Thursday, July 30, 2009

လိုနေတယ်...အင်အားများ

ဒီရက်တွေထဲ အချိန်တွေတန်ဖိုးမဲ့သလိုဖြစ်နေလေတော့ ကိုယ့်ဘာသာကိုယ်ပဲ ပြန်ပြန်ဆယ်ယူနေရတယ်။
+++++++++++++++++++++++++

wordpress blog လေးတစ်ခုလုပ်ဖြစ်တယ်။ကွန်နက်ရှင်မျက်နှာသာပေးတုန်းလေးမှာ blogspot ကပိုစ့်တွေ
တော်တော်များများကို ကူးယူနိုင်ခဲ့တယ်။(ကူးနေချိန်တွင်းမှာ ဘုရားတော့တနေရတာပေါ့ )။
ရည်ရွယ်ချက်က ဘာရယ်မဟုတ်ဘူး။တောက်တီးတောက်တဲ့ကိုယ့်စာလေးတွေကိုတစ်ခုထက်ပိုတဲ့နေရာမှာ
သိမ်းထားချင်မိ တဲ့စိတ်ကြောင့်ပါ။
++++++++++++++++++++++++++++

ဒီတွေးမိသမျှဘလော့ထဲမှာ ကိုယ့်ဘာသာကိုယ်တံဆိပ်ကပ်ထားတဲ့ ခေါင်းစဉ်အမျိုးမျိုးနဲ့ ရေးခဲ့တဲ့ပိုစ်တွေ
အများကြီးပဲဖြစ်လာပြီ။ကိုယ်တပ်ချင်ရာတပ်ခဲ့တဲ့အထဲကမှ မဖြစ်ညစ်ကျယ်ကဗျာလေးတွေကိုစုပြီး
အညတြကဗျာငယ်များ ဘလော့ကိုလုပ်ဖြစ်သွားတယ်။ဆိုတော့ ကျမပိုင်ဘလော့နှစ်ခုဖြစ်သွားတယ်။

ဘလော့စပေါ့တ်ကြီးက အလကားနဲ့ပေါပေါရလို့လဲပါတာပေါ့လေ။ကိုယ်တွေငွေတတ်နိုင်ခဲ့မယ်ဆိုရင်တောင် မပြောင်းချင်သေးတာ အစွဲအလမ်းတစ်ခုပဲဆိုချင်ဆိုချင်ဆိုပါတော့။ပိုက်ဆံပေးရပြီးမသေချာတဲ့
ဥပမာတွေ တွေ့တွေ့နေရသေးတော့ ဘလော့စပေါ့ပဲ ကျော်ရင်းခွရင်းက သံယောဇဉ်ဖြစ်နေမိတယ်။
ဘာကိုမှ သေချာရေရာမသိသေးချိန်တုန်းက blogger.com လို့ရိုက်လိုက်၊အနီတန်းကြီးပေါ်လိုက်၊  
နာမည်ပေါင်းစုံနဲ့ tunnel ပေါင်းများစွာကို(atunnel,btunnel )ကျော်လိုက်နဲ့တုန်းကတောင် ဇွဲနပဲနဲ့လုပ်လာခဲ့
သေးတာ။ခုချိန်မှာအတန်အသင့်ကျော်တာခွတာ ပါးနပ်လာပြီးမှတော့ မပြောင်းချင်တော့ဘူး။
ဒါကြောင့် အလကားရတဲ့ဘလော့စပေါ့တ်နဲ့ပဲ ထပ်ပြီးတစ်ခုလုပ်လိုက်တယ်..။
+++++++++++++++++++++++++++++++

နောက်ထပ်တစ်ခုက လေးနှစ်လောက်ကြာအောင်တက်ခဲ့ပြီး လေးနှစ်လောက်ကြာအောင်စွန့်ပစ်ထားခဲ့တဲ့
အမိတက္ကသိုလ်အတွက် ning.com နဲ့ဆိုဒ်လေးတစ်ခုလုပ်ဖြစ်ခဲ့တယ်။ကျောင်းမိသားစုလို့ နာမည်ပေးထား
ခဲ့ပေမယ့်ကျောင်းကမဟုတ်တဲ့ အပြင်လူတွေဝင်လာတဲ့အတွက် ခွဲရေး၊တွဲရေးတွေဖြစ်နေတော့
အချစ်ဆုံးသူက အားအားယားယား(ရိုင်းသွားရင်ခွင့်လွှတ်ပါ)သွားလုပ်ပြီး ခုမှလာညည်းပြမနေနဲ့လို့
ထောမနာပြုတာလေးခံရတယ်..။ဒါမယ့် ပျော်ပါတယ်လေ..။ငယ်ချစ်တွေနဲ့ပြန်တွေ့ရတာကိုး။ဒီလိုခံစားမှုမျိုး
ကို ဘာနဲ့များလဲပစ်နိုင်မလဲကွယ်..။
+++++++++++++++++++++++

စာမရေးနိုင်၊ကိုယ့်ဘလော့မှာပိုစ့်မတင်နိုင်တာ အတော်ကိုကြာခဲ့ပြီ။သူများဆီရောက်လို့ ကိုယ့်လင့်ခ်တွေ့ရင် အူကြောင်ကြောင်ဖြစ်မိတယ်။သူများဘလော့တွေကို သေချာကျနစွာ လိုက်လည်၊လိုက်ဖတ်နေမိတယ်။
ကွန်မန့်တွေကို စိတ်ပါဝင်စားမှ၊စိတ်ဝင်တစားပေးဖြစ်တယ်။ကိုယ့်စိတ်ညစ်ထေးနေရင် ကိုယ့်ထင်မြင်ချက်
ကြောင့်သူများပိုစ့်မှာအနှောက်အယှက်မဖြစ်စေချင်ဘူး။ပြီးတော့ကာ ကိုယ့်ဘလော့ကနေတဆင့်
ဘလော့အတော်များများဆီ ရောက်နိုင်အောင်လို့ လက်လှမ်းမှီသလောက် လင့်ခ်တွေထပ်ထည့်ဖြစ်တယ်။
ဘလော့ကို သေချာကျနစွာဖတ်တတ်တဲ့ကျမသူငယ်ချင်းအတွက် အဲ့ဒါလေးရှိမှ အဆင်ပြေမယ်..။

