှိဘူး။အင်းလေ သူလဲ တာဝန်အရမေးတာနေမှာပေါ့။ မိုးချုပ်မှ ကား ဆိုက်တာဆိုတော့ တချို့အိပ်ပျော်နေတဲ့ခရီးသည်တွေ ကြားရအောင် အော်တာ နေမှာပေါ့။ ပုခုံးချိတ် ဘေး လွယ်အိတ်ကို သူ့ကိုပေးလိုက်တယ်။လုံချည်ကို ခိုင်ခန့်အောင်နဲနဲ ပြန်ပြင်ဝတ်လိုက်တယ်။ ပြီးတော့ ကားရှေ့ဘက်ဆီကို လျှောက်ခဲ့တယ်။ ဘာလို့လဲတော့မသိ။ ကိုယ့်ရင်တွေ တဆတ်ဆတ်ခုန်နေတယ်။ အသက် ဆယ့်ခြောက်နှစ်တုန်းက အတိုင်းပဲ။ဘာမှမပြောင်းလဲဘူး။

ငါ့ကို လာကြိုမယ့်သူမှ ရှိမှရှိပါ့မလားလို့ ပူပန်နေမိတာလား။ အမေပြန်တုန်းက ကိုယ်လိုပဲညနေကားဆိုတော့ ဟိုကို မိုးချုပ်မှရောက်မယ်၊ အမေ စိတ်မပူနဲ့၊သမီး အိမ်ကိုဖုန်းဆက်ပေးထားမယ်။ သူတို့ကို လာကြိုခိုင်းလိုက်မယ် ဆိုတော့ အမေက ဟဲ့ ... တခေါ်ရှိတာကိုး။ မှောင်နေလဲ ငါ့ဘာသာဆိုက်ကားနဲ့သွား မယ်တဲ့။အမေကလဲ ဆိုက်ကားခက ဈေးကြီးတာကိုး ဆိုတော့ အမေက အမလေး တပြီးနင်ရန်ကုန်မှာ ဟိုနားဒီနားလေးတောင် ဇိမ်ခံ သေးတာဟယ်။ ခုမှ ဘာတွေနှမြောနေတာလဲ တဲ့။ ဟုတ်ပါတယ်။အမေအပြစ်စကားဆိုတာတွေ တခုမှ မမှားပါဘူး။ ကိုယ်ဇီဇာကြောင်နေမိတာပါ။

အဓိကကတော့ လူတွေနဲ့ စကားတွေအများကြီးမပြောချင်တာပါ။ကားဂိတ်ကနေ အမေ့အိမ်ထိကို လမ်းလျှောက်မသွားချင်ဘူး။လမ်းလျှောက်မသွားချင်ဘူး ဆိုတော့ ဆိုက်ကားနဲ့သွားပါလားဆိုတော့လဲ ဆိုက်ကားဆရာတွေနဲ့ ဈေးမငြှိချင်ဘူး။ ဖြစ်နိုင်ရင် ကိုယ်ပြန်လာတယ်ဆိုတာကို ဘယ်သူမှမသိစေချင်ဘူး။ ဒီလိုဆိုပြန်ရင်လဲအမေက နင်တော့ ဘ၀င်မြင့်နေပြီ လို့ ဆိုဦးမယ်။ မဟုတ်ဘူး အမေ။ဘုရားစူးစေ့...။ ဘာကြောင့်စကားတွေ အများကြီး မပြောချင်တာလဲ ဆိုတာ အမေနဲ့အငြင်းအခုံ လုပ်နေစဉ်တုန်းက မစဉ်းစားမိပေမယ့် ခုတော့ အဖြေကိုရခဲ့ပြီ။
ကိုယ်က အမေ့အိမ်ကိုပြန်နေဖို့ သွားတာမှ မဟုတ်တာ။အမေ့အိမ်ကို ဧည့်သည်အဖြစ်နဲ့ အလည်ပြန်တာဆိုတဲ့စိတ်နဲ့ သွားနေမိခဲ့တာ။အမေနဲ့ မိသားစုရှိတဲ့မြို့လေးကိုအလည်ပြန်ခဲ့တာ။ ဒါကြောင့် မြို့လေးက ကိုယ်နဲ့ခပ်စိမ်းစိမ်းပဲ ဖြစ်နေခဲ့တယ်။မြို့အ၀င်ဆိုင်းဘုတ်လေးက ကိုယ့်ကို နွေးထွေးစွာကြိုပေမယ့် ကိုယ်ကတော့ သူ့အပေါ်မျက်လုံးစိမ်းနဲ့ပဲ အစဉ်သဖြင့် ကြည့်နေမိခဲ့တာပါ။

ညမှောင်မှောင်မှာ ကားပေါ်ကဆင်းပြီးတာနဲ့ တိတ်တိတ်လေးသာ အမေ့အိမ်အရောက် ပြန်ချင်ခဲ့တာ...။ ဒါကြောင့်လဲ ခုတော့ပုခုံးမှာအ၀တ်အိတ်ကိုချိတ်၊ကျောပိုးအိတ်ကိုလွယ်ပြီး အလင်းရောင်လုံးဝမရှိ၊ ပိန်းပိန်းပိတ် အောင်မှောင်နေတဲ့ လမ်းကိုဖြတ်ပြီး အမေ့အိမ်ဘက်ကို စလျှောက်ခဲ့တယ်။ထူးဆန်းတာက မီးရောင် မရှိ၊ လရောင်မရှိ၊ ကြယ်ရောင်လေးသော်မှ မရှိပေမယ့် ခလုတ် တချက်လေးတောင် မတိုက်ခဲ့ဘူး။

