Wednesday, August 26, 2009

ခရေရာဇ၀င်

မောင်လေးရေ..ထပါတော့
ရောင်နီလာလှပေါ့။
တစ်ကျော့နှစ်ကျော့တေးကိုသီ
ငှက်ကျားနှုတ်ပလီ။
တောင်ဆီနားက ခရေပန်း
ပင်အောက်ကြိုင်လို့လန်း။
ဗန်းလေးယူခဲ့မောင်လေးရယ်
သွားကောက်ချေစို့ကွယ်။
ပန်းလုပ်လုပ်စို့ တပြုံးပြုံး၊
ပန်းတွေ တကုံးကုံး။ ။


အဲ့ဒိ ပန်းသည်ကဗျာလေးကို သူ့မေမေက သင်ပေးဖူးသည်။ တကယ်တော့ သူ့မေမေနဲ့သူနဲ့က ငယ်ငယ်လေးထဲက ခုချိန်ထိ သားအမိရယ်လို့ အတူနေခွင့် သိပ်မရှိခဲ့တာ အမှန်ပါ။ သို့ပေမယ့် သူငယ်ငယ်တုန်းက ဆရာကြီးမင်းသုဝဏ် ကဗျာတွေကို လေးတန်းကျောင်းထွက် သူ့မေမေက နှုတ်တိုက်ချပြီး သင်ပေးခဲ့တာဖြစ်သည်။

သပြေသီးကောက်၊ ဥပုသ်စောင့် စတာတွေထဲကမှ သူကအဲ့ဒိ ပန်းသည် ကဗျာလေးကို ပိုလို့ အမှတ်ရမိနေတတ်သည်။ ဗန်းလေးယူခဲ့ မောင်လေးရယ်၊ သွားကောက်ချေစို့ကွယ် ဆိုတဲ့ နေရာလေးကိုတော့ ဘာကြောင့်မှန်းမသိ၊ သိပ်ကိုသဘောကျမိခဲ့တာ ခုချိန်ထိပါ။ အိမ်မှာ အငယ်ဆုံးပီပီ တကယ်ပဲ မောင်ငယ်လေး တစ်ယောက်တော့ ငယ်ငယ်ကလေးဘ၀တုန်းက လိုချင်ခဲ့တာ အမှန်ပါပဲ။

ဒါမယ့်သူဟာ တသက်လုံးမှာ တစ်ကြိမ်ရယ်သာ မောင်ငယ်လေး တစ်ယောက်နဲ့အတူ ခရေပန်းကောက်ခွင့် ရခဲ့သူ။

မှတ်မှတ်ရရ ထိုနေ့မနက်က နှင်းတွေသိပ်သည်းစွာ ကျနေတဲ့ ဆောင်းမနက်ခင်း တစ်ခုဖြစ်သည်။ မနေ့ညနေက စပါးတလင်းထဲကအပြန်မှာ စဥ့်အိုးနဲ့လုပ်တဲ့ အိုးစည်လေးကျကွဲလို့ အကြီးအကျယ်စိတ်ညစ်ပြီး အိပ်ပျော်သွားခဲ့တဲ့ သူ။ နောက်တနေ့ မနက်မှာ အမေက သူ့အိုးလေး ဘယ်မှာလဲလို့မေးရင် ဘာဖြေရမှန်းမသိလို့ အိပ်ယာနိုးနိုးချင်း မျက်နှာသစ်တဲ့ ရေတိုင်ကီနားမှာ သူငူငူငိုင်ငိုင်နဲ့ ထိုင်နေတုန်းမှာ မောင်လေးက ရောက်လာခဲ့တာဖြစ်သည်။

ဟေ့ မသက်မွန်၊ ငါတို့ ကြိမ်ချောင်း ဘုန်းကြီးကျောင်းနားမှာ ခရေပန်း သွားကောက်ကြမယ်၊ လိုက်မလား လို့ သူကခေါ်တော့ ချက်ချင်း ထလိုက်ဖြစ်ခဲ့တာ။ သောက်ရေအိုးဖုံးခြင်းလေးနဲ့ တစ်လုံးအပြည့် ခရေပန်းတွေ အပြည့် အမောက်နဲ့ သူအိမ်ပြန်လာတော့ အမေရဲ့ စကားတွတ်ထိုး ဆူတာကို ခံရသည်။ အိုးစည်လုပ်တဲ့ စဥ့်အိုးကွဲလို့လား။ မောင်လေးနဲ့ ခရေပန်း သွားကောက်လို့လား ဆိုတာတော့ သူ သေချာမသိခဲ့ပါ။

