Saturday, January 30, 2010

လရောင်ဖျောက်သောလမ်း

လမင်းရဲ့အလင်းရောင်သည် ငါတို့ကိုမလိမ့်တပတ်နဲ့ ကိုယ်ယောင်ဖျောက်သွားခဲ့လေပြီ။

××××××××××××××××××××××

ဟိုမှာတိမ်တအုပ်။
ဟာ ဟုတ်ဘူး။အဲ့ဒါ တိမ်မဟုတ်ဘူး။
ဘာ အာတီဖီရှယ်တွေလဲမှ မသိတာ။
ဟင်နင်တို့ကလဲ တိမ်ကိုတော့ အတုလုပ်လို့မရပါဘူးဟာ။
အော ဘယ်ပြောလို့ရမလဲ..။အကုန်လုံးအတုဖြစ်နေတဲ့နေရာကြီးကိုး...။
အင်း နင်လဲ အတုဆိုတဲ့မျက်မှန်ကို ခဏချွတ်သင့်ပြီ။
သြော် ဒါနဲ့စကားမစပ်ဟာ
ငါ့မတော့ အစစ်ဆိုတဲ့ ချစ်ခြင်းမေတ္တာတွေရှိပါတယ်။
တခုတော့တောင်းပန်ချင်တယ်။မေတ္တာဆိုတာပူလောင်တယ်လို့
နင်ချစ်ပြီးငါမုန်းတဲ့တခြားတယောက်ကို အတုလုပ်ပြီး သွားမပြောပါနဲ့ဟယ်...နော်။

×××××××××××××××××××××

လမင်းရောင်က ကိုယ်ယောင်ဖျောက်သွားခဲ့ပြီ။ လမင်းကိုမြင်နေသော်လည်း သူ့လင်းချင်းမှုကို ငါတို့ခံစားပိုင်ခွင့်မရှိ...။

×××××××××××××××××

Monday, January 04, 2010

မိအေး အော်သည်

အခြေအနေက တဖြည်းဖြည်း ဆိုးလာခဲ့ပြီ။ ခုမှ ခွေးအဖ ခေါ်စရာမရှိ ဆိုသလို။ ဘယ်သူ့ကို တိုင်တည်ရမယ် မှန်းမသိ။ သက်ပြင်းကိုသာ တဟူးဟူးနဲ့ မှုတ်ထုတ်ပစ်နေရသည်။

မကျေနပ်တာတော့ တော်တော်လေးကို မကျေနပ်တာပါ။ သို့ပေမယ့် မကျေနပ်လို့ မကျေနပ်ကြောင်း ပြဖို့တောင် တော်တော်လေး ခက်ခဲနေတယ်။ ပေါ်တင်ကြီး စော်ကားနေတာကို မြင်ပေမယ့် လက်ဆုပ် လက်ကိုင်ပြစရာ ပစ္စည်းက ကိုယ့်လက်ထဲမှာ မဟုတ်။ သူ့ လက်ထဲမှာ။ သူပေးမှကိုယ်က ဟုတ်၊မဟုတ်ဆိုတာ စစ်လို့ရမှာ။

သူတို့ကင်မရာဆီက ပထမဆုံးတချက် ဖလက်ရှ်ပွင့်ထဲက ကျမသတိထားမိသည်။ ခိုးလုပ်ရင်လဲ ပိရိပါစေပေါ့။ ခုတော့ မိသွားလဲ အရေးမကြီးဘူးလို့ပဲ သဘောထားလေသလား မပြောတတ်ပါ။ ဖလက်ရှ်ကိုဖွင့်ပြီးတော့ကို တဖျတ်ဖျတ် ရိုက်နေတာ။ တတိယမြောက် အလင်းပွင့်လာတဲ့ အချိန်မှာတော့ ကျမရဲ့ ဒေါသမီး တညီးညီးနဲ့ မျက်လုံးတွေနဲ့ မျက်စောင်းတွေသာ တဒိုင်းဒိုင်း လှန်းထိုး နေမိတော့သည်။ ဒိထက်လဲ ဘာမှပိုမလုပ်တတ်။ တခုရှိတာက ညဘက်ကြီးဖြစ်နေပြီး ကျမတို့က သူတို့ကို နောက်ခိုင်းအနေအထား ထိုင်နေကြတာဆိုတော့ သိပ်ပြီး မပေးဆပ်ရဘူးလို့ပဲ သဘောပိုက်လိုက်ရပါသည်။