+++++++++++++++++++

ဖိုးပြုံးချို ဆန်စက်နားရောက်ပြီ၊ညာဘက်ကို ချိုးရမယ်။ညာဘက်ထဲ ရောက်ပြီဆိုတာနဲ့ ကျောက်ခင်းလမ်းပေါ် ရောက်ပြီ။ကျောက်ခင်းလမ်းက တိုတိုလေး။ မှတ်မိသေးတယ်။ဒီလမ်းခင်းတုန်းက တို့တွေရွာထဲဘက်ကိုကျ ခင်းမပေးဘူးဆိုပြီး ဘယ်သူ့ကိုပြဿနာရှာရမယ်မသိကြပဲနဲ့ ရွာတွေရဲ့ထုံးစံအတိုင်း ဟိုဘက်ပိုင်း၊ဒီဘက်ပိုင်း ၊တဦးကိုတဦး ရန်စောင်ခဲ့ကြသေးတာ။ကျောက်ခင်းလမ်းလေးဆုံးတော့ ဗယ်ဘက်ကိုချိုးလိုက်တယ်။

ဗယ်ဘက်ကို မချိုးဘဲနဲ့ ရှေ့တည့်တည့်ကို ဆက်ဆင်းသွားရင် ဒီမြို့ရဲ့နာမည်ကို တွင်စေတဲ့ချောင်းလေး တခုရှိတယ်။သတိရမိပြန်တယ်။ကိုယ့်သူငယ်ချင်းတွေ အလည်လိုက်တဲ့အခေါက်တိုင်း အဲ့ဒိချောင်းကို ဖြတ်ထိုးထားတဲ့ တံတားပေါ်မှာ ဓာတ်ပုံရိုက်ကြတာ။ တံတားကနေ ဟိုဘက်ကမ်းကို ကူးသွားရင် စိုက်ခင်းတွေ။ ပန်းခင်းတွေရှိတယ်၊ဂေါ်ဖီ၊ငရုတ်သီး၊ ပြီးတော့ ပြောင်းဖူး။... အဲ့ဒိအခင်းတွေနဲ့ သူတို့တရွာလုံးက စိမ်းစို နေတာ။ခုလို မှောင်နေတဲ့အချိန်မှာတော့ ယောင်လို့တောင် မသွားမိစေနဲ့ပေါ့။အင်း နေပါဦး။စဉ်းစားပါရစေဦး။ ဟုတ်ရဲ့လား။ အဲ့ဒိအစဉ်အလာရော ခုချိန်ထဲ ရှိသေးတာလား။ ညရောက်တာနဲ့ အဲ့ဒိ တံတားဘက်ကို ဘယ်သူမှ မသွားကြတော့တဲ့ အစဉ်အလာလေ။ခုရော..အရင်ကအတိုင်းပဲလား။အထူးသဖြင့် မိန်းကလေးတွေဆိုခြေဦး တောင် မလှည့်ကြတော့ဘူး။ အရက်ပုန်းဆိုင်လေး တဆိုင်က တံတားအောက်ဘက် ချောက်လိုမျိုးနေရာလေးမှာ ကပ်ရောင်းနေတာတဲ့။ အင်း ထားပါတော့။

အဲ့ဒါတွေတွေးရင်းက လျှောက်လာခဲ့တာ ကိုယ်တို့ရွာထဲဘက်ကို ၀င်လာခဲ့ပြီ။ ဒီမှာလဲ တံတားလေးတခု...။ ဗယ်ဘက်ကိုခေါင်းငဲ့ကြည့်လိုက်တော့ ပဲ့နင်းကြီးစေတီ။အဲ့ဒိစေတီမှာ သီတင်းကျွတ်ဆိုရင် ဆွမ်းတော်ကြီးကပ်ပွဲ လုပ်တာပေါ့။ ဒီနှစ်သီတင်းကျွတ်လဲ လုပ်ဦးမှာပါပဲ။ပြီးတော့ ရွာဦးကျောင်း။အဲ့ဒိကျောင်းမှာ ခုကျောင်းထိုင် လုပ်နေတဲ့ ဘုန်းဘုန်းက ဟိုးအရင် ကိုယ်ငယ်ငယ်တုန်းက နားရောဂါဖြစ်လို့ ပုသိမ်မှာဆေးရုံတက်ဖို့ သွားနေတုန်းက သူက ကိုရင်ပေါက်စ။ကိုယ်နဲ့အတူတူဘောလုံးကန်ခဲ့တာ။ဘောလုံးအစစ်မရှိလို့ ကတ္တီပါသီး နီနီတွေကို ဘောလုံးလုပ်ပြီးကန်ခဲ့တာ။