အဆုံးပြောချင်တာကတော့ဗျာ..ကိုယ်တိုင်ပို့စ်မရေးနိုင်သေးဘူး။ဆူလွယ်နပ်လွယ်ကပဲ မထွက်နိုင်သေးဘူး။
ဒါမယ့် ကြိုးစားပြီးတော့ရေးနေတဲ့ပိုစ့်လေးတစ်ပုဒ် မကြာခင်တင်နိုင်အောင် ခင်ဗျားတို့ အားပေးဖို့လိုတယ်။
ဒလောက်ပါပဲ...။

Tuesday, July 21, 2009

ဆူလွယ်နပ်လွယ်သားကောင်

ခေတ်ကိုက ဆူလွယ်နပ်လွယ်ရယ်...

ဆူလွယ်နပ်လွယ်ဖြစ်ဖို့ပဲ တွေးတောကြံဆနေကြရ
ဘာကြောင့်လဲ..ဘာကြောင့်များလဲလို့
မှတ်မိအောင်
ကိုယ့်ကိုယ်ကို နှစ်ထပ်၊နှစ်ခါထပ်မေးကြည့်နေမိတယ်....။
ဆူလွယ်နပ်လွယ်ခေတ်ထဲမှာ
ကိုယ်တွေကပါ ဆူလွယ်နပ်လွယ်ဖြစ်လို့
ငါတို့မှာ
တစ်ယောက်ထဲနေရင်းကပဲ
ဟိုဘက်နဲနဲတိုးပါဦး လို့
ကြပ်တည်းနေကြရတာ...

မြေပထ၀ီအခွံပေါ်မှာ ဘာတွေကို စုပ်ယူဖို့၊
ဘာတွေ ပြောင်းလဲတပ်ဆင်ဖို့ ကြိုးစားနိုင်ဦးမလဲ......
ငါတို့တွေဟာ...
ကွဲလွဲတဲ့ကိုယ်ပိုင်ချဉ်းကပ်မှုတွေနဲ့
ကိုယ့်ဘ၀ကိုချဉ်းကပ်ကြည့်ခြဲ့ကတယ်
ကိုယ့်ခရီးကိုယ်
ခြေလှမ်းတွေတစ်လှမ်းချင်းရေတွက်လျှောက်ခဲ့ကြတယ်။

ကုန်လွန်ခဲ့တာတွေက
အလကားမဖြစ်ဘူး။
သက္ကရာစ်ပေါင်းအခု ၂၀ ကျော်။
သို့ပေမယ့်
ခြေထောက်တွေက ခုထိမခိုင်သေးဘူး ..။
တဘုန်းဘုန်းလဲကျနေတုန်း..
တရုန်းရုန်းနဲ့ ပြန်ထနေရတုန်း...။

ဘ၀ဆိုတာ ခင်းထားပြီးသားလမ်းတစ်ခုဖြစ်တယ်..
ကိုယ့်ဘာသာကိုယ်ထွင်ပြီးလျှောက်ရင်းက
အပေါ်ရောက်လိုက်၊အောက်ရောက်လိုက်လဲ ရှိမယ်..
ပြုခဲ့ဖူးတဲ့ ကောင်းမွေဆိုးမွေအရပေါ့...
အဲ့သလို အမေကတော့ပြောတော့
ကျမအသက် ၆၀ မဟုတ်ဘူး အမေ..
အဲ့ဒိလို....အဲ့ဒိလို..နဲ့
ကိုယ့်လမ်းကိုယ် စမ်းတ၀ါးဝါးနဲ့ခင်းနေခဲ့တာ..။


ဆင်းရဲမွဲတေမှု
ခေါင်းပုံဖြတ်မှု၊
မသာမာမှု၊လူသားမဆန်မှု
အာဏာတလွဲသုံးမှု
လောင်စာဆီမှု
အိုဇုန်းအလွှာပေါက်တဲ့အမှု
ပူလောင်အိုက်စပ်မှု၊
ဘာမှု၊ညာမှု...ဟိုအမှု၊ဒီအမှု
ဘ၀မှာ....
အဲ့ဒါတွေ
ခွဲခြမ်းစိတ်ဖြာ ကြည့်ဖူးပါရဲ့လား
ခွဲခြမ်းစိတ်ဖြာဖို့ရော အခွင့်အရေးတစ်ခု ရရှိဖူးပြီးခဲ့ပြီလား။
အဲ့ဒါတွေ ဘာအဓိပ္ပာယ်လဲဆိုတာ ငါလဲသေချာမသိသေးဘူး။
အဲ့ဒါတွေ ဘယ်လောက်အတိမ်အနက်ရှိလဲ ငါမသိသေးဘူး။
နေသာသလိုနေနေလို့တော့ တို့သမိုင်းကတောက်ပြောင်လာမှာမဟုတ်ဘူး။

အစေ့ကျရာ အပင်ပေါက်တဲ့ ခေတ်ကလဲ ကုန်လွန်ခဲ့ပြီ..
အစေ့ကျရာအပင်ပေါက်ချင်တဲ့စိတ်နဲ့
ငါတို့လိုချင်တပ်မက်တဲ့ အာသီသကို ဖြေဖျောက်ဖို့ရာ..မလွယ်ကူလှဘူးထင်ရဲ့....။

Mirror

Tuesday, July 14, 2009

ခေါင်းကိုက်ခြင်း

တဒိတ်ဒိတ်နဲ့ ညကြီးအချိန်မတော်တိုင်တဲ့အထိ မပျောက်နိုင်အောင် ကိုက်ခဲနေတဲ့ ကျနော့်ရဲ့ ဦးခေါင်းထဲက ဦးဏှောက်ကို ဖောက်ထုတ်ပြီး တစ်နေရာရာကိုသာလွှင့်ပစ်ချင်မိတော့တယ်။
ကျနော့်အခန်းလေးကများ သိပ်ပြီးကျဉ်းမှောင်နေလို့လား..။
အသက်၀၀ရှူလိုက်ရရင် ကျနော်နဲနဲများ သက်သာလေမလားဆိုတဲ့ အတွေးနဲ့ လေသန့်သန့်လေးရနိုင်ဖို့ အခန်းအပြင်ဘက်ကို ကျနော်ထွက်ရပ်မိတယ်..။
လေက မိုးငွေ့ပါတယ်..။ ပြင်းရှရှနဲ့ အနုဆုံးအလတ်ဆုံးလေကို ကျနော်ရှူရှိုက်ခွင့်ရတယ်..။