သွားပြောပါပြီတဲ့။ ပြောတယ်ဆိုရင်ပဲ (ပြဿနာရဲ့ဇစ်မြစ်ကို ခဏထား) ဟာ ဟိုမိန်းကလေးတွေ ဘာဖြစ်တာလဲ ဆိုတာမျိုး look down လုပ်တဲ့ မျက်လုံးများနဲ့ လူတွေဝိုင်းကြည့်တာကို အရင်ဆုံးခံရမယ်။ ပြီးမှ ပြဿနာက လာမယ်။အဲ့ဒိအခါကျရင်လဲ ဟာ ဒီကောင် လူရမ်းကား။ ဒါမျိုးတော့ မလုပ်သင့်ဘူးဆိုပြီး တခုခုလေးများဝိုင်းပြီး ကူညီဖြေရှင်းပေးမယ့် လူဆိုတာ ဝေးလာဝေးပါပဲ။ အားလုံးက နေသာသပ လေညာကဆိုတဲ့ လူတွေချည်းပဲ။ ဘာဖြစ်တာလဲ၊ဘာဖြစ်တာလဲဆိုပြီး သူတို့စပ်စုလို့ ၀ပြီဆိုတာနဲ့ လှည့်ထွက်သွားကြတာပါပဲ။

ဆိုတော့... ကိုယ် အစော်ကားခံရလို့ ကိုယ်ကမကျေနပ်လို့ တခုခုပြန်ပြောရင်တောင် မိန်းကလေးတွေအဖို့ အရင်ဆုံး ရင်းနှီးလိုက်ရတာက အရှက်နဲ့ သိက္ခာ။

အမျိုးသားတယောက်က မိန်းကလေးတယောက်ကို ဖုန်းနှင့် ဗီဒီယိုရိုက်သည်။မိန်းကလေးက မြင်လို့၊မကျေနပ်လို့ ခုဖျက်ပေးပါလို့ ပြောတော့ "စကားကိုကောင်းကောင်းပြော" ဆိုပြီး ယောက်ျားခွန်အားနဲ့ လေသံနက်ကြီးနဲ့ ပြန်ပြီး ခြိမ်းချောက်လိုက်သေးသည်။ သူလုပ်တဲ့အလုပ်က ကောင်းတဲ့အလုပ် ဟုတ်မဟုတ် ပြန်လည်စဉ်းစားဖို့ မကောင်းဘူးလား။ အသိဥာဏ်များနုံနဲလေသလား။.....။ လူရှေ့ သူရှေ့မှာ မိန်းကလေးက အစော်ကားခံရတာ ဖြစ်ပေမယ့် အနီးအနား ပတ်ဝန်းကျင်ကလဲ မိန်းကလေးကိုသာ ပိုပြီး ကဲ့ရဲ့ချင်သော မျက်လုံးအရောင်တွေနဲ့ ကြည့်တတ်သည်။ မိအေးအော်တာသာ လူသိပြီး ဂဏန်းညှပ်တာ လူမသိသောအဖြစ်။

ဒီလိုအဖြစ်မျိုးတွေ ကြုံရတာကလဲ ကိုယ်တွေတင်ပဲ မဟုတ်။ အတော်များများ ကြုံနေရသည်။ celebrity တွေမှ မဟုတ်။ သာမာန်အရပ်သူ မိန်းကလေးတွေ.....။ နည်းပညာတိုးတက်မှု တလွဲဆံပင်ကောင်းတွေ အသုံးချပြီး နည်းပညာကို လက်နက်လုပ်ပြီး သတ်နေကြတာလို့ ကျမက ယူဆသည်။

ခပ်ရိုင်းရိုင်းပြောရင်တော့ လက်သရမ်းတဲ့အမှု ဖြစ်သည်။ နည်းပညာတိုးတက်လာမှုနဲ့အတူ ဘေးကကပ်လိုက် လာတဲ့ ဆိုးကျိုးတွေကို ကိုယ်တိုင်အသုံးချသူ မဟုတ်ပါပဲနဲ့ အဲ့ဒီ ဆိုးကျိုးကို မိန်းကလေးတွေ ခံစားနေရတာ။ သို့ကလို လူတွေရဲ့ သူတို့ လက်ဝယ်ရှိနေတဲ့ ကင်မရာ၊ဖုန်း စတာတွေကို လက်တည့်စမ်းဖို့ မိန်းကလေးတွေဟာ သူတို့ရဲ့ သားကောင်ဖြစ်နေရတယ်။ ဘယ်လောက်များ ခံပြင်းစရာ ကောင်းလိုက်တဲ့ အဖြစ်လဲကွယ်..။

