Saturday, November 21, 2009

မှောင်လွန်းတဲ့ည

အခန်းတံခါးကို ဖွင့်လိုက်တာနဲ့ အောက်သိုးသိုး အနံ့က လှိုက်ခနဲ...။ နောက်တခေါက် လာရင်တော့ အမွှေးခဲတွေ၊ အမွှေးထုပ်တွေ ၀ယ်ခဲ့ရမယ်လို့ စိတ်ကူးရင်းက မှောင်မဲနေတဲ့ အခန်းထဲမှာ ကျင့်သားရနေတဲ့ မျက်လုံးက လေယာဉ်ပျံ၊ ကားမီးလေးကို ရှာတွေ့လိုက်သည်။ ခလုတ်နှိပ်လိုက်တော့ ဖျတ်ခနဲလင်းလာတဲ့ အလင်းရောင်ကို ကျမ မနှစ်သက်လှပါ။ အလင်းရောင်ကို အပြည့်အ၀ မရနိုင်ရင်တော့ မှောင်နေတာကိုပဲ ကျမသဘောကျပါသည်။

လွန်ခဲ့တဲ့ တပတ်ကအထိ ဒီအခန်းထဲမှာ လူနှစ်ယောက် နေခဲ့ကြသည်။ မီးမလာတဲ့ ညတွေမှာ ပူလောင် အိုက်စပ်လှတဲ့ တိုက်ခန်း ကျဉ်းကျဉ်းလေးထဲမှာ ဖယောင်းမီးတွေက ဘုရားပွဲဈေးတန်းလို....။
အဲ့ဒိတုန်းက ရာသီဥတုက ပူတာ။ အောက်ဆုံးထပ် အင်တာနက်ဆိုင်က တထိန်းထိန်းနဲ့ မောင်းထားတဲ့ မီးစက်က အငွေ့တွေက ပူတာ...။ခုကျတော့ ရင်ထဲက လှိုက်ဆူနေသော အပူဖြစ်သည်။

ကျမ သူ့ကိုဘာကြောင့် သတိရနေတာလဲ။ ဒါမှမဟုတ် လွမ်းနေတာလား။အလွမ်းဆိုတာခုလို စိတ်ခံစားမှုလား။ ကျမကိုယ်တိုင် သေချာအတိအကျ မသိတာ ခက်သည်။ ပြီးတော့ ဒီညကလဲ မှောင်လွန်းလှသည်။

အမေ့ဆီမှာ ရောက်နေတုန်းကတော့ မည်သူတဦး တယောက်ကိုမှ ကျမ သတိတရ မရှိလှပါ။ အလွမ်းဆိုတာ ပျင်းရိခြင်းအတွက် အကောင်းဆုံး ကုစားတဲ့ ဆေးနည်းတမျိုးဆိုရင်တော့ ကျမသည် ပျင်းရိခြင်းဝေဒနာကို ခံစားနေရတာသာ ဖြစ်ပါလိမ့်မည်။

ကားမီးလေးက တဖြည်းဖြည်း မှိန်လာသည်။ အဖေါ်မရှိတဲ့ တိုက်ခန်းလေးတခုထဲမှာ မိန်းကလေးတယောက်ထဲ အကြာကြီးထိုင်နေဖို့ မသင့်တော်ပါဘူးလေလို့ ယေဘုယျဆန်လှတဲ့ အတွေးတခုကြောင့် အခန်းတံခါးတွေ သေချာစစ်ပြီး ပြန်လာခဲ့သည်။

နောက်တခေါက်သွားရင်တော့ အမွှေးခဲလေးတွေ ၀ယ်သွားဦးမှဖြစ်မည်။


10 Responses to “မှောင်လွန်းတဲ့ည”

ဖတ်ရတာ တိုလွန်းနေတယ်..ဒီထက်ပို ဖွဲ့နွဲ့ရေးလို့ ရပါလျှက်နဲ့..။

ပုံရိပ်လွှာတွေ မျက်စိထဲဖြတ်ပြေးသွားသလို ခံစားလိုက်ရတယ်ညီမလေးရေ

"အလွမ်းဆိုတာ ပျင်းရိခြင်းအတွက် အကောင်းဆုံးကုစားတဲ့ဆေးနည်းတမျိုး” ...
ဟုတ်နေမလားမသိ။

littlebrook said...

အထီးကျန်ဆန်ခြင်း ... ကစဉ့်ကလျားလွင့်သွားသော ရွက်ခြောက် ... ၀ိုးတ၀ါးအရိပ်များ ...
:)

MANORHARY said...

လင်းဒီပပြောသလိုပဲ
တိုနေတယ် ဒိထက်ပိုရေးလို့ရသေးတယ်ထင်တာပဲ

Anonymous said...

မယ်ရာရေ ဘလောဂ့်ဂါတွေ အင်တာဗျူးဖတ်ချင်တယ်။အကြောင်းအ၇ာ အချက်အလက်လေးတွေ စုဆောင်းပြီးတဂ်ပါလား

အလွမ်း ဆိုတာ သတိရခြင်း ဆိုတာနဲ့ အဓိပ္ပါယ် အတူတူပဲလား . . ။

တူတယ်ဆိုရင် (မတူဘူးဆိုရင် ဤနေရာမှ စ၍ မဖတ်ပါနှင့်)

8>< . . . . . . . . 8><

`အရာအားလုံး ကို စွန့်လွှတ်ရတောင်မှ သတိရခြင်းကို ငါပိုင်တယ်´ တဲ့။ ကြားဖူးတာပဲ

အိဖူး said...

“အဖေါ်မရှိတဲ့ တိုက်ခန်းလေးတခုထဲမှာ မိန်းကလေးတယောက်ထဲ
အကြာကြီးထိုင်နေဖို့ မသင့်တော်ပါဘူးလေ လို့ ယေဘုယျဆန်လှတဲ့အတွေးတခုကြောင့် အခန်းတံခါးတွေ သေချာစစ်ပြီး ပြန်လာခဲ့သည်။” ဘာလို့လည်းတော့သိဘူး.. အဲ့စာကြောင်းလေးဖတ်ပြီး တစ်မျိုးခံစားသွားရတယ်......။

အလင်းရောင် အလုံအလောက် မရနိုင်မှတော့ မှောင်နေရတာကိုပဲ ကျွန်တော်လည်း ပိုသဘောကျတယ်

ခင်မင်လေးစားလျှက်