ကျနော့်စိတ်တွေအလိုလိုကြည်နူးလာတယ်..။ ခေါင်းကိုက်တဲ့ဝေဒနာလဲ ခဏတာတော့ သက်သာသွား သလိုရှိတယ်..။ခေါင်းသိပ်မာလွန်းတဲ့ကျနော်သူငယ်ချင်းတစ်ယောက်က သူဘယ်လောက် ခေါင်းကိုက် နေပါစေ၊ဘယ်တုန်းကမှ ကျနော့်လိုစိတ်ရှည်ရှည်နဲ့ အလိုလိုခေါင်းကိုက်ပျောက်သွားတဲ့အထိမစောင့်ပါ။သူ့အိတ်ထဲမှာ မပါမဖြစ်ပစ္စည်းတစ်ခုအဖြစ် ပါရာစီတမောလ်တွေ ကဒ်လိုက်၊ကဒ်လိုက် ရှိနေတတ်သည်။
"ဟေ့ရောင်..မင်းအဲ့ဒါတွေသိပ်မသုံးနဲ့ကွာ" လို့ ကျနော်ပြောသင့်မှန်း သိပေမဲ့ ကျနော်ဘယ်တုန်းကမှ မပြောဖြစ်ခဲ့ပါ။ဘာလို့ဆို အဲ့ဒိခေါင်းကိုက်တဲ့ဝေဒနာကို ကျနော်ကိုယ်ချင်းစာလို့ဖြစ်သည်။
စိတ်မြန်တဲ့သူ့အတွက် အဲ့ဒီလိုနည်းလမ်းကအဆင်ပြေဆုံးဖြစ်သည်။ မဟုတ်ရင် သူခေါင်းကိုက်လွန်းပြီး ဝေ့ပတ်ရမ်းတဲ့လူတွေထဲ ကျနော်ကထိပ်ဆုံးကပါလာမှာကို ကျနော်သိနေလို့ဖြစ်သည်။

အစာအိမ်နာနဲ့ အမြဲနှစ်ပါးသွားနေရတဲ့ ကျနော့်အတွက် သူ့လိုအလျင်အမြန်ပျောက်ကင်းမယ့် ဆေးတွေလဲ မှီဝဲလို့မဖြစ်နိုင်ပါ။
ဘာကြောင့်ကျနော်တို့သူငယ်ချင်းတွေ ခေါင်းကိုက်တတ်ကြမှန်းမသိပါ။ခေါင်းကိုက်ရောဂါဟာ ကူးစက်ရောဂါမဟုတ်ပေမယ့် ကျနော်တို့သူငယ်ချင်းတွေထဲမှာ တစ်စတစ်စနဲ့ လူစေ့အောင်ဖြစ်လာခဲ့သည်။ အဲ့ဒီခေါင်းကိုက်ဝေဒနာကို စတင်သယ်ဆောင်လာခဲ့သူက ကျနော်ဖြစ်သည်။
လွန်ခဲ့တဲ့ လေးနှစ်လောက်တုန်းက ကျနော်စတင်ခံစားခဲ့ရတဲ့ ခေါင်းကိုက်ဝေဒနာကို ကျနော်ပြန်လို့ပင်မစဉ်းစားချင်ပါ။ ခုပြန်တွေးရင် ခုတဒိတ်ဒိတ်ကိုက်လာသလို ခံစားရသည်။ဘာကြောင့်ဖြစ်နိုင်လဲဆိုတဲ့ ရောဂါ ဇစ်မြစ်ကိုလိုက်ရှာရင်းကပဲ ကျနော်လဲ မျက်မှန်လေးတစ်လက်အဖော်ရလာခဲ့သည်။
ပုံမှန်ကြည့်နေကျဖြစ်တဲ့ အမဲရောင်ကျောက်သင်ပုန်းနေရာမှာ အဖြူရောင်အစားထိုးလာတာ၊ နောက်ပြီး အဲ့ဒီအဖြူရောင်ပေါ်မှာ အနီရောင်နဲ့မှ လူ့သွေးကြောတွေ၊ကလီစာတွေကို ဆွဲပြတတ်တဲ့ ဆရာမကြောင့်ကျနော်ခေါင်းကိုက်တဲ့ဝေဒနာရခဲ့တာလို့ပြောတော့ ကျနော့်ကို မင်းငရဲကြီးမယ်လို့ သူငယ်ချင်းတွေက၀ိုင်းလို့အပြစ်တင်ကြသည်။
ခုတော့ သူတို့လဲကျနော့်ကို ကိုယ်ချင်းစာတတ်လောက်ပြီဟု ထင်ပါသည်။ကျနော်ကနေ စလိုက်တဲ့အဲ့ဒိခေါင်းကိုက်ဝေဒနာဟာ ခုဆိုကျနော်တို့သူငယ်ချင်း သုံးယောက်စလုံးမှာ ကူးစက်ခံနေရပြီဖြစ်သည်။
သူတို့ဆီကို အဲ့ဒိရောဂါရောက်တဲ့အချိန်မှာ ကျနော်ကဖြင့်ခေါင်းကိုက်ခြင်းနဲ့ နေသားကျနေခဲ့ပြီ။ဝေဒနာက သက်သာလာတာမဟုတ်ပဲ ဝေဒနာကိုခံနိုင်လာတာဖြစ်သည်။
အင်္ဂလန်နဲ့စင်ကာပူ ကနေ ဘွဲ့လွန်တွေယူပြီးပြီး လာတဲ့မိတ်ဆွေဆရာဝန်တစ်ယောက်ကတော့ အသက်သာဆုံးနဲ့လွယ်လင့်တကူအဖြစ်ဆုံးဆေးနည်းတစ်ခုကျနော့်ကိုပြောသည်။ မင်းခေါက်ကိုက်လာပြီဟေ့ဆိုတာနဲ့ ရေတွေတစ်ပုလင်းပြီးတစ်ပုလင်းသာသောက်ကွာ၊ ပြီးရင် အဲ့ဒိသောက်သမျှ ပြန်သာထုတ်ပစ်လိုက်။
အဲ့လိုဆို မင်းသက်သာသွားလိမ့်မယ် ..... မုချ ..... လို့ဖြစ်သည်။ကျနော် စမ်းသပ်ကြည့်ဖူးပါသည်။သူ့နည်းကအတန်အသင့် အဆင်ပြေပါသည်။

