Monday, August 17, 2009

ပြောင်းပြန်လျှောက်မိသော လမ်း

မိုးစက်တွေက မှန်ပြတင်းရဲ့ အပြင်ဘက်ကို ပျင်းရိပျင်းတွဲ လာရိုက်ခတ်နေတယ်။ရိုက်လိုက်၊ပြီးတော့ အောက်ဘက်ကို စီးကျသွားလိုက်နဲ့...။ မိုးရေစက်တွေကို ခုလိုကြည့်နေရတာ အင်မတန်မှ ပျင်းရိစရာ ကောင်းပါတယ်။သို့ပေမယ့် အဲ့လိုကြည့်နေရတာကမှ စိတ်အာရုံကို တစ်နေရာရာဆီ ပို့ထားနိုင်သေးတယ် မဟုတ်လား။အဲ့လိုမှမဟုတ်ရင် အတွေးပေါင်းများစွာက ကိုယ့်ကိုနှိပ်စက်လို့နေမှာ အသေအချာ။

+++++++++++++++++++

"နောက်ထပ် ငါးရက်၊တစ်ပတ်လောက်နေရင် ငါတို့ခွဲခွာကြရတော့မယ်နော်" ဆိုပြီးတော့ သူ့ဆီကနေ အသံတစ်ခုခုများ ကြားရမလားဆိုတဲ့စိတ်နဲ့ နားစွင့်နေမိခဲ့တယ်၊ အနည်းဆုံးတော့ " ရူးတတ်ရန်ကော" လို့ ငြူစူတဲ့စိတ်ကြောင့် ချလိုက်တဲ့ သူ့သက်ပြင်းသံ တစ်ခုပဲဖြစ်ဖြစ်ပေါ့။

တိတ်ဆိတ်မှုဟာ သွေးပျက်ချောက်ချားဖွယ်ကောင်းလောက်စရာ။

ကိုယ်နဲ့ပတ်သက်လို့ သူ့စိတ်ထဲမှာ ဗလာစာအုပ်အသစ်ထဲက ဘာမှမရေးရသေးတဲ့ စာမျက်နှာတစ်ခုလိုပဲ ရှိနေနှင့်ပြီးသားဆိုတာ ကြိုသိထားရက်နဲ့ ဘာလို့များသူ့ရှေ့မှာ လွမ်းပြခဲ့မိပါသလဲဆိုတာ မစဉ်းစားချင် တော့ပါ။

++++++++++++++++++++++


အရာရာတိုင်းက အစီအစဉ်တကျ ဖြစ်နေခဲ့တယ်။လူတွေရဲ့ဆန္ဒအတိုင်း၊ လူတွေဖြစ်ချင်တာတွေချည်းသာ ဖြစ်လာခဲ့မယ်ဆိုရင် လောဘ၊ဒေါသ၊မောဟတရားတွေ ကင်းစင်ပြီး ကမ္ဘာကြီးငြိမ်းချမ်းတော့ မပေါ့။ ကိုယ်လဲ အေးငြိမ်းခဲ့တာ ကြာလှပေါ့။ သူ့သတ်မှတ်ချက်အရဆိုရင်တော့ ကိုယ်က ကိုယ့်စိတ်နဲ့ကိုယ် ဒုက္ခရောက်ရတဲ့ မိန်းမတစ်ယောက်သာ ဖြစ်သည်။

သိပ်ချစ်ကြတဲ့သူတွေမှာ တစ်ယောက်ကိုတစ်ယောက်က အရင်ဆုံး စချစ်ကြမယ်၊တစ်ယောက်ဆီက အချစ်တွေ နောက်တစ်ယောက်ဆီကို ကူးစက် စီးမျောစေမယ်၊ပြီးတော့သူတို့ တစ်ဦးကိုတစ်ဦး နားလည်သော၊ရင်းနှီးသော ချစ်သူတွေဖြစ်ကြမယ်၊ တစ်ယောက်ကို တစ်ယောက် သိပ်လိုအပ်လာခဲ့အခါမှာ နီးစပ်ဖို့အတွက် ကြိုးစားကြမယ်၊ နောက်ဆုံးမှာသူတို့တွေဟာ ချစ်ခင်ကြင်နာစွာ နေသွားကြလေသတည်း ဆိုတာမျိုးသာ။

ကိုယ်တို့ ဇာတ်လမ်းလေးကတော့ သာမာန်ထက်ရိုးစင်းခဲ့လေသလား၊သို့မဟုတ် ရှုပ်ထွေးခဲ့လေသလား။
သေချာတာကတော့ ကြားဖူး၊ မြင်ဖူးနေကျတွေထက် နားလည်ဖို့ ခက်ခဲတဲ့ ဘာသာရပ်တစ်ခုဆိုတာပါပဲ။ ကြည့်ဖူးနေကျ ဇာတ်လမ်းတွေကို ပြောင်းပြန် ပြန်ရစ်ပြီးကြည့်ရသလိုပါပဲကွယ်..။