++++++++++++++++++++++

သူတို့တက်ခဲ့ရတဲ့ ယူနီဗာစီတီက တကယ့် ဆေးရုံကြီးနဲ့တူသည်။ သီရေတာဆိုလို့ နှစ်ခန်းပဲရှိသည်။ ကျန်တဲ့အဆောင်တွေက ဆေးရုံကြီးတစ်ခုလို၊ ဆေးရုံနဲ့ တူတယ်ဆိုတဲ့ ခံစားမှုကို ပေးတာကလဲ သူတို့ကျောင်းနဲ့ ခပ်လှမ်းလှမ်းမှာက တီဘီဆေးရုံရှိလို့ ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။

အဲ့ဒိလို ဆေးရုံကြီးနဲ့တူလှတဲ့ သူတို့ကျောင်းမှာ နှစ်သက်စရာဆိုလို့ တစ်ဆိုင်ထဲသော အသုပ်ဆိုင်ဖြစ်တဲ့ ရခိုင်မကြီး ဒေါ်ထွေးညိုဆီကိုသွားတဲ့ လမ်းလေးဆီက ခရေပင်လေး လေးငါးခြောက်ပင်သာ ရှိသည်။ ခရေတွေပွင့်တဲ့ အချိန်နဲ့ သူတို့ ကျောင်းစဖွင့်တဲ့အချိန်က ကွက်တိဖြစ်သည်။ ယူနီဗာစီတီ ကင်တင်းတစ်ဖြစ်လဲ ဒေါ်ထွေးညိုရဲ့ အသုပ်ဆိုင်မှာ ထိုင်ရင်းက ဖြတ်သွားဖြတ်လာ လူပေါင်းခြောက်ဆယ်လောက်ကို ငေးရတာကလဲ သူ့အတွက်တော့ ထူးဆန်းတဲ့ ခံစားမှုဖြစ်သည်။

ရန်ကုန်မြို့ထဲက နာမည်ကြီးခရေပင်လမ်းလောက် မလှသော်လည်း သူ့အတွက်တော့ ဒီကျောင်းကခရေပင်တန်း လေးက အမှတ်ရစရာတွေ အများကြီးနဲ့ သူ့ရာဇ၀င်တွေ ထမ်းပိုးထားခဲ့ဖူးသည်။

မိန်းကလေးတိုင်း လုံချည်ဝတ်ရမယ့် စည်းကမ်းကြောင့် ဗိုသီဘတ်သီနိုင်လှတဲ့ လုံချည်တစ်စကို လက်ကကိုင်ပြီး လက်တစ်ဘက်ထဲနဲ့ ခရေပန်းတွေကိုကောက်နေတဲ့ သူ့အနား လက်ခုပ်လေးတစ်စုံရောက်လာခဲ့ဖူးသည်။

တက္ကသိုလ်ကျောင်းက ခရေပင်တန်းမှာတော့ သူနဲ့အတူ ပန်းကူကောက်မယ့် မောင်လေးလဲ မရှိတော့ပါ။ မောင်လေးမရှိတော့တဲ့အတွက် ပန်းကောက်လို့လား၊ စဥ့်အိုးလေးကွဲလို့လား မသိတဲ့ အမေ့ရဲ့ဗျစ်တောက်၊ ဗျစ်တောက် ဆူသံကိုလဲ မကြားရတော့ပါ။ ဗန်းလေးမပါပေမယ့် လက်ခုပ်လေးနဲ့ ပန်းကောက်ပေးခဲ့ဖူးတဲ့ သူတစ်ယောက်လဲ ခုတော့ ဘယ်ရောက်နေမှန်း မသိတော့ပါ။

+++++++++++++++++++++++

ရွှေတိဂုံဘုရားဆီကို ဖြတ်လမ်းလေးတစ်ခုဆီကသွားရင် သိပ်လှတဲ့ မနက်ခင်းတစ်ခုနဲ့ အတူ ကဗျာဆန်တဲ့ ခရေပင်တန်းလေးလဲ ရှိနေတာကို သူ အဲ့ဒိအခါကျမှသိခဲ့ရသည်။