+++++++++++++++++++

အခါကြီး၊ရက်ကြီးတွေဆိုရင်ကိုယ့်သူငယ်ချင်းတွေလိုက်လည်ကြတယ်။သူတို့အပြောအရကိုယ်တို့မြို့၊ကိုယ်တို့ရွာ မှာ လည်စရာနတ္ထိဆိုပေမယ့် ဘယ်အရာတွေက ပျော်စရာကောင်းနေလဲ မသိဘူးတဲ့။သူတို့ သိပ်ပျော်ကြတာ၊ ဟန်ဆောင်ပြောတာ မဟုတ်ဘူးဆိုတာ ကိုယ်လဲရိပ်မိပါတယ်။ဖြစ်နိုင်ခြေရှိတာကကိုယ့် အမေနဲ့အမရဲ့ ထမင်း၊ ဟင်း လက်ရာတွေကများ သူတို့ကို အကြိမ်ကြိမ် လိုက်လည်ဖို့ ဆွဲဆောင်နေသလား မပြောတတ်။

တခုသောသီတင်းကျွတ်တုန်းကတော့ သူတို့တွေလိုက်လည်ကြရင်း သီတင်းကျွတ်လပြည့်နေ့မနက် အာရုံတက် မှာ ဒီစေတီလေးမှာ ဆွမ်းတော်လာကပ်ကြတယ်။ လိုက်လည်သူတွေအများကြီးထဲမှာမှ မုဒုံသူတယောက်က လွဲရင် ဘယ်သူမှ နှိုးလို့မရဘူး။ ဆွမ်းတော်ကပ်ပြီး အိမ်ပြန်ရောက်တော့ ဝေလီဝေလင်း။မိုးဖွဲလေးက တဖျောက်ဖျောက်နဲ့။ကိုယ်နဲ့သူနဲ့ ဆိုင်ကယ်လျှောက်စီးကြမယ်ဆိုပြီး ထွက်လာကြတယ်။ သူကလဲ ကိုယ့်ကို ယုံစားလွန်းတယ်။ကိုယ်တို့နှစ်ယောက် ဆိုင်ကယ်နဲ့ ထိုးကျတာ ဒီစေတီနားလေးပဲ။ သီတင်းကျွတ်လဆိုတော့ ဗွက်တွေလဲရှိနေသေးတယ်။ဗွက်တွေထဲမှာ နစ်နေတာ တော်တော်ကြာ။ သူလဲ ငယ်ငယ်၊ကိုယ်လဲ ငယ်ငယ်..။ အကြောက်တရားတွေ စိုးစဉ်းမျှတောင် မရှိခဲ့ဘူး။

++++++++++++++++

ဒါ ကိုယ့်ဘွားအေ အငယ်အိမ်။ကိုယ့်စိတ်က ခက်တယ်။ကိုယ်သူ့ကို ဘာလို့နှုတ်မဆက်ချင်တာလဲ စဉ်းစားလို့ မရဘူး။သူကတော့ ကိုယ်ပြန်လာတာသိတာနဲ့ ကိုယ့်အိမ်ထိရောက်အောင်လာတယ်။ နင်က ပြန်လာတာ ငါ့တောင်နှုတ်မဆက်ဘူးဆိုပြီး အသံလေးတုန်တုန်နဲ့ မျက်ရည်တောင်ကြည်လင်နဲ့ ပြောတတ်တယ်။ ဘယ်လို ကြောင့်လဲတော့ မပြောတတ်။ဒီတခေါက်လဲ ကိုယ်သူ့ကို လှမ်းမအော်ဖြစ်ခဲ့ဘူး။သုံးလေးအိမ်ထပ် ကျော်တော့... သီချင်းသံ တအုံးအုံးနဲ့..။ကိုယ့်အကိုကြီးအိမ်။ သီချင်းသံတွေ၊စကားသံတွေနဲ့ အင်းး ကိုယ်လှမ်းနှုတ်ဆက်လဲ သူတို့ကြားမှာမဟုတ်ပါဘူး ဆိုပြီး ခြေလှမ်းတွေကိုသာအရှိန်တိုးလိုက်မိတယ်။

နဲနဲလျှောက်မိတော့ ညောင်ပင်ကြီးအောက်ရောက်တယ်။ညောင်ပင်ကြီးရှိလို့ အဲ့ဒိနားကို ညောင်ပင်ကြီးအောက် လို့ ခေါ်ကြတာ။မှောင်လို့မဲလို့ပါပဲ။ကိုယ်နဲနဲတော့ ကျောချမ်းသွားတယ်။ညောင်ရွက်ချောက်တွေကလဲ ထူထပ် လို့။ကိုယ်တို့ငယ်ငယ်တုန်းက ဒီလိုမဟုတ်ဘူး။ညောင်ရွက်ဆိုတာ မြင်ချင် လို့တောင် မရှိဘူး။ အဲ့ဒိ ညောင်ပင်ကြီး အောက်မှာ ကိုယ်တို့တွေကစားခဲ့ကြ၊ရန်ဖြစ်ခဲ့ကြတာ။ဒိုးပစ်၊ဇယ်ခုံ၊ ကြွေပန်းကန်စေ့ပစ်၊ထုပ်ဆီးတိုး၊ကြက်မခွပ်၊ ဘုတ်တလုပ်မရေ ဝေလေလေ အစုံပါပဲ။ ကလေးတွေ ဒယဥ့်တိုက် လွန်းလို့ မြေညီကပြောင်ချော်၊ ၀င်းမွှတ်လို့ နေခဲ့တာ။ခုတော့ မြက်ရိုင်းလေးတွေတောင် ပေါက်နေတယ်။အင်းလေ ကလေးတွေကလဲ အဲ့လိုတွေမှ မကစား တော့တာ။ခုခေတ် တို့ရွာက ကလေးတွေ ဘယ်လိုကစားနည်းတွေ စားသလဲဆိုတာ ကိုယ့်တူတွေ၊တူမတွေကို မနက်ကျမှ အကဲခတ်ကြည့်ရတာပေါ့။

