Monday, December 20, 2010

အိုင်စီပွဲနဲ့ ဆက်စပ်မိသမျှ....

ဇာတ်သမားပြန်တော့ မှတ်သားစရာကျန်သတဲ့။အိုင်စီပြန်တော့...လွမ်းကျန်ခဲ့ရပါပေါ့။လွမ်းတာက အိုင်စီကိုမှ၊ ကိုကြီးငဲ တို့ကိုမှ လွမ်းရခြင်းမဟုတ်။ သူတို့ပြန်သွားမယ့် ရွှေပြည်ကြီးကိုပေါ့။ လွမ်းတာလေ လွမ်းလိုက်တာမှ။ အငဲ ထွက်လာလာချင်း ကိုယ့်ဆွေမျိုးသားချင်းများ မြင်ရသလိုပါပဲ။ အမေ့ကို မြင်ရင်တောင် ဒီလောက် ခံစားမှု တွေ ယောက်ယတ်ခပ်ပါ့မလား..ကိုယ့်ဘာသာကိုယ် မသေချာပါဘူး။ သီချင်းကို လိုက်ဆိုမလို့လုပ်လိုက်၊
ငြိမ်နေလိုက်ရလိုက် နဲ့..။ ခု ပြန်စဉ်းစားတော့ လိုက်ဆိုမိလား၊မဆိုမိလား မမှတ်မိနိုင်တော့...။ ဘာပဲဖြစ်ဖြစ် သူတို့တွေ၊ နောက် တောကျောင်းဆရာတို့တွေ အများကြီးဘ၀ပေးကံ ကောင်းပါတယ်။တခြားတခြားသော အရေခွံတွေကိုခွာချပြီး ကိုယ့်ရင်ထဲက ခံစားမှုချည်းသက်သက် ချဉ်းကပ်ကြည့်မယ် ဆိုရင်ပေါ့..။

မျှော်ခဲ့လိုက်ရတဲ့ ဒီဇင်ဘာ ၁၉ ရက်။ ဟိုးလွန်ခဲ့တဲ့ ၁ လ လောက်ထဲက။ စိတ်မလှုပ်ရှားတော့ပေမယ့် ငါဟဲ့.. သွားကို အော်ဟစ်ပေါက်ကွဲပစ်လိုက် ဦးမယ်ပေါ့။လင်းလင်း ဆိုတဲ့ပွဲ မြန်မာပြည်မှာတုန်းက တစ်ပွဲကြုံတယ်။ သူငယ်ချင်းမတွေ အလှပြင်လို့ မပြီးတာနဲ့ သူ ဆိုတဲ့တချိန်လုံး လုံးဝကို လွတ်သွားခဲ့တယ်။ဒီ တစ်ခေါက်မှ လွတ်ရင်တော့ သူတို့နဲ့ကိုယ်နဲ့ သေခန်းပြတ်ပဲ သူငယ်ချင်းတောင် ဖြစ်သွားမလားပဲ။သက်ပြင်းတွေ ပြိုင်တူချ ခိုင်းပြီး ကိုယ်တွေကို နေတတ်သလိုနေခိုင်းခဲ့တဲ့ လင်းလင်းကို စိတ်မနာပါဘူး။ နေတတ်သလိုပဲ နေပါတယ်။

လင်းလင်းမထွက်ခင်မှာပဲ ရှေ့တန်းမှာထိုင်တဲ့ သူငယ်ချင်းတွေက အပြင်ခဏသွားပါတယ်။ထိုင်နေတုန်းပဲ ဗြုန်းဆို ကိုယ့်မျက်နှာပေါ် ဆံပင်တွေ အထွေးလိုက်လာထိတော့ ရုတ်တရက် လန့်ဖျပ်သွားပါတယ်။ မော့ကြည့် လိုက်တော့ ကောင်မလေးတစ်ယောက်ရဲ့ မျက်နှာက ကိုယ့်အပေါ်တည့်တည့်မှာ။လမ်းခဏလောက်ဆိုပြီး လွှားခနဲဆို ကျော်ဆင်းသွားပါတယ်။သူ့နောက်ကနေ ကောင်ကလေးတစ်ယောက်၊ကောင်မလေး တစ်ယောက် ထပ်ဆင့်လွှား ကြပါတယ်။ကြယ်တွေ၊လတွေ မြင်သွားသလိုပါပဲ။ ပြီးတော့ စောစောက အပြင်ခဏ ထွက်သွားတဲ့ သူငယ်ချင်း ၂ ယောက်နေရာမှာ ၀င်ထိုင်ပါတယ်။ ဟန့်တားရမှာ အားနာပေမယ့် ဒီနေရာ လူရှိတယ် ပြောလိုက်ပါတယ်။ ခုံနာပါတ်နဲ့ မဟုတ်ပေမယ့် သူတို့နေရာအသီးသီးမှာ ရေသန့်ဗူးတွေ ချထားပါတယ်။ ကိုယ်လိုချင်တဲ့နေရာရဖို့ အတွက် အိမ်ကနေ အစောကြီးထွက်ကြရပါတယ်။ နောက်ပြီး ကိုယ်တွေကိုယ်တိုင် အပြင်(အိမ်သာ)ခဏသွားချင်ပေမယ့် တမင်လေးယောက်ကို ၂ ယောက်စီခွဲ သွားရတာ ကိုက ကိုယ့်နေရာ မပျောက်သွားချင်လို့ပါ။ ဒီတော့ မပြောမဖြစ် ပြောရပါတယ်။ပြောတဲ့အခါကျတော့ မယ်မင်းကြီးမလေး နဲ့ မောင်မင်းကြီးသားက ကိုယ်တွေ့ရှေ့တည့်တည့်မှာ မတ်တပ်ရပ်ပါတယ်။ ဒီတော့ ကိုယ့်တစ်ယောက်ကျော်က ကိုယ့်သူငယ်ချင်းပါပဲ။သူကလဲ ခပ်စွာစွာရယ်ဆိုတော့.. ဟင် နင်တို့ ဒီလိုရပ်တော့ နောက်က လူတွေ ဘယ်လိုမြင်ရမလဲ လို့ ပြောပါတယ်။ကိုယ်လဲ ၀င်ပြောပါတယ်။ သူတို့ကို ကိုယ်တို့ပြောတဲ့စကားလုံးတွေ၊အမူအယာတွေဟာ ရည်ရည်မွန်မွန် မဟုတ်တောင် မရိုင်းပြဘူးဆိုတာ ကိုယ်တို့ဘာသာ ကိုယ်တို့ သေချာပါတယ်။ဒီတော့ မိန်းကလေး ၂ ယောက်ကြား သူရဲကောင်း မောင်မင်းကြီးသားက ပိုက်ဆံပေးကြည့်တာ ဘယ်သူ့မှ ဂရုစိုက်စရာမလိုဘူး။ လာ ရပ်သာရပ် လို့ ဆိုပါတယ်။ အင်း ဒါဆို မကြေးမုံတို့က အလကား အလကားကြည့်တာပေါ့ နော်။ ...။

ဆက်ပြောမနေပါဘူး။ လက်မှတ်စစ်တဲ့လူကို သွား အကူအညီတောင်းပါတယ်။ ဒီလိုဒီလိုပေါ့။ တကယ်ကိုလဲ ရှေ့မှာ မတ်တပ်ရပ်ရုံမက ကို့ရို့ကားယားတွေ "က"နေပါသေးတယ်။သူတို့က တာက Rock တာ မဟုတ်ပါဘူး။ သူတို့ ကနည်းက တမျိုးပါ။ ထားပါတော့လေ..။ အဲ့ဒါနဲ့ သွားပြောတော့ လက်မှတ်စစ်ရဲ့ ဖြေရှင်းပေးပုံက အတော်လေးကိုပဲ ပြီးပြည့်စုံပါတယ်။ မရပ်နဲ့လို့ ပြောလိုက် တဲ့။ ပြောပြီးပြီ။ မရဘူး။ အကို ကိုယ်တိုင်လာပြောပေးကြည့်ပါဦး ဆိုမှ ဆင်းသွားပါတယ်။ ရိုက်ပေါက်စကားကို စပြောပါတယ်။
"ဟေးဟေး... မင်းတို့ရပ်ကြည့်နေလို့ နောက်မှာ ငါ့လာပြောနေပြီ " လို့ဆိုတော့ ကိုယ်က သူတို့ရန်သူ ဖြစ်မသွားပေဘူးလား။ မသကာရင်.. "ညီလေး ဒါ ရပ်ကြည့်တဲ့ အတန်း မဟုတ်ဘူးကွ။နောက်က လူတွေ အကုန်ကွယ်ကုန်မှာပေါ့...။ ရပ်ကြည့်ချင်ရင် နောက်ဆုံးမှာ သွားရပ်ပေးပါလားကွာ" လို့ ပြောရင်လဲ ဖြစ်သား ပဲ။ အင်း.. စည်းနဲ့ဘောင်းနဲ့ ဖြစ်မှာ စိုးလို့ တူပါရဲ့။ ကိုယ်တို့ချင်း အဲ့လို တိုက်ပေးသွားတာ။ ပြဿနာက ပြေလည်သွားလားဆိုတော့ ပွဲပြီးတဲ့အထိ ဟုန်း ဆို..ဆင်းလာလိုက်၊လွှား ဆို ကျော်တက်သွားလိုက်ပါပဲ။

ဒီနေရာမှာ ဘာသွားစဉ်းစားမိလဲ ဆိုတော့... အဲ့လိုလူတွေကြောင့် အဲ့လို အဓိပ္ပါယ်မရှိတဲ့ စည်းကမ်းတွေနဲ့ ကြပ်မတ်ထားရတာပါလား၊အဲ့လို စည်းကမ်းတွေ အဓွန့်ရှည်နေတာပါလား ဆိုတာတွေးမိတယ်။လူတွေဟာ ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ်သာထိန်းသိမ်းမယ်ဆိုရင် ဘယ်သူက စော်ကားပြီး ဘယ်သူကကာကွယ် ပေးသလဲ ဆိုတာ ကိုယ်တိုင်ဝေခွဲတတ် ပါလိမ့်မယ်။ ခုတော့ သေနတ်မိုးပြီးခြောက်မှ ကြောက်မယ့် လူငယ်တွေ ဖြစ်မှန်းမသိ ဖြစ်နေပြီ။ဖြစ်လဲ ဖြစ်နေပါပြီ။

မကြေးမုံက ခုလိုပြောတာကို ဝေဖန်ချင်သူတွေ ရှိပါဦးမယ်။ အပြင်ရောက်ထဲက ဒီလိုစကားတွေ ဒီလိုအကြောင်းတွေ မရေးတော့၊ မပြောတော့ပါဘူး။ အပြင်ရောက်မှ စွတ်အော်တယ်လို့ နာမည်အတပ် မခံနိုင်ပါဘူး။ ခုက အပြင်မှာမြင်တဲ့ လူငယ်တွေ အကြောင်းမို့ ကြုံတုန်း ဆုံတုန်းပဲ ဆိုပါတော့။..ဒါနဲ့...

အာဇာနည် ထွက်ပါတယ်။ ကောင်းပါတယ်။လင်းလင်းလို အသံကြောင်၊ပွဲကြောင်မနေပါဘူး။ သူက သီချင်းတွေ ဆိုပါးဝနေပြီ မို့ ဟုတ်သောရှိ၊မဟုတ်သော်ရှိ ပရိတ်သတ်ကို ကောင်းကောင်း ပွဲထိန်းနိုင်ပါတယ်။ လင်းလင်းက ပွဲကြောင်သယောင်ရှိပေမယ့် အဓိပ္ပါယ်ရှိတဲ့ နှုတ်ခွန်းဆက်စကားတွေနဲ့မို့ နှုတ်ဆက်တဲ့နေရာမှာ အာဇာနည်ထက် သာ ပါတယ်။ အာဇာနည် ဆိုနေချိန်မှာ မကြေးမုံက အမောဖြေပါတယ်။

ဝိုင်ဝိုင်းကတော့ဖြင့် သစ်လွင်၊တောက်ပြောင် လန်းဆန်းမြဲပါ။ဒါမယ့် မြန်မာပြည်မှာတုန်းကလိုတော့ ပေါ့ပါး လွတ်လပ်မှုတွေ သူ့ဆီမှာ ရှာမတွေ့ပါဘူး။ရင်ဘတ်မှာ လက်ညှိုးနဲ့လက်မ ကွင်းပြီးမေးထားတဲ့ အိုကေ လား ဆိုတဲ့ စတစ်ကာနဲ့။ အိုကေသလောက် အိုကေပြီး မကေတာတွေ မကေဘူးပေါ့လေ။

မျိုးကြီးအလှည့်ပါ။ မျိုးကြီးသီချင်းဆိုနေတာ ကြည့်ပြီး သူတို့မှာ အဲ့လောက်ခံယူချက် မရှိပါဘူးလို့ပြောဖူးတဲ့ ရွှေပြည်ကြီးက သူငယ်ချင်းကို သတိရမိပါတယ်။ ဆေးပေးပါ တို့ဘာတို့ဆိုတာက သီချင်းရေးဆရာ ရေးထားတာတွေပါ။ မျိုးကြီးရေးတာ မဟုတ်ဘူးလေ။ နော်။

ကိုကြီးအငဲ ပါ..။ "တစ်တိုင်းတစ်ပြည်" မှာလို့ သူပြောသွားတဲ့စကားတွေထဲမှာ ပါသွားတယ်။ ကိုယ်တွေက မြန်မာစကားကို စာရေးပြီးပဲ ပြောနေရတာ အကျင့်တွေဖြစ်နေပြီမို့ သူပြောတဲ့ "တစ်တိုင်းတစ်ပြည်" ကို အင်မတန်သဘောကျမိပါတယ်။ ညာဘက်လက်ကိုမြှောက်တင်ပြီး ဗယ်ဘက်က နားရွက်ကို ပတ်ကိုင်ပြီးတော့
အားနာပါးနာပုံစံနဲ့ ခင်ဗျားတို့မှာ အိမ်ရောရှိကြရဲ့လားဗျ လို့ သူမေးပါတယ်။ သူများတွေတော့ မသိပါဘူး။ ကိုယ့်မှာတော့ အိမ်မရှိပါဘူး။မရအရ၊ မဖြစ်မနေပြရမယ်ဆိုရင်တော့ ကိုယ့်ခြေသလုံးက ကိုယ့်အိမ်ပေါ့...။ အိမ်မရှိခဲ့တာ ၁၀ နှစ်ရှိပြီ။ အငဲနဲ့ လင်းလင်းက နှလုံးသားတည့်တည့်ကို စကားလုံးတွေနဲ့ ပစ်ပါတယ်။

လေးဖြူက အလွန်အင်မတန် ပဲ များပါတယ်။ စင်ပေါ်ကို ရိုးရိုးမတက်ပါဘူး။ ပြေးတက်ပါတယ်။ နောက်.. ပွဲပြီးတော့လဲ ပြေးဆင်းပါတယ်။ အဲ့ဒီအချိန်..အာဇာနည်ကို မင်းဆံနွယ်တွေ လေမှာလွင့်တဲ့အခါတွေ ဘာတွေ ဆိုခိုင်းရမှာပါ။ ငယ်မူငယ်သွေးပြန်ပြီး ဆံပင်အရှည်တွေနဲ့။လေးဖြူကို သိပ်ကြိုက်တဲ့ သူငယ်ချင်းလေး အသက်မှရှူရဲ့လားလို့ နောက်ကနေ လှုပ်နှိုးပေးရပါသေးတယ်။ လေးဖြူကတော့ လေးဖြူပါပဲ။ သူလာရင် ပွဲက ပွဲဆူလာတဲ့ထုံးစံအတိုင်း အားလုံးရဲ့သွေးတွေ ပွက်ပွက်ဆူကုန်ပါတယ်။

အပြင်ခဏထွက်ပါတယ်။ မြန်မာအမျိုးသားတွေ.... အိမ်သာကို မသွားကြဘဲ တွေ့ရာနေရာ ကပ်ပန်း လုပ်ကြဖို့ ချောင်ဘက်ဆီ ထွက်သွားကြပါတယ်။သူတို့လျှောက်သွားနေတာ ရေကူးကန်ဘက်ဆီကိုပါ။ မနက်လင်းတဲ့ အခါ ဘယ်လောက်များ နံစော်နေမလဲ မစဉ်းစားဝံ့စရာပါပဲ။ ဒါတောင်မှ တခြား စီးကရက်ဖင်စီခံ တို့၊ ဘီယာပုလင်း(ဗူး)ခွံ၊ ကြွပ်ကြွပ်အိပ်ခွံ...စတာတွေ မပါသေးပါဘူး။ သန့်ရှင်းရေးအလုပ်သမားတွေရဲ့ မေတ္တာကို ရွှေတစ်မျိုးလုံး ခံယူရဖို့ အသင့်ပါပဲ။တော်ပါပြီ လေ...။

တစ်ပွဲလုံးခြုံပြီးပြောရရင် ပွဲရဲ့ tempo က မြန်မာပြည်ကပွဲတွေရဲ့ တစ်ဝက်တောင် မရှိပါဘူး။ကိုယ်တွေရဲ့ ရင်ခုန်နှုန်းက တစ်ဝက်ထိလျော့ကျသွားတာမျိုးလဲ ဖြစ်တန်ကောင်းပါတယ်။

Monday, December 13, 2010

မဖြစ်လာသေးသော ဖြစ်ချင်တဲ့ဘ၀များ

ကိုယ့်အကြောင်းတွေချည်းပဲ ရေးတဲ့ ကိုယ်ရည်သွေးတီးလုံးများ ဖြစ်နေမလားပဲ။ ဒါပေမယ့်.. အညောင်းမိနေ ရှာတဲ့ ခံစားမှုတွေကို ခုလိုပေါ့ပေါ့ပါးပါး လေးတွေးပြီး၊ဒီလိုနည်းနဲ့ ဖျော့လျှော့ပါရစေ..။

ငယ်ငယ်တုန်းက ဖြစ်ချင်ခဲ့တာတွေပေါ့..။ငယ်ငယ်တုန်းက ဆိုပေမယ့် ကလေးဘ၀ကိုမှ ဆိုလိုချင်တာ မဟုတ်ပါဘူး။ဒီနေ့မဟုတ်ရင် မနေ့ကဆိုရင်ပဲငယ်ငယ်တုန်းကလို့ ပြောလို့ရတာပေါ့။ မဟုတ်ဘူးလား။

တချို့မိတ်ဆွေ၊သူငယ်ချင်းတွေဆို ငယ်ငယ်လေးထဲက "ငါကြီးလာရင် ဘာဖြစ်ရမယ်။ ငါ ကတော့ ငယ်ငယ်တုန်းက ဘာဖြစ်ချင်ခဲ့တာ။ခုတော့ ဘာဖြစ်လာတယ်" စသဖြင့် အဲ့လိုမျိုးလေးတွေ ရှိကြတယ်။ ဆုံးဖြတ်ချက်ခိုင်မာပြတ်သားတယ်လို့ သတ်မှတ်ရမလားပဲ။ အဲ့လိုလူတွေကို အားကျမိတယ်။ ကိုယ့်မှာတော့ အဲ့လိုတွေ မရှိခဲ့ဘူး။ အလျင်းသင့်သလို နေထိုင်၊ကြီးပြင်း၊ရှင်သန်၊ဖြစ်ချင်ခဲ့တာချည်းပါပဲ။

အမေရှိတဲ့မြို့လေးမှာတုန်းက ကိုယ်ဖြစ်ချင်ခဲ့တာ စာအုပ်ဆိုင်ပိုင်ရှင် တစ်ယောက်ပေါ့။ စာအုပ်ဆိုင်ပိုင်ရှင် ဆိုပေမယ့် ဖတ်စရာစာအုပ်တွေပဲ ငှားတဲ့၊ရောင်းတဲ့ဆိုင်လား ဆိုတော့ အဲ့လိုလဲ မဟုတ်ပါဘူး။ စာအုပ်ချုပ်၊ ကော်ပီကူး၊ဖိတ်စာရိုက် စတဲ့ စာစီစာရိုက်အလုပ်တွေပါ တွဲလုပ်ချင်သေးတာ။ဈေးရောင်း၊ဈေးဝယ် ကျွမ်းကျင်တဲ့ အမေက သူနဲ့သိပ်မရင်းနှီးတဲ့အလုပ် ဆိုပေမယ့် အဲ့ဒီကလေးဘ၀တုန်းကတည်းက အားပေးရှာပါတယ်။ လုပ်ချင်ရင် သူလုပ်ပေးပါမယ် ပေါ့။ကျောင်းပြီးပြီးချင်း အလုပ်တွေဆက်တိုက်လုပ်ဖြစ်ပြီး ၂ နှစ် လောက်ကြာတော့ အလုပ်လက်မဲ့ဖြစ်နေတုန်း၊ စာတွေအစက ပြန်သင်နေတုန်းက အမေက အဲ့ဒီစိတ်ကူးလေးကို
သတိတရ အစဖော်ပေးရှာတယ်။ ဒါပေမယ့် အဲ့ဒီအချိန်မှာကျတော့ ကိုယ်ဖြစ်ချင်တာက စာအုပ်ဆိုင်ပိုင်ရှင် မဟုတ်တော့ဘူး။

နတ်မောက်မှာအလုပ်သွားလုပ်နေတုန်းက အလုပ်အတူတွဲလုပ်ရတဲ့ အင်ဂျင်နီယာ အကိုတစ်ယောက်နဲ့ ကြုံတဲ့ အခါ ဖြစ်ချင်တာတွေက ပြောင်းသွားခဲ့ပြန်ပါတယ်။တကယ်တမ်း ကိုယ်လုပ်ရမယ့်အလုပ်က လူတွေ ရှေ့ရပ်၊ ဟိုဟိုဒီဒီပြော... ပေါ့။ဒါပေမယ့် အဲ့ဒါတွေထက် ပိုပြီး စိတ်ဝင်စားတာက အဲ့ဒီအကိုကြီးနဲ့လိုက်ပြီး ရေချိန်တိုင်းတာ၊ ပဋက်ရိုက်၊မြေတိုင်း ..အဲ့လို အလုပ်တွေ။Rain water collecting tank လို့ခေါ်တဲ့ ပုံသဏ္ဍန်ဝိုင်းဝိုင်းနဲ့ရေလှောင်ကန်တွေ ဆောက်တဲ့နေရာတွေမှာပါ..။ ကိုယ့်တာဝန်ကို ကိုယ်မြန်မြန်ပြီးအောင် လုပ်၊ ပြီးတာနဲ့သူနဲ့သာ လိုက်ကူညီနေမိတာပဲ။ အင်ဂျင်နီယာရယ်လို့ မယ်မယ်ရရဖြစ်ချင်တာမဟုတ်ပေမယ့် အဲ့ဒီအလုပ်တွေကို လုပ်ချင်တာပါ။သူ့လိုမျိုး အဆောက်အဦတစ်ခုကို ကိုယ်တိုင်စိတ်ကူး၊ကိုယ်တိုင် အကောင်အထည်ဖော်၊ ဖြစ်လာသမျှ နောက်ဆက်တွဲပြဿနာတွေကို ကိုယ်တိုင်ခေါင်းခံဖြေရှင်း၊အဲ့လိုမျိုးဘ၀ လေးလဲ ရချင်ခဲ့ဖူးတာပဲ။

မြန်မာပြည်မှာဆို မကြာခဏဆိုသလို ခရီးထွက်ဖြစ်ပါတယ်။ရန်ကုန်ကနေ ကိုယ့်အိမ်ကိုယ်ပြန်တာလဲ ခရီး ထွက်တာပါပဲ။ နောက် အတူနေတဲ့သူငယ်ချင်းရဲ့ မွန်ပြည်နယ်ကိုလဲ မကြာခဏ လိုက်လည်ဖြစ်ပါတယ်။ နတ်မောက်-ရန်ကုန် ကူးချည်သန်းချည်လုပ်တာကလဲ အခေါက်ပေါင်းမနည်းပါဘူး။ အဲ့ဒီလို ခရီးတွေသွားတိုင်း
ဟိုက်ဝေးကားမောင်းဆရာ ဖြစ်ချင်မိတယ်။ လူစီးကားမဟုတ်။ ကုန်တင်ကားတွေ မောင်းချင်တာပါ။ ဟိုက်ဝေးကား အတော်များများက ကားအကောင်းတွေများသလို၊မီးရောင်လှလှတွေလဲ ဆင်ထားကြတော့.. ကားတွေဟာ တစ်စီးကို တစ်စီးစောင့်ပြီးမှ မောင်းကြတဲ့အခါ ကားရဲ့ဦးခေါင်းပိုင်းမှာရှိတဲ့ မြတ်စွာဘုရား ပုံတော်လေးတွေက အစီအရီ...နဲ့။အင်မတန်မှ ကြည့်လို့အဆင်ပြေပါတယ်။ ကားရဲ့ ဘယ်ညာ တစ်ဖက်တစ်ချက်စီမှာ အလှဆင်ထားတဲ့မီးတွေကျတော့ သူတို့ဘာနဲ့လုပ်သလဲ သေချာမသိပေမယ့် အဲ့ဒီ မီးခွက်လေးတွေဟာ ရန်ကုန်က တချို့လက်ဘက်ရည်ဆိုင်တွေက အကြမ်းခွက်လေးတွေနဲ့ အင်မတန် တူပါတယ်။ အမှတ်တမဲ့ဆိုရင် အကြမ်းခွက်လေးတွေကို ဆေးရောင်အမျိုးမျိုးသုတ်ပြီး တပ်ထားသလားတောင် ထင်ရပါတယ်။ မီးရောင်စုံနဲ့ အဲ့လိုဟိုင်းဝေးကားကြီးတွေကို စိတ်ကူးနဲ့ မောင်းကြည့်ဖူးရဲ့..။

အခုလောလောဆယ်၊ မနေ့က သို့မဟုတ် ဒီနေ့မနက်ကအထိဖြစ်ချင်ခဲ့တာတော့ လူနဲ့သူနဲ့တူတဲ့အစိုးရတစ်ခုရဲ့ ၀န်ထမ်းတစ်ယောက် ဖြစ်ချင်နေမိတယ်။ စာပို့သမားလေးတစ်ဦးအဖြစ် ဘ၀ကို ရပ်တည်ချင်မိတယ်။ အစိုးရက ပေးထားမယ့် စက်ဘီးလေးရဲ့ ရှေ့ခြင်းထဲမှာ စာတွေထည့်၊ အိတ်ကလေးတစ်လုံးလွယ်ပြီး ကိုယ်တာဝန်ကျတဲ့ ရပ်ကွက်၊ကျေးရွာအနှံ့ စာလေးတွေ လိုက်ပြီးဝေငှရရင် ဘယ်လောက်များကြည်နူးစရာ ကောင်းလိုက်မလဲ။ စာမျှော်နေတဲ့လူတွေဆိုတာ များသောအားဖြင့် ကိုယ့်နာမည်နဲ့လိပ်စာတပ်ထားတဲ့ စာလေးတွေရတဲ့အခါ ပျော်ရွှင်ကြတာပဲ မဟုတ်လား။ ဒီလိုသာဆို.. နှစ်ဦးနှစ်ဘက် အကျိုးရှိမယ့် အလုပ်ပေါ့..။