ယနေ့မြန်မာပြည်မှာက လူတော်တော်များများက မိုဘိုင်းဖုန်းကိုယ်စီ ရှိကြတာ အားလုံးအသိ။ တော်သင့်ရုံဝင်ငွေ ရှိတာနဲ့ကို ဖုန်းလေးတလုံးတော့ကိုင်ကြသည်။ ဒါ့အပြင် ခဏခဏလုပ်နေတဲ့ အိုင်တီပြပွဲတွေ၊ ဈေးပွဲတော်တွေနဲ့ ဆိုတော့ ဒီဂျစ်တယ်ကင်မရာလေးတွေကလဲ တော်တော်များများက သုံးဖြစ်ကြသည်။ သူ့အိုးနဲ့သူ့ဆန် တန်နေရင် ပြဿနာမဟုတ်ပါ။ ကိုယ့်လက်ထဲပစ္စည်းသစ်လေးတခု ရောက်လာပြီးတာနဲ့ မျောက်များ အုန်းသီးရဆိုသလို သုံးကြည့်ချင်၊စမ်းသပ်ကြည့်ချင်စိတ်တွေ တဖွားဖွားဖြစ်ပြီးသကာလ လုပ်ချင်ရာတွေကို စဉ်းစားဆင်ခြင်မှု၊ ကိုယ်ချင်းစာမှု၊ကိုယ့်မိသားစုချင်းစာမှု ကင်းမဲ့စွာနဲ့ စိတ်ကူးပေါက်သလို လုပ်နေတာတွေကတော့ တဆိတ် လွန်လွန်းလှပြီ။ သို့ပေမယ့် အထက်မှာ ပြောခဲ့သလိုပဲပေါ့။ အဲ့လိုအသုံးချခံရတဲ့ မိန်းကလေးတွေမှာ ခွေးအဖ ခေါ်စရာမရှိပါဘူး။

မိန်းကလေးတယောက်ရဲ့ လုံခြုံမှုဟာ သူ့ဘေးနားမှာ ယောက်ျားလေးအဖော် တယောက်ပါနေမှ လုံခြုံနိုင်မှာလား။ နှုတ်အားဖြင့်၊ အမူအယာအားဖြင့် ပါးစပ်သရမ်းတဲ့ ကိုယ်တော်တွေက သူတို့ချင်းတော့ အတော်လေးကို သစ္စာစောင့်သိကြသည်။ ဘတ်စ်ကားစီးရင်၊လမ်းလျှောက်ရင်၊ မီးပြတ်တဲ့ညတွေမှာအိမ်ပြန်ရင်၊ လူအများ သွားလာ နေထိုင်တဲ့ Public place တွေမှာ သွားလာ နေထိုင်မိရင်....ဘေးနားမှာ မိန်းကလေးအဖော်တွေ ဘယ်နှစ်ယောက်ပဲ ပါစေကာမူ မလုံခြုံပါ။ (အဲ့ဒီ မိန်းကလေးအတွက် အတန်အသင့် လုံခြုံကောင်း လုံခြုံပါလိမ့်မည်။) အချိန်မရွေး၊နေရာမရွေး ပါးစပ်နဲ့ မတော်မတရားပြောတာ ခံရနိုင်သည်။ ကိုယ်အမူအယာနဲ့ မမြင်မြင်အောင် တခုခုစော်ကားပြတာမျိုး ကြုံရနိုင်သည်။ ဒိထက်ပိုရင်တော့ ဖုန်းနဲ့၊ကင်မရာနဲ့ ဓာတ်ပုံ သို့မဟုတ် ဗွီဒီယိုခိုးရိုက်တာ ခံရနိုင်သည်။။ အဲ့ဒိဟာတွေက ဘယ်ထိရောက်လို့ ဘယ်ထိပေါက်မလဲ မပြောတတ်။ မခန့်မှန်းတတ်ပါ။

လူအများ သွားလာနေထိုင်ရာ ဘဏ်၊ စာတိုက်၊ လက်ဘက်ရည်ဆိုင်လို နေရာတွေမှာပါ လက်တည့် စမ်းချင်လောက်တဲ့အထိ သူတို့ကို ဘယ်လို စိတ်ဓာတ်အင်အားများက စေ့ဆော်နေသလဲဆိုတာ ကျမဖြင့် သိချင်စမ်းလှသည်။

ဟိုးအရင်တုန်းက မိန်းကလေးတွေနောက်က လိုက်ပြီး ခြေလှမ်းမှားအောင် စ၊နောက်တာမျိုး ဒီဘက်ခေတ်မှာတော့ မြင်ရခဲသွားပြီ။ မိန်းကလေးတွေကလဲ အရင်ခေတ်ကလိုမျိုး ခြေတလှမ်း၊ကုဋေတသန်းလို မလျှောက်နိုင်တော့။ လူတွေ၊ကားတွေသိပ်ရှုပ်လာတဲ့ လမ်းတွေပေါ်မှာလဲ ဒါမျိုးလာလုပ်နေရင် အကုန်ပြဿနာတွေ တက်ကုန်မှာပေါ့။ ဒါတောင်မှ အင်းလျားကန်ဘောင်မှာ မနက်ခင်းလမ်းလျှောက်တဲ့ မိန်းကလေးတွေကို နောက်ကနေ ဗယ်ညာ၊ ဗယ်ညာ လိုက်အော်တာတွေ ခုထက်ထိ ရှိနေသေးသည်။ ဒီလိုအော်ပြီး စ နောက်ဖို့အတွက် မနက်ခင်း စောစောစီးစီးမှာ အိပ်ယာကထပြီး အင်းလျားအထိ အရောက်လာတဲ့ ကိုယ်တော်ချောများရဲ့ စိတ်ဓာတ်အင်အားကိုဖြင့် ကျမ မချီးကျူးပဲ မနေနိုင်ပါ။