ကိုယ်တို့အိမ်နောက်ဖေးလေးတွင် ချောင်းရှိတယ်။ရေက ကြည်လိုက်တာလွန်ရောပဲ။ဒါမယ့် ကိုယ့်တူတွေ၊ တူမတွေတယောက်မှ ရေမကူးတတ်ကြဘူး။အင်းလေ သူတို့မိဘတွေကလဲ ချောင်းထဲမှပေးမဆင်းတာ။ ကိုယ်တို့ ငယ်ငယ်တုန်းကတော့ အမေကငယ်သံပါတဲ့အထိကုန်းအော်ခေါ်မှ ချောင်းထဲကပြေးတက်လာကြတာ။ နှုတ်ခမ်းက ပြာနှမ်းပြီးမေ့စေ့တ၀ိုက်မှာ ရေငြှိတွေတက်တဲ့အထိ ရေမြင်းတွေလို ရေစိမ်ကြတာ။ငါးဖမ်းလားဖမ်းရဲ့၊ အိုင်ပက်လား ပက်ရဲ့...။ငှက်ပျောတုန်းနဲ့ ကစားလားကစားရဲ့...။ချောင်းထဲက တက်တယ်ကို မရှိခဲ့ဘူး။

+++++++++++++++++++

ကိုယ်မှတ်မိသေးတယ်။ကိုယ်ခပ်ငယ်ငယ်၊ ကိုယ့်ဦးလေးက ရန်ကုန်ကနေ ရွာကိုခဏလာပြန်လည်တာပေါ့။ သူ့အနားကိုဆို ကိုယ်တို့ကလေးတွေ သီတောင်မသီရဲဘူး။အဝေးကနေပဲ သူ့ကား ပါဘလစ်ကာအ၀ါလေးကို လှမ်းလှမ်း ကြည့်ရတာ။ဦးလေးဆိုပေမယ့် သေချာတောင်မမြင်ဖူးဘူး။အမေတို့ကတော့လူကြီးဆိုတော့ သူလာတယ်ဆို ဒီလိုပဲ ကန်တော့ခံဖို့လား မသိဘူး။သွားကြတယ်။ အမေပြန်ပြောပြတာက ဦးလေးကပြောတယ်။ ဒီညောင်ပင်ကြီး အောက်ကကိုမြင့်ရွှေတို့အိမ်ဆိုတာလဲ ကျနော်ရွာက ထွက်သွားစဉ်အခါကလဲ ဒီအတိုင်းပဲ။ခုလဲ ဒီအတိုင်းပါပဲလား တဲ့။ သူအဲ့လိုပြောတော့ ဦးလေးမြင့်ရွှေက ရီတာ တဟားဟားနဲ့ပဲ တဲ့။ ဦးလေးက ဘာကိုဆိုလို လို့ ဟိုကလဲဘာကိုသဘောကျပြီး ရီမောခဲ့သလဲဆိုတာ အဲ့ဒိတုန်းကတော့ မစဉ်းစားတတ်ခဲ့ဘူး။ခုတော့ ခပ်ရေးရေး သဘောပေါက်သလိုရှိခဲ့ပြီ။ခုထိလဲ ဦးလေးမြင့်ရွှေရဲ့အိမ်က အရင်အတိုင်းလေးပါပဲ။ပုပုလေး။ သူတို့ အိမ်ထဲကို လမ်းမ ပေါ်ကနေ လှမ်းမမြင်ရဘူး။

လမ်းနဲနဲဆက်လျှောက်လိုက်တော့ ကိုယ့်ဘွားအေအကြီးနဲ့ ကိုယ့်မမတို့ဇနီးမောင်နှံရဲ့အိပ်ရောက်ပြီ။ ကိုယ့်မမက ကိုယ့်ကိုသိပ်ချစ်တယ်။ငယ်ငယ်တုန်းက သူ့ကို ကိုယ့်အမေလို့လူတွေကထင်ကြတာ။ အမေ့ကိုကျ အဘွားတဲ့။ ကိုယ့်ခြေသံ ဖလပ်ဖလပ်ကြားတာနဲ့ မမက လှမ်းခေါ်တယ်။ ဟေ လို့ကိုယ်တချက်ပြန်ထူးတာနဲ့ မီးတိုင်လေး ဆွဲပြီးဆင်းလာတယ်။သူလဲ အမေ့အိမ်ကို လိုက်ခဲ့မယ်။ အဘွားကိုကိုယ်လှမ်းနှုတ်ဆက်ဖြစ်လိုက်တယ်။ သူလဲ ငိုသံလေးနဲ့။အေးအေး ကလေးနေကောင်းလားဆိုပြီး ပြန်ပြောနေတယ်။လူကြီးတွေဘာလို့ တဆိတ်ရှိငိုချင်နေရ တာလဲဆိုတာ ကိုယ်ဖြင့်နားကိုမလည်နိုင်ဘူး။