ဒီလောက်နဲ့ပဲ တော်သင့်ပြီ ထင်ပါရဲ့လေ။ ဖြစ်ချင်တာတွေသာ စိတ်ရှိတဲ့အတိုင်း ရေးရရင် ဖတ်သူတွေ မျက်စိညောင်းမှာ စိုးမိပါရဲ့...။ စကားမစပ်တာကို စပ်ပြီးပြောရရင် အကိုအမတွေ၊သူငယ်ချင်းတွေရဲ့ ဖြစ်ချင်ခဲ့ဖူးတာတွေအကြောင်း သိချင်မိပါတယ်။ ပြောပြကြပါဦး..။

၁။ သူငယ်ချင်း မောင်မျိုး
၂။ ဦးလင်းဒီပ
၃။ ဒေါ်ဂျူနီယာ
၎။ နံရိုးလေးဖု နေတဲ့ ညီမလေး ညီညီ

(ကိုယ်တပ်ချင်တဲ့ ခေါင်းစဉ်တပ်ကြပါ။မယ်ရာက ထုံးစံအတိုင်း ခေါင်းစဉ်ပေးညံ့တော့ အဲ့ဒီခေါင်းစဉ်အတိုင်း ရေးပေးစေချင်တယ် မဟုတ်ရ..း) )

Tuesday, October 26, 2010

သူ့မှာ အဲ့ဒီမြို့ကလေး ရှိခဲ့ဖူးတယ်

ထန်းလက်ကုလားထိုင်လေးပေါ်မှာ သေချာကျနစွာ၊ခြေထောက်ကို ဟန်ပါပါချိတ်ကာထိုင်ပြီး လွန်ခဲ့တဲ့တစ်လ လောက်ဆီက အဖြစ်အပျက်များကို သူ ပြန်စဉ်းစားနေမိသည်။

+++++++

သူသည် အရင်ကအိမ်ကို ခင်တွယ်တတ်သူ မဟုတ်သော်လည်း ယခုတော့ အိမ်ကိုခင်တွယ်တတ်နေပြီ ဖြစ်သည်။ အိမ်ဆိုတာထက် သူနေထိုင်ရာ.. ဒီအခန်း ကျဉ်းကျဉ်း၊မှောင်မှောင်လေးကို သဘောကျနေမိပြီ ဖြစ်သည်။

အခန်းက ၁၀ ပေ ပတ်လည် အကျယ်အ၀န်းရှိသည်။ အခန်းနံရံများသည် ထူထည်းလွန်းသည်။ အပြင်မှာ စစ်ဖြစ် နေရင်တောင် အထဲကမကြားနိုင်ဘူးဟု သူညွှန်းချင်ပါသည်။ နံရံများထူထည်းသော်လည် အခန်း၏ဒေါင့်များတွင် အက်ကွဲကြောင်းများရှိပါသည်။တခါတရံ မနက်ခင်းများတွင် အဲ့ဒီအက်ကွဲကြောင်းတွေထဲမှ ကင်းမြီးကောက် မြီးကောင်ပေါက်ကြီးများ ထွက်ချလာတတ်သည်။ထို့အပြင် အိမ်မြှောင်လည်း အလွန်ပေါများသော အခန်းဖြစ် သည်။ ပင့်ကူ၊အိမ်မြှောင်၊ကင်းမြီးကောက်၊တခါတရံ မြွေပေါက်စလေးများ ၀င်ဝင်လာတတ်သေးသည်။ သူတို့လဲ အမှောင်ကို နှစ်သက်ကြပုံ ရပါသည်။ သူသည်လဲ အလင်းကို လုံလောက်စွာ မရနိုင်သေးသရွေ့ မှောင်နေရတာ ကိုသာ နှစ်သက်မြတ်နိုးချင်သူ ဖြစ်သည်။

မြို့ကြီးပြကြီးမှာတုန်းကလို တစ်ကမ္ဘာလုံးနဲ့ဆက်သွယ်ရန် ကွန်ပြူတာ၊အင်တာနက် ဆက်သွယ်ရေး နဲ့ လျှပ်စစ်မီး.. စသည့် လိုအပ်ချက်များနဲ့ ကင်းကင်းရှင်းရှင်းနေနိုင်ပါသည်။ တစ်ကမ္ဘာလုံးအကြောင်းကိုသိဖို့ရာ.. တကယ့် လက်တွေ့မှာ အဲ့ဒါတွေ သိပ်မလိုအပ်လှပါ။ နယ်ရှင်နယ်ဓာတ်ခဲအကြီး ၂ လုံးနှင့် အသံအောင်သော ရေဒီယို တစ်လုံးရှိပါက တစ်ကမ္ဘာလုံးအကြောင်းသာမက ကိုယ့်နိုင်ငံအကြောင်းကို ကိုယ့်ဘာသာစကားနှင့်ကိုယ် သေချာ ကျနစွာ နားထောင်နိုင်ပါသည်။ ဓာတ်ခဲ ၂ လုံးကို ၁ လလောက်ဖြင့် သုံးစွဲနိုင်ပါသည်။

ယခုထိုင်နေတဲ့ ထန်းလက်ကုလားထိုင်လေးကို ကန်ပြားရွာမှ ၀ယ်လာခဲ့သည်။ပူပြင်းသော အညာနွေကို အံတုရန် အလွန်အဆင်ပြေသည်။ခုံးခုံးခုခု ထန်းလက်လေးတွေက တစ်ပတ်လုံးညောင်းညာ ကိုက်ခဲမှုကို အသင့်အတင့် ပြေလျော့စေပါသည်။

လက်ထဲမှ စီးကရက်ကို အားပါးတရ ဖွာရှိုက်လိုက်မိပါသည်။ အနည်းငယ်ခါးသက်သက်ဖြစ် နေသည်။ သူသောက် နေကျ စီးကရက်အမျိုးအစားနဲ့ မတူပါ။ သူသောက်နေကျစီးကရက်မှာ အရင်ဆုံး ပူသောအရသာကို ပေးပါသည်။ နောက်တော့ အေးမြပါသည်။ နောက်တော့ ခံတွင်းထဲမှာ ချိုချိုခါးခါးအရသာကို ကျန်ခဲ့စေပါသည်။ ဒီမြို့လေးမှာ ထိုစီးကရက်အမျိုးအစား မရနိုင်သည့်အတွက် ယခုလို ဖင်စည်ခံအနီရောင်ရှိသော စီးကရက်နှင့်သာ သူ့ချဉ်ခြင်း အား ပြေပျောက်စေရပါသည်။

စီးကရက်ကောင်းကောင်းမရှိပေမယ့် လက်ဘက်ရည်ကောင်းကောင်းတော့ ရရှိနိုင်ပါသည်။ ထို့ထက်ပိုပြီး သူ့အတွက် ကံကောင်းစေတာက ထိုလက်ဘက်ရည် ကောင်းကောင်းရသော ဆိုင်မှာ သူနေထိုင်ရာအခန်း ကျဉ်းကျဉ်း၊ မှောင်မှောင်လေးရဲ့ အရှေ့တည့်တည့်မှာ ရှိသည်။ လက်ဘက်ရည်ဆိုင် နာမည်မှာ စတူဒီယိုခေတ်ဦး အဆိုတော်အမျိုးသမီးတစ်ဦး၏ နာမည်ဖြစ်သည်။ ဆိုင်ပိုင်ရှင်စုံတွဲမှာ သီချင်းဝါသနာကြီးသူချင်း သံယောဇဉ်ကြိုး ငြိခဲ့ကြသူတွေ ဖြစ်သည်။ တစ်မိသားစုလုံး ထိုစဉ်ကသူကြိုက်ခဲ့ဖူးသော ဘောလုံးအသင်းကိုသာ ရူးသွပ်စွာ အားပေးကြသည်။ ထို့ကြောင့် ဘောလုံးပွဲရှိသောညများတွင် လက်ဘက်ရည်ဆိုင်မှာ ထိုင်ခုံမရ၊စားပွဲမရ ဖြစ်မှာ မပူပင်ရပါ။ အရောင်တူသူချင်း ရန်မဖြစ်ဘဲ ဖေးမကြင်နာမှုထားတတ်ကြသူတွေ ဖြစ်သည်။

အဲ့ဒီမြို့လေးမှာ ထူးခြားသော အရူးသုံးယောက်ရှိသည်။ "အရူးတွေဆိုတာ ဥာဏ်ရည်မြင့်မား လို့ အရူးဖြစ်တာ" လို့ သူပြောတဲ့အခါ သူ့အလုပ်မှ လုပ်ဖော်ကိုင်ဖက်များရော သူ့မိတ်ဆွေတချို့ကပါ သူ့ကိုရယ်မောတာ ခံရဖူးပါသည်။ အဲ့ဒီလူတွေကို ဆက်လက်ရှင်းမပြလိုတော့သည့်အတွက် သူတို့ကွယ်ရာမှာ သူတို့ကို ရယ်မောခဲ့ပါသည်။

++++++

လွန်ခဲ့သော တစ်လခန့်ဆီက.. အဲ့ဒီမြို့ကို သူရောက်တာ ၂ ရက်ရှိပြီဖြစ်သည်။ နေစရာနေရာရှာလို့မရသေး။ စိုးရိမ် ပူပန်မှု အလျင်းမျှမရှိဘဲ နေစရာရှာမရလျင် ရန်ကုန်ပြန်ရုံပဲ ဟုသူတွေးခဲ့ဖူးပါသည်။...။
ယခုတော့ သူ နေစရာလဲရ၊ နားထောင်စရာလဲရှိ၊စားစရာကြွယ်ဝသည့်အပြင် သူနှစ်သက်တဲ့ အခန်းကျဉ်းကျဉ်း၊ မှောင်မှောင်လေးရှိသည့် ဒီမြို့လေးကို ခွဲခွာဖို့အရေးက သူ့ကို အတွေးများစေပြီ ဖြစ်သည်။


Monday, October 25, 2010

မွေးနေ့ အတွေး

လွန်ခဲ့တဲ့ ၁ နှစ်ကျော်ကရိုက်ခဲ့တဲ့ ဓာတ်ပုံထဲကလူက ကိုယ်မဟုတ်တဲ့ သူစိမ်းတယောက်ပါ။...။

ကုန်ခဲ့တဲ့တနှစ်လုံး အရွေ့တွေများတယ်။လူ၊နေထိုင်ရှင်သန်ရာဝန်းကျင်၊နှလုံးသားခံစားမှု။ပြီးတော့ အဓိပ္ပါယ်ရှိ လာတယ်။အရောင်ပိုစုံလာတဲ့ ပန်းချီကားတစ်ချပ်ကို ပြန်ကြည့်နေရသလို။

ပြန်တွေးကြည့်တော့ လျှောက်ခဲ့တဲ့လမ်းက ရှည်လျားမယောင်နဲ့ တိုတောင်းလွန်းလှတယ်။လုပ်ချင်တဲ့အလုပ် တွေ၊ ဘ၀နေထိုင်မှုပုံစံ..စတာတွေ ကိုယ့်ဆန္ဒရှိသလောက် မလုပ်နိုင်သေး၊မနေနိုင်သေးဘူး။
အသက် ၂၁ ကနေ ၂၃ နှစ်အထိမှာ ကုသိုလ်လဲရ ၀မ်းလဲဝ ...လုပ်နိုင်ခဲ့တယ်။ အဲ့ဒီနောက်ပိုင်း ကိုယ့်အတွက်သာ ရှာဖွေစုဆောင်းနေခဲ့မိ။

တနေ့ထက်တနေ့ တိုးလို့သာ လာတာတွေက အတ္တများ။
လူ့အသိုင်းအ၀ိုင်းနဲ့ အဆင်ပြေ၊ဆီလျော်အောင် တည့်မတ်နေထိုင်ရင်းက အနီးအနားမှာရှိတဲ့ ကိုယ်ချစ်တဲ့၊ ကိုယ့်ကို ချစ်တဲ့လူတွေ အပေါ်မှာ.. မသိမသာ ဒါမှမဟုတ်လဲ သိသိသာသာ.. ဆိုး ဆိုးလာနေမိတယ်။ ဆိုးရွားစွာ ပြုမူနေထိုင် လာမိတယ်။ဒီအကျင့်က မကောင်းဘူးဆိုတာ သိသိကြီးနဲ့ တည့်မတ်မရနိုင်သေးဘူး။

"မအောင်မြင်တဲ့ ဘောလုံးအသင်းဟာ ငါ့မိသားစုပဲ...
မဝင်တဲ့ ဂိုးတွေကို...ငါသွင်းခဲ့တာ "
(စိုင်းဝင်းမြင့်)..
မိသားစုအကြောင်းတွေးရင် ဒီကဗျာလေးပဲ ပြေးပြေးသတိရမိတယ်။...။
ကိုယ်က စကေးလ်ကောင်းတဲ့ ဘောလုံးသမားမဖြစ်ခဲ့တာလား၊ဒါမှမဟုတ် စကေးလ်တော့ ကောင်းပါရဲ့ သက်လုံ မကောင်းခဲ့တာလား။...။ ခုချိန်ထိတော့ မိသားစုနဲ့ပတ်သက်ရင် ဂိုးတွေ ၀င်အောင်မသွင်းနိုင်သေးဘူး။

"ပြောင်းလဲခြင်းတရားကို စိုးရိမ်နေသူလေး" လို့ သီချင်းပဲ တိုးတိုးလေးညည်းမိတယ်။
ဘာပဲဖြစ်ဖြစ်.. ဒီနေ့မှာ ဒီလောက်လေးတော့ တွေးနိုင်သေးတဲ့အတွက် ကိုယ့်ဘာသာကိုယ်ပဲ ကျေနပ်ရမလို..။

မှတ်ချက်။ ။ ဖဘမှာရော ဘလော့မှာပါ မွေးနေ့ဆုတောင်းပေးသူများအားလုံးကို ကျေးဇူး။

Friday, October 22, 2010

သီတင်းကျွတ်ညလေး တစ်ည

ရောက်နေတဲ့ အရပ်ဒေသမှာတော့ တခြားတနေရာဆီက မီးခိုးမှိုင်းလုံးတွေကြောင့် နေကုန် ဝေေ၀၀ါးဝါးဖြစ်နေခဲ့ တာ ဒီနေ့နဲ့ပါဆို သုံးရက်ရှိခဲ့ပြီ။မနေ့တုန်းက မိုးတွေတအားရွာနေခဲ့ပြီး ဒီနေ့တော့ နေအလင်းရောင်မြင်ရတယ်။

မွေးရပ်မြေဆီက မုန်တိုင်းသတင်းတွေဖတ်ရ၊ကြားရတယ်။ စိုးရိမ်မိတယ်ဆိုတာထက် မည်ရွေ့မည်မျှ မစွမ်းသာ။ သဘာဝဘေးအန္တရာယ်ကို မွေးရာပါယဉ်းပါးခဲ့သူတွေအတွက် ကိုယ်တွေလို ကမ္ဘာ့ကွန်ယက်ပေါ်တက်ပြီး ရှာဖွေဖတ်မှ သူတို့သိမှာမဟုတ်ဘူး။ ကောင်းကင်မော့ကြည့်ပြီး၊သို့မဟုတ် အိမ်ရှေ့အုန်းပင်က ငှက်သိုက်လေး တွေ အခြေအနေကြည့်ပြီး၊ဒါမှမဟုတ်လဲ မိုးဦးကျတုန်းထဲက သရက်ပင်က သရက်ပွင့်တွေ၊သရက်ကင်းတွေ ဖူးငုံပွင့်တဲ့ အဆင့်ဆင့်ကို ကြည့်ပြီး သူတို့က သိနှင့်ပြီးသားဖြစ်မှာပါ..။

ကိုယ်ကသာ ဒီကနေ တွေးပူနေတာ။ တွေးပူနေပြီး တယ်လီဖုန်းလေးတချက်တောင် ဆက်လားဆိုတော့လဲ မဆက်ဖြစ်ပါဘူး။ သူတို့သိပြီးသားမို့ ထူးပြီး မပြောနေချင်တော့။နောက်ပြီးတော့ ဒီနေ့မှာမို့ ပိုလို့ပင်မဆက်ချင် ဖြစ်နေမိတာပါ။ ဒီနေ့မှာမို့ သူတို့ဆီမှာ မိုးမရွာဖို့ဆုတောင်းပေးနေမိပါတယ်။မိုးဖျက်လို့ သူတို့ပွဲတော်ကြီး မပျက်စီးပါစေနဲ့ လို့.. ။

+++++++

ဒီအချိန်ဆို သူတို့ ပျော်ကြလေပြီပေါ့လေ..။တအိမ်နဲ့ တအိမ်...အော်ဟစ်မေးကြလို့...။
"နင်တို့က ဘာမုန့်လဲ.."
"အေး ငါတို့အိမ်ကတော့ မုန့်ဟင်းခါး.."
"ဟုတ်တယ်။ မွဌေး တို့အိမ်က သာကူ တဲ့..."
အဲ့လိုအသံတွေ ညံစီနေမှာပေါ့...။

"သူတို့အိမ်က ဘယ်နှစ်မဲ ယူတာလဲ.."
"အိုးအေ... ဒီလောက်ချမ်းသာပြီး ငါးမဲ ထဲယူရသလား..."... "ကုတ်ကို ကုတ်ကပ်တာအေ့..."

အသံများ နားထဲမှာ ပဲ့တင်ထပ်လို့နေတယ်..။ ဒါက အမျိုးသမီးတွေဆီက အသံပေါ့။

အမျိုးသားငယ်တွေဆီက အသံများကျတော့....

"အေးသာရေ...အေးသာရေ...ကောက်ရိုးပုံဟေ့... " လို့ အချိန်းအချက် လုပ်တဲ့သူက လုပ်..။
အဲ့ဒီသီချင်းကို ဟင်္သာတထွန်းရင် ဆိုထားတာ။ သီတင်းကျွတ်ရင် ကိုယ်တို့ရွာမှာ ဖွင့်နေကျ သီချင်းပေါ့...။
"၀ါကျွတ်ပြီ..ချစ်ရယ် သက်ရယ်.. သီတင်းကျွတ်ခဲ့ပြီကွယ်..သီတင်းကျွတ်ခဲ့ပြီကွယ်...အော် အချစ်..."
"မီးပုံးလေးတွေ ကိုယ်စီကိုယ်ငှာ ထွန်းကြမယ်ကွယ်...ကိုယ့်ရဲ့အချစ်က ဆရာမရှိပါကွယ်..၀ါကျွတ်ချစ်သူ တယောက်ထဲ အချစ်ရယ်...မောင့်ငယ်ကျွမ်း..ဆွေ..." စသဖြင့်... တီးတိုး ပိုးပန်း....။

"လေပြေမလှုပ်ပါဘဲ ခန်းစီးရွှေဝါ သူလာလှုပ်ပါလို့..မင်း ကျွန်ုပ်ကိုလှောင်သလား အချစ်ရယ်...ငုတ်တုတ်မိုးလင်း လို့..စောင့်နေသူ..ကျုပ်အား..ပျက်ရယ်ပြုသလား.." လို့ စိမ်းကားလေသူ မမများကို..စောင်းလို့ ချိတ်လို့...။

အိုး...ကြည့်စမ်းပါဦး..။ဒီသီချင်းတွေအတော်များများကို ကိုယ်ခုထိမှတ်မိနေတုန်းပါလား..။ဟုတ်ပါရဲ့လေ..။ကိုယ် မှတ်မိနေခဲ့တာ သီချင်းလေးတွေချည်းပဲမှ မဟုတ်တာ...။

+++++++

ကလေးတွေ...သူတို့လေးတွေ မပါရင် ဒီသတင်းကျွတ်ပွဲတော်ကြီးက ဘယ်လိုမှ မစည်ကား၊မသိုက်မြိုက် နိုင်ပါဘူး။နိဗ္ဗာန်ဈေးပွဲတော်ကို အသေအချာပါဝင်ဆင်နွှဲမယ့် ပရိတ်သတ်လေးများပေါ့။

နေ့လည်နေ့ခင်းထဲက လူကြီးတွေပြောနေ၊ဆိုနေကြတဲ့ စကားတွေထဲကနေ ဘယ်သူ့အိမ်က ဘယ်မုန့် နဲ့ နိဗ္ဗာန်ဈေးလှူမယ် ဆိုတာ ကြိုတင်သတင်းရပြီးသား။ ညနေရောက်လို့ မဲတိုးတဲ့အခါ အဲ့ဒီအိမ်တွေရဲ့ မဲနာပါတ်တွေ ရပါစေလို့ ဆုတောင်းရတာ ဘုရားစာတွေလဲ အရှေ့ရောက်၊အနောက်ရောက်နဲ့။

++++++

တခုသော သီတင်းကျွတ်ရာသီ..။အဲ့သည်နေ့တုန်းက တနေ့လုံးမိုးတွေသည်းသည်းမဲမဲ ရွာနေခဲ့ပြီးမှ သူတို့တွေ မဲတိုးခါနီးမှ မိုးက စဲပေးထားသယောင်..။
မျှော်လင့်ထားသလိုဖြစ်မလာတတ်တာ ဘ၀ကြီးတခုလုံးနဲ့ချီမှ မဟုတ်ပါဘူး။သီတင်းကျွတ်လဆန်း ၁၄ ရက် ည၊ တောရွာလေးတရွာရဲ့ နိဗ္ဗာန်ဈေးပွဲမှာကို ရှိခဲ့ဖူးတတ်တာရယ်။

တနေလုံး အမျှော်ကြီးမျှော်ခဲ့သမျှ ညရောက်လို့ မဲတိုးကြတဲ့အခါ.. အသံချဲ့စက်သံ ဆူဆူညံညံကြားမှာ ချွေးတလုံးလုံးနဲ့ ကလေးတွေ၊ကလေးမက၊လူကြီးမကျတွေ... အစုလိုက်အပြုံလိုက်၊ဆဲလို့ဆိုလို့၊ရန်တွေဖြစ်လား ဖြစ်လို့...။အပင်ပန်းခံပြီး ရလာတော့ မဲလိပ်လေး နှစ်ခု။

၁ မိုင် မရှိတရှိရှည်လျားတဲ့ ရွာလေးတလျှောက် တောင်ဘက်ပြေးလိုက် မြောက်ဘက် ပြေးလိုက်နဲ့..။နောက်ဆုံး ရလာတော့ ထန်းလျက်ယိုလေး ၂ ပြား...။အဲ့လိုလေးတွေလဲ ရှိတာပေါ့။ ညအမှောင်ကြီးစိုးလာတဲ့အချိန် ရောက်တဲ့အထိ အပင်ပန်းခံရှာဖွေခဲ့ပေမယ့် တစ်မဲ ပဲရှာလို့ရသေးတယ်။ သူများတကာတွေ ခေါက်ဆွဲကြော်ထုပ်တွေ၊ မုန့်ဟင်းခါးအထုပ်တွေ သယ်သွားတဲ့အချိန်... သူက သူတို့ထန်းလျက်ယိုလေးတွေကို ဘောင်းဘီသားရေကြိုးကြားထဲ မသိမသာလေး လိပ်ထည့်လို့...။ သီတင်းကျွတ်ညရဲ့ လမင်းကြီးကတော့ သူ့ကို ခပ်ပြုံးပြုံးလေးနဲ့သာ ငုံ့ကြည့်နေခဲ့တာ။

အမေက ပြန်လာခဲ့ဖို့ အော်ခေါ်နေပြီမို့..လက်ထဲက လက်ကျန်မဲလိပ်လေးတခုကို ရှပ်အင်္ကျီအိတ်လေးထဲ ထိုးထည့်မိတယ်။ တကယ်တော့ ဒီမဲလိပ်နာပါတ်ရှိတဲ့ အိမ်ကို ဒီညအပြီးရှာရမှာ။ရှာပြီး ဘာမုန့်ရရ အရယူရမှာ။ မနက်ဖန်ဆို ဒီမဲလိပ်က ဘာမှသုံးလို့မရတော့ဘူး။ဘယ်နေရာမှာမှ မုန့်နဲ့လဲစားလို့ မရနိုင်တော့တဲ့ စက္ကူရွက် တစ်ရွက် ဖြစ်သွားတော့မှာ။အမေ ကလဲ ခက်ပါ့...။

ခြေထောက်မှာ တွယ်ကပ်နေတဲ့ ကျွတ်တွေကို ခြေဆေးရင်း ခွာချနေမိတယ်။ သူတို့တွေ သွေးစုပ်သွားခဲ့တဲ့နေရာ တွေက နာနေပေမယ့် နာဖို့ သတိမရ..ဘာကို ၀မ်းနည်းမှန်းမသိ။ခေါက်ဆွဲကြော်ထုပ်တွေ၊မုန့်ဟင်းခါးထုပ်တွေ၊ သာကူထုပ်လေးတွေ... အဲ့ဒါတွေများ လိုချင်လို့လား။ ဒီလိုလဲ မဟုတ်ဘူး။ကိုယ်တို့အိမ်မှာက နှစ်တိုင်း မုန့်ဟင်းခါး လုပ်တာပဲ...။ ဒါပေမယ့် ဘာကြောင့်မှန်း မသိပါဘူးကွယ်..။အိုး... ကြေကြေကွဲကွဲ ရှိလိုက်တာ။....။

++++++

"ဘုရားထဲ ဆီမီးသွားထွန်းကြရအောင် သမီး " လို့ အမေခေါ်တော့...စိတ်က သိပ်မပါချင်..။
အနွေးထည်လေးတစ်ထည် ကောက်ယူလိုက်ပြီး အမေ့နောက်က လိုက်လာမိတယ်။ကိုယ့်လက်ကို ခပ်နွေးနွေး အရာတခု လာထိတယ်။ ပြီးတော့ အိခနဲ...။ ရခိုင်မုန့်တီ အထုပ်လေးတစ်ထုပ်။ နောက်လှည့်ကြည့်လိုက်တော့... ချာကနဲ ထွက်ပြေးသွားတဲ့ သူ...။ ကြည့်ဦး ...ဒီလောက်ရွှံ့တွေဗွက်တွေထဲမှာ ပုဆိုးခြေမူးထိုး နဲ့....။

+++++++

အပြင်မှာ မိုးတွေသည်းလို့နေပြီ...။ နံဘေးနားက သူငယ်ချင်းတယောက်က ရှင်ငြိမ်နေလို့ မိုးရွာတာလို့ ပြောသည်။ ကိုယ် သူ့ကို ပြန်ပြီးပြုံးပြလိုက်မိသလား...။ ကိုယ်ပြုံးပြလိုက်တာ သူငယ်ချင်းမ ကိုမှဟုတ်ရဲ့လား...။