ကျနော့်မိခင်ကတော့ ၀မ်းတစ်လုံးကောင်းလို့ခေါင်းမခဲတဲ့...။"သားတို့ခေတ်ပညာတွေ သင်တာလဲသင်ပေါ့။ဒါပေမယ့်ရှေးအယူလဲမပယ်ရဘူး။ဝမ်းမှန်အောင်သာဂရုစိုက်"လို့ကျနော်နဲ့အဆက်အသွယ်ရတိုင်း ပြောတတ်သည်။ ဒါပေမယ့် မည်သို့မှမသက်သာခဲ့ပါ။ ကျနော့်မိခင်ကိုတော့ ခေါင်းကိုက်တာ သေကောင်ပေါင်းလဲရောဂါမဟုတ်ပါဘူး အမေရယ်လို့ ရယ်ရယ်မောမောနဲ့ ကျနော်ပြန်ပြောခဲ့မိခဲ့သည်။
ကျနော့်ချစ်သူကတော့ ဆေးလိပ်နဲ့အရက်ကိုလျှော့သောက်၊ နောက်ပြီးညနက်နက်ထိ သိပ်မနေနဲ့၊ အကျင့်ပျက်သလို ခေါင်းကိုက်တာအဲ့ဒါကြောင့်ရော မဖြစ်နိုင်ဘူးလားလို့ သတိပေးဖူးပါသည်။
ဟိုတလောဆီက ကျနော့်အိမ်နားကဈေးရှေ့မှာ မိတ်ဆွေဟောင်းတစ်ယောက်နဲ့ ပြန်တွေ့သည်။တွေ့တွေ့ချင်းသူကကျနော့်လက်ကိုအားရပါးရဆွဲကိုင်နှုတ်ဆက်သည်။ အလိုက်သင့်ပြန်နှုတ်ဆက်လိုက်ရင်းက သူ့လက်တွေအလွန်ပူနေတာကို သတိထားမိလို့ နေထိုင်ကောင်းရဲ့လားလို့ ကျနော်မေးကြည့်သည်။သူက သူ့ဦးဏှောက်ထဲမှာ အကြိတ်တွေလို့ ဓာတ်ကင်ကုထုံးနဲ့ ခုနေနေရသည်လို့ပြောတော့ကျနော် ခေါင်းနားပန်းကြီးသွားမိတာ ၀န်ခံရပါမည်။

ကျနော် တွေးကြည့်မိပါသည်။ ကျနော်သိသလောက်နဲ့တင် ကျနော့်ဘေးမှာ ခေါင်းကိုက်တဲ့ လူငယ်တွေ ကျနော်အပါအ၀င် သုံးယောက်ရှိသည်။
ကျနော့်လို လူငယ်တွေဘယ်လောက်များများ ခေါင်းကိုက်နေကြသလဲလို့ တောင်တောင်အီအီ ကျနော် စဉ်းစားကြည့်နေမိတာဖြစ်သည်။
ခေါင်းတစ်လုံးဆိုတာ ခေါင်းကိုက်နေရုံနဲ့ဆိုရင်တော့ ဘာမှအနက်အဓိပ္ပါယ်မရှိဘူးလို့ ကျနော်ထင်ပါသည်။
ဒါဆိုကျနော့်ခေါင်း၊သို့မဟုတ် ဦးဏှောက် ... အတူတူပါပဲလေ ...။ အဲ့ဒါကလဲ အဓိပ္ပါယ်မရှိတဲ့ ဦးဏှောက်ပေါ့..။
ကျနော့်လိုဘဲ ခေါင်းကိုက်နေတဲ့လူငယ်တွေကရော...။ ကျနော်ကလွဲပြီး တခြားလူတွေကို ကျနော် မည်သို့မျှ ထင်မြင်ချက်မပေးချင်ပါ။ ပေးဖို့လဲကျနော့်မှာ ခွန်အားမရှိပါ။
ဘယ်လိုပဲဖြစ်ဖြစ်.. မနက်ဖြန် မနက်မိုးလင်းရင် အဆင်ပြေအောင် အရင်းထိရောက်နေတဲ့ ဆေးပေါ့လိပ်တိုကို လက်ထဲကပစ်ထုတ်ပြီး၊ ရေအေးအေးတစ်ခွက်သောက်လို့၊ အခန်းထဲ ပြန်ဝင်ပြီး ကျနော်အိပ်သင့်ပြီ။

ဒါမှ ဒီလိုမှ မဟုတ်ရင် ကျနော့်ခေါင်းတွေကွဲထွက် မသွားနိုင်ဘူးလို့ ကျနော်အာမ မခံရဲပါ။
ကျနော်ခေါင်းတွေကွဲထွက်မသွားခင် ခုလိုအရည်မရ အဖတ်မရတွေစဉ်းစားနေမိတဲ့ ကျနော်ခေါင်းကို ခေါင်းဦးပျော့ပျော့လေးပေါ်တင်ပြီး အနားပေးလိုက်ပါဦးမည်.။