+++++++++++++++++++++

ခပ်လှမ်းလှမ်းမှာ မီးတွေလင်းထိန်နေတဲ့ နေရာလေးတခု...။ကိုယ်လျှောက်နေတဲ့လမ်းတလျှောက်လုံး အဲ့ဒိ တနေရာလေးပဲ အလင်းရောင်ရှိတယ်။ ....။ ကိုယ့်ခြေလှမ်းတွေက နှေးလိုက်တာ...။ ဒုန်းသုတ်လျှောက်ရလွန်း လို့ မောလဲမောနေပါပြီ။ဒါပေမယ့် အဲ့ဒိနေရာကိုမြင်သာမြင်နေရပြီး မရောက်နိုင်သေးဘူး။ဟူး မောလိုက်ထာ မမရယ်...။ ရော့ ငါ့အိတ်လေး ကူလွယ်ပါဦးဟ...။လုံချည်ကို နဲနဲမလိုက်တယ်။ကိုယ့်ခြေလှမ်းတွေကို ဒီထက် ပိုမြန်နိုင်မှ တန်ကာကျမှာပေါ့...။

အလင်းရောင်ရှိတဲ့အိမ်ရှေ့အရောက်မှာပဲ ကိုယ့်မျက်လုံးတွေထဲ လင်းခနဲ ဖြစ်သွား...။ အိုး ဘာကြောင့်များ မီးခလုတ်ကိုဖွင့်ချလိုက်ရတာလဲ သူငယ်ချင်းရယ်....။

(ညနေတုန်းက မိုးအေးအေးနဲ့အိပ်ရင်း မက်ခဲ့တဲ့အိပ်မက်အကြောင်း ဖောက်သည်ပြန်ချတာပါ..)

Friday, March 05, 2010

ကြာပန်းလေးသို့......

ကိုယ့်နှုတ်ခမ်းကို ကိုယ့်ဘာသာယောင်ယမ်းပြီး ကိုက်လိုက်မိသည်။ဒီအမူအယာက ကျမအသဲယားရင် ဖြစ်ပေါ်တတ်တဲ့ အကျင့်တခု။သမီးလေးကို ချီပွေ့ထားမိရင်းမှာလဲ ခုလိုပဲဖြစ်လေ့ရှိသည်။ ခု ကျမနားမှာသမီးလေးမရှိပါ။သို့ပေမယ့် သူ့အကြောင်း တချက်တွေးလိုက်ရုံနဲ့ စိတ်တို့က ကစဥ့်ကလျား ဖြစ်ရသည် လို့ပြောရင် အတော်များများက လက်ခံပါဖို့ ခက်ခဲနေပါဦးမည်။ရူးတတ်ရန်ကောလို့ တချို့ပြောနိုင်ပြီး တချို့ကျတော့လဲအပို အလုပ်တွေပါကွာလို့ ရှုံ့ချကောင်းရှုံ့ချနိုင်ပါသည်။ဝန်ခံပါသည်။ ကျမသည် သမီးလေးနဲ့ ပတ်သက်ရင် ရူးတတ်၊အပိုလုပ်တတ်လွန်းလှပါသည်။

++++++++++++++++++++++++

ကလေးတယောက်ဆီက အချစ်ကိုရဖို့ ဟန်ဆောင်လို့မရပါ။လိမ်ညာ၊ လှည့်ဖျားပြီးတော့လဲ မရနိုင်ပါ။ ဘာကြောင့်လဲဆိုတော့ ကလေးတယောက်သည် လူ့လောကအကြောင်း၊လူတွေအကြောင်းကို သင်ခန်းစာတခုမှ မသင်ရသေးပါပဲနှင့် ဘယ်သူက သူ့အပေါ်ဘယ်လိုသဘောထားသည်ဆိုတာ သူ့နှလုံးသားကကောင်းကောင်း ခံစား နားလည်တတ်လို့ပဲဖြစ်သည်။ထို့ပြင် ကလေးနဲ့ မိမိနဲ့ကြားမှာ သေချာကျနစွာတည်ရှိဖို့က နားလည်၊ယုံကြည်မှုပင်ဖြစ်ပါသည်။ အဲ့ဒိ တဦးကိုတဦးယုံကြည်မှုကို မာယာနဲ့တည်ဆောက်လို့ မရပါ။ အဖြူသည်နှလုံးသားစစ်စစ်ဆီမှ ထွက်ကျလာသော အမျိုးအမည်တပ်ရခက်သည့် မေတ္တာတရားနှင့်သာ ဖန်တီးနိုင်ပါလိမ့်မည်…။

+++++++++++++++

ကလေးမချစ်တတ်သောလူတော်တော်များများကို ကျမမြင်ဖူး၊ကြုံဖူးပါသည်။အများအားဖြင့်ပြောကြတာကတော့ စိတ်မရှည်လို့ဆိုတဲ့ စကားဖြစ်သည်။ကလေးတယောက်ကို စိတ်မရှည်ဘူးဆိုတာကို ကျမလက်ခံနိုင်ပါသည်။ မချစ်ဘူးလို့ လွယ်လွယ်သုံးတဲ့ဆင်ခြေကိုတော့ ကျမလက်ခံဖို့ အတော်ခဲယဉ်းနေတတ်သည်။သို့မဟုတ် ဖြစ်နိုင်ချေရှိတာက သူတို့ပေးကြတဲ့ဆင်ခြေကို လက်မခံနိုင်တာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