ပြုံးမိနေတုန်းအခိုက်မှာ ကိုယ့်နှလုံးသွေးတွေ နွေးလာတယ်။အတိတ်တို့က ကိုယ့်ကို ခြောက်လှန့်ဆဲ၊နှလုံးသား ထဲမှာ နေရာယူလို့ကောင်းဆဲ...။ ဒီတခေါက်ပြန်ရင်တော့ သူ့သမီးလေးကို ပွေ့ချီနမ်းရှုံ့ပစ်လိုက်ဖို့ စိတ်ကူးထားမိတယ်။

+++++++

Monday, October 04, 2010

အာသီသ

မိုးလင်းမိုးချုပ်
စုံးစုံးမြုပ်ကဲ့...၊
နေ၀င်မီးငြိမ်း ဘ၀များ။

ဆာလောင်မှုနောက် လိုက်ရင်းက
ငတ်သည်ထက် ငတ်လို့လာ...
မေတ္တာမိုးခေါင်ရေရှားအရပ်
လက်တစ်ဖက် ကမ်းပေးဖို့ရာ
အရင်ဆုံး နှလုံးသားလေးကို ယပ်ခပ်ပေးကြပါဦးစို့ရဲ့..။

ခေါင်မိုးမလုံတဲ့ အိမ်အိုကြီးရဲ့ အမိုးကလေးအောက်
ဆူးပြိုင်းပြိုင်းထနေတဲ့ ထနောင်းပင်အိုလေးရဲ့ အရိပ်လေးအောက်...
တစ်ခေါက်တစ်ကျင်းတော့ နားခိုပါရစေ..မေမေ...။....။

m!rror
4.10.2010

Friday, September 24, 2010

အပြောင်းအလဲ နာရီများ

အခန်းအပြင်က မိုးရေစက်တွေကိုကြည့်ပြီး ဒီတနေ့စာကုန်လွန်ခဲ့ပြီးတဲ့နာရီတွေထဲကနေ အချို့နာရီတွေကို ကျနော် ပြန်နှုတ်ထားချင်မိသလိုဖြစ်လာသည်။ မိုးရေတွေထဲမှာ ကျနော်စိတ်တွေ စိုစွတ်ကုန်တော့သည်။

စိတ်ရောလူပါ အထိုင်ကျစေဖို့ဆို ကဗျာတပုဒ်ကို ဖတ်လိုက်ရင် နေသာသွားမလား။ ဒါမှမဟုတ်လဲ အက်ဆေး တပုဒ်ပေါ့။ သီချင်းတပုဒ်ဆိုလဲ နေသာထိုင်သာရှိ သွားမလား။ဒါနဲ့ ခင်မောင်တိုးတွေချည်းပဲ နားထောင်နေမိ သည်။
"ဝေးခဲ့ပြီ..ပန်းခရမ်းပြာရေ.... .. ဝေးခဲ့ပြီ... ပန်းခရမ်းပြာရေ......"
ဟူးး.... ထွက်လာသမျှ ဘာလို့များ ဝေးကွာခြင်းသီအိုရီတွေထဲက ရုန်းမထွက်နိုင်တဲ့သီချင်း တွေဖြစ်နေရသလဲ...။ ထို့ထက်ပိုတာကတော့ ဘာကြောင့် ပန်းခရမ်းပြာဖြစ်နေရသလဲ...။
ကျနော့်မှာလဲ ဒီနေ့နေ့လည်တုန်းက ခြေဆောင့် စိတ်ကောက်ပြီး ထွက်သွားတဲ့ ခရမ်းရောင်ပန်းကလေး တစ်ပွင့်ရှိသည်..။

+++++

"ကျမ မျက်စိရှေ့က ရှင်ထွက်သွားစမ်းပါ... " ပြောပြောဆိုဆို ကျနော့်ရှပ်အင်္ကျီစကိုဆွဲပြီး
"လာ ကျမ တံခါးလိုက်ဖွင့်ပေးမယ် " အဲ့လိုပြောလိုက်တဲ့အချိန်မှာ ကျနော့်ခန္ဒာကိုယ်တစ်ခုလုံးက ဒေါသကြောင့် တဆတ်ဆတ် တုန်လို့နေသည်။ကျနော့်လက်တွေကို လက်ပိုက်ထားသလိုမျိုး ချုပ်ထားရသည်။ လက်တွေကို အဲ့လို ချုပ်ထိန်းမထားပါက ကျနော့်ရှေ့က အဲ့ဒီမိန်းမကို တခုခု နာကျင်သွားအောင် လုပ်မိလိမ့်မည်ထင်ပါသည်။

"မင်းက နှင်နေမှတော့ ငါကဘာအကြောင်းကြောင့်မှ ထွက်မသွားစရာ မရှိဘူးဘူးကွ" လို့ပြောပြီး ကျနော်ချာခနဲ လှည့်ထွက်ခဲ့ဖို့ ကောင်းသည်။ဘာလို့ဆို ဒါက သူ့အခန်းဖြစ်နေသည်လေ။ဧည့်သည်ကိုအိမ်ရှင်ကမှ နှင်နေပြီပဲ။ ကျနော်ဘာကြောင့် ထပ်ရှိနေဦးမလဲ...။

သူ့ပုံစံကြည့်ရတာ ကျနော့်ကို သူ့ဘ၀၊သူ့စိတ်၊သူ့နှလုံးသားထဲကနေ ထွက်သွားအောင် မောင်းနှင်ထုတ်နေပုံရပါ သည်။ သူမမျက်လုံးများက ထိုစကားများကိုပြောနေချိန်မှာ နှစ်နှစ်ကာကာ စိတ်ပါလက်ပါ ရှိလှသည်။

++++++

အဖြစ်အပျက်များက လွန်စွာမြန်ဆန်လှသည်မို့ ဘယ်အခိုက်အတန့်မှာ ခုလိုစိတ်ပျက်ညစ်ညူးဖွယ် အခြေအနေကို ရောက်သွားခဲ့လဲ ကျနော် စဉ်းစားလို့မရပါ။
ကျနော်ခန့်မှန်းရသလောက်တော့ ကျနော့်ဆီကို ၀င်လာတဲ့တယ်လီဖုန်းတခုကြောင့် ဖြစ်သည်။ တယ်လီဖုန်း ဆက်တဲ့ကိစ္စရော၊ဆက်တဲ့သူပါ ကျနော့်အတွက် အရေးမကြီးလှသည်မို့ ပေါ့ပေါ့တန်တန်သာ သဘောထား လိုက်ပါသည်။ သူက ဘယ်သူ့ဖုန်းလဲမေးတော့လဲ အမှန်အတိုင်းကျနော်ဖြေခဲ့မိသည်။ဒီမှာကျနော် ကိစ္စတိုင်းမှာ အမှန်အတိုင်းဖြစ်နေဖို့ မလိုဟု သင်ခန်းစာတခုရလိုက်ပါသည်။

အမှန်အတိုင်းပြောပြလိုက်တော့ သူဒေါသူပုန်ထပါသည်။ သူဒေါသက ချက်ချင်းအမြင့်ဆုံးအခြေအနေကို ရောက်နေတာမျိုးမဟုတ်ပဲ တဖြည်းဖြည်းချင်း ဒေါသဒီဂရီက မြင့်တက်လာတာ ဖြစ်သည်။သူ ဒေါသ စထွက်ချိန်မှာ စကားတခွန်းပြောမည်။ကျနော်က ဖြေရှင်းမည်။ ပြောရင်း... သူ့အပြစ်တင်မှုတွေကို ဖြေရှင်းရင်း ဖြေရှင်းရင်းကနေ... ကျနော့်စကားတွေကြားကျနော့်ဘာသာ လှောင်ပိတ်မိ ပြီးထွက်မရတော့...။ အဲ့ဒီအခါမှ သူ့ဒေါသမီးလျှံများက အထွဋ်အထိပ်သို့ရောက်ကာ ဘယ်လိုမှ ငြှိမရ၊နှိုင်းမရတွေ ဖြစ်ကုန်တော့သည်။

++++++

မျက်လုံးကို အစွမ်းကုန်ပြူးထုတ်ထားပြီး အသံကိုအကျယ်ဆုံးထိ မြှင့်တင်ထားသော ထိုမိန်းမကို စိတ်ပျက်လက်ပျက် ကြည့်နေရင်းကပင် သူမရဲ့ အလှကိုကျနော်သတိပြုနေမိသောကြောင့် ကိုယ့်ကိုယ်ကိုသာ ဒေါသဖြစ်မိသည်။
ပါးလျလျနှုတ်ခမ်းတွေက ရေဓာတ်ခမ်းခြောက်လို့ အဖြူဖတ်လေးတွေလန်နေသေးသည်။ ကျနော့်ဆီ ဖုန်းတခုဝင်လာပြီးနောက် သူနဲ့ကျနော်ကတောက်ကဆတ်ဖြစ်ကြတဲ့အချိန်က သူမအပြင်သွားဖို့ အလှပြင် နေချိန်မို့ မိတ်ကပ်လူးလက်စ သူမမျက်နှာက ကြည်လင်လို့နေသည်။ ခေါင်းလျှော်ထားတဲ့ဆံပင်တွေက စိုနေတုန်းပေမယ့် ငယ်ထိပ်နားတ၀ိုက်က ဆံပင်တွေတော့ ခြောက်နေပြီ။

လွန်ခဲ့တဲ့ ဆယ်ငါးမိနစ်လောက်တုန်းက "မောင်..ကျမဆံပင်တွေကို စက်ဆွဲပေးဦးနော်" လို့ ကျနော့်ကို ပြောခဲ့တာ သူမမှ ဟုတ်ပါလေစ လို့ ကျနော် ကပျာကယာတွေးမိသည်။ သေးသေးလေးပေမယ့် ထိပ်ကလေးမှာ လုံးနေတဲ့ သူမနှာခေါင်းကို ဖြတ်ကနဲ လိမ်ဆွဲပြီး ကျနော့်ရင်ခွင်ထဲဆွဲထည့်ထားဖို့ စိတ်ကူးမိသည်။မဖြစ်နိုင်ပါ။ ကျနော်သူ့ကို ဆွဲဖက်လိုက်ရင် သူမက ကျနော့်ကို ကုတ်ဖဲ့ရိုက်ပုတ် မလုပ်ဘူးလို့ ပြောနိုင်ပါ့မလား...။ သူမအဲ့လိုလုပ်လာရင် ကျနော်ကရော စိတ်ကို ထိန်းထားနိုင်ပါ့မလား။

++++++

သို့နှင့်ပင် ကျနော်ထွက်လာခဲ့သည်။ဘယ်လောက်အတိုင်းတာထိ ထွက်သွားခိုင်းမှန်း ကျနော်မသိသော်ငြား ကျနော်ခြေလှမ်းများက သူ့ဘ၀ထဲကနေ ထွက်သွားနေတာဖြစ်သည်။ကျနော် အဲ့ဒီမိန်းမကို လည်ပြန်တောင် ငဲ့မကြည့်ချင်တော့ပါ...။

စိတ်သည် ထူးဆန်းပေစွ...။

+++++

ဆေးလိပ်မီးကို ရဲကနဲ ရဲကနဲ နေအောင် ကျနော်ဖွာလိုက်သည်။ မိုးတွေက အပြင်မှာ သည်းသည်းထန်ထန်...။ ကျနော်တို့ ရန်ဖြစ်ကြတုန်းက သူမက အပြင်သွားမို့လုပ်နေတာ။ထီးမှ ပါသွားရဲ့လား။ သူမ သွားရမယ့် နေရာကိုရော ချောချောမွေ့မွေ့မှ ရောက်ရဲ့လား...။သွားတဲ့ကိစ္စရော အဆင်မှပြေရဲ့လား...။
ကျနော် မိန်းမကြီးတယောက်လို ပူပင်နေမိသည်။

သူ့ဆံပင်စိုစိုတွေကို ရေခြောက်အောင် မသုတ်ပဲ အိပ်ယာထဲဝင်အိပ်နေမလား...။စိတ်ဖိစီးမှုတွေများပြီး ဖြစ်နေတဲ့ ပါးစပ်ထဲက အနာတွေကများ အရမ်းနာနေမလား...။ ဆေးခန်းသွားဖို့ အင်မတန်ပျင်းတဲ့ သူမကို ကျနော်ပဲ ဆေးတွေကို အဆင်ပြေသလို တိုက်နေတာမို့ ခု ဘယ်ဆေးကို သူသောက်မလဲ... ကျနော့်ကိုရွဲ့ပြီး သောက်ရောသောက်ပါ့မလား....။ .....။

++++

လက်ထဲက ဆေးလိပ်ကိုကြည့်လိုက်တော့ အစီခံနားထိ တိုဝင်နေပြီ..။အပြင်ကိုငေးနေမိတဲ့ စိတ်တွေကို အခန်းထဲပြန်ခေါ်ထည့်....နောက်ပြီးတော့ ဆေးလိပ်ကို ဆေးလိပ်ခွက်ထဲ ထိုးခြေပြီး မာန်ဖီနေတဲ့ ခရမ်းရောင်ပန်းပွင့်လေးဆီ ကျနော့်ခြေလှမ်းတွေကို သယ်ဆောင်ခဲ့မိတော့သည်...။

စိတ်သည်ထူးဆန်းပေစွ..။


(မှတ်ချက်...။ နာရီတွေတင် ပြောင်းလဲတာမဟုတ်. ..စာရေးတဲ့သူလဲ ပြောင်းလဲနေတယ်။စက္ကန့်နဲ့အမျှပါပဲ..။
ဇေယျာလင်းစကားနဲ့ပြောရရင် ကိုယ့်အကြောင်းကိုယ်ပြောဖို့တောင် ကိုယ့်ကိုယ်ကိုပြန်ရှာနေရတယ် ဆိုသလို အခိုက်အတန့်ခဏဆိုတော့... စာတွေလဲ မရေးဖြစ်၊ရေးဖြစ်လဲ အရာမထင်။ ဆိုတော့... သည်းခံပြီးဖတ်ကြဗျာ.)



Sunday, September 12, 2010

အလွမ်းသင့် နေ့လည်ခင်း

နေ့လည်နေ့ခင်းမှာ အလွမ်းတွေကို စိတ်ရှည်ရှည်နဲ့ ချည်နှောင်နေခဲ့မိ...။

ရပ်နေရာကနေ ကိုယ့်ခေါင်းပေါ်ကို မော့ကြည့်မိသည်။ဖြတ်သွားတဲ့ ရထားတွေ အစင်းပေါင်းများစွာ။ ၀င်လာလိုက်ကြ ပြန်ထွက် သွားလိုက်ကြ...။တချို့အစင်းတွေက ကိုယ်ထိုင်နေရာဘက်ဆီသို့ ဦးတည်လာကြပြီး တချို့ကကိုယ်နဲ့ ဝေးရာဆီ။ဘယ်လိုပဲဖြစ်ဖြစ် မြင်ကွင်းက လှတော့လှတာပါပဲ...။

ရထားတစင်းက ထွက်ခွာချိန်မှာ...ရထားတစင်းနောက်ထပ် ရောက်လာမယ်... ဆိုတာမျိုးလား...။ခရီးကဖြင့် ဝေးလွန်းလှသည်။

ဖြတ်သန်းကျင်လည်နေရာ ကိုယ့်အသက် ဂယ်ပေါက်ကလေးထဲမှာကျတော့ တချို့လူတွေက ကိုယ့်ဆီလာကြပြီး တချို့ကို ကိုယ်ကထားခဲ့။

ကိုယ်ခုရပ်နားတဲ့ဘူတာအိုလေးမှာရော ဘယ်လောက်ကြာကြာ ရှိနိုင်ပါ့မလဲ။
တွေးမိတဲ့အခိုက် ရင်မခုန်နိုင်တော့ပေမယ့် ထွက်ခွာဖို့အလံစိမ်းထောင်ပြမယ့်အချိန်မှာ ကိုယ့်ဘက်က အသာတကြည် ရှိနေဖို့ပဲ လိုအပ်တာပါ..။

ကိုယ့်ပိုင်ဆိုင်မှုက ကိုယ့်အရှိတရားဖြစ်လို့....ကိုယ်ချစ်ခြင်းမေတ္တာက ကိုယ့်ဥစ္စာဓန ..။ပေးဝေရင်နှီးမိတာကလဲ ချစ်ခြင်း မေတ္တာတရားများသာ။ကိုယ့်မှာ" စိတ် "အကျယ်ကြီးရှိသည်မို့ ချစ်ခြင်းမေတ္တာ အမျိုးအစား အစုံအလင် ရှိသည်။

ကိုယ့်အချစ်က ထိကရုံးပင်လေးတွေနဲ့ တူသည်။လမ်းဘေးစရိုက်ဆန်ပြီး အလေ့ကျကြုံရာနေရာမှာ ရှင်သန် နိုင်သည်။ပြီးတော့ ၀မ်းနည်းလွယ်၊ထိခိုက်လွယ်....ကျိုးလွယ် ကြေလွယ်..။

စိတ်ထဲရွယ်စူးမိတာက ကိုယ်ကနောက်ဆုံးရထားလေးတစီး ဖြစ်ချင်ပြီး သူ့ ဘူတာလေးနားအရောက် ခပ်ကြာကြာလေး ခိုနားနိုင်ဖို့ ....။

Wednesday, August 25, 2010

.....

ဆံပင်တွေ ရှည်ပြန်ပြီ မေမေ..
အုန်းဆီလေး လိမ်းပြီး
ခေါင်းလေးဖြီးပေးပါဦး...။....။

mirror


Monday, August 23, 2010

အရိုးဆုံး စကားလုံးများ

ကျနော်တို့ ချစ်ကြတယ်...။
....။
ပွေ့ဖက်ကြတယ်
နမ်းမွှေးကြတယ်
ရီ(ရယ်)မောကြတယ်
သူ့မျက်ရည်တွေ ကျနော့်ရင်ဘတ်ပေါ် စီးဆင်းတယ်။

စိတ်ချင်းချိတ်ပြီး
အိပ်မက်ကမ္ဘာထဲ ညပေါင်းများစွာ ဖြတ်လျှောက်ကြတယ်။
ကြယ်တွေကို ရေတွက်ကြတယ်...။

ဝေးကွာတယ်။
နီးစပ်တယ်။
သူက ကျနော့်ကို နှင်လွှတ်ခဲ့တယ်။
ကျနော်က သူ့ကို ထားပစ်ခဲ့တယ်။

.....
....
ဒီလိုနဲ့...
ကျနော်တို့ ချစ်ကြတယ်..(လှုပ်ခတ်စွာ...တည်ငြိမ်စွာ..)
.....
......။

အလွမ်းနာနဲ့မှ...
ဆေးရုံတက်နေရသူ ကျနော့်အနား...
စကားလုံးတို့ က..မမြင်ကွယ်ရာထိ ပုန်းရှောင်ကြတဲ့အခါ.။
စာဖွဲ့ဖို့ရာ...မစွမ်းသာ..
...။

ရိုးရိုးလေးပဲ လွမ်းတဲ့အကြောင်း
ဒါဟာ..လွမ်းလွန်လွန်းလို့ ရေးတဲ့ စကားလုံး အစုအဖွဲ့များသာဖြစ်ကြောင်း...
သူ နှင့်တကွ
အများ....သိစေအပ်ပါတယ်။...။

mirror
(23.08.2010,On Bus No..197 )

Thursday, August 12, 2010

အပျင်းပြေ အပျော်ဖတ် ပိုစ့်

ဒီနေ့ ဟမ်းစတားပွဲစား လုပ်ဖြစ်တယ်။ကျောင်းကသူငယ်ချင်းက သူဂရုမစိုက်နိုင်တော့လို့ သူများပေးချင်တယ် ဆိုတဲ့ ဟမ်းစတားလေး နှစ်ကောင်ကို အိမ်က မိတ်ဆွေအကို ဆီ ယူလာပေးတာ။သူတို့နှစ်ဦးပါတဲ့ ခြင်းတောင်းလေး ဆွဲနေရင်းမှာ အသည်းတွေ တကျိကျိနဲ့ ယားနေတာ။ ဟမ်းစတားလေးတွေကို ညီညီတို့အိမ်မှာ တခါမြင်ဖူးတယ်။ဒါပေမယ့် သေချာအနားကို ကပ်မကြည့်ခဲ့ဘူး။ခုလဲကြောက်ပြီး ခြင်းတောင်းကို ကျွတ်ကျွတ် အိတ်နဲ့ အလုံပိတ်ပြီးကိုင်ထားမိတာ။အနားကတယောက်က သေကုန်ပါမယ်။သေကုန်ပါမယ် နဲ့ပြောမှ ဖွင့်ဖို့ သတိရတယ်။သူကတော့ အကောင်တွေ အတော်လေးချစ်သည်။အဲ့ဒီအကောင်လေးတွေမြင်ထဲက လှုပ်လှုပ် ရွရွကို ဖြစ်နေတာ..။

သတ္တ၀ါတွေကို မချစ်တတ်ပါဘူး။အမေ့အိမ်မှာ ခွေးရော၊ကြောင် ရောရှိတယ်။ တခါမှ အစာမကျွေးဖူးဘူး။ အမေ နယ်ဖတ်ပေးပြီးသားကို သူတို့ပန်းကန်ထဲ သွားထည့်ဆိုရင်တောင် မထည့်ပေးဘူး။

နွားတွေလဲရှိတယ်။ ပြောရရင် နွားတွေကို နည်းနည်းချစ်သေးတယ်။ကိုယ်တို့အိမ်မှာ နွားတွေ အများကြီးရှိတယ်။ သူတို့တွေနေတဲ့ တင်းကုပ်က ကိုယ်တို့အိမ်ထက်တောင် မြင့်သေးတယ်။အပြေးကောင်းပြီး လှလဲလှတဲ့နွားကြီးရဲ့ နာမည်က "တိုင်းကျော်" တဲ့။တကယ်လဲ တိုင်းကျော်တယ်။( ကြွားတာ မဟုတ်ရး)) ...) ဧရာဝတီတိုင်း ကို ကျော်ပြီး မန္တလေးထိ ကုန်တင်ကားတွေနဲ့ တင်သွားပြီး နွားလှည်းပြိုင်ပွဲ သွားပြိုင်ကြတာ သူ ပါသွားတယ်။

သေချာတော့ မမှတ်မိတော့ပါ။ အကိုငယ် လိုက်သွားတာပဲ။ ပြန်လာတော့ ငွေဖလားကြီး ၂ လုံးပါလာတယ်။ ခုထိ အဲ့ဒိ ဖလားကြီးတွေ အိမ်မှာ ရှိသေးတယ်။ဒါပေမယ့်တိုင်းကျော်ကြီး အိမ်မှာ ရှိသေးလား၊မရှိတော့ဘူးလား။ ကိုယ်မမှတ်မိတော့ဘူး။ ဒီတခါ ဖုန်းဆက်ရင်တော့ မေးကြည့်ဦးမှ..။

နောက်တကောင် နာမည်က "ဇိမ်း" တဲ့။ ဘယ်လိုခံစားချက်နဲ့ အဲ့နာမည်ကို မှည့်ခဲ့သလဲ မပြောတတ်ပါ။ အရောင်က ဖြူဖြူလေး။ တို ငုတ်ငုတ်လေးတွေပေမယ့် သူ့ ချို လေးတွေက လှတယ်။အဆစ်အပေါက် အတော်လှတယ်။မြင်လိုက်တာနဲ့ လင်းနေတာ။တိုင်းကျော်က အနီ။ဇိမ်း က အဖြူ.. ။ သူတို့ နှစ်ယောက်ကို ပြိုင်လှည်းလေးနဲ့ တွဲပြီးမြင်ရတာ ကိုယ်တို့ တနယ်လုံးမှာ အလှဆုံး...။ဒါပေမယ့် အဲ့ဒီကောင် ဇိမ်း ပေါ့။ ကိုယ့်ကို ခွေ့တာ..။ လည်ပင်းနားကို ခွေ့တာ.. လဲကျသွားတာ ပုံလျက်သားပဲ။ သူ ထပ်လိုက်လာပြီး နင်းပါ နင်းလိုက်မှာ စိုးတာနဲ့ ဒရောသောပါး လူးလဲထရတယ်။သူ့ကို ကိုယ် မစ ပါဘူး။အိမ်နောက်ဖေးဘက်က သရက်ပင်တွေထဲက တပင်မှာ ကြိုးချည်ပေးနေတာကို ဘာမပြော၊ညာမပြောနဲ့ ၀င်ဆောင့်တာ.. ။ကြည့်မရဘူး ထင်ပါတယ်။ အဲ့ဒီထဲက သူ့နားကို ကိုယ်လုံးဝ မကပ်တော့ဘူး။

နောက်.... နွားမကြီးနဲ့ နွားပေါက်ကလေး တွေလဲ ရှိသည်။ နွားမကြီး တခါသားပေါက်တိုင်း ကိုယ်တို့မှာ တခါစောင့်ကြည့်ပြီး ရင်ခုန်ရသည်။

ငယ်ငယ်တုန်းထဲက အမဲသားဆို ကိုယ်က လုံးဝ မစားဘူးတဲ့။ကလေးမို့ သံချချင်လို့ အမေက ထောပတ်နဲ့ အမဲသား နယ်ကျွေးရင် ထွေးထုတ်ပစ်သတဲ့။ဘာကြောင့်မှန်း မသိရ...။
နဲနဲခံစားတတ်တဲ့ အရွယ်ရောက်လာတော့ ကိုယ့်ဘာသာကိုယ် မှတ်မိနေသည်။ "သားသတ်ကုန်းသို့.... မရုန်းဘဲ ညင်သာ....နှလုံးမရွှင်ပါသော်လည်း.... အားခဲလို့ တင်းကာလိုက်တာ...အိုကြီး အိုမ... အို..သနားစရာ့ နွားအလှညိုပြာ.. အနောက်က နေလုံး ပျောက်တော့မည့်ဆည်းဆာ..."....အဲ့ဒီသီချင်းကို ဟင်္သာတ ထွန်းရင်က ငိုသံပါလေးနဲ့ဆိုထားတာ..။အတော်လေးနှစ်သက်မိပြီး ဆိုညည်းဖြစ်တိုင်း မျက်ရည်တွေ တွေတွေကျနေတဲ့ နွားအိုကြီးတွေကို မျက်လုံးထဲမြင်လာသည်။"နုနယ်ငယ်စဉ်တုန်းက ထွန်တုံးနဲ့ မိတ်ရင်းဆွေမွန် ပါ..။ ရွှံ့ဆိုသည်မှာ ကမ်ဗလာ၊နွံဆိုသည်ကား သူ့မွေ့ယာ.." .....
အို သနားစရာကောင်းလိုက်သည့် ဖြစ်ခြင်း...။သူ့မှာ သားသတ်ကုန်းကို မသွားလိုပါဘူးဟ ငြင်းလိုစိတ်၊ ရုန်းကန်လိုစိတ် မရှိတော့တာလား။ဒါမှမဟုတ် ငြင်းလို၊ရုန်းကန်ဖို့ကို အားမသန်လို့မာန်လျှော့ လိုက်လေသလား။ လိုက်ချင်လို့မဟုတ်ပေမယ့် အဲ့ဒီလမ်းမှာ သူ မရုန်းမိတော့ဘူးပေါ့..။