မျက်စိတစ်မှိတ်စာအလင်းမှာ ကိုယ်တို့သိပ်ကို နီးစပ်ခဲ့ကြတယ်၊ တစ်ယောက်ကိုတစ်ယောက် သိပ်လိုအပ်ခဲ့ တယ်။ပြီးတော့ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ခဲ့ကြတယ်။ ခုတော့ တစ်ယောက်ဆီက အချစ်ကိုရဖို့ တစ်ယောက်က ပြန်ကြိုးစားနေရတယ်၊ ပြီးရင်ငါတို့ ကွဲကွာကြပြန်ဦးမယ်။
ကဲကွယ်.. အဲ့ဒိလောက်ကပြောင်းကပြန် နိုင်လှတဲ့ ဇာတ်လမ်းမျိုး ရှိလေဦးမလား။

+++++++++++++++++


ငါတို့တွေဘယ်အချိန်မှာ ပြန်ပေါင်းထုပ်နိုင်လိမ့်မလဲ၊ဘယ်နေရာမှာ ရင်ငွေ့ချင်းခြုံပေးလို့လုံနိုင်ပါလိမ့်မလဲ..။

++++++++++++++++++


အရိုးသားဆုံးပြောရရင်တော့ ကိုယ်ကရူးတတ်လွန်းတဲ့သူပါကွယ်၊ချစ်တတ်လွန်းလို့ပဲ အခါခါနှင်ထုတ်နေတဲ့ မင်းနားမှာပဲ ရစ်သီနေမိတာ နှစ်ကာလတွေချို့တဲ့ ယောင်ယမ်းနေခဲ့ပြီလေ။

17.08.09

10 Responses to “ပြောင်းပြန်လျှောက်မိသော လမ်း”

pandora said...

အခါခါနှင်ထုတ်နေတဲ့ မင်းနားမှာပဲ ရစ်သီနေမိတာ နှစ်ကာလတွေချို့တဲ့ ယောင်ယမ်းနေခဲ့ပြီလေ.. တဲ့လား..

အရိုးစင်းဆုံး ဆန်းကြယ်နေတဲ့ ဇာတ်လမ်းတွေ ရှိတတ်ပါတယ်..။

yangonthar said...

အရေးအသားလေးက ကောင်းလိုက်တာ ဗျာ ချစ်ချင်ပေမယ့် အချစ် မခံရဲ တဲ့ သူတွေရှိတယ် သူ ချစ်ရမှာကြောက်လို့ လဲ ဖြစ်ချင်ဖြစ်မှာပါ ........
ခင်မင်လျှက်
ရန်ကုန်သား :D

သတ္တုတွေ အပူနဲ့ထိတွေ့ရတဲ့အခါ အရည်ပျော်သွားသလိုမျိုးပေါ့...
နှစ်ကာလတွေလည်း ယောင်ယမ်းတတ်ပါတယ်...

အထူးအဆန်းပါလားနော်

littlebrook said...

အဟားဟားဟား မယ်ရာရယ် ဒါပို့စ်ပါနော .. စိတ်ကူးဖန်တီးထားတယ့် လက်ရာတစ်ခုပါနော..
ဟီးဟီး ... ငါ့ညီမကို အချစ်ဆိုတာနဲ့ တွဲကိုမမြင်မိဘူး..
မန်ယူအသင်းက ညီမလေးကို ဘောလုံးပွဲလက်မှတ်ပို့ပေးရင်တောင် အဲ့လောက်မအံ့သြဘူး.. အလဲ့ .. ဒါမျိုးလည်းရသား...
ကောင်းသည် :D ဟဲ့လှောင်တာမဟုတ်ဘူးနော် တကယ်သဘောကျလို့ ....

MANORHARY said...

ပြောင်းပြန်လျှောက်မိသောလမ်းး တဲ့လား...

မိုးရေစက်ကလေးတွေကိုကြည့်နေရတာကမှ စိတ်သက်သာရာရစေဦးမယ်ဆိုရင် မိုးမှန်မှန်ရွာပေးပါစေလို့ဆုတောင်းပေးမယ်ညီမလေးရေ

နောက်တစ်ယောက် လျှောက်မိပြန်ပြီ

ဇာတ်လမ်းကို အဆုံးသတ်တာလည်း ချက်ချင်းလိုပဲ ခံစားရတယ် တကယ်ဆို ဒီ့ထက်ရေးနိင်သေးမှန်း မြင်နေရတယ်...။

ဘာပဲဖြစ်ဖြစ်ပေးသလောက်ရသကိုယူပြီး ပြန်သွားပါပြီ..။

အရိုးသားဆုံးပြောရရင်တော့ ကိုယ်ကရူးတတ်လွန်းတဲ့သူပါကွယ်၊ချစ်တတ်လွန်းလို့ပဲ အခါခါနှင်ထုတ်နေတဲ့ မင်းနားမှာပဲ ရစ်သီနေမိတာ နှစ်ကာလတွေချို့တဲ့ ယောင်ယမ်းနေခဲ့ပြီလေ။