Saturday, July 11, 2009

ကံမကောင်းတဲ့သူ နှစ်ယောက်အကြောင်း

မနှစ်ကတုန်းက ကျမ နတ်မောက်မှာ အလုပ်နဲ့ရောက်နေတဲ့အချိန်၊ အဖော်သိပ်မင်တဲ့လူတစ်ယောက် တစ်ယောက်ထဲ စနေဖူးတဲ့အခါ.... ဖျတ်ဖျတ်လူးနေအောင်ကို အထီးကျန်မှုဝေဒနာကို ခံစားခဲ့ရပါတယ်...။ နတ်မောက်မြို့က အတန်အသင့်ကျယ်ပေမယ့်...ကျမနေရတဲ့အိမ်ကြီးမဟာကလဲ အတော်လေးကို ကျယ်ဝန်း ပေမယ့် ကျမနေဖို့ပေးထားတဲ့အခန်းလေးကတော့ ကျဉ်းပိတ်မှောင်လို့နေတယ်..။
ညစဉ်ညတိုင်းကို အိုင်ပေါ့ဒ်လေးတစ်လုံးနဲ့... သီချင်းခွေပေါင်း သောင်းခြောက်ထောင်နဲ့၊ ရေဒီယိုနဲ့ကုန်ဆုံးနေခဲ့ ရင်းကနေ ကျမအစ်မလုပ်သူ အပြင်က၀ယ်လာတဲ့ ဆိုနီကင်မရာလေး ရလိုက်တော့မှကျမညတွေအသက်ဝင်လာတော့တယ်..။ပျော်လိုက်တာ..ပျော်လိုက်တာ..။
ဘာနဲ့မှကို မတူပါဘူး။ရတဲ့ညတစ်ညလုံး(မကွေးကားဂိတ်ထိ သွားယူထားရလို့ အရမ်းပင်ပန်းနေပေမယ့်)အိပ်ဖို့ကို မေ့တဲ့အထိ အပျော်လွန်ပြီး ဟိုလိုလုပ်ကြည့်၊ ဒီလိုလုပ်ကြည့်နဲ့ပေါ့။ ကိုင်မှမကိုင်ဖူးတာကိုးဗျာ..နော။မျောက်အုန်းသီးရ တာထက်ဆိုးပါတယ်။

အဲ့ဒီကင်မရာလေးက ဆိုနီ DSC T20 လေး။ကျမ ဘလော့မှာတင်သမျှပုံတွေအားလုံး အဲ့ဒိဟာလေးနဲ့ပဲရိုက်ခဲ့ တာတွေချည်းပဲ။အဲ့ဒိကင်မရာကို ကျမအစ်မက သူရောက်တဲ့နိုင်ငံက ဆိုနီဆိုင်ကိုသွား၊ပြီးတော့ သူတတ်နိုင် တဲ့ဈေးလေးကိုပြော၊ပြီးတော့ အရောင်လေးရွေး၊ဒါပဲသူလုပ်ခဲ့တာ။
ပြီးတော့ သူဖွင့်တောင်ကြည့်ရဲ့လား မသိဘူး။ ကျမရှိရာ မကွေးကားဂိတ်ဆီကို ဒီအတိုင်းပို့ခဲ့တာ။
ကျမလဲ ကိုယ့်ဘာသာ မန်ညူရယ်လေး ဖတ်ပြီး ဟိုစမ်းစမ်း ၊ ဒီစမ်းစမ်းနဲ့ ရိုက်ရင်း၊ရိုက်ရင်းက အဲ့ဒိကင်မရာနဲ့အသားကျလာတာ။
မြန်မာပြည်ကို အဲ့ဒိမော်ဒယ်ရောက်လာတာ မတွေ့ရဘူး။တခြား တီဆီးရီးတွေ၊W series တွေသာတွေ့ရတယ်။ တစ်ခုခုများဖြစ်ခဲ့ရင် အဲ့ဒီကင်မရာလေးသွားပြလို့ ရမှရပါ့ မလားပေါ့။တွေးပူမိသေးတယ်။ဒါမယ့် ခု Sony Showroom ကိုသွားမပြခင်ထိ အဲ့ဒိကင်မရလေးက ဘာအပြစ် အနာအဆာမှ မတွေ့ခဲ့ရပါဘူး။ထားပါတော့ ဆိုနီအကြောင်းပြောနေရင် တကယ်ပြောချင်တဲ့အကြောင်းရောက်မှာ မဟုတ်တော့ဘူုး။
ဒါမယ့် အဲ့ဒိဆိုနီလေးက ရလိုက်တဲ့သင်ခန်းစာကတော့ ဘယ်တော့မှ၊ဘယ်သောအခါမှ မြန်မာပြည်မှာ ဘာပစ္စည်းပျက်ပျက်၊ဘယ် Service center ကိုမှ မသွားပါလေနဲ့ ဆိုတာပါပဲ။