ပြီးတဲ့စနေ၊တနင်္ဂနွေတုန်းက ဖြတ်သွားဖြတ်လာနဲ့ လမ်းမပေါ်မှာ နွားပျိုလေးတွေမြင်တော့ cow ကို မြန်မာလို ဘယ်လိုပြောလို့ မြန်မာစကားမတတ်တဲ့သူ တယောက်ရဲ့ အမေးကို "နွား " လို့ပြောတော့.... ၀ဆွဲ သံပြောဖို့ ခက်တဲ့ သူတို့တွေက သဘောတကျ ရီမောကြသည်။နွားပျိုလေးတွေဆိုတော့ အသွေးအယောင်ကိုက လက်လက်ထနေသည်။ကွင်းပြင်ကျယ်ကြီးထဲမှာ ဇက်ကြောကြီးတွေစင်းပြီး မြက်နုလေးတွေ ငုံ့စားနေပုံက တကယ့် wild and free ပါပဲ..။

ဘာရယ် မဟုတ်ပါဘူး။ ဟမ်းစတားလေးတွေ ကို ကိုယ်ကြောက်တဲ့အကြောင်းစဉ်းစားရင်းကနေ အိမ်က နွားတွေ အကြောင်းထိ ရောက်ကုန်တာလေး ချလေးရမိတာပါ။ အပျင်းပြေ အပျော်ဖတ်ပေါ့...။

-----

မှတ်ချက်။ ။ နွားကြည့်ချင်သူတွေ ခုထဲက နာမည်စာရင်းပေးထားကြပါ..။ မယ်ရာပြန်တာနဲ့ အလည်ခေါ်ပါမယ်။

Thursday, August 05, 2010

မိုးရာသီ အလွမ်း

ရွာနေလက်စ မိုးကခုထိမရပ်သေးပါလား။တဖြည်းဖြည်းနဲ့ ပိုလို့တောင် သည်းထန်လာတယ်လို့ ထင်မိသည်။ မိုးစက်တွေကအရှေ့ဘက်သို့ စွေစောင်းပြီးရွာနေတာ။မှန်ပြတင်းတံခါးတွေမို့ မိုးစက်တွေရဲ့ရွေ့လျားမှုကို သေချာ ကွဲကွဲပြားပြားမြင်ရသည်။

ထိုင်နေရာကနေ ရုတ်တရက်ထလိုက်မိပြီး သီချင်းဖွင့်ဖို့ စိတ်ကူးရသည်။ ဖြူသီရဲ့ လွမ်းငွေ့တဝေေ၀နဲ့ အတူ အလွမ်းတွေ ဝေနေမိသည်။လွမ်းဆွတ်ခြင်းဆိုတာ လက်နဲ့ဆုပ်ကိုင်ပြလို့ရတဲ့ အရာမဟုတ်။သို့ပေမယ့် ခံစားရင် ခံစားနိုင်သလောက် လူကို လေးလံထိုင်းမှိုင်းစေသည်။

-----------------

အင်္ကျီကိုချွတ်ပြီး အိမ်ထဲသို့ ပစ်ထည့်ခဲ့လိုက်သည်။ပြီးရင် ဒီအင်္ကျီကို ပြန်ဝတ်မှာမဟုတ်လို့ ပစ်ထည့်လိုက်တာ ဘယ်နေရာရောက်သွားလဲ သိစရာမလိုပါ။
မိုးစက်အေးအေးများက ကိုယ်ပေါ်ရောက်လာသည်။အေးလိုက်တာ...။ စိမ့်ခနဲ နေတာပဲ။

"တံစက်မြိတ်အောက်မှာပဲ ချိုးနော်...အဝေးကြီးမသွားနဲ့ "ဆိုတဲ့အမေ ဘယ်ရောက်သွားလဲ။အမေ့အသံ မကြား ရတော့ဘူး။ငြိမ်ပြီးတော့များ ညနေစာချက်ဖို့ ဆန်ထဲကနေ စပါးလုံးတွေ ရွေးထုတ်နေသလား...။အမေက မျက်စိမမှုန်သေးတော့ ၀ိုင်းကူရွေးပေးစရာ မလို...။

ခေါင်းမော့ကြည့်တော့ ဓနိမိုးပေါ်ကနေလိမ့်လျှောဆင်းလာတဲ့ မိုးရေတွေကအညိုရောင်လိုလို။လက်ခုပ်လေးနဲ့ ခံလိုက်တော့လဲ "ကြည်"လို့ပါလား။ဒါဆို အင်တုံထဲထည့်လိုက်တော့ ဘာလို့ညိုသွားပြန်တာလဲမသိ။လက်ခုပ် လေးနဲ့ ရေတွေခံလိုက်၊ အင်တုံထဲပြေးထည့်လိုက်။မိုးရေကိုအေးလို့အေးရကောင်းမှန်းမသိ။ဒီလိုပဲပေါ့။အမေ့အိမ် မှာ ရွာတဲ့မိုးမို့ ထင်ပါရဲ့...မိုးရေတွေက အေးစက်မနေ...။

"ပျိုးဆုပ်တွေ... ပျိုးဆုပ်တွေ...အမေ ရေ ၁၇၂ ဆုပ်ရှိသွားပြီ..."
"ဟော.. ဟိုမှာ နွားကြီး တကောင်.."
"အာ မဟုတ်ပါဘူး.. အဲ့ဒါ သစ်တုံးကြီးပါ..." အမငယ်က ၀င်ပြောသည်။ခပ်လှန်းလှန်းမို့ ချောင်းရေထဲမျောပါ လာတဲ့ သစ်တုံးကို နွားသေ ကောင်လို့ မြင်နေမိတာ။
မိုးလင်းလင်းချင်း အိမ်နောက်ဖေးကိုကြည့်မိတော့ ချောင်းထဲကရေတွေက ခါတိုင်းထက်ပိုများနေသည်။ မို့မောက်လျှံကျနေသည်။ချောင်းစပ်က အရင်လို အိမ်နဲ့ခပ်ဝေးဝေးမဟုတ်တော့ဘဲ အိမ်ခြေရင်းကိုကပ်လို့။

ဝါးတလံရိုက်လောက်ဝေးတဲ့ ချောင်းစပ်နားမှာကတီကောင်တွေ..တီကောင်တွေ အထွေးလိုက်။အထွေးလိုက်။ အမငယ်က "နင် ခေါက်ဆွဲကြောက်စားမလား.." တဲ့..။
အို.. ရွံ လိုက်တာ..အမငယ်က အမြဲ ညစ်တီးညစ်ပတ်နိုင်လွန်းသည်..။
အဲ့ဒီရက်တွေတုန်းက လူကြီးတွေက ခြေမကိုင်မိ၊လက်မကိုင်မိ ဖြစ်တဲ့အထိ အပျက်အစီးအဆုံးအရှုံးများ အတွက် ပူပင်သောကရောက်နေရပေမယ့် သူတို့ညီအမ ၂ယောက်မှာဖြင့် ပျော်လို့ကောင်းလိုက်တာ...။

င၀န်မြစ်နဲ့ မြို့လေးကို ကန့်ထားတဲ့တမံကြီးပေါက်ကြပြီး သူတို့မြို့ကလေးဆီ ရေတွေဒလဟောနဲ့ ပြေးဝင်လာ ကြတော့ မိုးရေတဖွေးဖွေးမှာ ရေပြင်ကျယ်ကျယ်ကြီးနဲ့နေရတာဟာ အတိုင်းမသိပျော်စရာ..။အမေလုပ်ကျွေးတဲ့ ဆန်နှစ်နဲ့လုပ်တဲ့ မုန့်တွေကို မောင်နှမတွေ လုယက်စားကြသည်။ငါးပိ၊ထန်းလျက်နဲ့ ဆန်ကလွဲပြီး တခြားစား စရာမရှိ။အဲ့ဒီသုံးမျိုးကို တမျိုးပြီးတမျိုး မရိုးအောင် လုပ်စားကြရင်း မိုးအေးအေးမှာ ကိုယ်တို့မိသားစုလေး နွေးလိုက်သည့်ဖြစ်ခြင်း...။ ....။

-------------------

မှိတ်ထားမိတဲ့ မျက်လုံးတွေကို ဖွင့်လိုက်ပြီး မျက်လုံးရှေ့တည့်တည့်ဆီမှ မျက်နှာကျက်ဖြူဖြူ၊နံရံဖြူဖြူမှာ တစုံတရာကို ရှာဖွေမိသည်။ဘယ်လို အရိပ်အယောင်၊အပြောင်းအလဲကိုမှ မမြင်ရ၊ မကြားရပါ..။

-------------------


Thursday, July 29, 2010

မလင်းသော ဇူလိုင်နောက်ဆုံးနေ့များအကြောင်း

ဒီနေ့ရဲ့ကောင်းကင်မှာ တိမ်တွေကြည်စင်ကာမှ ကိုယ့်ရင်ဘတ်ထဲ မှိုင်းအုံ့လို့ နေရတယ်။စိုထိုင်းဆများ သိပ်သည်း လွန်းလှတယ်။

သူတထူးက ကိုယ့်ကိုယုံကြည်လာအောင်ကြိုးစားရင်း ကိုယ့်ဘက်က ယုံကြည်မှုနံရံတွေ ဖြိုချခံရတယ်။ တ၀ုန်းဝုန်း နဲ့..။ နာကျင်သလားဆို...တဆတ်ဆတ်ခါပဲ..။

ကိုယ့်အဆိပ်နဲ့ ကိုယ်မို့ ဘယ်သူဖြေလို့ ပြေပါ့နိုင်မလဲ..။ကိုယ့်ဘာသာ မဖြေတတ်ပါဘူး။နေပါစေ။ရှိပါစေတော့..။ အဲ့ဒိအဆိပ်နဲ့ မီးထ တောက်တတ်ရင်လဲ အကောင်းသား..။

ကိုယ့်မျက်စိရှေ့က မြင်ကွင်းကို ကိုယ်တိုင်ယုံကြည်လက်ခံလာအောင်၊ဒါမှမဟုတ်လဲ ကြည့်တတ်၊ မြင်တတ်လာ အောင် ဘယ်သူ့ကို သင်ကြားပြသခိုင်းရမလဲ..။
သူ ပျော်နေတဲ့အပျော်တွေကြား.. ကျနော့်အသံများ မှေးစင်းအိပ်ပျော်သွားပါရစေ...။

စိတ်ညစ်စရာကောင်းလောက်အောင် ကိုယ်...ချစ်တတ်ကြောင်း သူတနေ့နေ့မှာ သိလာပါလိမ့်မယ်...။

(စိတ်အစုံကို လွှတ်ချလိုက်တယ်။ ဟိုးအဆုံးထိ ထိုးစိုက်သွား... ကျွံဝင်သွား... ပြန်နှုတ်ဖို့ အင်မတန် ခဲယဉ်းပါတယ်)

Tuesday, July 13, 2010

ကော်ဖီဆိုင်ဟာ အေးစက်နေတယ်

ခြေလှမ်းချချလိုက်ချင်းမှာပဲ မင်္ဂလာနံနက်ခင်းပါလို့ ပါးစပ်ဖျားက လာသောအသံနဲ့ နှုတ်ဆက်ခံရတယ်။ ကိုယ်လဲ ၀တ်ကျေတန်းကျေ ပြန်ပြုံးပြလိုက်ရတယ်။အပြုံးတုတွေ ကိုယ့်ဆီရောက်လာတာ သိပ်မကြာသေးဘူး။ အဲ့လိုပဲ နှစ်နှစ်ကာကာပြုံးတတ်လာတာလဲ သိပ်မကြာသေးဘူး။..။အပြုံးတုတွေကိုတော့ တာရှည်မထားချင်ဘူး။
ဒါပေသည့်..တသက်လုံးတော့ နှစ်နှစ်ကာကာပြုံးချင်မိပြန်တယ်။အဲ့ဒါ မတရားဘူးလား။ မတရားဘူးဆိုရင် ဘယ်သူမတရားတာလဲ ..ကိုယ်တိုင်ပဲလား...။ အလွန်တရာ စဉ်းစားတတ်သောအကျင့်ကို ဖျောက်ဖို့လဲ ကြိုးစား ရဦးမယ်။ကိုယ်မလုပ်ချင်လို့ နောက်ဖက်ကို နဲနဲလေးစီ တွန်းပို့ထားတဲ့ကိစ္စတွေထဲမှာ.. စဉ်းစားလွန်းတာကို ဖျောက်ပစ်ဖို့ ကိစ္စလဲပါတယ်။ အင်း အခုကိုပဲ စဉ်းစားနေမိတာပါလား..။ ခက်ပါပြီ..။

မင်္ဂလာနံနံခင်းပါလို့ နှုတ်ဆက်သူဆီမှာ ကော်ဖီတခွက်ကို အကြွေစေ့တချို့နဲ့လဲပြီး တောင်းလိုက်တယ်။ သူက ကြည်ကြည်သာသာပဲ ကော်ဖီပူပူတခွက်ကို စက္ကန့်ပိုင်းအတွင်း ပြန်ပေးလာတယ်။ ကောင်းသောနေ့ဖြစ်ပါစေ..။ နင်ရောပဲ လို့ ပြန်ပြောဖြစ်သေးလား၊မပြောဖြစ်ဘူးလား မမှတ်မိတော့လို့ ပြန်မပြောနိုင်တော့ပါဘူး။စိတ်ထဲမှ မလာဘဲ၊မပါဘဲ၊ရင်ဘတ်ထဲက မပါဘဲ လုပ်ရတဲ့ကိစ္စတွေကို ရပ်ထားချင်တယ်။

စာရေးချင်တဲ့စိတ်ပဲ ရှိပြီး စာမရေးနိုင်ဘူး။ရေးပြီးသားတချို့ကိုလဲ ကိုယ့်ဘာသာကိုယ်တောင် ပြန်မဖတ်ချင်ဘူး။ သူများကို ဖတ်ကြည့်ပါဦးလို့ ပြောဖို့ဆိုတာ ဝေးရောပေါ့..။ စိုင်းစိုင်းခမ်းလှိုင် လိုပြောရရင်တော့ လက်ထပ်ဖို့ မျှော်လင့်ချက်တွေ အဖျားရှူးရော... ပေါ့..။ ဘာမှတော့ မဆိုင်ပါဘူး။မဆိုင်တာတွေကို ဆိုင်သလိုတွေလုပ်ပြီး တောင်စဉ်ရေမရ...စဉ်းစားနေမိတယ်။

တင့်တင့်ထွန်းလို ကလေးအတွေးပေါ့..။လွတ်လပ်တဲ့ ငှက်ကလေးတစ်ကောင် ဖြစ်ချင်မိတယ်။ငှက်ကလေးသာ ဖြစ်ရင် ကိုယ်သွားလိုရာ သွားနိုင်မယ်။ ကိုယ့်အပေါင်းအသင်း၊ချစ်သူ၊မိဘ တွေကလဲ ခုလို ငဲ့ကွက်စရာ၊တခုခုကို လုပ်တော့မယ်ဆိုရင် စဉ်းစားငဲ့ညာနေစရာလိုတဲ့ လူတွေ ဘယ်ဟုတ်တော့မလဲ..။ သူတို့လဲ ငှက်ကလေးတွေ ပဲပေါ့.။ငှက်ကလေး ကိုယ်က ကိုယ့်ငှက်ချစ်သူလေးကိုခေါ်သွားပြီး ခပ်ဝေးဝေး တနေရာကို ပျံသွားမယ်။ သွား....ရောက်ချင်ရာသာ ရောက်စေတော့...။ဘယ်သူ့မှ လူထင်စရာစရာမလိုတော့ဘူး..။ကိုယ့်ကိုယ်ကိုလဲ လူထင်စရာမလိုတော့ဘူး။ အင်းလေ..ငှက်ကလေးဖြစ်နေပြီဆိုမှတော့.. ဒါတွေ ဘာအရေး ဟုတ်တော့မလဲ..။

ကော်ဖီပူပူကို ဘန်း ပြားပြားလေးပေါ်တင်ပြီး ထိုင်နေကျ နှစ်ယောက်ထိုင် စားပွဲလေးဆီလျှောက်လာတယ်။ ကိုယ်ကသာ တယောက်ထဲ..။ဒါပေမယ့် ကော်ဖီဆိုင်လေးကတော့ အရင်အတိုင်းပဲ။

စိတ်မနှံ့ဘူးလို့ ယူဆရတဲ့ အမျိုးသမီး ငယ်ငယ်တယောက်၊အဘွားအိုပေါက်စ တယောက်က ထုံးစံအတိုင်း သူတို့ ၂ဦးရဲ့ မတူညီတဲ့ဘာသာစကားကိုဘေးချပြီး တူညီတဲ့ဘာသာစကားနဲ့ အချေအတင် ငြင်းခုံနေတယ်။ တော်သေးတယ်။သူတို့ တူညီတဲ့ဘာသာစကားနဲ့ စကားပြောနေလို့ ကိုယ်နားထောင်လို့ရတာ။ကော်ဖီဆိုင်က ဖွင့်ထားတဲ့သီချင်းထက် အော်ကျယ်ဟစ်ကျယ်ပြောနေတဲ့ သူတို့စကားတွေက ပိုလို့စိတ်ဝင်စားစရာကောင်း တယ်။

သူတို့အဲ့လိုပဲ နေ့တိုင်းပြောကြတယ်။သူတို့နှစ်ယောက်ပြောနေတဲ့ ဘာသာစကားက ကိုယ်နားလည်တဲ့ ဘာသာစကားဖြစ်ပေမယ့် သူတို့ပြောနေတဲ့အကြောင်းအရာကို ကိုယ်မသိပါဘူး။ဘာလို့မသိလဲဆို ဖြစ်နိုင်ခြေ ရှိတာက သူတို့စကားရဲ့အစမှာတုန်းက ကိုယ်က ကော်ဖီဆိုင်ထဲကို မရောက်သေးဘူး။သူတို့စကားအစကို မမှီလိုက်သေးလို့ ဖြစ်နိုင်တယ်..။အဲ့လိုတော့ ထင်တာပဲ..။အင်း အဲ့လိုတော့လဲ ဟုတ်ချင်မှ ဟုတ်မှာပါ.။ ပြောနေပုံတွေကတော့ မြောက်ကိုရီးယားလိုပဲ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့လုပ်နေတဲ့ တိုင်းပြည်တွေအကြောင်း ပြောနေသလိုပါပဲ။
ကိုယ့်နားထဲ ရောက်ရောက်လာတဲ့စကားလုံးတွေထဲမှာ"နင်မသိဘူးလား."."နင်မသိဘူးလား" ဆိုတာတွေပဲ။ သူတို့ ၂ ယောက်က တယောက်ကိုတယောက် ဒီကိစ္စလေးတောင် မသိဘူးလို့ ထင်နေကြတယ်။ ဒါကြောင့် နင်မသိဘူးလားလို့ မေးနေတာ..။ တကယ်တော့ မသိတာက သူတို့နှစ်ယောက်မဟုတ်ပါဘူး။ သူတို့စကားဝိုင်းထဲ အဝေးကနေ မေးထောက်ငေးနေတဲ့ ကိုယ်ပါ ဆိုတာ.. သွားပြောလိုက်ရမှာ..။

ဒီလိုပါပဲ..အေးစက်နေတဲ့ကော်ဖီဆိုင်ထဲကနေ နောက်ထပ်တစ်နာရီလောက် အကြာမှာ ကိုယ်ထွက်လာခဲ့တယ်။ ခြေထောက်တွေက.... လေးလံလို့....။

(မှတ်ချက်...။တီတီ ပွမ်ပွမ် အသံပေးပြီး ကိုယ်ပဲ ကျော်တက်လိုက်ပါတယ်။ နှစ်ခြောက်ဆယ် ဂရံဆွဲထားသော ဘလော့များကို ကျော်တက်လိုက်ပါတယ်.. )

Tuesday, June 29, 2010

ကြယ်လွဲမိုး(တိုးနှောင်မိုး)

အဝေးကိုစီးဖို့
မြစ်ရဲ့ခြေအစုံကို တောင်းပန်
ကောင်းကင်တစ်ခုပြီးတစ်ခု ဖတ်ခဲ့။
ဘယ်တော့များ ကြယ်ကိုစိုအောင် ရွာမှာလဲ
စကြာဝဠာ ကျစ်ဆံမြီးထဲ
ပွင့်ချင်တိုင်းပွင့်
လှချင်တိုင်းလှ ကြယ်မလေးရေ...
ငါ့ကောင်းကင် လက်တစ်ဆုံးတောင်
မင်း ပုန်းနေတုန်းပဲလားကွယ့်
အာသီသတွေသာ ရှိပြီး
သင်ယူလို့ မရတဲ့မိုးဟာ ငါပဲပေါ့။

တိုးနှောင်မိုး

ဆိုဒ်ဘားမှာ တင်ထားဖြစ်တာ အတော်ကြာပြီမို့ ဘလော့လည်မိတ်သဟာများလဲ ဒီကဗျာကို ရင်းနှီးနှင့်ပြီးသား ဖြစ်ပါလိမ့်မယ်။
ကဗျာအသစ်လဲ လဲချင်၊အဟောင်းလဲ မပြစ်ရက်... ဘာလုပ်ရမယ်မှန်းမသိနဲ့.. လူက ဒွိဟဖြစ်နေမိပါသေးတယ်။ ဒီကဗျာကို တန်ဖိုးထားမိစေတဲ့ အခြားသောအကြောင်းချင်းရာများလဲ ရှိနေသေးတဲ့အတွက် ဘလော့မှာ အမှတ်တရ သိမ်းထားလိုက်ပါတယ်။

စကားစပ်ပြီးပြောရရင် သရေခေတ္တရာမြို့သား ကဗျာဆရာတိုးနှောင်မိုးရဲ့ ကဗျာတွေကို ကလေးဘ၀ထဲက စွဲလန်းခဲ့မိခဲ့တယ်။မှတ်မှတ်ရရ သူနဲ့အတူ စာရေးဆရာမ သွေး(စစ်ကိုင်း) လဲပါတဲ့ ကဗျာစာအုပ်တအုပ် ဖတ်ဖူးရဲ့။ "သက်ပြင်းမှုတ်သံ တဟူးဟူး" ဆိုတဲ့အသုံးကို တအားသဘောကျလွန်းလို့ ခုထိ စွဲနေတာ။အဲ့ဒီ စကားလုံးက သူတို့နှစ်ယောက်ထဲက တယောက်ယောက် ရေးတာပါပဲ။ဘယ်သူလဲသာ မသိတာ။

မှတ်မိချင်တာတွေကိုသာ မှတ်မိတတ်ပြီး မမှတ်ချင်တာတွေကို အကွက်လိုက်၊အကွက်လိုက် မေ့သွားတတ်တဲ့ အကျင့်က ဘယ်ကဘယ်လို ကိုယ့်ဆီ တိတ်တဆိတ်ဝင်ရောက်ခဲ့သလဲ မသိပါဘူး။
ဒါကစကားချပ်။း)

Tuesday, June 22, 2010

အချစ်၏ မီးခိုးတန်းများ

တံဆိပ်နားထိလောင်ကျွမ်းပြီးဖြစ်တဲ့ လက်ထဲကစီးကရက်ကို သေချာကြည့်လိုက်မိတဲ့အခါ နှမြောသလိုခံစား ရသည်။ကုန်သွားတဲ့ဆေးလိပ်ကို နှမြောတာလား၊နစ်ကိုတင်းတွေဝင်သွားလို့ အထိုက်အလျောက် လျော့ပါးသွား နိုင်ချေရှိတဲ့ သူ့အဆုတ်ကျန်းမာရေးကို နှမြောတာလား။

ရှူသွင်း၊မှုတ်ထုတ်ထားသော မီးခိုးငွေ့အချို့က လေနှင့်အတူခပ်ဝေးဝေးထိလိုက်ပါ ပျောက်ရှသွားသည်။ကိုယ့် အနားမှာတုန်းက မီးခိုးငွေ့တွေက အဖြူလိုလို၊ခဲလိုလိုအရောင်၊ခပ်လှမ်းလှမ်းရောက်တော့အစိမ်းရောင်လို။ ခဏနေတော့ လုံးဝပျောက်ကွယ်သွားသည်။တချို့မီးခိုးငွေ့များ ကိုယ့်ဆီသို့ ပြန်လာကြသည်။မျက်လုံးထဲဝင်လာ မှာစိုးပြီး မှေးစင်းထားလိုက်မိသည်။

"စီးကရက်ကို ကြိုက်တတ်ရင် စီးကရက်မီးခိုးမျက်စိထဲ ၀င်တာလောက်တော့ ခံနိုင်ရည်ရှိရမယ်" ဆိုတဲ့ သီချင်း စာသားတချို့က ခေါင်းထဲသို့ အလိုအလျောက် ၀င်ရောက်လာကြသည်။
ချစ်ခြင်းမေတ္တာကို ခံယူလို၊ပေးအပ်လိုပါက ချစ်ခြင်းမေတ္တာရဲ့နောက်မှာ တပါတည်းပါလာသော လွမ်းဆွတ်မှု ဝေဒနာကိုလဲ လက်ခံနိုင်ဖို့လိုသည်။
စီးကရက်ကိုကြိုက်တတ်မှတော့ စီးကရက်မီးခိုးငွေ့များ မျက်စိထဲဝင်လာတဲ့ အခါ အပြုံးမပျက် ရှိနေသင့်တယ်လို့ ပြောချင်တာများလား။တောင်စဉ်ရေမရ လိုက်ပြီးတွေးနေမိသည်။

မိဘချစ်၊မောင်နှမချစ်၊သူငယ်ချင်းချစ်...ပြီးတော့ ချစ်သူ ချစ်။ချစ်ခြင်းမေတ္တာထားမိလေတိုင်း လွမ်းဆွတ်မှု ဝေဒနာက နောက်တော်ပါးကနေ အရိပ်လို ကပ်ပါလာတတ်စမြဲ။

တခါတလေတော့ စိတ်နဲ့ဆံ့သလောက် ခံစား တတ်သော ကိုယ့်ကိုယ်ကို မုန်းတီးမိပြီး ဘာကိုမျှမခံစားတတ်သော လူတဦးအဖြစ် ရပ်တည်ချင်မိပြန်သည်။ ပြီးတော့ ကိုယ့်ချစ်ခြင်းမေတ္တာကို ယုံကြည်ဖို့ဝန်လေးနေသော သူ့အား သက်သေပြချင်ပါသည်။

