Sunday, October 25, 2009

အငိုသန်တဲ့၊စိတ်ကြီးတဲ့ကလေးရဲ့ အမေ

လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုကျော်ဆီတုန်းက ဇနပုဒ်လေးတခုမှာ မျက်နှာဝိုင်းသလောက် အင်မတန်မှ အငိုသန်ပြီး အရမ်းစိတ်ကြီးတဲ့ ကလေးတယောက်မွေးခဲ့တယ်။

တစ်လနဲ့ ငါးရက်သမီးမှာ သူတို့အဖေက ပိုးထိတယ်။ ဒီတော့ ဒီကလေးလေးက ခိုက်တယ်ပေါ့။ မွေးထဲက ငိုတာလဲ အသည်းနဲ့မှ အသန်၊အငိုရပ်ဖို့ဆိုလဲ အင်မတန်ကြာပြီး စိတ်ကလဲ အင်မတန်ကြီးတယ်။
ဒါ ဒီကလေးမလေး ခိုက်တာပေါ့။ သူ့အမေက ငါ့သမီး တနင်္လာသမီးလေး၊ သိပ်ထက်မြက်တာလို့ သာ တွင်တွင်ပြောခဲ့..။

၂နှစ်သမီးမှာ ကဲလွန်းလို့ ရင်ဘတ်တခုလုံး ရေနွေးပူတွေ လောင်တော့ လမိုက်ည၊သန်းခေါင်အချိန်ပေါ့။ အဖေက မနက်လင်းမှ ဆေးရုံ သွားကြတာပေါ့။ အမေက ငါ့သမီးလေး ပူနေတာ၊ ငါမကြည့်ရက်ဘူး။ ဘာမှ ငှက်ပျောပင်တွေ၊ အုံးရည်တွေ လုပ်မနေနဲ့။ဆေးရုံ သွားမယ်ဆိုပြီး သမီးကိုပွေ့ ညအမှောင်မှာ ကြယ်ရောင်ပဲ အားကိုးပြီး ဆေးရုံသေးသေးလေးဆီကို အားကိုးတကြီးနဲ့ ပြေးခဲ့တာ။

အဲ့ဒိကလေး သုံးနှစ်ခွဲရောက်တော့ သူ့တို့အဖေက ပိုးထိတဲ့ ဝေဒနာနဲ့ပဲ ဆုံးပါးသွားခဲ့။ အမေက အသက်လေးဆယ်။ သိပ်လှတာ။ နဖူးလေးကဆို ၀ါဝါ၀င်း ရွှေနဖူးကျမျိုးလေးနဲ့..။ အဖေ့အမျိုးတွေက ဒီမိန်းမ၊ကလေးက ငါးယောက်၊ ကြွေးတွေက ပတ်လည် ၀ိုင်းနေတာ၊ နောက်လင် ထပ်ယူ ဦးမှာပဲ။ ဒီလိုပဲ တွက်ထားခဲ့။ အဖေ့အမျိုးတွေတွင် မဟုတ်။ အမေ့ အဒေါ်တွေ ကိုယ်တိုင်လဲ ပါခဲ့သေးတာပဲ။ အမေ့အဒေါ်နှစ်ယောက်ကလဲ ဆောင်းတွင်း၊လယ်တလင်းပြီးလို့ စကောနဲ့တလင်းပြန့်ပဲကျန်လဲ အကြွေးကတော့ နှစ်တိုင်း တွင်တွင် တောင်းမြဲ..။ အမေက ရင်မကော့နိုင်ဘူး။ ခေါင်းငုံ့ပြီး တနေ့ အကျေပြန်ဆပ်ပါ့မယ်။ တနေ့ အကျေပြန်ဆပ်ပါ့မယ်..နဲ့..။

အဲ့ဒိကလေး ငါးနှစ်သမီးလောက်မှာ အမကြီး၊အကိုကြီးတွေနဲ့ ထားခဲ့ပြီး ဟိုင်းကြီးကျွန်းကို ခရီးနှင်၊ ကိုယ့်ဆီက ထွက်တဲ့ မေမြို့ပန်းတွေကို အဲ့ကိုသယ်။ အဲ့ဒိက ငါးပိ၊ငါးခြောက်တွေကို ဧရာဝတီကိုပြန်သယ်..။

ပြောရင်းက "ငါ့စိတ်တွေ လေခဲ့တဲ့ အချိန်တွေ ထင်ပါရဲ့" လို့.....သူ့ကိုယ်သူ မသေချာသလို ကလဲ လုပ်တတ် သေးတာ။အဲ့ဒိလို မသေချာသလိုလေး ကိုယ့်စိတ်ကိုယ် ဖန်တီးထား တတ်သေးတာ။ အဲ့ဒါကတော့ အငိုသန်တဲ့ သူ့သမီး အငယ်ဆုံးလေးက တထေရာထဲ တူတယ်။