**********************************

ခု ညီညီတစ်ယောက် ကင်မရာဒုက္ခနဲ့ ရင်ဆိုင်နေရပါပြီ။ကျမ အပြစ်မကင်းသလိုကြီး ခံစားနေရပါတယ်။
ဘာလို့ဆို အဲ့ဒိသွားဝယ်မယ့်နေ့တုန်းက သူကကျမကို လိုက်ခဲ့ပါ ဆိုတော့လိုက်သွားတယ်။ တခြားဘယ်သူမှ လဲမပါဘူး။ ကင်မရာဝယ်မယ်။ ဘာထူးဆန်းသလဲကွယ်လို့ တွေးခဲ့ပါတယ်။ ဟုတ်ပါတယ်။
ဒီမှာ စကားမစပ် ကိုယ့်ကိုယ်ကိုဖော်ရရင် ကျမကို ကျမသူငယ်ချင်းက အရင်းရှင်မကြီးလို့ခေါ်ပါတယ်။ ဘာလို့ဆို ပစ္စည်းတစ်ခုရဲ့ ကွာလတီကို သူရဲ့ဈေးနှုန်းနဲ့ သတ်မှတ်လို့ပါ။ အဲ့လိုဆိုတော့ ဈေးတွေအဆမတန် တင်ထားပြီး ကွာလတီမကောင်းတာမျိုး ညာရောင်းတာ ခံရဖူးလားဆိုတော့ တစ်သက်လုံးခုတစ်ခါပဲ ခံရဖူး ပါတယ်။
အ၀တ်အစားမှ အစ၊ နည်းပညာပစ္စည်းတွေအဆုံး၊နေဖို့ တိုက်ခန်းငှားတာမှ အစပေါ့။ငွေအတန်အသင့် တတ်နိုင်မယ်၊ နောက်ပြီး ကိုယ်လိုချင်တဲ့ပစ္စည်းတစ်ခုရဲ့ ရှိသင့်တဲ့တန်ဖိုးက ဘယ်လောက်ဆိုတာသိထားရင် အများကြီးလဲ လိုက်ရှာမနေတတ် သလို ဈေးဆစ်မနေတတ်ဘူး။
အဲ...တစ်ခုပဲ ရှိပါတယ်။ကာလံဒေသံတော့ ကျမရွေးပါတယ်။ အဆင့်အတန်းခွဲခြားတာ မဟုတ်ပေမယ့် လမ်းဘေးက လာထား၊လာထားတစ်ထည် တစ်ထောင်ဆိုတဲ့ အက်ျီ တွေကိုတော့ မ၀ယ်ပါဘူး။မ၀ယ်နိုင်ရင် မ၀တ်ပါဘူး။ဒါကြောင့်လဲ လူနဲ့သူနဲ့တူအောင်ကို အ၀တ်အစားကမရှိပါဘူး။သူ့အိုးနဲ့ သူ့ဆန်တန်သလောက်ပဲ ရတယ်ဆိုတာဟုတ်ပါတယ်။
ဒါပေမဲ့ အဲ့ဒီ အင်္ကျီ ဘယ်လောက်ခံမလဲ၊ပြီးတော့ရော ကိုယ့်ကိုယ်ပေါ်
တင်လိုက်ရင် ဘယ်လောက်ထိ အဆင်ပြေနိုင်မလဲ၊ ခါးကကျပ်မယ်။ ပုခုံးကကျပ်မယ်၊ ခါးတိုနံ့နံ့ဖြစ်နေမယ်.။ ဒါမျိုးတွေ ဖြစ်လာရင် ကိုယ်ပဲစိတ်ဆင်းရဲရမယ်။သုံးခဲ့မိတဲ့ ပိုက်ဆံတစ်ထောင်ကို ကိုယ်နှမြောနေရပါမယ်။ ဘာလို့ဆိုကိုယ်မှ ကျေနပ်နှစ်သိမ့်မှု မဖြစ်တာကိုး။အဲ့ဒီ တစ်ထောင်ကို လမ်းဘေးက ကလေးလေးတွေကို လှူလိုက်ရင် ထမင်းသုံးနပ်လောက် စားကောင်းစားရနိုင် ပါတယ်။ဒါက ကျမတစ်ယောက်ထဲရဲ့ ပစ္စည်းတစ်ခု ၀ယ်ယူမှုနဲ့ ပတ်သက်တဲ့ ခံယူချက်ပါ။
ဒီတော့ ကိုယ်လိုချင်တဲ့ပစ္စည်းတစ်ခုရှိတယ်။ဆိုင်ရဲ့ အခြေအနေကို ကြည့်တယ်။ ယုံကြည်စိတ်ချနိုင်ဖွယ်လဲရှိ တယ်ဆိုရင် ကျမမှာငွေကြေး အဆင်မပြေသေးရင် မ၀ယ်သေးပဲနေပါတယ်။စိတ်အာသာပြေအောင်လို့ ဆိုပြီးတော့ တွေ့ကရာ ကောက်မ၀ယ်ပါဘူး။ဒါကြောင့်မို့လဲ ကျမသူငယ်ချင်းကအရင်းရှင်လို့ ခေါ်တာပါ။ ထားပါဦးတော့...ဒါကိုလဲ...။

******************************************

မျက်စိနောက်စရာ ကောင်းလောက်အောင်ကို လမ်းဆုံတိုင်း၊ လမ်းဆုံတိုင်းမှာ လူတိုင်းမြင်နိုင်ပါတယ်။
မိုးမိုးကင်မရာဆိုင်ရဲ့ အင်မတန်မှ ကြီးမားလှစွာသော ကြေငြာဘုတ်တွေကိုပါ။ အဲ့ဒီကြော်ငြာဘုတ်တွေကြောင့် ကျမတို့နှစ်ယောက်အဲ့ဒိကို ရောက်သွားကြတာ မဟုတ်ဘူးဆိုတာ ကိုယ့်ကိုယ်ကိုသေချာကြပါတယ်။

