Tuesday, December 29, 2009

မကြေးမုံ ဘာလဲ ဘယ်လဲ

ဘာလဲ ဘယ်လဲဆိုတာက လူတော်တော်များများ သုံးတာ သဘောကျလို့ သုံးလိုက်တာပါ။

တကယ်တော့... ကိုယ့် ကိုယ်ကိုလဲ ဘလော့နဲ့ပတ်သက်ပြီး ဘာလုပ်မှာလဲ၊ ဘယ်လို စခန်းသွားမလဲဆိုတာ အကြိမ်ကြိမ် မေးဖြစ်ပါတယ်။ အဲ့ဒါထက် ပိုပြောရရင်တော့ စာရေးခြင်းအမှုနဲ့ပါ ပက်သက်ပါတယ်။

ဘလော့လုပ်တာကိုက စာရေးချင်လို့ပါ။ ရေးချင်တာကို အတားအဆီးမရှိ ရေးချင်လို့ ဖြစ်ပါတယ်။ "ဘလော့ရေးတာလဲ ရေးပေါ့။ အဲ့ဒါတခုထဲပဲ ခေါင်းထဲ ထည့်မထားနဲ့ဦး" ဆိုပြီး ဆရာလုပ်သလို လေယူလေသိမ်းနဲ့ ပြောလာတဲ့ လူတယောက်ကိုဆို ခုချိန်ထိ အဆက်အသွယ်ဖြတ်ခဲ့ဖူးပါတယ်။

ပိုစ့်မတက်တာ ဒီနေ့ဆို တလတင်းတင်းပြည့်ခဲ့ပြီ။ကြားထဲမှာ အတိုအစပေါင်းများစွာ ရေးဖြစ်တယ်။ကံအကြောင်း မလှစွာနဲ့ပဲ ရေးထားတဲ့ပိုစ့်တွေကလဲ ပျက်သွားပါတယ်။ ဘလော့ရေးတဲ့ ပြည်တွင်းက သူငယ်ချင်းတယောက်က ပြောတယ်။ နင်ကလဲ ဒိုမိန်းကြီးနှမြောစရာတဲ့။ နောက်ပြီး ဘလော့ပေါ်မတင်လဲ ကိုယ့်ဘာသာကိုယ်တော့ ရေးဖြစ် အောင်ရေးပါတဲ့။ စာမရေးတာကြာရင် မကောင်းဘူးတဲ့။

ဘယ်လိုတွေ မကောင်းသလဲဆိုတာ သူမပြောသွားခဲ့ပေမယ့် ခုတော့ကျမသိပြီဆိုသလို ဖြစ်နေပါပြီ။ အရင်တုန်းက ထင်ရာမြင်ရာမှန်သမျှကို စိတ်ရှိတိုင်း ရေးခဲ့တဲ့ (ဖတ်ကောင်းတာ မကောင်းတာ ဖတ်သူအပိုင်း :D...) သူက ခုလဲကျရော...ငါဒီလိုရေးလိုက်လို့ ဘယ်သူများ ဘာတွေလာပြောမလဲ၊ငါ့အယူအဆက အမှန်တရားနဲ့မှ နီးစပ်မှု ရှိပါရဲ့လား... စတဲ့ အူတိအူကြောင် အတွေးပေါင်းသောင်းခြောက်ထောင်နဲ့ ရစ်ပတ်ပြီး ရုန်းမရဖြစ်နေပြီ။

စာမရေးဖြစ်၊ပိုစ့်မတင်ဖြစ်တဲ့ ရက်တွေမှာ ကျမဘာတွေလုပ်နေခဲ့သလဲလို့ ပြန်စဉ်းစားမိတယ်။ documentations ကိစ္စတွေအတွက်နဲ့ အစိုးရရုံးတွေဆီ သွားရတယ်။ တခါတလေများဆို မရီချင်ပဲ ရီပြရလွန်းတော့ ပါးတွေညောင်း၊ စိတ်တွေလဲ ညောင်းဖြစ်ရတယ်။ရန်ဖြစ်တာ အကြိမ်ကြိမ်။ ရီချင်စရာ၊မချိပြုံး ပြုံးချင်စရာတွေလဲ ခဏခဏပဲ ကြုံရတယ်။

ရန်ဖြစ်တယ်ဆိုတာ အခြေအတင်စကားပြောရတာပါ။ပြောဖြစ်သမျှ စကားတွေထဲမှာ နားထဲက ခုထက်ထိ မထွက်သေးတာ တခွန်းရှိနေတယ်။ "ညည်းအသက်ဘယ်လောက်လဲ၊အတွေ့အကြုံ ဘယ်လောက်ရှိပြီလဲ" ဆိုတဲ့ မေးခွန်းမဟုတ်တဲ့ နှိမ့်ချတဲ့အသုံးနဲ့ ပြောတဲ့စကားပါ။ အပြောခံရတုန်းကတော့ ဒေါသတွေ အတုံးလိုက်၊ အတစ်လိုက် ထွက်ပါတယ်။ ခုပြန်တွေးတော့ ရီချင်နေမိပြန်ရော။ ကျမ ဘာမှပြန်မဖြေခဲ့ပါဘူး။ အဲ့ဒီအတွက်တော့ စိတ်ကျေနပ် နေမိပြန်တယ်။

မလိုအပ်ပဲ သွေးရဲတဲ့လူတွေနဲ့ စိတ်ခုရပါတယ်။စကားများပြီး ကားမောင်းကြမ်းတဲ့ တက်စီဆရာတွေနဲ့ အဆင် မပြေပါဘူး။မိန်းကလေးတွေရဲ့ ၀တ်စားဆင်ယင်ပုံကို စိတ်တိုင်းကျ ကြည့်ပြီးမှ ကဲ့ရဲ့တတ်တဲ့ ပျော်တတ်သော ကာလသားကြီးများကို ဆွဲထိုးချင်ပါတယ်။ (ကရာတေးဖြစ်ဖြစ်၊သိုင်းဖြစ်ဖြစ် သင်ဦးမှပါ :) ..)

ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်ကြတဲ့ လူလူချင်းအတူတူ ကိုယ့်အချင်းချင်းကြားမှာကျ ကုတ်ဖဲ့သတ်ဖြတ်၊ ဆဲဆိုကြိမ်းမောင်း၊စော်ကားရိုင်းစိုင်းဖို့တောင် နဲနဲလေးမှ ၀န်မလေးတော့သော၊ အင်မတန်သတ္တိကောင်းသော ကျမနေထိုင်ရာပတ်ဝန်းကျင်က အများစုသော လူတွေအတွက် သူတို့ကိုယ်တိုင်ရော...ကျမပါ အပါအ၀င် နာမည်ကြီးတဲ့ ၂၀၁၀ ကျရင်တော့ လုပ်စရာတွေ အများကြီးရှိနေပါသေးတယ်။

ခုတော့ တောင်စဉ်ရေမရ ပြောချင်ရာတွေပြောပြီး (ပိုစ့်မတင်နိုင်တာကို အကြောင်းပြတာဆိုလဲ ဟုတ်ပါတယ်)... နှစ်သစ်ကို နှုတ်ခွန်းဆက်လိုက်ပါတယ်။ ဘလော့ရပ်ဝန်းမှ မိတ်ဆွေ၊ ညီကိုမောင်နှမများ ချမ်းမြေ့သာယာ ရှိကြပါစေ...။


10 Responses to “မကြေးမုံ ဘာလဲ ဘယ်လဲ”

လွယ်သလား ခက်သလား မကြေးမုံ .. လွယ်သလား ခက်သလား..

ဘလော့ရေးချင်တဲ့လူဟာ စာအမြဲရေးနေဖို့တော့ လိုပေမပေါ့..

ဟားဟားဟား (ဗိုလ်အောင်ဒင်ရယ်သံဟု ခေါ်ကြသော အသံဖြင့်ဖတ်ရန်)

ခေါင်းစဉ်ဖတ်ပြီး ဟိုးတုန်းက စာအုပ်တွေကို သတိရတယ်။ အောင်ဆန်းစုကြည် ဘာလဲ ဘယ်လဲ တို့။ ဘယ်သူဘယ်ဝါ ဘာလဲ ဘယ်လဲတို့။ အများစုက အစိုးရအာဘော် စာအုပ်တွေပါ။ ဇောက်ထိုးဖတ်မိတဲ့ စာအုပ်တွေပေါ့။ မကြေးမုံကိုတော့ အတည့်အတိုင်း ဖတ်သွားပါတယ်။ ကြေးမုံဆိုတော့ ကျနော့် ညာလက်က ဘယ်လက်ဖြစ်နေတာက လွဲရင် အဆင်ပြေပါတယ်။

စိတ်လျှော့ပါ။ တချိန်ကျရင် အားလုံးပြီးဆုံးသွားမှာပါ။ ဘယ်သူဟာ ဘာလဲဆိုတာ တချိန်ကြရင်တော့ ပေါ်လာမှာပါ။ ကျန်းမာရေးသာ ဂရုစိုက်

MANORHARY said...

ဘယ်လဲ ဆိုတော့ ၂၀၁၀ ဆီပေါ့
ဘာလဲ ဆိုတော့ အားလုံးနဲ့အတူပေါ့း)
ပျော်ရွှင်သောနှစ်သစ်ဖြစ်ပါစေ

JulyDream said...

သိုင်းသင်ထားအုံးမယ် ဆိုပါလား။ ဘုရား ဘုရား... တော်ကြာ ထ ယောင်ပြီး ကန်ထုတ်လိုက်ရင် မရှိမဲ့ရှိမဲ့ သွားတွေ ကျွတ်ကုန်ရင် ဒုက္ခပဲ။ အနား သိပ်မကပ်ပဲ ခပ်ခွါခွါကနေ စကားပြောရမယ် ထင်တယ်။

Kay said...

ဘယ်သူ့ကို အမြင်ကပ်ကပ်.. အချိန်တွေကို တော့..ကပ်မရ...
ဘယ်သူ့ကို ဆွဲထိုးချင်ချင်...၂၀၁၀ ကတော့..ေ၇ှ့ ကို တိုး...

မျှော်လင့်ချက် အသစ်တွေ နဲ့.. နှစ်သစ် ဖြစ်ပါစေ..ညီမကြီးရေ..

ဟုတ် ဖတ်သွားတယ် မမ

ဘာလဲ ....? blogger ....
ဘယ်လဲ....? blog ရွာ....

littlebrook said...

မကြေးမုံရယ် ... လှေနံနှစ်ဘက်နင်းရာက နင်းမယ့်နင်း ဘလော့ဂ်ဂါဘ၀ကို ရဲရဲနင်းပြီး စာရေးစမ်းပါ .. ( ဗိုလ်အောင်ဒင်လေသံဖြင့် ဖတ်ရန်)

ဟ ဟ အမကိုစာဆက်ရေးဖို့တိုက်တွန်း မလို့ဟာ။ နည်းညီရေးထားတာဖတ်ပြီး ရယ်ချင်သွားတယ်။ လွယ် လွယ် ခက် ခက် ဆက်ရေးပါအမရေ။ အားပေးနေမှာပါ။