ငါးတန်းစာမေးပွဲတွေ ဖြေအပြီး နွေကျောင်းပိတ်တော့ နားပြည်ယိုတဲ့ ရောဂါနဲ့ အလူးအလဲ။ ပိုက်ဆံက မရှိ။ ရန်ကုန်လဲ မလာနိုင်၊ ပုသိမ်မှာတွင်ပဲ မပြန်လာနိုင်တဲ့၊ဘယ်တော့ ပြန်ရောက်မယ် မသိတဲ့ ဇာတိပြန်သွားတဲ့ ဆရာဝန်ကို စောင့်နေကြတာ သားအမိလေး သုံးယောက်၊ အကိုလုပ်သူက ငို၊အမေက အားပေးတယ်။ ဘယ်သူ့ကိုမှ မယုတ်မာဖူးဘူး။ တို့မိသားစုကို ဘုရားကယ်မှာပါ။သမီး ပုတီးလေး စိပ်နေနော်။ဘုရားကု ခေါ်တယ်သမီးရဲ့...။နောက်ဆုံးတော့ ကြွေးတွေ ထပ်တင်၊ရောဂါတော့ ပျောက်....။

အဲ့ဒိကလေးလေး ဆယ်ခြောက်နှစ်သမီး၊ဆယ်တန်းအောင်တော့ ပတ်ဝန်းကျင်က လူတွေက ၀မ်းသာလိုက်တာ။ အမလေးဟဲ့..မုဆိုးမသမီးလေး၊အမလေးဟဲ့ မုဆိုးမသမီးလေးနဲ့...။ဒါမယ့် မုဆိုးမကြီးမှာသာ တိတ်တိတ်လေး ကြိတ်ကာငို...။

ံအရူးမကြီး မစောသိန်းဆိုတာ မြို့ဈေးထဲမှာ ရှိတယ်။ မစောသိန်းမှာလဲ သမီးလေး တယောက်ရှိတယ်။ သူ့သမီးလေးငါးနှစ်၊ကျောင်းထားတဲ့အရွယ်ရောက်တော့ ဈေးသူဈေးသားတွေက ကျောက်သင်ပုန်း၊ကျောက်တံတွေဝယ်၊ လွယ်အိတ်လေး ၀ယ်ပေးပြီး ကျောင်းပို့တော့ အရူးမကြီးမစောသိန်းခမျာ သူ့သမီးလေး ပျောက်လို့။ ဒါမယ့် ဘယ်ရောက်နေမှန်းလဲ မသိရှာဘူး။ ရူးနေတာကိုး။

ဒါနဲ့ပဲ သုံးလေးရက် ဆက်တိုက်ပျောက်နေတော့ လူတကာ လိုက်မေးရင်း နင့်သမီးလေး ကျောင်းသွားတာကိုး။ နင့်နား ဘယ်ရှိမလဲဆိုတော့၊ သူ့သမီးလေး ပြန်လာရော အဲ့ဒိကျောက်သင်ပုန်း၊ကျောက်တံတွေကို ဆင်ကူး သံတံတားကြီးကနေ ချောင်းထဲ သွားပစ် ချလိုက်တယ်တဲ့။ခုလဲ ငါ့မှာ အဲ့လိုလုပ်ရမလိုဖြစ်နေပြီ လို့....ပြောတာ အမေ...။

ခု အဲ့ဒီ ကလေးလေး အသက် နှစ်ဆယ့်လေးနှစ် ပြည့်သွားပြီ။ အမေ့ကို သူခွဲထားခဲ့တာ ရှစ်နှစ်တင်းတင်းပြည့်ခဲ့ပြီ။
ဘယ်အချိန်မှာ အဲ့ဒိကလေးနဲ့ သူ့အမေ ပြန်ဆုံနိုင်ပါမလဲ။ သူ့အမေကလဲ ကျောက်သင်ပုန်း၊ ကျောက်တံတွေ လွှင့်မပစ်ရက်သလို... အငိုသန်တဲ့၊ စိတ်ကြီးတဲ့ သူ့သမီးလေးကလဲ သူ့အမေအတွက် ဘာမှမဖန်တီးပေးနိုင်သေး..။