+++++++

ဘယ်သူ့ကို အချစ်ဆုံးလဲ သူခဏခဏ မေးလေတိုင်း ကိုယ်လွယ်လင့်တကူဖြေဖြစ်တာက မင်းကိုအချစ်ဆုံး၊ ကြယ်ကလေးကို အချစ်ဆုံး လို့ ဟု။...။

စကားစပ်ပြီးပြောရရင် သူက ကိုယ့်ရဲ့ ကြယ်ကလေး ပေါ့..။

ကိုယ်မတွေ့ချင်ဘူးဟု ရှောင်ဖယ်နေခဲ့ဖူးသော ကြယ်ပွင့်လေးတခုက ကိုယ့်ဘ၀လမိုက်ညများမှာ တပွင့်ထဲ ထည်ထည်ဝါ၀ါ ကိုယ့်အတွက် လင်းပေးခဲ့သည်။ခုတော့ မေ့မေ့မျောမျောနဲ့ သူ့ကို မျှော်မျှော် ကြည့်ယူရသည်ထိ။
သူ့လင်းချင်းမှုများက ကိုယ့်အပေါ် ဖြန့်ကျက်နေရာယူနိုင်လွန်းလေစွ...။

+++++++

စိတ်၏အရှိအတိုင်းဆိုရင်ဖြင့် ကိုယ်မျက်စေ့ထဲ စီးကရက်မီးခိုးငွေ့များ အ၀င်မခံချင်။မီးခိုးငွေ့များကြောင့် ကိုယ့်မျက်လုံးများ စိုစွတ်မခံချင်တော့။

ဒါကြောင့် ကိုယ့်ရင်ဘတ်ထဲကနေ ချစ်ခြင်းမေတ္တာအား ခံစားတတ်စေသော အပိုင်းအစအချို့ကို အချိန်ကာလ အတော်ကြာ ဖယ်ထုတ်ထားခဲ့ဖူးသည်။ ကိုယ့်ဆီကို ဘယ်လိုစိတ်ခံစားမှု အတိမ်အနက်ကိုမှ ရောက်မလာစေချင် တော့ဟု ဆိုကာ ကိုယ့်ရင်ခွင်အခန်း တံခါး ကိုယ်ပိတ်ပြီး ငြိမ်သက်စွာ နေခဲ့သည်။
မင်းက ရောက်လာတာလား၊ကိုယ်က မင်းဆီလျှောက်လာတာလား။ကိုယ့်ဘာသာကိုယ်လဲ သိပ်တော့မသေချာ။ အဲ့ဒီအကြောင်းတွေ ကိုယ်ပြောပြတဲ့ညတုန်းက မင်းက ပြုံးပြီးကြည့်နေခဲ့တယ်။

အဲ့ဒီညက ကိုယ်တို့နှစ်ဦး... စီးကရက်ကို မီးစတင်ညှိလိုက်မိကြပြီ..။

တရိုက်မက်မက် ဖွာပစ်မိခဲ့ကြသည်။မီးဖွားတွေ တဖွားဖွား။ လိုချင်တပ်မက်မှုအချို့က ရဲ ကနဲ..။ ရဲ ကနဲ...။

+++++++++++

ဆေးလိပ်မီးတွေ ကိုယ့်ဆီမလာစေချင်ဘူး။ ဘာလို့ဆို ကိုယ့်မျက်ဝန်းများ မစိုစွတ်လိုဘူး။

++++++

ကုန်သွားတဲ့ဆေးလိပ်ကို ဖိချေပြီး နောက်တလိပ် ထပ်သောက်ရ ကောင်းမလား စဉ်းစားမိသည်။ တော်ပါပြီ။ မီးခိုးတွေ အလွန်အမင်းဖြစ်ကုန်ရော့မယ်။

လဲလျောင်းအိပ်စက်ရာ အခန်းဘက်ဆီသို့ ပြန်လာရင်း ရေအေးတဗူးကို ဆွဲလာမိလျက်သား။ပြီးတော့ မော့ချ လိုက်သည်။အေးပြီးသားရေက လည်ပင်းထဲမှာ ပိုပြီး အေးမြသွားသည်။ ပြီးတော့ ခါးသည်။ ပြီးတော့ အခါးမှ အချိုသို့ ကူးသော အမျိုးအမည်တပ်ရခက်ခဲသည့် အရသာတခုကို ခံစားမိသည်။

အဲ့ဒီ အေးမြမှု၊ခါးသီးမှု၊ချိုမြိန်မှု စတဲ့ခံစားမှုတွေကိုပဲ ချစ်ခြင်းမေတ္တာဟု ကိုယ်က ကိုယ်တဦးတည်းပိုင်အဖြစ် နာမည်တပ်လိုပါသည်။

++++++

Friday, June 18, 2010

ညနေခင်း

ပြတင်းတံခါးတွေကို
ဖွင့်ပေးလိုက်တယ်။
အလွမ်းတွေ သွားလိုရာ သွားစေဖို့..
(ဆိုကာမှ..)
သူတို့ခမျာ လမ်းစပျောက်နေရှာ...။

mirror

ဒီကဗျာရေးပြီးတော့ ရေးခဲ့ဖူးတဲ့ ဒီကဗျာကို သွားသတိရတယ်။အဲ့ကဗျာရေးတုန်းက ညဘက်။ခု ညနေဘက်ပေါ့။
စိတ်၏စေရာက အတူတူပါပဲ..။

Monday, June 14, 2010

ခရမ်းရောင် စာမျက်နှာ

ဒီမနက် ခရမ်းရောင်ပန်းတွေ ပွင့်တယ်။ခရမ်းရောင် အပြုံးတွေ ဝေဆာတယ်။ခရမ်းရောင် နူးညံ့မှုအချို့ ကျနော် အမိအရ ပိုင်ဆိုင်ရတယ်။ခရမ်းရောင် မနက်ခင်းတခုကို ကျနော်ဖြတ်သန်းခဲ့ပြီးပြီ။
အင်း...အရောင်ဆိုလို့ ကျနော်က အရောင်တွေအကြောင်း သိပ်ပြီးခံစားတတ်လှတာ မဟုတ်ပါဘူး။

++++++

အရောင်တွေကို ကျနော် နာမည်တပ်ပြမိတဲ့အခါတိုင်း ကျနော့် အရောင်တွေအပေါ် သဘောတကျ ရယ်မောတတ်သူတယောက်ကို ကျနော်သတိရမိပါရဲ့..။
အခုလဲ ခရမ်းရောင် မနက်ခင်းတခုကို ကျနော်မိန်းမူးသာယာနေတာ သူသိသွားရင် ကျနော့်ကို ပြုံးနေဦးမှာလား။ ကျနော် နာမည်တပ်ပြတဲ့အရောင် မှားယွင်းလို့လား သို့မဟုတ် ခံစားတတ်လွန်းတယ်ကွယ် ဆိုပြီးတော့လား.. သူပြုံးနေဦးမှာပါ။ သူ့အပြုံးရဲ့ အဓိပ္ပါယ်ကိုတော့ သူပဲ သိပါလိမ့်မယ်။

ကျနော့်လိုခပ်တုံးတုံးကောင်က အရောင်တွေအကြောင်း မသိရုံမက သူ့အပြုံးအချို့ကိုလဲ နားမလည်ပါ။ အရောင်တွေကို မခံစားတတ်ပေမယ့် သူ့အပြုံးတွေကိုတော့ ခံစားတတ်နေမိပြန်တယ်။အဲ့ဒီအကြောင်းကို ကျနော် သူ့ကိုမပြောခဲ့မိပါ။အင်းလေ..အချို့အကြောင်းအရာတွေမှာက စကားလုံးတွေ သိပ်ပြီး လိုအပ်လှတာ မဟုတ်ပါဘူး။
စိတ်ကို စိတ်နဲ့မြင်အောင် ကြည့်တတ်၊ခံစားတတ်ဖို့ပဲ လိုတာပါ။ စိတ်ကို စိတ်နဲ့နားလည်ယူလို့ရကြောင်း သူနဲ့ ဆုံပြီးမှ ကျနော်နားလည်တတ်လာတယ်။

++++++

သူ့စိတ်ကိုဖတ်ဖို့ ကျနော့်စိတ်ကို ရွက်ကုန်လွှင့်ထားရတယ်။ သူ့စိတ်အလျင်ကို ကျနော်က အမြဲတမ်း မမှီမကမ်း လိုက်ရတယ်။အဲ့ဒီအခါတိုင်း ကျနော်မောပန်းမိပါရဲ့။ခြေကုန်လက်ပမ်း ကျမိပါရဲ့။ဒါပေမယ့် ကျနော်က သူ့စိတ်မှာ အဲ့လိုစီးမြောရတာကိုပဲ နှစ်သက်နေမိပြီး ရပ်တန့်ပစ်ဖို့လဲ စိတ်မကူးမိသေးပါဘူး။

ဒီလိုဆိုရင် သူ့ဘက်ကရော... သူဟာ သာမာန်နေထိုင်မှုပုံစံထဲမှာပဲ ရှိနေပါတယ်လို့ ခဏခဏပြောဖူးတယ်။ သူ့စိတ်ကို မဖတ်ဖို့လဲ တားမြစ်လား တားမြစ်ရဲ့။နောက်ဆုံးတော့ သူ့ဘ၀ထဲ လျှောက်ဝင်မလာဖို့ပါ ဟန့်တားထား တတ်သေးတယ်။ကျနော့်အဖို့တော့ ရပ်ပါလို့ တားဆီးနေတာက ရှေ့သို့မြန်မြန်လို့ တွန်းပို့နေသလို ဖြစ်စေတယ်ဆိုတာ ကျနော်သူ့ကို မပြောပြဖြစ်ခဲ့ပါဘူး။
သူ့စိတ်ကို ညစဉ်ညတိုင်း ကြိုးစားပြီးဖတ်နေတုန်းပါပဲ...။ကျနော့် စာမျက်နှာတရွက် နောက်ကိုရွေ့တဲ့နေ့ဟာ နောက်တနေ့မှာ ခရမ်းရောင်ပန်းတွေ ပွင့်တဲ့နေ့ပေါ့...။

ခရမ်းရောင်ပန်းတွေ၊ခရမ်းရောင်လမ်းတွေ..ပြီးတော့ ခရမ်းရောင်အပြုံးတွေ ခပ်များများပွင့်စေဖို့.. ကျနော်ကတော့ဖြင့် သူ့စိတ်ကို ကြိုးစားပမ်းစား ဖတ်နေရဦးမှာပါပဲ...။....။

+++++++

Saturday, May 29, 2010

အနာ...

နာကျင်မှု ဆိုတာကို လူတွေဘယ်လိုနားလည်ထားကြပါသလဲ။
ကျမအဖို့တော့ "အနာ"ကို "အနာ"၊တနည်းအားဖြင့် "နာကျင်တယ်" လို့ မခံစားမိတာ ဘယ်လောက်များ ကြာမြင့် ခဲ့ပြီလဲ ။.....။နာကျင်မှုကို မနာတတ်တော့ပါ။နာကျင်မှုကို မည်သို့မျှ မခံစားရတော့တာပါ။ ကိုယ်ခန္ဒာ အစိတ်အပိုင်းတွေရဲ့ နာကျင်မှု၊ပြီးတော့ စိတ်၏ နာကျင်မှု...။

ငယ်စဉ်အခါကတည်း သက်သောင့်သက်သာကြီးပြင်းလာခဲ့ရသူ မဟုတ်လေတော့ တော်ရုံ အလုပ်ကြမ်းတွေကို ပေါ့ပေါ့ပါးပါး လုပ်နိုင်ပါသည်။အလုပ်ကြမ်းဆိုတာနဲ့ ထိခိုက်နာကျင်မှုကတော့ ရှိတာပါပဲ။ အဲ့ဒိတော့ ခြေတွေ၊လက်တွေမှာဆို ဒဏ်ရာတွေ၊အမာရွတ်တွေ ပရပွ ...။နာရကောင်းမှန်း အဲ့ဒီအခါတုန်းကရော.. ကျမ သိခဲ့ပါရဲ့လား။ ...။

အကြီးအကျယ် နာကျင်ဖူးတာ ၂ ကြိမ်..။ခန္ဒာကိုယ်အပေါ်ပိုင်း တခုလုံးရေနွေးပူတွေ လောင်းချသလို ဖြစ်တုန်းက တခါ..။နားပြည်ယိုတဲ့ ရောဂါကို မဖြစ်မနေ ခွဲစိတ်ရတုန်းက တခါ..။

နားရောဂါကို သုံးကြိမ်တိတိ ခွဲစိတ်ခန်းဝင်ပြီး ခွဲရသည်။ အဲ့ဒိတုန်းကတော့ "နာ" ခဲ့ဖူးသည်ဟု (ထင်ပါသည်)။ သွေးတွေအများကြီး ထွက်နေခဲ့တာ မှတ်မိနေသည်။ နားရဲ့ ဟိုးအခေါင်းထဲကကို လှိုက်လှိုက်ပြီး နာနေတဲ့ အနာ။ သွေးတွေက နားထဲက ထွက်လာတာလား၊နား နောက်က ဖြတ်ထုတ်လိုက်တဲ့ အရိုး ကနေထွက်လာတာလား မသိပေမယ့် ခေါင်းကိုပတ်ပြီး စီးထားတဲ့ ပတ်တီးဖြူဖြူတွေ အကုန်လုံးက အနီရောင်ပတ်တီးအဖြစ် တမဟုတ်ချင်း ပြောင်းပြောင်းသွားတာ ခပ်ရေးရေးမှတ်မိပါသည်။ထင်မိတာ အဲ့ဒီတစ်ခါ နာပြီးထဲက နောက်ထပ် တော်ရုံအနာဆို မဖြုံတော့တာ များလား။

တကယ်ပါ။ခုတော်ရုံ နာကျင်မှုကို သိပ်ကို မနာတတ်တော့တာ။အဲ့ဒိနာနေတဲ့ နေရာကို နောက်ထပ် ထပ်ပြီး နာသွားတဲ့အထိ ထိခိုက်တော့မှ "အော် ဒီနေရာ နာနေပါလား"လို့ သတိထားမိတဲ့အထိ.. အမှုမဲ့ အမှတ်မဲ့.. ။

အနာကို တခုချင်းခွဲခြမ်းစိတ်ဖြာမိသည်။ဒီနားလေးကတော့ နာနေပြီ၊ဟင့်အင်း မဟုတ်သေးပါဘူး။
နောက်ဘက်ကို ၁ စင်တီမီတာလောက် ရွေ့ပြီး နာနေပြီ။အဲ့လိုမျိုးနဲ့ နာကျင်မှုကို လိုက်လံခံစား သာယာနေမိတာ အတော်ကြာခဲ့ပါပြီ။အနာကို အဲ့လိုခံစားရင်းက နာတဲ့ဝေဒနာတွေလဲ တဖြည်းဖြည်းနဲ့ ပျောက်ရှသွားကြသည်။

++++++++

လက်နဲ့ ထိတွေ့ကိုင်တွယ်ကြည့်လို့မရတဲ့ အနာတွေလဲ ကျမမှာရှိပါသည်။လွယ်လင့်တကူ ပြောကြစတမ်း ဆိုရင်ဖြင့် "စိတ်၏အနာများ" ပေါ့။

မိဘ၊ညီအကို မောင်နှမကလွဲရင် ကျန်တဲ့ ကျမနဲ့ပတ်သက်တဲ့ လူတွေ အတော်များများအပေါ်မှာ ကျမ ခဏခဏ နာကျင်ဖူးပါသည်။နာကျင်မှု ဝေဒနာတွေက ပုံစံအစုံ၊အမျိုးအစားအစုံ.. အရွယ်အစား အစုံပါပဲ။
ခဏခဏ နာကျင်သလို ခဏခဏပဲ အဲ့ဒိဝေဒနာတွေ ပျောက်ကင်းဖူးပါသည်။

ကျမ တဦးတည်းစာဆိုရင်တော့ စိတ်ရဲ့အနာကို "နားလည်မှု" အနာဂျက်ဆစ်တမျိုးထဲကသာ ပျောက်အောင် ကုသပေးနိုင်သည်။အနာက ရိုးရိုးထိခိုက်ပွန်းပဲ့အနာဆိုပေမယ့် ဗိုင်းရပ်စ်တွေပါ ၀င်နေပြီး ယောင်ယမ်းလို့ ပြည်တည်နာ အဖြစ်ပါ ရောက်နေပြီဆိုရင်ဖြင့် "တဖန်ပြန်လည်ချစ်မြတ်နိုးခြင်း"ဆိုတဲ့ အန်တီဘိုင်အောတစ် ကိုပါ ထည့်သုံးဖို့ လိုတဲ့အခါ ထည့်သုံးရတာတွေလည်း ရှိသည်။

ကျမမှာ အချစ်ဆုံးတွေ သိပ်မများများ မရှိပါ။လက်တဖက်တောင်မပြည့်။ထိုအချစ်ဆုံးတွေကိုပဲ ခဏခဏ နာကျင်ဖူးသည်။

ထိလွယ်၊ရှလွယ်၊ကျိုးလွယ်၊ကြေလွယ်...စိတ်နဲ့မို့ ခံစားမှုစံချိန်ကလဲ သူတကာထက် ပိုလွန်တာ ကိုယ့်ကိုယ်ကိုလဲ သိထားပါရဲ့..။

စိတ်ရဲ့ အနာကိုလဲ အရသာခံဖူးပါသည်။ ကဗျာဆရာတဦးက ပြောဖူးသည်။ "ကျနော်ဖြင့် စိတ်ထဲ နာကျင်တွေတွေ များလေလေ.. ကဗျာတွေ ဆက်တိုက်ရလေပဲ "ဟု..။ကျမအတွက်တော့ စိတ်ထဲ များများနာလေ အဲ့ဒိအနာတွေကို ဖြေဖျောက်ဖို့၊လမ်းကြောင်းတွေ ပြောင်းပစ်ဖို့ ကြိုးစားနေမိတော့တာပါပဲ။

အဲ့ဒါက ကောင်းသော အလေ့အထ မဟုတ်တာတော့ ကျမကိုယ်တိုင် လက်ခံပါသည်။သို့သော် ကိုယ့်ကိုယ်ကို တားမြစ်ဖို့ ဘယ်တုန်းကမှ မတတ်နိုင်ခဲ့ပါ။အဲ့ဒီလို မတတ်နိုင်လို့ စိတ်လွတ်ကိုယ်လွတ် နေ့ရက်အတော်များများကို ဖြတ်သန်းအပြီး နောက်ဆုံးသတိရမိလိုက်တဲ့အခိုက်မှာ.. အနာကိုအနာမှန်းမသိ၊နာရ ကောင်းမှန်းမသိအောင်ကို ထုံအသွားခဲ့ပြီး ဖြစ်သည်။

ဒီစာရေးနေရင်းက ငယ်ငယ်တုန်းက ကျမတို့ မြို့က အရူးမကြီးတယောက် သူ့ ခြေထောက်က အနာတွေကို
"ဟဲ့ ဒါဘာဖြစ်တာလဲ "ဆိုတော့ ချက်ချင်းဆိုသလို သူမရဲ့လေသံကို နှိမ့်ချလိုက်ပြီး "ဘယ်သူ့မှ သွားမပြောနဲ့နော်.. အဲ့ဒါ "အနာ " "လို့ ပြန်ပြောတာလေး ပြေးသတိရမိသည်။ ခုလဲ... ဘယ်သူမှ မပြောနဲ့နော်.. အဲ့ဒါ အနာ.. ပါ ပေါ့။

++++++

ကိုယ်တိုင် ပြန်လည်သုံးသပ်ကြည့်တော့ တခုခုဆို ခပ်မြန်မြန်ခံစား၊ခပ်မြန်မြန် ကြွေပဲ့ပြီး၊ခပ်မြန်မြန် ရိုးအီတတ်တဲ့ ကျမရဲ့ အဇျတ္တ ကြောင့်များလား... ဟု သာ အဖြေရှာရသည်။

ဖြစ်သင့်တာကတော့ "အနာ"ဆို နာတတ်ဖို့သာ။ကျမလို မနာတတ်အောင် မနေကြပါနှင့် လို့သာ တိုက်တွန်းချင်မိသည်။

++++++

Tuesday, May 18, 2010

လွန်လေပြီးသောအခါ...

အချစ်ရေ့...
စက္ကန့်မလပ်စွာ...တို့တတွေထိစပ်ခဲ့ကြတာပဲ။
လွန်ခဲ့တဲ့ ခြောက်နှစ်တုန်းက...
အဝေး နေရရင်တောင်
စိတ်အမှောင်မှာ ရင်ခုန်သံချင်းထပ်ပြီး အိပ်ခဲ့ကြတာပဲ။

လွန်ခဲ့တဲ့ခြောက်နှစ်တုန်းက...
တို့နှစ်ဦးလောက် ချစ်ကြတဲ့သူ
တို့နှစ်ဦးလောက် သောကဗျာပါဒများကြသူ
တို့နှစ်ဦးလောက် " ပြုံး"တတ်ခဲ့ကြသူ
ဒီကမ္ဘာလောကကြီးမှာ ရှိမှာမဟုတ်ဘူး(လို့)
ငါပြော(ရင်)
မင်း အသံကျယ်ကျယ်လေးနဲ့ ရီ(ရယ်)မောပါကွယ်။

တက္ကသိုလ်ရိပ်သာလမ်းပေါ်က ကုက္ကိုလ်ပင်တွေသိပါတယ်။
တက္ကသိုလ်ရေကူးကန်က ကလေးလေးတွေ သက်သေရှိပါတယ်။
အသဲပန်းက စားပွဲထိုးလေးကိုလဲ မေးကြည့်လို့ရပါတယ်။
လိပ်ခုံးနောက်က ကျောင်းအိုအိုကြီးလဲ သိပါတယ်။
သထုံလမ်းမပေါ်က ကတ္တရာစေးမဲမဲတွေလဲ သိကြပါတယ်။
ပိတောက်လမ်းက ပန်းခြောက်လေးတွေ သိပါတယ်။
လှည်းတန်းဈေးကြီး နဲ့ ဆုကော်ဖီဆိုင်လေးလဲ သိပါတယ်။
စိန်ဂေဟာကြီးလဲ သိပါတယ်။
တို့နှစ်ဦးလောက်ချစ်ကြတာ ကမ္ဘာလောကကြီးတခွင်လုံး မရှိပါဘူးဆိုတာ...

အချစ်ရေ့..
လွန်ခဲ့တဲ့ ခြောက်နှစ်ကအတိုင်း
ငါ့ နဲ့...
ကျောချင်းကပ်ထားပါကွယ်။
လွန်ခဲ့တဲ့ခြောက်နှစ်ကအတိုင်း
ငါ့ကို...
မင်းမျက်နှာပေါ်မှာ အပြုံးလေးတွေ ပွင့်ပြပါကွယ်။

လွန်ခဲ့တဲ့ခြောက်နှစ်ကအတိုင်း..
ငါ့လက်ကို မြဲမြဲတွဲထားစမ်းပါကွယ်..။
လွန်ခဲ့တဲ့ခြောက်နှစ်ကအတိုင်း..
မင်းလက်သည်း၊ခြေသည်းလေးတွေ ရှည်လာတိုင်း
ငါ့ကိုသတိရပါကွယ်။

လွန်ခဲ့တဲ့ခြောက်နှစ်ကအတိုင်း
ရွှေတိဂုံဘုရားသွားကြရအောင်ကွယ်။
လွန်ခဲ့တဲ့ခြောက်နှစ်ကအတိုင်း
ငါသီပေးတဲ့ ခရေပန်းကုံးလေးနဲ့ ဘုရားကပ်ပါဦးကွယ်။

အချစ်ရေ့....
လွန်ခဲ့တဲ့ခြောက်နှစ်ကအတိုင်း...
ငါ့နဲ့...
င့ါကို....
.....
...........
ငါ့နှလုံးသားကို...
နမ်းရှိုက်စမ်းပါဦးကွယ်။

(Mirror)

Saturday, May 15, 2010

အမေ့ထမင်းဝိုင်းလေး

တနေ့က သူငယ်ချင်းအိမ်က မိသားစုပုံလေးတပုံရောက်လာတော့ ၂ ယောက်သားကြည့်ရင်းက ဘာလိုအပ်နေ မှန်း မသိ။ဓာတ်ပုံက မပြည့်မစုံဖြစ်နေသလို ခံစားမိကြသည်။ပြီးတော့ ဓာတ်ပုံထဲက သူ့တူမလေးနဲ့ တူလေး၊ကလေး ၂ ယောက်ကို ဟာသလုပ်ပြီး ရယ်မောဖြစ်ကြသည်။ကလေးတွေက အချိန် အနည်းငယ်အတွင်း မှာ အများကြီးပြောင်းလဲလာသည်။ကိုယ်တွေ ရင်ခွင်ပိုက်တဲ့ကလေးက မတ်တပ်ရပ်ပြီး စတိုင်ပြည့်နဲ့ ဓာတ်ပုံရိုက်ခံ နေတာမြင်တော့ အသက်ရှူတောင်မှားလောက်အောင် အံ့သြဘနန်းဖြစ်ရသည်။

နောက်တရက်၊မနေ့တုန်းက တခေါက်ထပ်ကြည့်ဖြစ်သည်။ဘာလိုသလဲ ဆိုတာ ရှာတွေ့မိသွားသည်။အဓိက Subject တွေ..၊လူတွေ လိုနေ တာပါ။မိသားစု အင်အားတောင့်တင်းတဲ့သူတို့မိသားစုဆိုတာက ဓာတ်ပုံရိုက်ရင် အထဲနဲနဲတိုးဦး၊အထဲနဲနဲတိုးဦးနဲ့ လူအားလုံးပါအောင် တွန်းတွန်းထိုးထိုး၊ကြပ်ကြပ်သိပ်သိပ်နဲ့ရိုက်ခဲ့ကြတဲ့ မိသားစု က ခုတော့ကမျောက် ကချောက် ဖြစ်နေသည်။အဝေးရောက်နေသူတွေ နေရာမှာ အနီးရှိတဲ့ ကလေးငယ်တွေ အစားထိုး ပါဝင်လာသည်။ဘယ်လိုပဲ ဖြစ်ဖြစ်၊သိပ်တော့ မစိုပြည်..။ မပြည့်စုံ...။

ဓာတ်ပုံကြည့်ရင်းကနေ ထမင်းစားဝိုင်းတွေအကြောင်း တွေးမိသည်။ဟိုးး ခပ်ဝေးဝေးက ထမင်းဝိုင်းလေး....။