လှည်းတန်းကနေ အမှတ် ၅၀ ကားကိုစီးပြီး အုတ်လမ်းမှတ်တိုင်မှာဆင်း၊ ပြီးတော့ အာဇာနည်ကုန်းရဲ့ နောက်ကျောဘက်က တောင်ဂမူလေးတစ်ခုကို ကျော်ပြီးမှ သွားရတဲ့လမ်းလေးကို ပိုနှစ်သက်ပါသည်။ အဲ့ဒိတောင်ဂမူလေးရဲ့ တောလမ်းလိုမျိုး နေရာလေးမှာ သိပ်လှတဲ့ ခရေပင်တန်းတွေ ရှိသည်။

အဲ့ဒိ ခရေပင်တန်းလေးကို အကြောင်းပြုပြီး သူနဲ့ သူ့ သူငယ်ချင်း ၂ယောက် ရွှေတိဂုံကို ရက်ဆက် ရောက်ဖြစ်ခဲ့တာ ခုပြန်တွေးတော့ ပြုံးချင့်စရာ။

ဆင်ခုံမြက်လို့ခေါ်တဲ့ မြတ်ပင်လေးနဲ့ သူက ခရေပန်းလေးတွေ သီပေးတော့ မြို့ပြမှာပဲနေ၊မြို့ပြမှာပဲကြီးလာရတဲ့ သူ့ သူငယ်ချင်းက သဘောတကျ ရှိနေခဲ့တာ။ တချို့ကို သူငယ်ချင်းမလေးက ပန်ပြီး တချို့ကိုတော့ ရွှေတိဂုံဘုရားကို ကပ်လှူခဲ့ဖူးသည် ထင်ပါသည်။

မှတ်မှတ်ရရ။ ယခုပြုရ ကုသလကြောင့် အဲ့ဒိနှစ်က သူတို့သူငယ်ချင်း၂ယောက်လုံး အထစ်အငေါ့မရှိပဲ စာမေးပွဲ အောင်ခဲ့ကြသည်။ ခရေပန်းလေးတွေရဲ့ ကျေးဇူးကြောင့်ဟု ယူဆရမည်။

ပန်းချင်တူတူ ပန်းနာမည်ခံ နာဂစ်ကြောင့် ရန်ကုန်မှာရှိတဲ့ အပင်တွေမြေခ၊ ငုပင်၊ပိတောက်ပင်တွေဆီမှလဲ သင်္ကြန်နားနီးပေမဲ့ အနံ့အသက်မရ၊ မိုးနားနီးပေမဲ့ ခရေနံ့လဲ မရ။ ရန်ကုန်ဆိုတာ ပန်းတွေနဲ့များ ဝေးနေပြီလားဟုတောင် သူတွေးမိသည်။

ခုတော့ သူ့ဘေးနားမှာ ပန်းကူကောက်မယ့် မောင်လေးလဲမရှိတော့။ လက်ခုပ်လေးတစ်စုံလဲ မရှိတော့။ဆင်ခုံမြက် လေးနဲ့ပန်းသီပေးရမယ့် သူငယ်ချင်းလေးလဲ မရှိတော့။

ခရေကို နမ်းခဲ့သူတွေ၊ ခရေကို လွမ်းခဲ့သူတွေနဲ့ ၊ခရေနံ့တွေ မရှိတော့ပေမယ့် သူ့ရာဇ၀င်မှာ ရေးမှတ်ထားတဲ့ ရနံ့ကတော့ ဘယ်တော့မှ ပျောက်ကွယ်မသွားနိုင်တာ သူ့အတ္တသာ ဖြစ်တော့သည်။


ကိုရွာသားရေ...ဖတ်မကောင်းလဲ သည်းခံပြီးသာ ဖတ်တော့ဗျာ။ ပြောသားပဲ။ ပန်းနဲ့ ညီမနဲ့ အလှမ်းတော့ ဝေးသား လို့လေ။ တခုတ်တရ တဂ်တာကိုတော့ ၀မ်းမြောက် ၀မ်းသာဖြစ်မိပါသည်။

မှတ်ချက် ။ နန်းညီ တဂ်သော ထားခဲ့ဖူးလေသမျှကိုတော့ အမေ့ခံ စာရင်းထဲ ထည့်ရင် ကောင်းလေမလား။

9 Responses to “ခရေရာဇ၀င်”

littlebrook said...