ဘ၀ဆိုတာ ရုန်းကန်ခြင်းတွေပဲ။ မိသားစုဆိုတာ တဦးချင်း၊တယောက်ချင်းစီတွေနဲ့ ဖွဲ့စည်းထားတာ စသဖြင့် ဒီလို နှုတ်ထွက်သီဝရီတွေကို ကဗျာထဲ ထည့်စပ်ဖို့သာ ရူးသွပ်နေတတ်တာ၊ ကိုယ့်ခံစားမှုကို မိသားစုနဲ့အမေ့ရှေ့မှာ ဘာမထီ လုပ်လုပ်ပြတတ်တာ သူ့ အမေသာ သိခဲ့ရင် ...ကျောက်သင်ပုန်း၊ကျောက်တံတွေ လွှင့်မပစ်ခဲ့တာများ နောင်တ ရနေမလား...။

အမေရေ... ခွဲခွာခြင်းက တချိန်မှာ တယောက်အရိပ်၊ တယောက် လုံလုံခြုံခြုံ ခိုဖို့။ အဲ့ဒိအရိပ် ဘယ်အချိန်မှာ ရောက်လာမယ်မှန်း မသိသေးလို့ နေပူထဲက စောင့်နေရင်း၊ သားသမီး မွေးနေ့ကို မွေးလပဲ အနိုင်နိုင် မှတ်မိ တတ်တဲ့၊မွေးနေ့ ဆုတောင်းပေးတာတို့၊ ဘာညာ သာရကာတွေ မလုပ်တတ်တဲ့ အမေ့ကို လွမ်းလို့... ဒီလိုလေးပဲ အမှတ်တရ စာရေးပြီး တေးမှတ် ထားလိုက်ပါတော့တယ် ။


14 Responses to “အငိုသန်တဲ့၊စိတ်ကြီးတဲ့ကလေးရဲ့ အမေ”

pandora said...

ဖြတ်သန်းရတဲ့ လေဟုန်က ပြင်းတဲ့အခါ ပျံသန်းရတဲ့ အတောင်ပံတွေ သန်မာဖို့အတွက်ပဲ ဖြစ်ပါလိမ့်မယ်။ အမှတ်တရစာလေးကို မှတ်မှတ်ရရဖတ်သွားတယ်။ အေးချမ်းပျော်ရွှင်ပါစေ။

ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ မမေရာ။

Moe Cho Thinn said...

မွေးနေ့မှာ အမေ့အကြောင်း စဉ်းစားမိ တွေးမိတတ်တာ တူတယ် ညီမလေးရေ.. အမလဲ အမမွေးနေ့တုန်းက စာထမင်း စာဟင်းဆိုပြီး အမေ့ကို သတိတရ စာလေး တပုဒ် ရေးဖူးတယ်။
ညီမ စာလေး ဖတ်ပြီး စိတ်ထဲ မကောင်းပေမဲ့ ကြိုးစား ရုန်းကန်ခဲ့ရတဲ့ ဘ၀တွေကို ချီးကျူးမိပါတယ်။ အထူးသဖြင့် ကျောက်တံတွေ လွှင့်မပစ်ခဲ့တဲ့ အမေ့ကိုပေါ့။
ပျော်ရွှင်အေးချမ်းစွာ မိသားစု ပြန်ဆုံဆည်းနိုင်ရန် ဆုတောင်းမေတ္တာပို့ပါတယ်။

ဘဝဆိုတာ ဒီလိုပဲလား
ကံတရားက
အူဝဲဘဝအစ....ငါ့ကိုမှ ဘာကြောင့်ခွဲခြားဆက်ဆံခဲ့ရသလဲ...

ဘယ်အရာမှ မတည်မြဲဘူးဆိုတာကို
ငါလည်း နှလုံးသွင်းတတ်ခဲ့ပါတယ်...

မွေးနေ့ပေါင်းများစွာနဲ့ယှဉ်ပြီးသိခဲ့ရတဲ့
အတွေးနက်နက်အသိတွေထဲမှာ
အမေဟာ ငါ့ဘဝကောင်းကင်ထက်က လတစင်း
ငါ့အသက်တာရဲ့ အချိန်တိုင်းကို လင်းပစေခဲ့ပေါ့...

အဲဒီလင်းပမှုနဲ့ပဲ..ငါ..
အနာဂတ်ဆိုတာကို ယုံလာတတ်ခဲ့
ကြုံလာခဲ့သမျှအဆိုးအားလုံး
အမေ့ရဲ့အေးမြခြင်းလရောင်ဖုံးပေးခဲ့တာမို့
အခု.ငါလျှောက်နေတဲ့လမ်း
အခု.ငါရောက်နေတဲ့လမ်းမှာ
လောကဓံဆိုတဲ့တရားကို
အလံမလှဲတမ်းကြိုဆိုနိုင်ခဲ့တာပေါ့လေ....