သမုဒ္ဓရာ၊၀မ်းတထွာအတွက် လှုပ်ရှားရုန်းကန်ရင်း အတ္တတွေ၊ရမ္မက်တွေနဲ့ ပြည့်နှက်နေတဲ့ လူကြီးတွေ အပေါ်မှာပင်လျှင် အချစ်တွေပေးအပ်နိုင်သေးတာ။ဟန်ဆောင်မှုကင်းပြီး ပကတိအပြစ်ကင်းစင်တဲ့ ကလေးတွေ အပေါ် စိတ်မရှည်နိုင်ဘူးဆိုတာကို လက်ခံနိုင်သော်လည်း မချစ်နိုင်ဘူး ဆိုတာကိုတော့ လက်မခံနိုင်ပါ။ ကလေးမချစ်တတ်သူတို့နှလုံးသားကို ကျမဖြင့် ထိတွေ့ခံစားကြည့်လို့မရပါ။

ရှိပါစေတော့။ဒါမျိုးကိစ္စတွေက တဦးချင်းစီရဲ့ ခံယူမှုနဲ့ပဲဆိုင်ပါသည်။မတူတာတွေကို ညှိဖို့ဆန္ဒ ကျမမှာမရှိလှပါ။

++++++++++++++++

ကလေးဆိုတာ ဘယ်ဝမ်းက ထွက်ထွက်၊ဘယ်မအေက မွေးမွေး၊ အရုတ်၊အလတ်၊ အမြတ်မရွေး ရိုးသားဖြူစင်မူက တသွေးထဲ၊တသားထဲ။ ဒါက မည်သူမျှငြင်းခုံလို့မရနိုင်တဲ့ သဘာဝရဲ့ အရှိတရားတခုဖြစ်ပါသည်။

အရာထူးအရာခံသားသမီး၊ဈေးသည်သားသမီး၊သူတောင်းစားသားသမီး စသဖြင့် မိဘချင်းသာကွာခြားမည်။ ကလေးတွေက အတူတူ။ကလေးဆိုတာဟာ အတူတူတွေပါ ဖယောင်းများနှယ်......ဖြစ်သည်။

ဝေ့နေတာတွေ တော်တော်ကိုများသွားပြီ။ပြောလိုသည်က ကျမနှလုံးသားကို တဆစ်ချိုးပြောင်းလဲစေခဲ့သော ကလေးငယ်လေးတယောက်အကြောင်း ဖြစ်သည်။

+++++++++++++++++++

အိမ်ေ­ထာင်ပြု၊သားမွေးလုပ်ဖို့ ကျမသိပ်စိတ်မ၀င်စားလှပါ။သို့သော် ပုခက်လွှဲသော လက်ပိုင်ရှင်တော့ ဖြစ်ချင် ပါသည်။

+++++++++++++++++

လွန်ခဲ့သောလေးနှစ်ကျော်ဆီက မိဘနဲ့ပတ်သတ်တဲ့၊မိသားစုနဲ့ပတ်သက်တဲ့ ကျမရဲ့ခံယူချက်တွေကို တဆစ်ချိုး ပြောင်းလဲစေခဲ့သော လူသားသေးသေးလေးတယောက် ကျမဘ၀ထဲဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့သည်။ သူ့ကြောင့်ပိုးမွေးသလို မွေးရတယ်ဆိုတဲ့ စကားကိုထိမိသိရှိခဲ့သလို "ဖ၀ါးလက်နှလုံး၊ ပုခုံးလက်နှစ်သစ်၊လူဖြစ်အောင်မွေး၊မှက်ခြင်ယင် မသန်းရအောင်…ပင်ပန်းကြီးစွာမွေးမြူ "ရတဲ့ မိဘမေတ္တာကိုပါ ကောင်းကောင်းကြီးနားလည်ခဲ့ရသည်။ဝန်ခံပါသည်။သူကလေးမိခင် ကိုယ်ဝန်ဆောင်စဉ်က စပြီး သမီးငယ်လေး လူလောကထဲစရောက်ပြီဆိုတဲ့ လွန်ခဲ့တဲ့ လေးနှစ်လောက်ကမှ မိခင်မေတ္တာကို ကျမကောင်းစွာ နားလည်တတ်ခဲ့တာဖြစ်သည်။

++++++++++++++++

ကျမသမီးလေးနာမည်က ကြာပန်းလေးတပွင့်၏အဓိပ္ပါယ်။ပဒုမ္မနီ ဟူ၏။
နာမည်နဲ့တူစွာ သမီးလေးကကြာပန်းလေးတပွင့်လိုပဲ ဖြူစင်နူးညံ့လှပါသည်။ကြာပန်းလေးတပွင့်ကို နူးညံ့ညင်သာ ကိုင်တွယ်သလို ကိုင်တွယ်ရသည်။