ကျမအသက် ၁၆ နှစ်ထိနေထိုင်ကြီးပြင်းခဲ့တဲ့ အမေအိမ်က ထမင်းစားပွဲက အလှူမင်္ဂလာ၊ပွဲနေပွဲထိုင်ဆိုရင် အငှားလိုက်ရလေ့ရှိသည်။အဖေက တို့မိသားစု ၇ ယောက်စာ ဆိုပြီး ထမင်းစားပွဲကို အကြီးကြီးလုပ်ထားခဲ့သည်။ ၇ ယောက် ချောင်ချောင်ချိချိ စားလို့ရသည်။ဧည့်သည်ဝင်ချင်ရင်တောင် ၀င်လို့ရသည်။ ကလေးငယ်ငယ်တွေ၊ ပုစုခရုနဲ့ဆိုတော့ အတော်လေးကျယ်ဝန်းမှလဲ အဆင်ပြေသည်။ ဒါပေမယ့် အဲ့ဒိထမင်းစားဝိုင်းလေးမှာ အဖေက ဘယ်နှစ်နှစ်လောက်များ သူ့မိန်းမ၊သူ့သားသမီးတွေနဲ့ ထမင်းလက်စုံ စားခွင့် ရခဲ့ပါသလဲ။တခါတလေကျ အဖေ လုပ်သူကို ကျမ ကရုဏာသက်မိသည်။သူ လူဖြစ်လာသည်။အသက် ၂၀ မှာ အိမ်ထောင်တည်ထောင်သည်။ အလုပ်လုပ်သည်။သားကျွေးမှု၊မယားကျွေးမှု။ကြွေးသစ်တွေ တပင်တပန်း ချသည်။ အသက် ၃၈ မှာ ရောဂါဆိုး တခု စတင်ခံစားရပြီး အသက် ၄၀ မှာ သူ့ဘ၀က အဆုံးသတ်သွားသည်။သူ့ကို ကြွေးဟောင်းဆပ်တာကို သူခံစားခွင့်မရရှိခဲ့ပါ။သူမွေးထားခဲ့တဲ့ သားတွေသမီးတွေရဲ့ ကောင်းသည်၊ဆိုးသည်ကို သူမမြင်နိုင်ခဲ့။သူ့ဘ၀က ဖြစ်သင့်သည်ထက် အနည်းငယ် တိုတောင်းလွန်းလှသည်ဟု တခါတခါ တွေးမိသည်။

ကျမငယ်ငယ်က မိသားစုထမင်းစားတော့မည်ဆိုတာနဲ့ အငယ်ဆုံးဆိုတော့ ဗာဟီရ၊တောက်တိုမယ်ရ ၀င်လုပ်ရ သည်။အိမ်မှာက ထမင်းကို သူတခါ၊ငါတခါ ကိုယ်ဆာတဲ့အချိန်ကိုယ်ထစား။အဲ့လို စားလို့မရ၊အမေ မကြာခဏ ပြောဖူးတဲ့စကားက "ငါးပိရည်နဲ့ပဲ စားဦး၊လက်ဆုံစားတော့ ပိုဝင်တယ်" တဲ့။အမ လုပ်သူက ထမင်းခူးနေရင် ကျမက အဲ့ဒိအဖေ့လက်ရာ ထမင်းစားပွဲအကြီးကြီးကို မနိုင်မနင်း မ ရသည်။နောက်ဖေး မီးဖိုချောင်ရဲ့ ဒေါင့်တနေရာရာမှာ ထောင်ထားတဲ့ အဲ့ဒိ ထမင်းစားပွဲကြီးကို လှိမ့်ရင်းက ကိုယ့်ခြေမပေါ် စားပွဲနဲ့ဖိသွားလို့ သွေးချေဥသည်အထိ ဖြစ်ရသည်။ကြမ်းပြင်မှာ ဖင်ချထိုင်ပြီး ထိုင်စားရတဲ့စားပွဲဆိုတော့ တခါတလေမှာ ဟင်းတွေ၊ထမင်းတွေ အိုးထဲပြန်မထည့်ချင်လို့ ထမင်းစားပွဲကို ပြန်မထောင်တော့ပဲ ဒီအတိုင်း ထားရတဲ့အခါမျိုးတွေဆိုရင်တော့ ရှပ်ပြာရှပ်ပြာနိုင်လှတဲ့ ကျမညှို့သကျည်းရိုးတွေ အညိုအမဲစွဲသည်အထိ ခလုတ်တိုက်မိတာမျိုးတွေလဲ ရှိသည်။

တကယ်တော့ အဲ့ဒိထမင်းစားပွဲက မိသားစု ၇ ယောက်ဆန့်အောင် လုပ်ထားခဲ့တယ်ဆိုပေမယ့် အဖေဆုံးပြီး နောက်နှစ်အနည်းငယ်အတွင်းမှာပဲ အမတယောက်၊အကို တယောက်က ရှေ့ဆင့်နောက်ဆင့်အိမ်ထောင်ပြုသွား ကြတာဆိုတော့ တကယ့်လက်တွေ့မှာ သားသမီးသုံးယောက်နဲ့ အမေနဲ့ လေးယောက်နဲ့ စိုပြေခဲ့တဲ့ ထမင်းဝိုင်းလေးဖြစ်သည်။ ၇ ယောက် မဟုတ်ပေမယ့် လေးယောက်ဆိုတာလဲ အင်အားတော့ နည်းလှတာ မဟုတ်ပါဘူးလေ။

မိုးတွေသိပ်သည်းတဲ့ တချို့ညနေခင်းတွေမှာ အဲ့ဒိထမင်းဝိုင်းလေးကို ကျမလွမ်းဆွတ်မိပါသည်။ငါးသလဲထိုး သေးသေးမျှင်မျှင်လေးတွေကို သရက်သီးပါးပါးလေးတွေနဲ့ ရောချက်တဲ့ အမေ့ငါးဟင်းလေး၊နောက်ဖေး ကမ်းနား ချောင်းစပ်မှာစိုက်ထားတဲ့ ဘူးပင်တွေဆီက ခူးထားတဲ့ ဘူးညွန့်ပြုတ်၊ငြုပ်သီးစိမ်း မီးဖုတ်ထောင်း ဖျော်ထားတဲ့ ကွင်းချောင်းရွာထွက် ငါးပိရည်၊ပြီးတော့ တစိမ့်စိမ့်ရွာနေတဲ့မိုးအေးအေးမှာ ထမင်းပူပူလေးနဲ့။မိသားစုလေး ယောက် စကားတပြောပြောနဲ့ လွေးကြတဲ့ ညနေခင်းထမင်းဝိုင်းလေးကို ကျမသတိတရ ရှိမိသည်။

အငယ်ဆုံးက နောက်ကားကျော်တက်ပြီး အရင်ဆုံး အမေ့အိမ်ကို လက်ပြနှုတ်ဆက်ခဲ့သည်။ မျှော်လင့်ချက်တနင့် တပိုးထည့်လွယ်ထားတဲ့ ကျောပိုးအိတ်တလုံး၊ဒိုင်ယာရီစာအုပ် တအုပ်နဲ့ ရင်ခုန်သံခပ်ပြင်းပြင်းတချက်ကို သယ်ဆောင်ပြီး အမေ့အိမ်က ထမင်းဝိုင်းလေးကို စွန့်ခွာခဲ့သည်။ နှစ်ကာလတွေအတော်များများမှာ အမေ့အိမ်က ထမင်းဝိုင်းလေးကို လွမ်းရကောင်းမှန် မသိတတ်ခဲ့ပါ။အမေ့အိမ်က ထမင်းဝိုင်းလေးဆီက ကြည်နူးမှုတွေက "ဧရာဝတီတိုင်းမှ နှုတ်ခွန်းဆက်သပါ၏ "ဆိုတဲ့ဆိုင်းဘုတ် နောက်မှာ တရေးရေးပျောက်ကျန်ခဲ့ဖူးသည်။

ပြီးခဲ့တဲ့ နှစ်တုန်းကတော့ အမေက ထမင်းဝိုင်းကို အပြောင်းအလဲလုပ်ထားသည်။ထမင်းစားပွဲနဲ့ ကုလားထိုင်နဲ့။ သို့သော် ကုလားထိုင်က ၂ လုံးတည်း။ အဲ့ဒါကိုမြင်တော့ စိတ်ထဲမယ် တခုခုကို မနာလိုစိတ်ဖြစ်သွားသည်။ စိတ်နောက်ကိုယ်ပါ "အမေကလဲ ဘာလို့ ထိုင်ခုံ က နှစ်ခုံထဲဖြစ်နေရတာလဲ "လို့ပြောခဲ့မိသည်။ "နင့်အကိုအိမ်က လက်သမားတွေလုပ်ပေးတဲ့အတိုင်းပါပဲကွယ်။ ထိုင် ထိုင် အမေ မထိုင်ဘူး "တဲ့။နောက်တစ်လလောက် အကြာ၊နောက်ထပ်တခေါက် အမေ့အိမ်ပြန်ရောက်တော့ ကုလားထိုင်လေးလုံး ဖြစ်နေသည်။ ကျမဖို့ တလုံး၊ အိမ်ရှေ့အိမ်မှာ သားနဲ့ဇနီးနဲ့ ဖြစ်နေတဲ့ သူ့သားငယ်အတွက် တလုံးဖြစ်ဟန်တူပါသည်။တကယ်တော့ အဲ့ဒိ ထမင်းစားပွဲမှာက သိပ်ပြီးစားဖြစ်ကြတယ်လဲ မရှိပါ။ကြမ်းပြင်မှာ ပိပိပြားပြား ထိုင်ချပြီးစားရတဲ့ အဖေလုပ်ပေး ခဲ့တဲ့ ထမင်းစားပွဲမှာပဲ သွားဝိုင်းဖြစ်ကြတာချည်း။တူတွေ၊တူမတွေက ကျမအိမ်ပြန်ရောက်နေချိန်ဆိုရင် နှင်ချလို့ တောင် မပြန်ကြ။သူတို့တွေနဲ့ဆိုတော့ စားပွဲ၊ကုလားထိုင် လေးလုံးနဲ့လဲ အဆင်မပြေ။

ကျမမရှိတဲ့ ခုလိုအချိန်တွေမှာ အမေက ဘယ်ထမင်းစားပွဲမှာ စားနေမှာလဲ။သူ့သမီးကြီးက အေးတိအေးစက်။ နွေးနွေးထွေးထွေး၊သဲသဲကဲကဲ မနေတတ်။သူဗိုက်ဆာရင် ၀မ်းချင်းဆုံတာ မဟုတ်ဘူးဆိုပြီး သူ့ဘာသာသူ စားနှင့် နေတတ်တဲ့သူ။အဲ့ဒီလို ညနေခင်းတွေတိုင်း အမေဘယ်သူနဲ့ ထမင်းလက်ဆုံစားနေမှာပါလိမ့်။ သူ့ယောက်ျား လုပ်ပေးခဲ့တဲ့ ထမင်းစားပွဲဝိုင်းကြီးက မီးဖိုချောင်ရဲ့ ထောင့်တစ်နေရာမှာ ထောင်လျက်သားဖြစ်နေပြီး သူတဦးထဲ စားပွဲနဲ့ ကုလားထိုင်ပေါ်ထိုင်လို့ ရေနွေးကြမ်း တခွက်နဲ့ပဲ ငြိမ်သက်တိတ်ဆိတ်နေလေမလား။ရေနွေးကြမ်းခွက် လေးကြောင့်ပဲဖြစ်ဖြစ် အမေ့ထမင်းဝိုင်းလေးက နွေးနွေးလေးဖြစ်နေပါစေလို့သာ ကျမဆန္ဒပြုနေမိပါသည်။


Friday, May 14, 2010

အသိမဲ့

ရုပ်ရှင်ကြည့်မယ်ဆိုတဲ့စိတ်ကူးက ဘယ်အချိန်ကဖြစ်ပေါ်ခဲ့သလဲဆိုတာ သူ မမှတ်မိတော့ပါ။ခုတော့ ကြည့်နေ လက်စရုပ်ရှင်ကို ပိတ်လိုက်ပြီးသားဖြစ်သွားပြီ။ဟင့်အင်း..ပိတ်လိုက်တာမဟုတ်ဘူး။ ခဏလေးရပ်ထားတာ။ ပြန်ကြည့်ချင်ရင်ကြည့်မယ်။မကြည့်ချင်ရင်လဲ မကြည့်တော့ဘူး။စိတ်အပြောင်းအလဲမြန်လိုက်တာလို့ ပြောချင် ရင်လဲ ပြောပေါ့။ခု သီချင်းနားထောင်တော့မလား လို့...။

ကဗျာဆရာတယောက် ပို့ပေးထားတဲ့ ခင်ဝမ်းသီချင်းအတော်များများ သူ့မှာရှိသည်။ကဗျာဆရာ ဆိုလို့။ အဲ့ဒီ ကဗျာဆရာနဲ့ဆုံပြီး လေဖုတ်ဖို့ချိန်းထားတာ သွားသတိရသည်။ဖုန်းနာပါတ်ပြောင်းထားတာ သူမသိသေးဘူး။ ပြောဖို့လိုလား။အင်း လိုတာပေါ့။သူ့ကို တချက်လှမ်းပြီး သတင်းပေးလိုက်သည်။နောက်တော့ ဂဏန်း (၈) နဲ့ စသော ဖုန်းနံပါတ်များအကြောင်း သတိရသည်။

သီချင်းနားထောင်မလို့ သီချင်းရှာနေတာကို ပြန်သတိရသည်။မြင်မြင်ရာ ခင်ဝမ်းသီချင်းတပုဒ်ဖွင့်လိုက်သည်။ ခွဲခွာခြင်းကိုနှစ်သိမ့် တဲ့။အချစ်ရေ...မင်း မျက်ရည်မ၀ဲပါနဲ့ မကြာခင်ပြန်ဆုံရမယ်.. ပြုံးနိုင်တုန်းမှာ အချစ်ရေ ပြုံးထားပါဦး... ခွဲခြားခြင်းကို တုပြိုင်..ပြုံးစမ်းပါဦး....။

သီချင်းမဆုံးသေးခင်မှာပဲ သူ ပြုံးလိုက်မိသည်။

ရုပ်ရှင်တွေ..ယုတ္တိမရှိလိုက်ပုံများ။ခေတ်အခါနဲ့ လျော်ညီမှုကိုမရှိဘူး။ရပ်ထားရာကနေ ပြန်ဖွင့်ကြည့်သည်။ ပြီးတော့ အပြီးအပိုင် ပိတ်ပစ်လိုက်ရသည်။အဲ့လို ရိုက်ချင်ရာရိုက်ပြနေတတ်တဲ့ ရုပ်ရှင်တွေထက်စာရင် ပျော်ရွှင် ကျေနပ်စရာ၊ စိတ်ပင်ပန်းမှုများနဲ့ ခေတ္တကင်းဝေးစရာ ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးတွေသာ ကြည့်ချင်သည်။ သို့သော် အခုတော့ ဘာမှမကြည့်ချင်တော့ဘူး။

လေ ၀၀ရှူလိုက်ချင်တဲ့စိတ် ဖြစ်လာသည်။

အပြင်ဘက်ကို ခဏလေးဖြစ်ဖြစ် မြင်ခွင့်၊ကြည့်ခွင့်ရရင် သိပ်ကောင်းမည်။သြကာသလောကကြီး တစ်ခုလုံး ဘာတွေများ ဖြစ်ပျက်ပြောင်းလဲနေသလဲ ဆိုတာ သူစိတ်ဝင်စားသည်။ဘယ်သူတဦးတယောက်ကမှ မဖိတ်ခေါ် ပေမယ့် သူ့စိတ်က အတိတ်ဆီသို့ ခြေဦးလှည့်သွားသည်။

အထပ်မြင့်တိုက်တခုပေါ်ကနေ လှမ်းကြည့်လိုက်ရင် ကျယ်ကျယ်ပြန့်ပြန့်တြိဂံပုံစံ မြေနီကွက်လပ်လေးမှာ မှောင်ကုပ်ကုပ်လက်ဘက်ရည်ဆိုင်လေးရှိတဲ့ မြင်ကွင်းလေးတခု ဟိုဟိုဒီဒီ၊ဘယ်ဆီကနေမှန်းမသိ ပေါ်လာသည်။အဲ့ဒီဆိုင်လေးမှာ သူတို့တွေ ရေနွေးကြမ်းအိုးပေါင်းများစွာ အတူတူသောက်ကြသည်။ ပေါ်ဦးသက်ရဲ့ ပန်းချီကားတွေကို လက်ဘက်ရည်ထဲနှစ်သောက်ပြီး မင်းချမ်းမွန်ရဲ့ ကဗျာကို ရွတ်ကြသည်။ ပဲပြုတ်နံပြား စားခဲ့သည်။.............။

လွမ်းရပြန်သည်။တစ်ခါ။

ထုံထိုင်းမူးယစ်ခြင်းနဲ့ ကိုယ့်အလွမ်းကို တစ်လွှာချင်းစီ အရောင်တင်ဖြစ်သည်။သတိတရရှိခြင်းမှာ ဒဏ်ရာတွေ မပါဖို့ သူကြိုးစားရတော့မည်။မဖြစ်မနေ..။ချစ်ခြင်းမေတ္တာဆိုတာ ပူလောင်ဖို့ မဟုတ်ဘူး။ရင်ငွေ့ခြုံလုံပါပေ့ ဖြစ်စေဖို့။ရရှိခဲ့ဖူးတာတွေကို ပြန်ပြီးဆာလောင်နေရတာ... အနာဖေးအထပ်ထပ် အနာကို သေချာ ကြည့်ပြီးဆွ နေရသလို။

မမြင်ရသော၊မပိုင်ဆိုင်နိုင်သော ကောင်းကင်ကြီးကို အခန်းကျဉ်းလေးထဲကနေပြီး စိတ်ကူးနဲ့လဲ ပုံဖော်လို့ ရသားပဲ။သူ့ကိုအုပ်မိုးထားသော၊သူချစ်သောသူတွေကို အုပ်မိုးထားသော ကောင်းကင်ကြီးက ညနေတုန်းကလို ညစ်ပုတ်ပုတ်ဖြစ်နေတုန်းပဲလား။ဒါမှမဟုတ် ဟိုနေ့ညတွေတုန်းကလို တိမ်မျှင်မျှင်တွေကများက သူ့အလင်း သူမဆောင်နိုင်ရှာတဲ့ လမင်းကြီးရဲ့ အပေါ်ကနေ ဖြတ်ဖြတ်ပြီး ပြေးနေကြမလား။

သူ့ ကောင်းကင်တစ်ခုလုံး ဘာတွေဖြစ်နေသလဲဆိုတာ ဒီညအဖို့ သူ မသိရသေးပါ...။ဘယ်အချိန်ကျရင်ဖြင့် သေချာသိခွင့်ရမလဲဆိုတာလဲ မသေချာပါ။

အသိမဲ့စွာ ခဏလေး ပြေးထွက်သွားရာကနေ လက်ရှိပစ္စက္ခဆီသို့ ပြန်ရောက်လာရပြန်သည်။ဒါမှ သူ့ဘ၀ အစစ်အမှန်ဖြစ်သည်။


Wednesday, May 12, 2010

ခရီးလမ်းဆုံး



(My country/ My origin/ My destination)

စမ်းတ၀ါးဝါးနဲ့ ဒီနေ့တနေ့ခင်းလုံး ဒီဟာလေးလုပ်နေဖြစ်တယ်။အဆင်မပြေလဲ သည်းခံပြီး ကြည့်ကြပါလေ :) ဓာတ်ပုံတွေက ပြည်မြို့ဗိုလ်ချုပ်ပုံကလွဲရင် ကျန်တဲ့ပုံတွေက ကျမရိုက်ခဲ့တာတွေဖြစ်ပြီး၊သီချင်းက အားလုံးသိပြီး ဖြစ်တဲ့ ဂျွန်ဒမ်းဗားရဲ့ ကန်ထရီးရုတ်(ဒ်)ပါ။

တူညီသောမနက်ခင်းများ၊ပျင်းရိငြီးငွေ့ဖွယ် မေလနေ့လယ်ခင်များ၊တဟီးဟီးတောက်လောင်နေသောကျွန်းပိစိမှ အပူလှိုင်းများဆီကနေ ကျမ တိတ်တိတ်လေးပြေးထွက်သွားခဲ့မိတယ်။....။

All credits to John Denver & Song Composer of Country Roads.

Sunday, May 02, 2010

မျက်ရည်အန်ဖတ်

ဘ၀ဆိုတဲ့ မြွေကောင်ဆိုးကမှ
ငိုအောင်စ နေရင်
ငိုတတ်အောင် ငိုဖို့ပဲ ...။

လက်သည်းထိပ်ကို နာနာကိုက်
တအိအိနဲ့ ငိုချလိုက်စမ်း...။
ခက်နေတာက..
ငါ့မျက်ရည်မြစ်ကြောတလျှောက်
ချော်ရည်ပူတွေနဲ့ ပိတ်ဆို့နေတာ..။

ငါ...
ဒီနေ့ည ပျော်ရွှင်တယ်
ငါ..
မနက်ဖန်မနက် မိုးမလင်းခင်မှာ... ငိုကြွေးမယ်
ငါ့ကို ..
လာမတားနဲ့ ....။

ရိုးသားမှုကို ရွက်ကုန်လွှင့်ပြီး...
ငါ ဘာကိုမှ မမျှော်လင့်ခဲ့ဘူးဆိုတာ
ငါ့ကိုယ်ငါ ရင်းလို့....
ငါ ယုံကြည်၏။

ငါ့ကဗျာတွေထဲမလဲ
ငါ့ရှိရှိသမျှ
ငါ့ပိုင်ဆိုင်သမျှ...
ငါ့ အကြောင်းအရာတွေ အကုန်မပါနိုင်ခဲ့...

အဲ့ဒီလိုနဲ့..
လူတွေကြား ဖြတ်လျှောက်ဖွင့်မပေးဘဲ
ဝှက်ထားမိတဲ့
ငါ့မျက်ရည်အန်ဖတ်တွေ...။....။

Mirror

Wednesday, April 28, 2010

သွားနှင့်ဦးတော့ ဆရာရေ...

နားထွေးသွားလားဆိုတဲ့ စကားလုံးကို ဆရာ့ဆီမှ စတင်ကြားဖူးခြင်းဖြစ်သည်။ ကွမ်းလေးတမြုံ့မြုံ့ဝါးရင်း စာရှင်းပြလိုက်၊ သူ့ကိုယ်သူ မနိုင့်တနိုင်နဲ့ မတ်တပ်လေးရပ်ပြီး ကျောက်သင်ပုန်းပေါ်မှာ စာရေးလိုက် လုပ်နေရင်း ကျောင်းသား အယောက်(၂၀)ကျော်ထဲမှာ ဘယ်တစ်ယောက်က စိတ်မ၀င်စားဘူး ဖြစ်နေလဲဆိုတာ သူမြင်တတ်သည်။ စိတ်မ၀င်စားတာလား၊ နားမလည်တာလားဆိုတာလဲ သူ ခွဲခြားတတ်သည်။

ဆရာက စာသင် အလွန်ကောင်းသည်။ သူ့သင်ကြားမှုပုံစံကို ကျမတို့တွေ မမှီမကမ်းနဲ့ လိုက်သင်ရတဲ့အခါ မျက်လုံးများ ဇဝေဇ၀ါနဲ့ နားအူနားလည်တွေ ဖြစ်နေခဲ့ပုံရသည်။ အဲ့လိုဖြစ်ကြတဲ့အခါတိုင်း နားထွေးသွားလားလို့ မေးတတ်းစမြဲ။ စကြားခါစတုန်းက ဘာကြောင့်မှန်းမသိ ကျမတို့ ပြုံးမိတတ်ကြသည်။ မျက်နှာတွေလဲ တဖြီးဖြီး ဖြစ်ကြသည်။ နောက်တော့ ကျမတို့အဲ့ဒိ နားထွေးသားလားဆိုတဲ့ စကားနဲ့ ဆရာနဲ့ကို အတွဲတိုက် တွဲပြီးတော့ပါ မှတ်မိနေတော့သည်။ ကိုယ့်ဘာသာကိုယ်တွေလဲ နားထွေးသွားလားလို့ အချင်းချင်း နောက်ပြောင်မိကြသည်။ အဲ့လိုအခါတိုင်းလဲ ဆရာ့ကို ပြေးပြေးလွှားလွား သတိရဖြစ်သည်။

ဆရာက သိပ်ကိုတော်တဲ့ဆရာ၊ ပြီးတော့ သိပ်ကို တန်ဖိုးကြီးတဲ့ဆရာ။ အတတ်ပညာရှင်တယောက်ရဲ့ ဂုဏ်သိက္ခာကိုလဲ သိပ်တန်ဖိုးထားတတ်တဲ့ ဆရာ။ အဲ့ဒါကြောင့်မလို့လဲ ဆရာကမြန်မာပြည်မှာ မအောင်မြင်ရှာဘူး။ နေနိုင်စားနိုင်ရုံသာ..။

ကျမတို့ တတိယနှစ် နဲ့ နောက်ဆုံးနှစ်မှာ အပတ်စဉ် သောကြာနေ့တိုင်း ဆရာ့ဆီမှ စာသင်ခွင့်ရသည်။ တကယ်တော့ အဲ့ဒီအချိန်မှာကတည်းက ဆရာက ပင်စင်စားဖြစ်နေပြီ။ အဲ့ဒိအချိန်ထဲက ဆရာ့အသက်က ၇၀ နီးပါး။ ပင်စင် မယူခင်ထိ ကျောင်းမှာပဲ စာသင်နေသေးသည်။ နောက် ပင်စင်ယူပြီး ခဏနားသည်။ သို့သော် ကျမတို့ရဲ့ ကျောင်းတော်မဟာက အင်မတန် အထောက်အပံ့တွေ အားကောင်းလွန်းတဲ့ အခါကျတော့ Medical Imaging ဆိုတဲ့ ဘာသာရပ်ကို သင်နိုင်မယ့် ဆရာရယ်လို့မရှိတာနဲ့ ဆရာ့ကိုပဲ ပြန်ခေါ်ရသည် ဆိုကြသည်။