ဒါဖြင့်...ဘာကြောင့်သွားသေးလဲ။စဉ်းစားမရပါဘူး။ပြန်ဖြေစရာစကားစ ရှာမရပါဘူး။
ကျမတစ်ကိုယ်တည်း အတွက် ဆိုရင်တော့ သူတို့ရဲ့ ဂုဏ်သိက္ခာကို ယုံကြည်လို့ပါ။ ကြေငြာကြောင့်မဟုတ်ဘူး။
သူတို့ ဒီလောက်ငွေကုန် ကြေးကျခံ ထားပြီးတောင် ကြေငြာထားသေးတာ။ လာဝယ်တဲ့ဈေးဝယ်ကိုတော့ သူတို့ဒီလောက်ထိ ရင့်ရင့်သီးသီး ဆက်ဆံလိမ့်မယ်လို့ ဘယ်လိုမှ မထင်ထားပါဘူး။
ပထမဆုံးအမှားကတော့ ကိုယ့်ရဲ့ အညတြစိတ်နဲ့ သူတို့စိတ်ကို သွားပြီး နှိုင်းယှဉ်မိတာပါ။
ညီညီလဲ သူ့ပိုစ့်မှာပြောခဲ့ဖူးပါပြီ။မိုးမိုးဆိုင်က မိန်းမအဆင်မပြေတဲ့အကြောင်းကိုပါ။
ကျမ အမှတ်မရှိပါဘူး။ အမှတ်မရှိဘူး ဆိုတာထက် အဲ့ဒိအမျိုးသမီးကို တစ်ခုခုပြောချင်လို့ ထပ်သွားမိတာဆို ပိုမှန်ပါလိမ့်မယ်..။ခု ကျမကင်မရာဝယ်တော့လဲ သူ့ဆိုင်ပဲ ရောက်သွားပါတယ်။
ကြည့်ရတာ အောက်လမ်းနည်းတွေ ဘာတွေနဲ့များ တိုက်ထားသလားတောင် မသိဘူးဗျာ။ အဲ့နားပဲတ၀ဲ လည်လည်ဖြစ်နေတာလေ။ပြန်တွေးတိုင်း ဒေါသသည်အထွဋ်အထိပ်ထိထက် ပိုလာပါတယ်..။
ကျမက ကင်မရာတွေရွေးနေတော့ သူကဟိုဟာ၊ဒီဟာနဲ့ .....ကောင်းနိုးရာရာပြနေတာ မဟုတ်ပါဘူး။ သူရောင်းချင်တဲ့ Brand တွေကိုပဲ ခရားရေလွှတ်၊မဟုတ်တမ်းတရားတွေ ပြောနေတာပါ။သူပြောချင်ရာတွေကို သူပြောချင်သလို ပြောနေတာပါ။မင်္ဂလာဈေးမှာ အ၀တ်အစားဝယ်နေတာ မဟုတ်ဘူး။ဗိုလ်ချုပ်ဈေးက ရွှေဆိုင်တန်းကို ပတ်လျှောက်နေတာ မဟုတ်ဘူး။ဒီတော့ နားညည်းမခံနိုင်ဘူး။အင်မတန် စိတ်ပျက်ဖို့ ကောင်းပါတယ်။ဒီတော့ မဖိုးဒီတို့လဲ ဘယ်နေပါ့မလဲ။
"ကျမကင်မရာဝယ်နေတာပါ။ ဟင်းရွက်ကန်စွန်းဝယ်နေ တာမဟုတ်လို့ အေးအေးဆေးဆေး ရွေးချယ်ပါရစေ"လို့ပြန်ပြောလိုက်ခဲ့တယ်။ ဘေးကသူငယ်ချင်းက နင်ကလဲစွာလိုက်တာတဲ့။ မတတ်နိုင်ဘူးကွယ်....။

*******************************************

မြန်မာပြည်မှာ ကားမဲမဲခဲခဲကြီးတွေပေါ်ကနေ ဆင်းလာတဲ့လူတွေကို ကြည့်လိုက်ပါ။မြန်မာစစ်စစ်ဆိုတာ အင်မတန်မှ ရှားပါတယ်။ဒီနေရာမှာ မြန်မာစစ်ဆိုတာ ဘာကိုဆိုလိုတာလဲ ဆိုတာ အားလုံးခန့်မှန်းမိကြမယ် လို့မျှော်လင့်ပါတယ်။အမြီးသွယ်ချ ဒေါင်းပျိုမကဲ့သို့၊ဒါမှမဟုတ်လဲ ကမ္ဘာ့အလည်မှာ ခြေထောက်လေးတစ်ဖက် ထောက်ပြီး ရပ်နေတဲ့ မြန်မာပြည်အတွင်းက မြန်မာတွေပေါ့။ပြောချင်တာက အဲ့လို သူထိမ်းတွေထဲမှာ မြန်မာစစ်စစ်ဆိုတာအင်မတန်ရှားပါတယ်။ယေဘုယျသဘောပါ။ ဆားဗေးကောက်မရတဲ့အတွက် ဒီဒေတာ မှန်မမှန် ကျမအာမ မခံ။ဒီတော့ အဲ့လိုလူတွေမြန်မာမစစ်တဲ့လူတွေက မြန်မာပြည်မှာ ကြီးပွားချမ်းသာနေတာ ဘာကြောင့်ပါလဲ။ဒါလဲ အားလုံးသိပြီးသားလို့ ရဲရဲကြီးကို ယုံပါတယ်။
အဲ့လိုမျိုးပေါ့..။ လုပ်ချင်ရာ လုပ်စားနေတဲ့ သူတွေဟာ သင့်တင့်လျောက်ပတ်တဲ့ ခံယူချက်လေးတောင် မရှိရှာ လေတော့....ကျမတို့လို မျက်နှာမွဲ၊ရှိစုမဲ့စုလေးတွေ စုဆောင်းပြီး ကိုယ့်ဝါသနာလေးတွေကို ပျိုးထောင်ဖို့ ကြိုးစားကြတဲ့သူတွေအတွက်တော့ ...ဒေါသ၊ ဒေါမနဿတွေနဲ့သာလုံးပန်းလို့နေရတော့တာပါပဲ...။

မှတ်ချက် ။ ။ ဒီစာကိုဖတ်ပြီး စိတ်အနှောက်အယှက်ဖြစ်သွားတယ် ဆိုရင် အနူးအညွတ် တောင်းပန်ပါသည်။

Monday, July 06, 2009

ပြတင်းပေါက်လေးတစ်ခုဆီက


ထိုပြတင်းပေါက်ရဲ့အကျယ်က၂ပေလောက်ပဲရှိပြီး၊ အနံက၂ပေခွဲလောက်ပဲရှိပြီး ကျမအိပ်ယာ
ပေါ်ကနေ ရန်ကုန်မြို့ရဲ့ သုံးပုံနှစ်ပုံလောက်ကို အဲ့ဒီအပေါက်သေးသေးကျဉ်းကျဉ်းလေးကနေ လှမ်းမြင်ရသည်။ အဲ့ဒီအခိုက်အတန့်လေးကို ကျမနှစ်သက်ပါသည်...။

ထပ်ခိုးကျဉ်းကျဉ်းလေးထဲကနေ ကောင်းကင်ကြီးတစ်ခုလုံးကို မော့ကြည့်ပြီး ကိုယ့်စိတ်ကူးတွေ အကောင်အထည်ဖော်ကြည့်မိတဲ့အခါ ငယ်ငယ်တုန်းကအိမ်နောက်ဖေးပြတင်းပေါက်နားလေးမှ မတ်တပ်ရပ်ပြီး တသွင်သွင်စီး နေတဲ့ ချောင်းလေးကိုငေးလို့ ငါကြီးလာရင်.....ဆိုတဲ့ စိတ်ကူးတွေကို ပြန်လည်အမှတ်ရစေပါသည်။