++++++++++++++++++

ထူးအိမ်သင်ရဲ့ အလှဆုံးအပြုံးလေးများနူးညံ့တဲ့နှုတ်ခမ်းပေါ်မှာ ချစ်သမီးလေးအမြဲတမ်းသိမ်းပိုက်ခွင့်ရစေသား ဆိုတဲ့ တုနှိုင်းမဲ့မေတ္တာသီချင်း ဆိုပြရင် ကျေနပ်ပြီး ပြုံးနေတတ်သည်။

"ဖေဖေရယ်၊မေမေရယ်ကြင်စတုန်းက ဆလယ်ဝင်အိုးလေးကိုသုံးကာ ထမင်းချက်ပြုတ်စားသောက်လို့ နေလာ ခဲ့တယ်" အစချီတဲ့ အနိုင်ရဲ့ ဆလယ်ဝင်အိုးလေးကို ဆိုပြရင်တော့ သီချင်းအဆုံးဖြစ်တဲ့ "ဒီတော့မှ အဖိုးအဖွား အဖြစ်နဲ့ ဆလယ်ဝင်အိုးလေးပြန်သုံးစွဲကြပြန်...မရိုးနိုင်တဲ့မေတ္တာတွေပါ.."ဆိုတဲ့နေရာရောက်ရင်ဖြင့် ၀မ်းနည်း သလိုနဲ့ ငြိမ်နေ တတ်ပြန်သည်။

မိသားစုကန်တော့ပွဲ သီချင်း။ကျမရော၊သူပါ မေ့မျောနေတတ်ကြပြန်။ကျမအသံတွေမတုန်အောင်အထူးဂရုစိုက် ရသည်။

ဆရာကြီးမင်းသုဝဏ်ရေးတဲ့ မောင်ခွေးဖတ်ဖို့ကဗျာစုများ စာအုပ်လေး ကျမသူ့ကို သမီးအတွက်လက်ဆောင် လို့ပြောရင်းပေးတုန်းက သူပဲဖတ်တတ်သလိုနဲ့ ၀မ်းသာနေခဲ့လိုက်တာ...။ ယီးလေလေ့ကဗျာကို သုံးခေါက် ရွတ်ပြ အပြီးမှာ သမီးက သူ့ဘာသာသူ အတော်လေးရွတ်နေနိုင်ခဲ့ပြီ။ ကဗျာစာအုပ်လေးကို သူ့ခေါင်းအုံး အကြီးနားမှာ ထားရင်းက အိပ်ယာပြောင်းလို့ တချက်ပျောက်သွားတော့ သူ့မှာ ပျာယာခတ် နေခဲ့တာ။ တွေ့တော့မှ တပြုံးပြုံး နဲ့...။ သပြေသီးကောက်ကဗျာကတော့ သူ့အမေရွတ်ပြလို့ သူရပြီးသား။ ကျမမှာ သူကဗျာ ရွတ်ထားတဲ့ အသံဖိုင်တချို့ရှိသည်။ ။အဲ့ဒါလေးတွေ ပြန်ပြန်နားထောင်ပြီး အလွမ်းဖြေရပါသည်။

++++++++

ကိုယ့်ကလေးမှမဟုတ်ပါ။ကလေးတွေ ထက်မြတ်တာတွေမြင်ရလေ ကိုယ်ရင်နာရလေပါပဲ။ သမီးလေးကို သူနဲ့ထိုက်တန်သော ပတ်ဝန်းကျင်လေးတခု ဖန်တီးပေးချင်ပါသည်။ပြီးတော့ သူ့မိဘများနဲ့ ရင်အုပ်မကွာ...။မိဘကိုလွမ်းရတဲ့ဒဏ်တွေ သူ့ကို မပိစေချင်ပါ။ခေတ်ရဲ့ ပုပ်အက်အက်အနံ့တွေ ကြာပန်းလေးကို မကူးစေချင်ပါ။

ကြာပန်းလေးတပွင့်ရဲ့ ရနံ့လေးသာသင်းစေချင်လှပါသည်။

++++++++++++++++++++

မှတ်ချက်(၁)
ယီးလေလေ့(ဒီစကားလုံးကို တချို့ ရည်းလေလေ့လဲ ပြောကြပါတယ်။ရှုမ၀ ဒုတိယအကြိမ်ထုတ်ကမှန်တယ်လို့ ဆိုပေမယ့် အဲ့ဒိဒုတိယအကြိမ်ထုတ်ကို ရှာမရသေးလို့ ဒီအတိုင်းပဲ ယီးလေလေ့လိုက်ပါတယ်)


မှတ်ချက် (၂)
ကျေးဇူးပြုလို့ တချို့စာသိပ်တတ်ကြသော ဘလော်ဂါများ၊ စာဖတ်သူများ ကျမကိုစာနာသောအားဖြင့် လည်းကောင်း၊ကလေးတယောက်ရဲ့ အနာဂတ်ကို ငဲ့ညာသောအားဖြင့်သော်လည်းကောင်း ကြာပန်းကို မိန်းကလေးနာမည် မှည့်ထားတယ်ဆိုပြီး မဝေဖန်ကြဖို့ အနူးအညွတ်တောင်းပန်လိုပါသည်။

မှတ်ချက်(၃)

လွမ်းလွမ်းနဲ့ ကပေါက်တိ၊ကပေါက်ချာ ရေးချင်တာရေးထားသောစာကို လာဖတ်ပေးတာ ကျေးဇူးအများကြီး တင်ပါတယ်။ :)