ကျမသိသလောက် ကျောင်းက ဆရာ့ကို လခ မပေးကြပါ။ ဆရာနေတဲ့ သန်လျင်ကနေ မြို့ထဲ စိုက်ပျိုးရေးလိပ်ခုံးအထိ သောကြာနေ့လာတိုင်း ကားငှားလာတဲ့ ကုန်ကျစရိတ်၊ ဆရာ့အတွက် မနက်စာ၊ နေ့လည်စာ၊ကော်ဖီ၊အအေး စတဲ့ကုန်ကျစရိတ်တွေ အားလုံး၊ ပြီးတော့ အသက်ကြီးလှပြီ ဖြစ်တဲ့ ဆရာ့အတွက် ဗာဟီရကိစ္စမှန်သမျှ ကျောင်းသူ၊ကျောင်းသားတွေကပဲ ကျခံရသည်။ ပြောရရင် အပြင်ကျူရှင်ယူသလိုမျိုးနဲ့ ဘာမှမထူးခြားလှ။ အဲ့ဒီလိုအခြေအနေမှာ ဆရာက တပည့်တွေကို အားနာသည်။ တပည့်တွေက ဆရာ့ကို တပြန်အားနာသည်။ ကျောင်းသူ၊ကျောင်းသားတွေနဲ့ ဆရာနဲ့ကြားမှာ နားလည်မှုတွေ အများအပြားတည်ဆောက်ပြီး စာသင်ကြရသည်။ စာသင်နှစ်ပြီးရင် ကျောင်းသားတွေက အထိုက်အလျောက်ကန်တော့တာမျိုးတော့ ရှိသည်။ ဒါလဲ တစ်လနဲ့တစ်လ ကိုယ့်ဘာသာကိုယ်တောင် အလျင်မှီအောင် သုံးနေကြရတဲ့ နယ်ကလာပြီး ကျောင်းတတ်တဲ့လူတွေများတဲ့အတွက် ဘာမှတော့ ပြောပလောက်စရာမရှိပါ။

ဆရာ့စေတနာက ခန့်မှန်းကြည့်လို့ မရလောက်အောင်ကို ထက်သန်သည်။ စိတ်ဓာတ်လဲ ပြင်းထန်လွန်းသည်။ ဆရာပြန်ပြောပြတဲ့ သူ့ငယ်ဘ၀တွေဆီက ကျမ သင်ယူရရှိလိုက်တာတွေက တန်ဖိုးကြီးမားလှပါသည်။ ကံ့ကော်တော၊ အင်းလျားနဲ့ သထုံ၊ ပင်းယနဲ့ မန္တလေးဆောင်တွေအကြောင်း ပြောနေရတဲ့ အချိန်တွေမှာဆို ဆရာ့မျက်နှာမှ အပြုံးတို့က အင်မတန်နှစ်လိုဖွယ် ကောင်းလှသည်။

နှစ်ပေါင်းများစွာ ဘုံဘေမှာ ကျောင်းဆရာအဖြစ် သွားလုပ်ဖူးသည်ဟု ဆိုသည်။ အိန္ဒယလူမျိုးတွေအကြောင်း ဆရာပြောပြလို့ အနည်းအကျဉ်း တီးမိခေါက်မိရှိခဲ့သည်။ သူ ဘုံဘေမှာ အကြာကြီးနေပြီး မြန်မာပြည် ပြန်လာတဲ့အခါ မြန်မာအမျိုးသမီးလေယာဉ်မယ်လေးကို စတွေ့တွေ့ချင်းဖြစ်တဲ့ စိတ်ခံစားမှုလေးကအစ တပည့်တွေစိတ်ဝင်စားလာအောင် ပြောတတ်သည်။

ဆရာက လူကောင်လေးက သေးသေးလေး ပေမယ့် ပုဆုံးနဲ့တိုက်ပုံကို သပ်သပ်ရပ်ရပ် ၀တ်တတ်သည်။ ယဉ်ကျေးသိမ်မွေ့သည်။ ပြီးတော့ နူးညံ့ညင်သာသည်။ သူစိတ်ထွက်လာပြီဆိုလျှင်လည်း ကျမတို့တစ်တွေ နေစရာမရှိလောက်အောင် ကြောက်ကြရသည်။

စာကို အသေချာသင်ပြီး အသေအချာ စစ်သည်။ တက္ကသိုလ်တက်ခဲ့သည့်လေးနှစ်မှာ ဆရာစစ်မှပဲ Unseen Question ဆိုတာမြင်ဖူး၊ ကြုံဖူး၊ ဖြေဖူးခဲ့သည်။ တစ်ပုဒ်ကို တစ်မှတ်ပဲပေးပြီး တစ်ခန်းလောက် မကြည့်တော့ပါဘူးလေဆိုပြီး လွှတ်လိုက်တာနဲ့ စာမေးပွဲကျပြီဆိုတဲ့ မေးခွန်းမျိုးတွေနဲ့ စာမွေးပွဲတွေကို ဆရာက စစ်တတ်သည်။ ဒါပေမယ့် ဆရာသင်ထားတဲ့ သင်ခန်းစာတွေက ဘယ်ဟာကို ကျက်လို့ကျက်ရမယ်မှန်း မသိ။ ဘယ်ဟာက ကျက်စရာ၊ဘယ်ဟာက ဖတ်စရာလို့လဲ မရှိ။ သင်ချင်သလိုတွေသင်ပြီး မေးချင်သလိုတွေမေးသည်။ ကိုယ်တွေလဲ ဖြေချင်သလိုဖြေခဲ့ပုံရသည်။ အသေချာ မမှတ်မိတော့ပါ။

မင်းတို့ Instant ရဲ့ အနက်အဓိပါယ်ကို သိကြားလားကွ။ အင် ဒါလေးများသိတာပေါ့လို့ တွေးလိုက်မိသည်။ ပြောလက်စ စကားကို ခဏရပ်ထားပြီး အာရုံစူးစိုက်မှုကို ယူသည်။ တပည့်တွေ စိတ်ဝင်စားနေပြီဆိုတာ သေချာသလောက်ရှိမှ နှပ်ထားတဲ့ကော်ဖီကြမ်းတခွက်ရဖို့ အချိန်တွေ အများကြီးရင်းရတယ်၊ ပြီးတော့ နို့ဆီလေးထည့်ရတယ်ကွာ။ နို့ဆီထည့်မယ်ဆိုတော့ အဲ့ဒိနို့ဆီဗူးထဲ ပုရွက်ဆိတ်တွေ မ၀င်နိုင်အောင်လို့ ရေခွက်နဲ့ ခံပြီးထည့်ထားရမယ်ကွာ။ ရေခွက်ထဲမှာ နို့ဆီဗူး သံချေးမတက်ဖို့လဲ မင်းတို့ သတိထား ရဦးမယ်ကွာ။ ကဲ နှပ်ထားတဲ့ကော်ဖီလဲရပြီ။ နို့ဆီ၊သကြားလဲ ရပြီ၊ အိုကေ ကောင်းပြီ၊ဖျော်တော့မယ်။ မင်းတို့ဘာသာမင်းတို့ ဖျော်တာထက် တကယ်ဖျော်တတ်တဲ့ အတွေ့အကြုံရ ၀ါရင့်သဘာရင့် အဖျော်ဆရာက မင်းတို့သောက်ဖို့ ဖျော်ပေးတာဆို ပိုမကောင်းဘူးလားကွာ။ ကဲ မင်းတို့ အဲ့ဒီ ကရိကထ တွေမခံချင်ရင်တော့ စူပါလေးတစ်ထုတ်သာ ပြေးဝယ်ပြီး ကော်ဖီခွက်ထဲ ဖောက်ထည့်လိုက်ကြကွာ။ ပြောလက်စစကားကို ခဏလေးရပ်ပြီးတော့မှ မင်းတို့သင်နေရတဲ့ပညာရေးကလဲ ပြောရရင် Instant ပညာရေးပါကွာ။ စူပါကော်ဖီမစ်လိုပဲ အင်းစတန့်ပညာရေးပေါ့ကွာနဲ့ ကွမ်းလေးမြုံ့ပြီး ဆရာပြောခဲ့တဲ့ စကားတွေက တသက်လုံးစာ အမှတ်ရစရာများ ဖြစ်သည်။

ဆရာ့ခြေထောက်လေးတဘက်က မသိမသာနိမ့်နေသည်။ လမ်းကောင်းကောင်းမလျှောက်နိုင်၊ ငယ်ငယ်တုန်းက တော့ မရအရ ကြိုးစားပြီး လျှောက်ခဲ့မယ့်လူပါ။ အသက်ကြီးလာလို့  ကိုယ့်အရိုးကိုယ်မနိုင်တော့ နိမ့်နင်း၊ နိမ့်နင်းဖြစ်နေတာလေးက အနှောက်အယှက်ဖြစ်တာပေါ့။ ဒါပေမယ့် ဆရာက အားမလျှော့ပါ။ သုံးထပ်မြောက် သို့မဟုတ် လေးထပ်မှာရှိတဲ့ ကျမတို့ရဲ့ စာသင်ခန်းဆီရောက်ဖို့ သူ့ဘာသာသူ လှေကားလက်ရမ်းလေးကို အားပြုပြီး ဆွဲတက်သည်။ ဘေးက တပည့် တွေက တွဲကူရင်လဲ ကူတယ်ဆိုရုံလေးပဲ လက်ခံသည်။ တွဲကူတာကိုချည်းပဲ မှီပြီး မလိုက်ဖူးပါ။

ခုတော့ ဆရာက သူ့ကို ဘယ်သူမှ တွဲကူလို့မရတဲ့လမ်းကလေးတခုကို သူ့ဘာသာသူ လျှောက်လို့ သွားနှင့်ပြီ။ ခံစားခဲ့ရတဲ့ရောဂါဝေဒနာက ကြီးမားပေမယ့် ဆရာ့အနေနဲ့ အေးဆေးသက်သာစွာ ဖြတ်လျှောက်သွားခဲ့နိုင်လိမ့်မယ်ဆိုတာ ယုံကြည်နေသည်။

ရန်ကုန်မှာရှိနေတုန်းက ဆရာဆေးရုံတက်နေတယ်လို့ သတင်းရသည်။ မသွားဖြစ်။ အဲ့သည်ရက်တွေမှာပဲ ဦးဝိစာရလမ်းပေါ်ရှိ တပ်မတော်ဆေးရုံရှေ့က အခေါက်ပေါင်းများစွာဖြတ်ဖြစ်သည်။ သို့သော် မ၀င်ဖြစ်။ တခါတခါ ကိုယ့်မြစ်များက သူများတကာတွေထက်  ကောက်ကွေ့လွန်းသည်။ ခြေလှမ်းတွေက မရောက်ဖြစ်ခဲ့ပေမယ့် သတိရခြင်းစိတ်များတော့ ဖြစ်မိပါသည်။

အခုလဲ ချစ်ခင်ရပါသောဆရာကောင်းရာသုဂတိလားပါစေဟု သာမန်ရိုးကျ ဆုတောင်းပေးမိသည်။ သွားနှင့်ဦးတော့ ဆရာရေ...ဟုသာ တိတ်တိတ်လေး အထပ်ထပ်ပြောနေမိသည်။

(၁၇.၄.၂၀၁၀ နေ့တွင် Brain Tumor ဖြင့်ဆုံးပါးသွားသော ဆရာကြီးသို့....)
ဒီစာလေးရေးထားတာ "ဆရာဆုံးပြီ " ဆိုတဲ့သတင်းကြားတဲ့နေ့တုန်းထဲက။ အဲ့ဒိနေ့က စိတ်ခံစားမှုတွေပေါင်းဆုံ ပြီး လတ်စမသတ်နိုင်ခဲ့လို့ ခုမှတင်ဖြစ်တော့သည်။

Sunday, April 18, 2010

စိတ်ကူးခြေရာ

ညသည် ငြိမ်သက်တိတ်ဆိတ်မနေ။လှိုင်းကြက်ခွပ်များကလဲ သိပ်ပြီးတော့ အားမာန်မပါလှ။သို့သော် လှ၏။ ပြိုးပြိုးပျက်ပျက်။ပြီးတော့ အဲ့ဒီလှိုင်းတွေပဲ... နေရာအနီးအဝေးကွာရုံနဲ့ ခံစားမှု အာရုံကိုလဲ ကွာဟစေသည်။ အဝေးဆီမှာ ရွှေရောင်..အနားရောက်လာတဲ့အခါမှာ ဖြူဖြူလွလွ...။

အပွင့်ကြီးကြီး၊ကြမ်းရှရှ သဲပြင်ပေါ်မှာ ခြေရာတွေပြည့်သွားအောင် သူလိုက်နင်းနေမိသည်။ ခြေရာလေးတွေ ဖြစ်လိုက်၊ခဏနေ ၀ုန်းခနဲရောက်လာတတ်တဲ့ လှိုင်းဖြူဖြူတွေကဆွဲချသွားလိုက်၊ပျက်သွားသော ခြေရာတွေပေါ် မှာ နောက်တကြိမ်ထပ်ပြီး နင်းလိုက်နှင့် နူးညံ့ညင်သာသော အထိအတွေ့ကို သူနှစ်သက်နေမိသည်။

+++++

သူ့မှာ ခဏခဏကျပျောက်တတ်တဲ့ စိတ်ကူးအိပ်မက်တွေ ရှိသည်။သူ့စိတ်ကူး၊မျှော်လင့်ချက်တွေက လမ်းခုလတ် မှာတွင် အငွေ့ပျံ၊ကွယ်ပျောက်သွားတတ်ကြစမြဲ။သူ့မှာ မိဘမရှိပါ၊သူ့မှာ ဆွေမျိုးသားချင်းလဲ မရှိပါ။သူ့မှာ အသိုင်းအ၀ိုင်း မရှိပါ။သူ့မှာ အားကိုးတိုင်ပင်စရာ ၊ပုခုံးပါးမှီစရာ ချစ်သူမရှိပါ။

အမှန်တရားတခုကို လိုက်လံရှာဖွေရင်းကပဲ သူဟာလူ့အဖွဲ့အစည်းနဲ့ တဖြည်းဖြည်း ဝေးမှန်းမသိဝေးကွာခဲ့ ရသည်။

ပြောရရင် သူ့စိတ်ကူးအိပ်မက်တွေဆိုတာကလဲ ခြေထောက်နဲ့နင်းလိုက်၊လှိုင်းတွေတိုက်ချလို့ ပျောက်သွားလိုက် ဖြစ်တတ်တဲ့ ခြေရာလေးတွေလိုပါပဲ...။

++++++

အစစ်အမှန်တခုကို မရနိုင်၊မပိုင်ဆိုင်နိုင်သေးဘူးဆိုရင် ရှိတာလေးနဲ့ ရောင့်ရဲလိုစိတ်များ သူ့ဆီဘယ်တုန်းက ခိုအောင်းနေခဲ့ပါလိမ့်။(အဲ့ဒီလိုစိတ်မျိုးကို သူ သိပ်မုန်းပါသည်)။ သူ့အတွေးသူ သဘောကျစွာ ပြုံးလိုက်မိရင်းက ခြေထောက်ကို လာထိသည့်လှိုင်းဖြူဖြူတွေကို မုန်းတီးလိုစိတ်က ဖြစ်သွားရပြန်သည်။ပြီးတော့ ပင်လယ်စစ်စစ် တခုကို တောင့်တစိတ်များ..။...............။

ဘယ်လိုပဲဖြစ်ဖြစ် ခုနေခါမှာတော့ အဲ့ဒီလှိုင်းကြက်ခွပ်လေးတွေကိုပဲ မက်မောခုံမင်တတ်ဖို့ သူအပြင်းအထန် ကြိုးစားနေမိပါတော့သည်။

+++++++

Thursday, April 15, 2010

ဝဋ်နာ၊ကံနာ

ဧပရယ်ကို ငါမသာယာနိုင်ခဲ့တာ
ခုနှစ်ပေါင်းများစွာ ရှည်ကြာ....

တထောင့်ကိုးရာကိုးဆယ့်ငါး
အဆိုးဆုံးဧပရယ်
နာကျင်မှုကို စတင်စမ်းသပ်ခြင်း.....။

ဝဋ်နာကံနာ....
ပြီးတော့ မတ်တပ်နာ...

ဧပရယ်ပေါင်းများစွာ
ငါနင်းလျှောက်လာခဲ့
ဘယ်တဦးတယောက်မှ
ငါ့နွေလောက် ပူမှာမဟုတ်ကြဘူး
(လို့)ပြောရင်...
ပိတောက်တွေက ရီ(ရယ်)မောကြဦးမယ်။

နာတယ်။
ခံစားမှုက နာတယ်။
ဦးဏှောက်ကို တဖြည်းဖြည်းလှိုက်စား
အို...ဘ၀တဏှာ၊ဒုက္ခသစ္စာတွေ...
ကုန်ပဲမကုန်နိုင်သေးဘူးလား
ငါ... နာ.... လွန်းလို့ပါကွယ်...။

ငါ့ မတ်တပ်နာ
ပြီးတော့
ငါ့ ၀ဋ်နာ၊ကံနာ....။

Mirror

ကဗျာလို့ နာမည်မတပ်ချင်ပါဘူး။ စိတ်ထဲရှိတာတွေ ချရေးလိုက်တာပါ။

Wednesday, April 14, 2010

လွမ်းအောင်ကူချွဲ

လွမ်းလို့ဗျာ..။
ဆားချက်တယ်ပဲ ထားပါတော့။ခေါင်းစဉ်နဲနဲပြောင်းလိုက်တယ်။အရင်က တင်ပြီးသားတချို့လဲ ပါတယ်။

(ချစ်သော ဧရာဝတီ..)
အလွမ်း...ပြန်ချင်စိတ်ကြောင့် စိတ်ကူး...အိမ်မက်ထဲမှာ အိမ်ပြန်ဖြစ်တယ်။


(ဧရာဝတီ၏နှုတ်ခမ်းပေါ်မှ )


(ပုံဂံ နားက ဧရာဝတီ..)
ငါသည် ဧရာဝတီကို ဘယ်နေကနေပဲ မြင်ရ၊မြင်ရ..မြင်တိုင်းရင်ခုန်တတ်သူရယ်။ဓာတ်ပုံရိုက်တာကတော်ချက်။ ဧရာဝတီကို တစ်ခြမ်းပဲပါတယ်။


(Bicycle)
နတ်မောက်မှာတုန်းက..သဲချောင်းထဲမှာဘယ်သူ့ဘီးမှန်းလဲ မသိပါဘူး။ညနေစောင်းလေး၊အိမ်ကိုလွမ်းလွမ်းနဲ့
မြင်လိုက်တဲ့အခိုက်။


(အာနန္ဒာဘုရားနား)
တကယ်တမ်းက ပုံအကြီးရိုက်ထားတာ...မလုပ်တတ်လုပ်တတ်နဲ့ ကလိရင်း၊ကလိရင်းက သေးသေးလေးပဲ ကျန်
တော့တာ..။ဒါလေးပဲ တင်လိုက်တယ်..။


(လတ်ပွတ္တာမြို့ပေါ်က ဆိုက္ကားဂိတ်..)
ဧရာဝတီတိုင်းက နေရာတော်တော်များများက ဆိုက္ကားပုံတွေ အတူတူပါပဲ..။ဒါမယ့် ဟင်္သာတက ဆိုက္ကားတွေ ကျတော့ တစ်မူထူးတယ်။ဆိုက်ကားစီးနေရင် ဘေးကကြည့်ရတာ ခရီးသည်က မတ်တပ်ရပ် နေသလိုပဲ...။


(လယ်တောက အပြန်.......)
လယ်တောက အပြန်၊ပန်ချင်တယ် ခရေဖူးဆိုလို့... အယ် မဟုတ်သေးပါဘူးလေ..။း)


(ရှက်ပြုံး)
နောက်ကနေ ဟေး..ပြန်တော့မလိုလားလို့လဲ အော်လိုက်ရော...လှည့်ကြည့်ပြီးရှက်နေကြတာ...။


(Wild & Free)

(ခ၀ါ)

(မော်လမြိုင်ထောင်)
နောက်ဘက်က မြင်နေရတာ သံလွင်မြစ်လား၊ဂျိုင်း၊အတ္ထရံနဲ့သံလွင်ဆုံတဲ့ မြစ်ဆုံလား သေချာမကွဲပြားတော့ပါ။


(အစိမ်းရောင်- "၀"ပြည်ဘက်က)
ခံစားတတ်တဲ့နှလုံးသားရော၊ဦးဏှောက်တွေပါ ခမ်းခြောက်တော့ အစိမ်းအစိုလေးတွေပဲ ကြည့်ချင်၊မြင်ချင်နေမိ။

အခန်းထဲက သူငယ်ချင်းမနှစ်ယောက်က လူကို လွမ်းအောင်ကူချွဲကြတယ်။ ဖဘမှာရွှေပြည်တော်ကြီးက ဓာတ်ပုံ တွေ တင်လိုက်ကြတာ။အလွန်အကျွံ..။

တင်းထားတဲ့စိတ်ကို ဖြုတ်ချပစ်ခဲ့တယ်။ ဟိုးးးး အဆုံးထိ လွင့်မျောပါ... ပျောက်ကွယ်သွားခဲ့..။


Sunday, April 11, 2010

ကျနော်တို့မက်ခဲ့သော အိပ်မက်များ

သူမခေါင်းပေါ်က ကောက်လိမ်နေတဲ့ဆံပင်တချို့ကို ကျနော့လက်နဲ့ဆွဲနှုတ်ပေးလိုက်သည်။ ဆတ်ခနဲ..ဆတ်ခနဲ။ မဆိုသလောက် နာသွားတော့ သူမကနဲနဲညည်းညူသည်။

"နင့်ဆံပင်တွေ မလှတော့ဘူးဟ "

ကျနော်အဲ့လိုပြောတိုင်း သူက မခံချင်သလိုလုပ်ပြတတ်သည်။တကယ်တော့ ကျနော်ပြောသလိုပဲသူ့ဆံပင်တွေ အရင်လောက် မလှတော့ဘူးဆိုတာ သူကိုယ်တိုင်လဲသိပါသည်။ခုဆို ဆံပင်ကြမ်းကြမ်းတွေက တဖြည်းဖြည်းနဲ့ များလာခဲ့ပြီ။ပြီးတော့ သူ့ဆံပင်တွေက မညီမညာ..။တိုတဲ့နေရာကတိုပြီး ရှည်တဲ့နေရာက ရှည်နေသေးသည်။ အထပ်အထပ်တွေဖြစ်နေသည်။မလှတော့ဘူးလို့ ကျနော့်စိတ်ထဲရှိသလို ပြောခဲ့မိသည်။ပြောပြီးတဲ့အခါကျမှ ကျနော်..ကိုယ့်အတွေးကိုယ် သဘောတကျ ပြုံးမိသည်။

+++++++++++++

ကျနော် ရှက်လို့ပြုံးတာပါ။အရင်တုန်းကတော့ ကျနော်ပဲ ဒီဆံပင်တွေချစ်တတ်ခဲ့လိုက်တာ။ဆံပင်မှမဟုတ်ပါဘူး။ သူ့ပိုင်ဆိုင်မှုမှန်သမျှ ကျနော်ချစ်ခဲ့တာပဲ မဟုတ်လား။ထပ်ဆင့်တွေးကြည့်မိပြန်တော့ ကျနော်ချစ်ခဲ့တာ အဲ့ဒိ ဆံပင်တွေကြောင့်လဲ မဟုတ်သလို သူရဲ့ လှပတဲ့မျက်နှာလေးကြောင့်လဲ မဟုတ်ပါဘူး။ကျနော်ချစ်ခဲ့တာ သူ့ စိတ်ထားလေးတခုထဲ၊ကျနော်မြတ်နိုးတန်ဖိုးထားခဲ့တာလဲ သူ့စိတ်ထားလေး တခုထဲရယ်...။

++++++++++++++

သူ့ဆံပင်တွေကို မပြုပြင်ဖို့ကျနော် တဖွဖွပြောခဲ့သည်။ကျနော့်ခံယူချက်က "Simple is the Best" လို့ သူ့ကို ခဏခဏ ပြောခဲ့ဖူးပါသည်။ "အခုအတိုင်းလှတယ်၊အရင်တိုင်းလှတယ်...ဆံပင်တွေအတိုတော့ မညှပ်ပါနဲ့" ပေါ့။ အဲ့ဒီသီချင်းကိုလဲ မကြာခဏဆိုပြဖူးခဲ့သည်ထင်ပါသည်။

သူ့ဆံပင်တွေပြင်တဲ့နေ့ကို ကျနော်အသေအချာ မှတ်မိနေသေးသည်။သူနဲ့ကျနော် ဆံပင်ပြင်ဆိုင်တခုမှာ အတူတူ ခေါင်းသွားလျှော်ကြသည်။ခေါင်းလျှော်အပြီး ဆံပင်ခြောက်အောင်လုပ်နေစဉ်မှာပဲ သူ့ကိုလုပ်ပေးနေတဲ့ အမျိုးသမီးနဲ့သူနဲ့ ဘယ်လိုကဘယ်ပုံ အပေးအယူတည့်သွားကြသလဲမသိပါ။ ခဏနေတော့ ကျနော့်ဘက် လှည့်ပြီး

"ဟဲ့ ငါပြင်လိုက်မယ်နော်..မကြိုက်လဲ ခဏပဲလေ။ပြန်ပြင်လို့ရတာပဲ " ဟု ဆိုသည်။

ကျနော်က သူပြောတဲ့ ခဏပဲ၊ပြီးရင်ပြန်ပြောင်း၊ပြန်ပြင်လုပ်လို့ရတယ်ဆိုတာတွေကို နားမလည်ပါဘူး။ခုပြင် လိုက်တဲ့ ဆံပင်ဒီဇိုင်းကို မကြိုက်ရင်၊ဒါမှမဟုတ် မလှရင် နောက်တခေါက်ထပ်ပြင်လို့ရနိုင်သေးတယ်လို့ ဆိုလိုချင် တာထင်ပါရဲ့။

တကယ်တမ်းတော့ ချုပ်ပြီးနှောင်ပြီးမှ သူကခွင့်တောင်းသလို ပြောလာတာပါ။လူတွေအများကြီးရှေ့ (သူရော၊ကျနော့ကိုရော ခေါင်းခြောက်အောင်လုပ်ပေးနေတဲ့ လူတွေ) မှာ ကျနော်ဘယ်လိုတားမြစ်နိုင်မှာလဲ။ ကျနော်နဲ့သူ နှစ်ယောက်ထဲ အကြိမ်ကြိမ်ဆွေးနွေးဖူးတယ်။အဲ့ဒိ ဆံပင်ပြင်တဲ့ကိစ္စကို။

ဆံပင်အတိုမညှပ်ရဘူး။ဆံပင်ရှည်နဲ့မှ လှတယ်၊ကျနော့်ကိုချစ်ရင် ဆံပင်အရှည်ထားပေးပါ စသဖြင့် ကျနော် မပြောတတ်ပါဘူး။ချစ်တာနဲ့ ဆံပင်အရှည်ထားတာ၊မထားတာနဲ့တော့လဲ တိတိပပ မသက်ဆိုင်လှဟု ကျနော်က ယုံကြည်သည်။ သူ့ခေါင်းက သူ့ဆံပင်ကို သူကြိုက်သလိုထားခွင့်ရှိပါသည်။ သူခေါင်းလျှော်တိုင်း ကျနော်လဲ ၀ိုင်းမကူနိုင်ပါ။သူ့မှာဆံပင်တွေအများကြီးနဲ့၊ခေါင်းလျှော်နေရရင် သူ့အတွက် ကရိကထအလွန် များနိုင်ပါသည်။ အဲ့ဒါထက်ပိုတာကတော့ ယခု ပခုံးဆင်းလေးပဲရှိတဲ့ဆံပင်ကိုတောင် အပြင်တခါသွားခါနီးတိုင်း ဖြီးသင်လို့ မပြီးနိုင်တာ ဆံပင်အရှည်ဆို ကျနော်မတွေးဝံ့ပါ။ကော်ဖီဆိုင်သွားကြရင်း ငါခဏ toilet ၀င်ဦးမယ်ဆိုရင် ယခုက ဆယ်မိနစ်လောက်ကြာရင် ဆံပင်အရှည်နဲ့ဆို နာရီဝက်လောက် ကြာသွားနိုင်သည်။ထို့ကြောင့် ဆံပင်အရှည် ထားဖို့ ဘယ်တုန်းကမှ သူ့ကိုကျနော်မတိုက်တွန်းမိပါ။ဆံပင်ညှပ်ရင်လဲ မတားမြစ်ခဲ့ပါ။ သူ့စိတ်ကြိုက် ကြိုက် သလောက်တိုပါစေ..။