အားပါးပါး တဂ်ပို့စ်လို့တောင်မထင်ရ ရေးချက်ကဖမ်းစားတယ်ဝေ့ ...
ရေးချက်လှလှလေးတွေ ကောက်ခဲ့ဖူးတယ့် ခရေဖူးနဲ့
ငယ်ကရွယ်စူးသူလေးကို ပေးခဲ့ဖူးတာလည်း အမှတ်ရ .. ကျောင်းသွားဘက်တွေနဲ့ ခရေသီးလေးတွေ ဂျင်လုပ်လည်ကြ ၊ ခရေစေ့တောက်တမ်းဆော့ကြတာတွေ အကုန်ပြန်မြင်သွားအောင်ပဲ..း)

yangonthar said...

မကြေးမုံရဲ့  ခရေကောက် ဇာတ်ကြောင်းလေး
ဖတ်သွားပါတယ် ခရေနဲ့ မဝေးပါဘူးဗျာ ခု
စာဖတ်ရင်းနဲ့  မကြေးမုံအိမ်လေး ခရေ နံ့ လေး
သင်းနေပါတယ် ငယ်စဉ်က ခရေ အတူ
ကောက်သွားခဲ့တဲ့ မောင်လေးကိုလည်း
ကွက်ကနဲမြင်ခဲ့ပါတယ် ..........
အေးမြသာယာပါစေ
ရန်ကုန်
(ခရေပန်းကောက်ကဗျာလေး အင်မတန်
ကြိုက်နှစ်သက်ခဲ့မိပါတယ် ...)

အဲ့ကဗျာလေးဆို ချိုပြုံးနဲ့ တင်တင်မြကိုပြေးမြင်မိတတ်တယ်။ ပန်းခရေ revolution လို့တောင်ဆိုရမယ်။ လိုက်ပါခံစားမိသွားတယ်။ ဟုတ်တယ် မြက်ပင်လေးနဲ့ ခရေပန်းသီလို့ ရတာ မြို့သူတွေဘယ်သိမလဲနော်။ ကြာပန်းခိုင်လေးတွေဆိုလည်း သူတို့ တအံ့သြ ငေးမောနေကြမှာ။

ဖတ်မကောင်းဘူးလို့ပြောတာကို ဖတ်လို့ကောင်းပါတယ် မငြင်းတော့ဘူးနော်။ စာဖတ်သူတွေ ပြောသွားပါလိမ့်မယ်

Anonymous said...

အမရဲ့  အကြိုက်ဆုံ့းပန်းတွေထဲမှာ ခရေပန်းနဲ့
ကံ့ကော်ပန်းက ရှေ့ဆုံးကပေါ့ ...အခုဒီပို့စ်ဖတ်ပြီး
ရန်ကုန်က ခရေပင်တွေ ကုန်တဲ့ထဲမှာ အိမ်နားက ခရေပင်ကြီးလည်း ပါသွားလားမသိဘူး... အရင်တုန်းက ခရေကောက်ခဲ့တာကို ပြန်သတိရမိတယ်...ခရေနံ့လေး ပြန်မွှေးချင်လိုက်တာ ညီမကြေးမုံရေ....

mie nge

ဟုတ်ကဲ့ မေ့တောင်နေပါပြီ

Kay said...

သူငယ်ချင်းလေးက..ဘာ ဂျန်ဒါ လည်း.. ရှင်းရှင်းရေးလေ။း)
ခရေ ပင်အောက်က..ပိတောက်ချစ်သူ မဟုတ်တာ.. တော်သေးတာပေါ့..ကွယ်

အမရာ said...

ခရေရာဇဝင်လေးကို
ဖတ်သွားရင်းနဲ့တသသ.....

အရေးကောင်းပဲ

ခရေပင်တန်းတွေကိုမြင်လိုက်ရသလို ခရေရနံ့တွေကိုလည်းရလိုက်မိသလို
လွမ်းသလိုလို ဆွေးသလိုလို
ခံစားချက်တပွေ့တပိုက်ကိုယူပြီးပြန်သွားပြီညီမလေးရေ

ညီမလည်း ခရေပန်းကြိုက်တယ်။ မေမေကြိုက်တဲ့ ပန်းမို့ကြိုက်တာ။ ကြွေသွားတာတောင် အနံ့နဲ့ လူတွေကိုအကျိုးပြုလို့လဲကြိုက်တယ်။ မမရေးထားတာ ဖတ်လို့ကောင်းပါတယ်။ ဒီလောက်ကဗျာဆန်တာ။