Wednesday, March 03, 2010

အလွမ်းလွန်ရာသီ (မင်းထက်ခိုင်)

ခံစားချက်တွေ တင်းကြမ်းပြည့်လျှံနေလည်း
ကဗျာရေးဖို့ အလွမ်းမသင့်
ကဗျာဆိုတာ အလွမ်းရင့်မှ ရတတ်တာမျိုး။ ။

ကောင်းကင်ကိုကြည့်ပြီး
မြေကြီးကိုချစ်တတ်သူတွေဟာ
ကမ္ဘာဦး သူရဲကောင်းတွေပေါ့။

တစ်ဦးတစ်ယောက်၊တစ်ရုံးတစ်စည်းခံတွင်းမြိန်ဖို့ဆိုတာ
ခံစားနာကျင်မှုတွေရှိဖို့လိုတယ်။
မနက်ဖြန်ကိုမျှော်လင့်ထားရင်
အဲ့ဒီမျှော်လင့်ရာတွေ ကိုယ့်ဆီပြန်လာပါလိမ့်မယ်....။

ဆင်တစ်ဖက်၊မြင်းတစ်ဖက်ဖြစ်နေတဲ့
ဟောဒီအမိုးအကာထဲ ခိုလှုံဖို့ဝေးလို့
စိတ်ကူးအိပ်မက်တွေတောင် ကစဥ့်ကလျားနဲ့မို့
မွေးဖွားသန့်စင်ထားတဲ့ အနှစ်လေးတွေပြန့်ကျဲမသွားအောင်
သေသေချာချာ သိမ်းဆည်းထားရရဲ့။ ။

လမ်းသင့်လို့ ခြေဆန့်မိလည်း
အလွမ်းမသင့်တဲ့ အရိပ်မှာ မခိုလှုံချင်
ခေါင်းခါးခြေလက် မပျက်သေးသမျှ
ယုံကြည်ချက်တွေကို တန်ဖိုးထားချစ်နေရဦးမယ်.
ဖြတ်သန်းမှု နှစ်ကာလ၊လောကဓံဆူးတို့ပွန်းရှ
ဘ၀တံခါးသော့ မပိတ်သေးသရွေ့
ကဗျာနေ့ ကဗျာည
ကဗျာနေ ကဗျာလနဲ့
မျှော်လင့်ချက်တွေကိုရွှေချထားဦးမယ်။ ။

မင်းထက်ခိုင်
(ချယ်ရီမဂ္ဂဇင်း)

ထုံးစံအတိုင်းပါပဲ။လတ်တလောစိတ်ခံစားမှုများနဲ့ တထပ်တည်းကျနေတဲ့အတွက် ဒီကဗျာလေးကို ပြန်ခံစားမိ ပါတယ်။အရင်တုန်းကလဲ ဘလော့မှာတင်ဖူးတယ်။ကဗျာဆရာအန်ထုတ်ထားတဲ့စကားလုံးတွေအတိုင်းပါပဲ။ အလွမ်းတွေတင်းကြမ်းပြည့်နေသော်လည်း ပြည့်လွန်းလို့ကို ဘာမှထွက်ကျမလာတော့ပါဘူး။

Monday, March 01, 2010

ခေါ်သံများ

ခြံရှေ့ရောက်တာနဲ့
အမေ ရော လို့သာ တန်းမေးတော့တာပဲ။
သိချင်ရင် အော်သာခေါ်...
ဟုတ်တယ် ...
အော်ခေါ်မယ်...
အမေ......(ရွာတောင်ဘက်ကို လှည့်လို့)
အမေ....( ရွာမြောက်ဘက်).....
အမေ...............)))))))))))))))
လည်ချောင်းတွေကွဲတဲ့ထိ...
မျက်နှာတွေရဲတဲ့အထိ.....
အော်စမ်း
ထပ်အော်ဦး....
အမေ.....)))))))

ခုတော့
ခြံရှေ့လည်းမရောက်နိုင်သေး
ဝမ်းခေါင်းသံနဲ့လဲ အော်မခေါ်နိုင်သေး....
လေလှိုင်းတွေကိုဖြတ်လို့... အမေလို့ ခပ်တိုးတိုးလေးခေါ်တော့
အမေက ဟေ တဲ့....။

............

ဘာပြောဦးမလဲဆိုတော့
ဘာမှမပြောတော့ပါဘူးကွယ်။
ပြောစရာမရှိတာမဟုတ်ဘူး။
ပြောစရာတွေများလွန်းလို့
ပြောစရာတွေပျောက်နေတာ....လို့ကိုယ့်စိတ်ကူးနဲ့ကိုယ်
ကွေကာအုတ်ပဲသောက်နေလိုက်တယ်။

အလို... ဒီစာကြောင်းတွေချရေးရင်း
ငါ့လည်ချောင်းတွေ ကွဲထလာတယ်။
ပြီးတော့...
ငါ့မျက်လုံးတွေဘာလို့ ၀ါးလာပါလိမ့်...။
နေပေ့စေဦး...ဘေးနားကဘော်ဒါတွေမသိခိုက်
ကြိတ်ရှိုက်လိုက်ပါ့ဦးမယ်...
ဒီတည..။

Mirror