ညီမလေးရေ.မွေးနေ့လက်ဆောင်ထားပေးခဲ့တာနော်
ကျေနပ်မယ်ထင်ပါတယ်

SDL said...

ပျော်ရွှင်ပါစေ၊ ငြိမ်းချမ်းပါစေ.. ညီမလေး

Anonymous said...

ညီမလေး အမြဲတမ်း ပျော်ရွှင်ချမ်းမြေ့ ပါစေ....


mie nge

MANORHARY said...

ဘဝရဲ့ လိုအပ်ချက်တွေကိုဖြည့်ဆည်းရင်း
လိုအပ်မှုတွေကို တမ်းတမိတဲ့အခါ
လိုအင်မှန်သမျှမပြည့်ဝသည့်တိုင် လိုအပ်မှုတိုင်း
ပြည့်ဝနိုင်ပါစေ.... လို့

little brook said...

မနေ့ညကမှ သိလိုက်ရတယ် ဒီနေ့ညီမလေးမွေးနေ့ဆိုတာ ညီညီပြောလို့ .. တိန် .. ဟီးဟီး

တနှစ်ပတ်လုံးပိတ်ထားတဲ့ ပြတင်းတံခါးကို ဖွင့်လိုက်ပီပေါ့ .. အဲ့စိတ်အပေါ် ငှက်ကလေးနားမှာလား တိမ်တွေဖြတ်ပျံလေမလား ..
ဘာဖြစ်ဖြစ် အဲ့ကောင်းမှုကြောင့်တော့ မေမေကျန်းမာမှာပါ။ ကဗျာလေးတစ်ပုဒ်ကို ဖျက်မိလိုက်ပီလားမသိ ... ဒါပေမယ့် ပြောပြချင်နေတာကလည်း အဲ့စကားပဲကို .. ပျော်ပါစေ ညီမလေး

အတူတူပါပဲလား...
အမေ့အတွက် အားဆေးတစ်ခွက်ဖြစ်ပါစေ...

ံhappy birthday ပါ ညီမရေ...

မွေးနေ့မှာ အမေကို သတိတရ ရှိတာ မင်္ဂလာတစ်ပါးပါပဲ..။

ငယ်ပါသေးတယ်လေ..
ပျံသန်းပါဦး..အားခွန်ဗလ သန်စွမ်းတုန်း...
နောက်မှ လေဟုန်ပြန်စီးပေါ့..။

yangonthar said...

ဘဝထဲမှာ ရုန်းကန်ရင်း ဘဝထဲက ပဲ အားတွေ ရ အမေပေးတာတွေပေါ့ .... ဒီအမေ့ အပြုံးတွေ ကို ပဲ မြင်ချင်နေမိပါတယ် မကြေးမုံရေ စိတ်ထဲ မကောင်းဖြစ်မိတယ် မွေးနေ့ မှာ ပျော်ရွှင်ပါစေ
ခင်တဲ့
ရန်ကုန်သား :))

P.Ti said...

မွေးနေ့လို့ သိရလို့... ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ။ နောက်ကျမှရောက်လို့ ဆုတောင်းတာနောက်ကျသွားတာ ဆောရီး...

အဲလို ဘ၀မှာ အခက်အခဲတွေများကြီးနဲ့ ရုန်းကန်ကြိုးစားလာတဲ့လူတွေကို လေးစားမိတယ်။ ကိုယ်ကိုယ်တိုင်ဆို အဲလိုဖြစ်လာပါ့မလားလို့ တွေးမိလို့ပါ။ အောင်မြင်မှုတွေဆက်တိုက်ရလို့ အမေနဲ့လည်း အတူပြန်လည်ဆုံတွေ့ပါစေ။

ဟုတ်လာဖတ်သွားပါတယ်ခင်ဗျာ သေချာကိုဖတ်သွားခဲ့တာပါ

သက်ဝေ said...

အခုမှလာဖတ်မိပြီး စိတ်ထိခိုက်သွားတယ်...။
မွေးနေ့ဆုတောင်းအတွက် ရက်တွေက တော်တော်တော့ နောက်ကျနေပါပြီ...

လိမ်မာတဲ့ သမီးလေး ချစ်တဲ့ အမေနဲ့ အမြန်ဆုံး အတူတူနေနိုင်ပြီး အမေကို တသက်လုံး မတောင့်မတ မကြောင့်မကြ လုပ်ကျွေးပြုစုနိုင်ပါစေ... လို့ မွေးနေ့ဆုတောင်းလေး တောင်းပေးသွားတယ်နော်...