သို့သော် ဆံပင်တွေကိုတော့ မပြင်စေချင်ပါ။ဆံပင်တွေပြင်လိုက်ရင် ပျက်စီးသွားတတ်တာ ကျနော်မြင်ဖူးသည်။ သူလဲ မြင်ဖူးပါသည်။ကျနော်က ပြင်လိုက်ရင် မလှတော့ဘူးဆိုတဲ့ဘက်ကိုပဲ ဇောင်းပေးပြီးပြောတဲ့အတွက် သူ့ဘက်က ရပ်တန့်သွားရသည်ချည်းသာ။ခုတော့ သူ့ဆံပင်ကိုင်နေတဲ့ ကောင်မလေးက ကျနော့်ထက် စကားအရာ အောင်မြင်သွားပုံရပါသည်။ လှချင်လွန်းတဲ့ ကျနော့်ကောင်မလေးလဲ အဆုံးမှာတော့ ဆံပင်ပြင် ဖြစ်သွားသည်။

သူဆံပင်ပြီးခါစပုံကို ကျနော် ခင်ဗျားတို့ကိုပြချင်သည်။ ဆံပင်တွေက သူ့ခေါင်းမှာ ပြားချပ်ချပ်နဲ့ ကပ်နေသည်။ ညှပ်လိုက်တာလဲမဟုတ်ပါဘဲနဲ့ ဆံပင်တွေ ဘယ်ပျောက်သွားပါလိမ့်လို့တောင် တွေးမိသည်။သူလဲ တညလုံး ရှက်ကိုးရှက်ကန်းဖြစ်နေခဲ့ပါသည်။ အရင်ကလို "ငါလှလားဟင်" လို့ မမေးပါ။ ကျနော်လဲ မျက်နှာကို ပြုံးဖြီးဖြီး ဖြစ်မသွားဖို့ အတတ်နိုင်ဆုံးထိန်းထားခဲ့ရပါသည်။

သူ့ဆံပင်တွေပြင်အပြီး လေးငါးလလောက်အကြာမှာ သူဆံပင်တွေ ကောက်ပစ်လိုက်ချင်ပြီ ဟု ပြောလာပြန် သည်။ကျနော်က
"ပြောတော့ အဖြောင့်လေးနဲ့ပဲ နေချင်တာဆို။ ခု ဘယ်လိုဖြစ်ပြန်ပြီလဲ" ဆိုတော့

"အဖြောင့်တွေက ပြေကုန်တော့ မလှတော့ဘူးလေ။မလှတော့မယ့်အတူတူ ကောက်လိုက်တာက ပိုအဆင်ပြေ မလားလို့" ဟုသူကတိုင်ပင်သလိုနဲ့ ပြောလာသည်။

တကယ်တော့ သူကတိုင်ပင်နေတာမဟုတ်ပါ။ အသိပေး နေရုံသာ။ကျနော်တားမြစ်လဲ သူကပြင်မှာပါပဲ။ ဘာလို့ဆို သူ့သူငယ်ချင်းတွေနဲ့ ဖုန်းပြောနေစဉ်ထဲက ကျနော်က ရိပ်မိနေခဲ့သည်။
"တိုနီထွန်းထွန်းက လေးသောင်းခွဲ၊မဉ္ဖူက သုံးသောင်းပဲ ပြောတယ်။အော် ဆေးကကွာသေး တာကိုး" စသဖြင့်.။ ဈေးတွေအကြောင်း၊ဆံပင်ကောက်သားရဲ့ ကြာရှည်ခံမှု အချိန်ကာလ၊ အစုံပါပဲ။ သူ့ဆံပင်ပုံစံပြောင်းချင်နေတယ် ဆိုတာ သူ့မျက်လုံးမှာ ကျနော်ဖမ်းမိလိုက်သည်။ကျနော်မတားမြစ်တော့ပါ။ ကျနော့နားထဲမတော့ ရွှေဂျော်ဂျော်ရေးတဲ့ " ဟေး ကောက်လိုက်၊ဖြောင့်လိုက် ကိုယ့်ဆံပင်တွေ ပြင်ဆင်လို့လဲ မောပြီ..အဲ့ဒါ ဘယ်သူ့ အတွက်လဲ" ဆိုတဲ့ တင်ဇာမော့်သီချင်းသံများဖြင့်သာ....။

အချိန်တွေတော့ ကြာသွားခဲ့သည်။သူနဲ့ကျနော် နေ့တိုင်းဆုံဖြစ်ကြ၊ကော်ဖီတွေကို ၀တ္ထုတွေ၊ကဗျာတွေ၊ ဘလော့ တွေနဲ့ ရောသောက်ခဲ့ကြသည်။ကိုယ့်ဘ၀ကို မျက်ချေမပြတ်စောင့်ကြပ်ကြရင်းက လက်မှာပတ်ထားတဲ့နာရီလေး ကိုတော့ မေ့ဖျောက်ဖို့ကြိုးစားမိကြသည်။

++++++++++++

သူ့ဆံပင်တွေမလှတော့ပါ။ကြမ်းတဲ့နေရာကကြမ်းလို့၊ မညီမညာတွေလဲဖြစ်လို့။တချို့အကောက်တွေက ပြေလျော့ပြီး ဆံပင်တွေက အုံခဲပြီး ပွယောင်းယောင်းဖြစ်နေသည်။ကျနော်တခုတော့စဉ်းစားမိသည်။သူက တကယ်ပဲ မလှတော့တာလား။ဒါမှမဟုတ် ကျနော့်အမြင်တွေကပဲ ပြောင်းလဲသွားသလား ဆိုတာကိုပေါ့..။

ဟိုတလောက ကျနော့်ပါးပြင်ကို သူကပွတ်သပ်ရင်း

"နင်လဲ အိုပြီ နော်.." တဲ့။

ကျနော်လဲ သူ့မျက်နှာလေးကိုကြည့်မိသည်။သူ့မျက်ဝန်းလေးတွေလဲ အရင်လို မလင်းလက်တော့။ သူ့မျက်ခုံးလေးတွေလဲ အရင်လို မစိမ်းတော့ဘူး။ပြီးတော့ သူ့ပါးပြင်မှာလဲ အစက်အပျောက်တချို့.....။

++++++++++++

"နင်က ဂျင်းဘောင်းဘီဝတ်၊ပေတရာလမ်းပေါ်လျှောက်ပြီး ကဗျာကိုရွတ်ဖို့လောက်ပဲ မျှော်လင့်ခဲ့တာ.. ဟုတ်တယ်မလား၊ဟုတ်တယ်နော် " တဲ့။

အတိတ်ကို ပြန်မတူးဆွပါနဲ့လို့ ကျနော်လဲသူ့ကို မတားမြစ်မိပါ..။

"နင်ကကျတော့ရော..နင်လဲ ဆံပင်ပြင်ဖို့လောက်၊မျက်နှာပေါင်းတင်ဖို့လောက်၊ဆယ်ရီမှာ အနှိပ်သွားခံဖို့လောက် ပဲ စိတ်ကူးခဲ့တာ မဟုတ်ဘူးလား " .....
ကျနော် သူ့ကိုအလိုက်သင့်လေး...ပြန်ပြောလိုက်ရင်းက သူ့ရဲ့ပျက်စီးနေတဲ့ ဆံပင်လေးတွေကိုပဲ တယုတယပဲ နမ်းမွှေးလိုက်မိသည်။

စကားဆုံးတော့ ကျနော်တို့ နှစ်ဦးလုံး ဟက်ဟက်ပက်ပက်ပြုံးလိုက်ကြသည်။မရယ်မောဖြစ်ခဲ့ကြ...။

++++++++++++++

Tuesday, April 06, 2010

နေ့ခင်းနေ့လည်...


နေရောင်ကြောင့် တိမ်တွေသည် ဖွေးဖွေးဖြူနေသည်။ကိုယ် ဘယ်သူ့ကိုမှန်းမသိ သတိရနေမိသည်။ဂဏန်းပေါင်းများစွာ ကို တဆက်ထဲနှိပ်လိုက်တယ်။ သုည ပြီးတော့ နှစ်၊ ပြီးတော့ တစ်...ပြီးတော့...ထပ်နှိပ်။ဟူး...ကိုယ့်ဖုန်းကဒ်ကတန်ဖိုး မရှိ တော့ဘူးတဲ့။ အိုး ဖြစ်တတ်ပါ့ကွယ်။ ဒီလို သာယာတယ်။ ဒီလို တိမ်တွေလှတယ်။ ကိုယ် တယောက်ယောက်ကို လွမ်းနေ မိတာကို တခြားတယောက်ယောက်ကို ပြောပြ လိုက် ချင်နေ တာကို..မရဘူးလား၊ မရဘူးလား။ နေပါစေပေါ့။ မရလဲနေပါ့။ ခါတိုင်းလဲ ဒီလိုပဲ သာတောင့်သာယာ နေခဲ့သေးတာ။ခုမှ ဘာတွေကိုအရူးထနေမိသလဲ...။ "ဒိုးလုံး...နင်ဟာကလေး တယောက်မဟုတ်တော့ဘူး... မဆိုးနဲ့... "

တန်ဖိုးမရှိတော့တဲ့ဖုန်းထဲက အဲလက်စ်သီချင်းကို ဖွင့်ထား မိသည်။ကိုယ့်ဖုန်းထဲမှာ ဒီသီချင်းပဲရှိသည်။ ကြားနေမိတာက "အာကာသက ကျနော်နဲ့ပင်လယ်အောက်က သူနဲ့ လေဟုန် စီးပြီးတွေ့မယ် ဘာဖြစ်လဲ.....ဘာဖြစ်လဲ..ဘာဖြစ်လဲ.."
ဘာမှမဖြစ်ပါဘူး။ လောကကြီးက နေတတ်ရင် အားလုံးကျေနပ်စရာတွေချည့်....။မဟုတ်ဘူးလား။ဟုတ်တယ် မလား။ဟုတ်ပါတယ်။ဟုတ်တယ်လို့ ထားလိုက်စမ်းပါ။

နောက်ထပ်..နောက်ထပ်..နားထဲကိုတိုးဝင်လာတဲ့ သီချင်းစာသားများ.. "ဂဏန်းများပက်လက်သွားနေတယ်၊ တောင်တွေပေါ်မှာ ငါးကြီးတွေ... တောင်ပံဖြန့်လို့ကူးနေဆဲ..... " အိုး လောကကြီးက ကိုယ့်တယောက်ထဲမှ ကပေါက်တိကပေါက်ချာ ဖြစ်နေတာမဟုတ်ဘူး။သူတို့..သူတို့လဲ ဖြစ်နေတာပဲ။အားလုံးက တေ့တေ့ဆိုင်ဆိုင်တွေ လွဲချော်နေကြတာ။ အဲ့ဒါမှ ဘ၀ကြီးကလဲ တန်ဖိုးတက်လာမှာ။

ဘ၀ကြီးဆိုလို့ မနေ့တုန်းက သူငယ်ချင်းကပြောတယ်။ ခုနှောင်းပိုင်းခေတ်မှာ လူတွေက ဘ၀၊ဘ၀နဲ့... ဘ၀နဲ့ချီပြီး စကားတွေကို ပြောတတ်လာကြတယ်တဲ့။ဟင့်အင်း မဟုတ်ဘူး။ခုနှောင်းပိုင်းမှ လူတွေကအဲ့လို ပြောလာကြတာမှာ မဟုတ်ဘူး။ သူတို့က ပြောလက်စ စကားကိုပြောနေကြတာပဲ။ငါတို့က အဲ့ဒီလူတွေကြားထဲ မသိသိုးသားနဲ့ ရောက်လာတာ။ ပြောရရင်တော့ မရောက်ချင်ပဲ ရောက်ခဲ့ရတာပဲ။ ဘ၀ဆိုတဲ့ကျောင်းကို မတက်ချင်ပဲ တက်နေကြရတဲ့ သနားစရာ...ဦးဏှောက်ရှိသောသတ္တ၀ါလေးတွေဟာ ငါတို့ပါပဲ သူငယ်ချင်းရယ်။
" နင်သိနေဖို့...ငါလိုအပ်တယ်..."

+++++

Monday, April 05, 2010

ခေါင်းကိုက်ခြင်း


တဒိတ်ဒိတ်နဲ့ ညကြီးအချိန်မတော်တိုင်တဲ့အထိ မပျောက်နိုင်အောင် ကိုက်ခဲနေတဲ့ ကျနော့်ရဲ့ဦးခေါင်းထဲက ဦးဏှောက်ကို ဖာက်ထုတ်ပြီး တစ်နေရာရာကိုသာ လွှင့်ပစ်ချင်မိတော့တယ်။ ကျနော့်အခန်းလေးက သိပ်ပြီး ကျဉ်းမှောင်နေလို့များလား..။ အသက်၀၀ရှူလိုက်ရရင် နဲနဲများသက်သာလေမလား ဆိုတဲ့ အတွေးနဲ့ လေသန့်သန့်လေးရနိုင်ဖို့ အခန်းအပြင်ဘက်ကို ကျနော်ထွက်ရပ်မိတယ်..။

လေထဲမှာ မိုးငွေ့ပါတယ်..။ ပြင်းရှရှနဲ့ အနုဆုံး၊ အလတ်ဆုံးလေကို ကျနော်ရှူရှိုက်ခွင့်ရလိုက်တယ်..။

ကျနော့်စိတ်တွေ အလိုလိုကြည်နူးလာတယ်။ ခေါင်းကိုက်တဲ့ဝေဒနာလဲ ခဏတာတော့ သက်သာသွားသလိုရှိတယ်။ခါင်းသိပ်မာလွန်းတဲ့ ကျနော်သူငယ်ချင်းတစ်ယောက်က သူ ဘယ်လောက်ပင် ခေါင်းကိုက်နေပါစေ၊ ကျနော့်လို စိတ်ရှည်ရှည်နဲ့ အလိုလိုခေါင်းကိုက်ပျောက်သွားတဲ့အထိ
ဘယ်တုန်းကမှ မစောင့်ပါ။ ဒါကြောင့်မို့ သူ့အိတ်ထဲမှာ မပါမဖြစ် ပစ္စည်းတစ်ခုအဖြစ် အကိုက်အခဲ ပျောက်ဆေး၊ ပါရာစီတမောလ်တွေကဒ်လိုက်၊ ကဒ်လိုက် ရှိနေတတ်သည်။
"ဟေ့ရောင် .. မင်းအဲ့ဒါတွေသိပ်မသုံးနဲ့ကွာ" လို့ ကျနော်ပြောသင့်မှန်းသိပေမဲ့ ကျနော်ဘယ်တုန်းကမှ မပြောဖြစ်ခဲ့ပါ။ ဘာလို့ဆို အဲ့ဒခါင်းကိုက်တဲ့ဝေဒနာကို ကျနော်ကိုယ်ချင်းစာလို့ဖြစ်သည်။ ထို့အပြင် စိတ်မြန်တဲ့ သူ့အတွက် အဲ့ဒီလိုနည်းလမ်းက အဆင်ပြေဆုံးဖြစ်သည်။ ဒီလိုနှင့် သူ အကိုက်အခဲပျောက်ဆေးတွေသုံးတိုင်း ဘယ်တုန်းက မတားမြစ်ခဲ့ဖူးပါ။ မဟုတ်ရင် သူခေါင်းကိုက်လွန်းပြီး စိတ်မကြည်မလင်ဖြစ်ကာ ၀့ပတ်ရမ်းတဲ့လူတွေထဲ ထိပ်ဆုံးကနေ ကျနော် ပါလာမှာကို သိနေလို့ ဖြစ်သည်။

အစာအိမ်နာနဲ့ အမြဲနှစ်ပါးသွားနေရတဲ့ ကျနော့်အတွက် ခေါင်းကိုက်ဝေဒနာ အလျင်အမြန်ပျောက်ကင်းမယ့် ဆေးတွေလဲ သူလို့ တရပ်စပ်မှီဝဲဖို့ မဖြစ်နိုင်ပါ။ ဘာကြောင့် ကျနော်တို့သူငယ်ချင်းတွေ ခေါင်းကိုက်တတ်ကြမှန်းမသိပါ။ ခါင်းကိုက်ရောဂါဟာ ကူးစက်ရောဂါ မဟုတ်ပေမယ့် ကျနော်တို့သူငယ်ချင်းတွေထဲကြားထဲမှာတော့ ကူးစက်ရောဂါတစ်ခုလို တစ်စတစ်စနဲ့ လူစုံတက်စုံ ဖြစ်လာခဲ့သည်။ အဲ့ဒီခေါင်းကိုက်ဝေဒနာကို စတင်သယ်ဆောင်လာခဲ့သူမှာ ကျနော်ဖြစ်သည်။

လွန်ခဲ့တဲ့လေးနှစ်လောက်တုန်းက စတင်ခံစားခဲ့ရတဲ့ ခေါင်းကိုက်ဝေဒနာကို ကျနော် ယောင်လို့ပင် ပြန်ပြီးစဉ်းစားချင်ပါ။ ခုပြန်တွေးရင် ခုတဒိတ်ဒိတ် ကိုက်လာသလို ခံစားရသည်။ ဘာကြောင့်ဖြစ်နိုင်လဲဆိုတဲ့ ရောဂါဇစ်မြစ်ကို လိုက်ရှာရင်းက ကျနော်လဲ မျက်မှန်လေးတစ်လက် အဖော်ရလာခဲ့သည်။ ပုံမှန်ကြည့်နေကျဖြစ်တဲ့ အမဲရောင် ကျောက်သင်ပုန်းနေရာမှာ အဖြူရောင်ကျောက်သင်ပုန်းနဲ့ အစားထိုးလာတာ၊ ပြီးတော့ အဲ့ဒီအဖြူရောင်ပေါ်မှာမှ အနီရောင်နဲ့မှင်နဲ့  လူ့သွေးကြောမျှင်တွေ၊ အရိုးတွေ၊ ကိုယ်တွင်း ကလီစာတွေကို ဆွဲပြတတ်တဲဆရာမတွေကြောင့် ကျနော်ခေါင်းကိုက်တဲ့ဝေဒနာရခဲ့ရတာလို့ ပြောတော့ မင်းငရဲကြီးမယ်လို့ သူငယ်ချင်းတွေက
ကျနော့်ကို ၀ိုင်းလို့ အပြစ်တင်ကြသည်။

ခုတော့ သူတို့လဲ ကျနော့်ကို ကိုယ်ချင်းစာတတ်လောက်ပြီဟု ထင်ပါသည်။ ကျနော်ကနေ စလိုက်တဲ့ အဲ့ဒခါင်းကိုက်ဝေဒနာမှာ ခုဆိုကျနော့်သူငယ်ချင်း နှစ်ယောက်စလုံးမှာပါ ကူးစက်ခံနေရပြီဖြစ်သည်။

သူတို့ဆီကို အဲ့ဒီရောဂါရောက်တဲ့အချိန်မှာ ကျနော်ကဖြင့် ခါင်းကိုက်ခြင်းနဲ့ နေသားကျနေခဲ့ပြီ။ဝဒနာက သက်သာလာတာမဟုတ်ပဲ ဝေဒနာကို ခံနိုင်လာတာဖြစ်သည်။

အင်္ဂလန်နဲ့စင်ကာပူကနေ ဘွဲ့လွန်တွေယူပြီးပြန်လာတဲ့မိတ်ဆွေ ဆရာဝန် တစ်ယောက်ကတော့ အသက်သာဆုံးနဲ့ လွယ်လင့်တကူအဖြစ်ဆုံး ဆးနည်းတစ်ခု ကျနော့်ကိုပြောဖူးသည်။ မင်းခေါက်ကိုက်လာပြီ ဟ့ ဆိုတာနဲ့ ရေတွေ တစ်ပုလင်းပြီးတစ်ပုလင်းသာသာက်ကွာ၊ ပြီးရင် သာက်သမျှ ပြန်သာထုတ်ပစ်လိုက်။ အဲ့လိုဆို မင်းသက်သာသွားလိမ့်မယ် မုချတဲ့။ ကျနော် စမ်းသပ်ကြည့်ဖူးပါသည်။ သူ့နည်းက အတန်အသင့်တော့ အဆင်ပြေသလိုရှိတဲ့အတွက် သူ့ကို ကျေးဇူးတင်ရပါသည်။

ကျနော့်မိခင်ကတော့ ၀မ်းတစ်လုံးကောင်းလို့ခေါင်းမခဲတဲ့။ " သားတို့ခေတ်ပညာတွေ သင်တာလဲ သင်ပေါ့။ ရှေးအယူလဲ မပယ်င့်ဘူး။ ၀မ်းမှန်အောင်သာဂရုစိုက် " လို့ ကျနော်နဲ့ အဆက်အသွယ်ရတိုင်း ပြောတတ်သည်။ သို့သော် မသက်သာခဲ့ပါ။ ကျနော့် မိခင်ကိုတော့ ခေါင်းကိုက်တာ သေကောင်ပေါင်းလဲရောဂါ မဟုတ်ပါဘူး အမေရယ်လို့ ရယ်ရယ်မောမော နဲ့ ကျနော်ပြန်ပြောခဲ့သည်။

ကျနော့်ချစ်သူကတော့ ဆေးလိပ်နဲ့အရက်ကိုလျှာ့သောက်၊နာက်ပြီးညနက်နက်ထိ သိပ်မနေနဲ့၊ ခါင်းကိုက်တာ အဲ့ဒါတွေကြောင့်ရော မဖြစ်နိုင်ဘူးလားလို့ သတိပေးသည်။
ဟိုတလောဆီက ကျနော့်အိမ်နားက ဈေးရှေ့မှာ မိတ်ဆွေဟောင်းတစ်ယောက်နှင့် ပြန်တွေ့သည်။ တွေ့တွေ့ချင်း သူက ကျနော့်လက်ကို အားရပါးရ ဆွဲကိုင်နှုတ်ဆက်သည်။ အလိုက်သင့် ပြန်ပြီး နှုတ်ဆက်လိုက်ရင်းက သူ့လက်တွေ အလွန်ပူနေတာကို သတိထားမိလို့ နေထိုင်ကောင်းရဲ့လားလို့ ကျနော်မေးကြည့်သည်။ သူက သူ့ဦးဏှောက်ထဲမှာ အကြိတ်တွေ့လို့ ဓာတ်ကင်ကုထုံးနဲ့ ကုနေနေရသည် လို့ပြောတော့ ကျနော်ခါင်းနားပန်းကြီးသွားမိတာကို  ၀န်ခံရပါမည်။

ကျနော် တွေးကြည့်မိပါသည်။ ကျနော်သိသလောက်နဲ့တင် ကျနော့်ဘေးမှာ ခေါင်းကိုက်နေတဲ့ လူငယ်တွေ ( ကျနော်အပါအ၀င် ) သုံးယောက်ရှိသည်။ ကျနော့်လို လူငယ်တွေ ဘာကြောင့် ခေါင်းကိုက်နေကြသလဲ၊ ဘယ်လောက်များများ ခေါင်းကိုက်နေကြသလဲလို့
ကျနော် တောင်တောင်အီအီ  စဉ်းစားကြည့်မိသည်။ ဟိုအရင် နဂိုခေတ်က လူငယ်တွေရော ကျနော်တို့ဖြတ်သန်းနေတဲ့ခေတ်က လူငယ်တွေလိုပဲ ခေါင်းကိုက်ဝေဒနာခံစားကြရတာပဲလား ... တွေးလို့ပင် မဆုံးနိုင်ပါ။

ခေါင်းတစ်လုံးဆိုတာ ခေါင်းကိုက်နေရုံနဲ့ဆိုရင်တော့ ဘာမှအနက်အဓိပ္ပါယ်မရှိဘူးလို့ ကျနော်ထင်ပါသည်။ ဒါဆို ကျနော့်ခေါင်း၊ ( သို့မဟုတ်ဦးဏှောက်အတူတူပါပဲလေ ) အဲ့ဒါဆို ဦးဏှောက်ကလဲ အဓိပ္ပါယ်မရှိတဲ့ ဦးဏှောက်ပေါ့။ ဒါဆို ... ကျနော့်လိုဘဲ ခေါင်းကိုက်နေတဲ့လူငယ်တွေကရော။ ကျနော်ကလွဲပြီး တခြားလူတွေကို ကျနော်မည်သို့မျှ ထင်မြင်ချက်မပေးချင်ပါ။ ပေးဖို့လဲ ကျနော့်မှာခွန်အားမရှိပါ။

ဘယ်လိုပဲဖြစ်ဖြစ် မနက်ဖြန်မနက်မိုးလင်းရင် အဆင်ပြေစေဖို့ အရင်းထိရောက်နေတဲ့ ဆေးပေါ့လိပ်တိုကို လက်ထဲကပစ်ထုတ်ပြီး၊ ရေအေးအေးတစ်ခွက်သောက်လို့၊ အခန်းထဲ ပြန်ဝင်ပြီး ကျနော်အိပ်ရပါတော့မည်။  မဟုတ်ရင် ကျနော့်ခေါင်းတွေ ကွဲထွက်မသွားနိုင်ဘူးလို့ ကျနော်အာမ မခံရဲပါ။ ကျနော့် ခေါင်းတွေကွဲထွက် မသွားခင် ခုလို အရည်မရအဖတ်မရတွေစဉ်းစားနေမိတဲ့ ကျနော်ခေါင်းကို ခေါင်းအုံးပျာ့ပျော့လေးပေါ်တင်ပြီး အနားပေးလိုက်ပါဦးမည်.။

++++++++++

ဆားချက်တာပါ။ဖတ်ဖူးတဲ့သူတွေ တိတ်တိတ်လေးနေပေါ့ နော်။း)
စာတွေ၊ကဗျာတွေ ကိုယ့်ဆီစီးဆင်းလာမယ့်နေ့ကို ကိုယ်တိုင်မျှော်လင့်နေမိတာပါပဲ...။

photo ကို ဂူဂဲလ်က ရှာတာပါ။