ခေတ်တွေပြောင်းလဲခဲ့ လာခဲ့သလို မိန်းကလေးတွေကလဲ အရင်လိုမျိုး ပြောသမျှ မကြားချင်ယောင်ဆောင်၊ လုပ်သမျှ ငြိမ်ခံနေကြတာတော့လဲ မဟုတ်ပါ။ တတ်နိုင်သမျှ ကိုယ့်အင်ကိုယ်အားနဲ့တော့ တွန်းလှန်နေကြသည်။ ဘတ်စ်ကားပေါ်မှ ပြဿနာများ လျော့ပါးသွားတာက တကယ့်လက်တွေ့ ဖြစ်သည်။ ရှက်ကြောက်နေလို့ကတော့ ဘာကိုမှပြောင်းလဲနိုင်မည် မဟုတ်ပါ။ ဒါ့ပြင် ရုပ်ဝတ္ထုတွေ တိုးတက်လေ မိန်းမသားတွေတွက် အန္တရာယ်များလေ။

ယောက်ျားတွေမှာ သူတို့ ကိုယ်ပိုင်မဟုတ်ပဲနဲ့ ပိုင်ဆိုင်နေတာ တခုရှိသည်။ အားသာချက်လို့တောင် ပြောလို့ရသည်။ အဲ့ဒါက မိန်းကလေးတွေရဲ့ ကြောက်စိတ်၊ ရှက်စိတ်နဲ့ ဒေါသ..စတာတွေကြောင့် ပြဿနာတခုခု ဆိုတာနဲ့ ခေါင်းအေးအေးနဲ့ မဖြေရှင်းနိုင်သော၊မဖြေရှင်းရဲသော စိတ်ဖြစ်သည်။ မိန်းမတွေရဲ့ အားငယ်စိတ်က သူတို့အတွက် သဘာဝကပေးထားတဲ့ လက်ဆောင်တခုလို ဖြစ်သည်။မိန်းကလေးတွေရဲ့ အားနည်းချက်ကို ကောင်းကောင်းလေး အခွင့်ကောင်းယူပြီး နေရာတကာမှာ အခွင့်အရေးယူနေကြသည်။

ကျမတို့ လူမှုပတ်ဝန်းကျင်မှာ မိန်းမသားဆိုရင် အခွင့်အရေး တန်းတူ မပေးချင်စိတ်၊ ပြောရေးဆိုခွင့် မပြုချင်စိတ်၊ ဖိနှိပ်ထားချင်စိတ်၊ ချုပ်ချယ်ထားချင်စိတ်တွေ ဒီနေ့ဒီချိန်ထိ အရိုးစွဲနေတုန်းဆိုတာ နေ့စဉ်မြင်နေရတဲ့ အဖြစ်ပျက်တွေကပဲ လက်တွေ့ ပြနေသလို...။

မှတ်ချက် ။ ။ ဒီစာကို မိန်းမ၀ါဒီ၊ ယောက်ျားမုန်းတီးရေး ဘာဘာညာညာ အစွဲကြီးပြီး ရေးထားခြင်း မဟုတ်ကြောင်း၊ ၀ါးလုံးခါးလည်ကကိုင်ပြီး သိမ်းရမ်းသလို ရေးထားခြင်း မဟုတ်ကြောင်း စာရေးသူကိုယ်တိုင် ၀န်ခံသည်။ သို့သော် အဲ့လိုသဘော သက်ရောက်သွားခဲ့ရင်လဲ မတတ်နိုင်ပါ။ :)

Friday, January 01, 2010

နှစ်သစ်ဆုတောင်း

၂၀၁၀ ခုနှစ်သည် ဘလောဂ့်ရပ်ဝန်းတွင်သာမက မြန်မာပြည်သူ၊ပြည်သားအားလုံးရဲ့ တူညီသောမျှော်လင့်ချက်များ ပြည့်ဝစေနိုင်မယ့် နှစ်တစ်နှစ်၊သို့မဟုတ် အလင်းရောင်မြင်နိုင်သော၊ကြည့်နိုင်သောနှစ်တစ်နှစ် ဖြစ်နိုင်ပါစေလို့ ဆန္ဒပြု၊ဆုမွန်ကောင်းတောင်းအပ်ပါသည်။