အဲ့ဒီပြတင်းပေါက်ကလေးဆီကနေ ကျမအမေ့အိမ်ကိုပြန်တဲ့လမ်းကို မှန်းဆကြည့်လို့ ရနိုင်
ပါသည်။ ဟောဟိုဘက်မှာ တံတားတစ်ခုရှိတယ်။ အဲ့ဒီတံတားပေါ်ကနေဖြတ်ပြီးခဏနေရင် ကျမမိခင်ရှိတဲ့နေရာကို သုံးလေးနာရီအတွင်း အရောက်သွားနိုင်တယ်..။သို့ပေမယ့် ဘာကြောင့်နှောင့်နှေးကြန့်ကြာမှုတွေကသာ တည်မြဲနေရတာလဲ....။အကြောင်းရင်းက ဘယ်တွေများလဲ..။

ပြတင်းပေါက်ရဲ့သံတိုင်တွေကိုလက်နဲ့ကျစ်ကျစ်ပါအောင်ဆုပ်ထားရင်းကစိတ်ရဲ့လွတ်လပ်မှုကိုအငမ်းမရလိုက်လံရှာဖွေမိတယ်..။

ပြောရရင်ဖြင့် ပြတင်းပေါက်တစ်ခုဟာ ကျဉ်းပိတ်တဲ့အမှောင်နဲ့ ကျယ်ဝန်းတဲ့အလင်းရဲ့ ကြားခံ
တစ်ခုသာဖြစ်တယ်။

Thursday, July 02, 2009

ယုံတမ်းပုံပြင်

အခါတိုင်းပုံပြင်များလိုပဲပေါ့.........

ဟိုးရှေးရှေးတုန်းက သိပ်ပြီးခက်ထန်မာကြောသလို၊အပြောလဲဆိုးတဲ့ပန်းပုဆရာတစ်ယောက်ရှိခဲ့တယ်တဲ့...။ ဒါပေမယ့် သူ့မှာအင်မတန်မှခံစားတတ်လေသော နှလုံးသားတစ်စုံလဲရှိပါသေးသတဲ့..။

ပန်းပုဆရာဟာ သူ့ရဲ့တစ်ခုထဲသော ပန်းပုရုပ်လေးကိုထုဆစ်ဖို့ နှစ်ရှည်လများအချိန်ယူခဲ့ရတယ်..။

ပန်းပုရုပ်ထုရန်သစ်သားရဖို့အတွက်ကိုပဲ အရင်ဦးဆုံးသူဟာ သစ်ပင်လေးတစ်ပင်ကို တယုတယစိုက်ခဲ့ရတယ်..။

အဲ့ဒိအပင်လေးကို ခုတ်လှဲတဲ့အချိန်တုန်းက သူ့နှလုံးသားတွေဟာ တဆတ်ဆတ်နဲ့တုန်ခါနေခဲ့ရတယ်..။

ပန်းပုရုပ်လေး ရုပ်လုံးပေါ်လာပြီလို့ တိုတိုသာ ဆိုကြပါစို့ရဲ့..။

အဲ့ဒိပန်းပုရုပ်လေးကိုခြေချောင်း၊လက်ချောင်းလေးတွေကအစဖာ့ဖယောင်းလို သွယ်ပျောင်းနေအောင် ပြုပြင်ရ၊ မွမ်းမံရတယ်...။

အဲ့ဒိပန်းပုရုပ်လေးကို အရောင်အသွေးတွေ ယှက်ဖြာနေအောင် နေ့တိုင်းမွမ်းမံရတယ်..။

မှန်လေးတစ်ချပ်လို အရိပ်တကြည့်ကြည့်နဲ့ သူ့မှာရူးသွပ်ခဲ့တယ်..။

ပန်းပုရုပ်လေးဟာ သူ့အတွက်တော့ သက်ရှိနဲ့မခြား အင်မတန်မှချစ်မြတ်နိုးစရာပေါ့ကွယ်..။

ပန်းပုဆရာဟာ ကာလသုံးပါးကိုပါ မေ့လျော့လို့နေခဲ့တယ်တဲ့ကွယ်..။

သူ့ရဲ့ပန်းပုရုပ်လေးက သူ့အတွက် ခွန်အားလဲဖြစ်သလို၊သူ့ရဲ့ယုံကြည်မှုလဲဖြစ်ပြန်တယ်..။

ဒါပေမယ့်သူဟာ ပန်းပုရုပ်လေးနှစ်ခြိုက်မယ့်စကားတွေကိုတော့ မဆိုတတ်ခဲ့ဘူး.......။

မြစ်တစ်စင်းဟာ ...... နှစ်ကာလပေါင်းများစွာကို ပျော်ပျော်ကြီးဖြတ်သန်းစီးဆင်းခဲ့တယ်...။

နောက်ဆုံးမတော့အဆုံးလို့လဲပြောလို့ရနိုင်သလိုအဆုံးမဟုတ်သေးဘူးလို့လဲခင်ဗျားတို့ ယူဆနိုင်သေးတယ်။ ထုံးစအတိုင်းပဲ ပန်းပုရုပ်လေးဟာ ပန်းပုဆရာရဲ့အသည်းကို ခွဲသွားခဲ့တယ်။

ခင်ဗျားတို့ကြားဖူးနေကြပုံပြင်တွေထဲကလိုပုံအောပေးထားတဲ့ငွေကြေးနောက်ကို ပန်းပုသူဇာလေးလိုက်သွားတာ
တော့မဟုတ်ဘူး။
သူတကောက်ကောက်ပါအောင်လိုက်သွားတာကအချိုပေါ် သကာလောင်းထားတဲ့စကားတွေရဲ့ နောက်ကို လိုက်သွားတာဖြစ်တယ်..........။

ပန်းပုဆရာကတော့ ပန်းပုထုတဲ့လက်နက်ကိရိယာတွေ၊မျက်ရည်တွေနဲ့သာ ကျန်ခဲ့ရှာတယ်တဲ့ကွယ်..။

ကဲ...ပုံပြင်လေးကတော့ ဒါပါပဲကွယ်.......။