Monday, April 27, 2009

မော်လမြိုင်ရက်စွဲများ

မနက်ဝေလီဝေလင်းမှာပဲ မော်လမြိုင်ကားကြီးဝင်းထဲကို ရောက်တယ်။ အရင်တုန်းကတော့ ဈေးချိုအရပ်မှာ ကားတွေအားလုံးရပ်နားကြတယ်လို့ မုဒုံသူ-သူငယ်ချင်းကပြောတယ်။ ခုတော့ အပြောင်းအလဲတွေ သိပ်လုပ်တတ်တဲ့ လူကြီးမင်းများရဲ့စေတနာကြောင့် မွန်ပြည်နယ်တွင်း သွားလာတဲ့ ကားတွေပဲ ဈေးချိုမှာ ကျန်ခဲ့ပြီး ရန်ကုန်နဲ့ဆက်သွယ်တဲ့ကားမှန်သမျှ အသစ်တည်ဆောက်ထားတဲ့ အဝေးပြေးကားဝင်းအသစ်မှာ ရပ်နားကြရတယ်။ အဲဒီအတွက် အခွန်အခတွေ ပြောင်းလဲတိုးမြှင့်ကောက်ခံသွားတာတွေလည်း ရှိကောင်း ရှိမယ်ပေါ့။

လူလုံးမကွဲခင်အချိန်မှာ လေးဘီးကားစုတ်စုတ်လေးနဲ့ ကုန်းဆင်းကုန်းတက်တွေနဲ့မြို့ကလေးထဲ ကိုယ်တို့ သူငယ်ချင်း ၅ ယောက်ခြေဆန့်လို့နေမိခဲ့ပြီ။

၂ ညတာတည်းခိုရမယ့် ငွေမိုးဟိုတယ်ကိုရောက်တော့ ကိုယ်တွေ ကြိုတင်မှာထားတဲ့အခန်းထဲကလူတွေ check out မလုပ်သေးတဲ့အတွက် ၅ ယောက်သား ငူငူငေါင်ငေါင်နဲ့ ထိုင်နေကြရတယ်။ ကိုယ်ကတော့ အငြိမ်မနေနိုင်ဘူး။ မျက်နှာချင်းဆိုင်မှာ သံလွင်မြစ်ကြီး ရှိတယ်လေ။သံလွင်ဆီ သွားငေးနေလိုက်တယ်။
နောက်ပြီး သံလွင်နဲ့အပြိုင်လမ်းလျှောက်ပစ်လိုက်တာ လေးငါးမီတာလောက် ရောက်သွားခဲ့တယ်။

သံလွင်မြစ်နဲ့ မနက် ၆ နာရီ

မော်လမြိုင်ကမ်းနားလမ်းမကြီးအတိုင်း ကိုယ့်ခြေလှမ်းတွေက မရပ်မနား လျှောက်နေမိတယ်..။ ကိုယ့်ဘေးကပ်ရပ်မှာက တသွင်သွင်စီးနေတဲ့သံလွင်မြစ်ရယ်၊ တသုန်သုန်နွဲ့နေတဲ့ လေနုနုရယ်နဲ့အတူ ဘယ်ကို ဦးတည်မှန်းမသိဘဲ တစ်ယောက်တည်း လမ်းလျှောက်လို့။

*******************************

မော်လမြိုင်မြို့ရဲ့ နွေနေ့လည်ဟာ ရန်ကုန်နွေလိုကျွပ်ကျွပ်ပူလို့ မနေပါဘူး။ နေက ပူပြင်းတယ်။ ဒါပေမယ့် သစ်ပင်တွေရှိတယ်။ ခပ်လှမ်းလှမ်းမှာ တောင်တန်းတွေရှိတယ်။ ဒါကြောင့် တိုက်ခတ်လာတဲ့ လေကအေးမြမြနဲ့။ ဟိုတယ်မှာ ခဏတဖြုတ်နားကြပြီးတော့
မော်လမြိုင်ဈေးကြီးထဲလျှောက်လည်ဖြစ်ကြတယ်..။

ဈေးထဲက ကလေးတွေ ရေပက်ကြတယ်။ အိန္ဒိယလူမျိုး၊ ဗမာလူမျိုး၊ မွန်လူမျိုး၊ ကရင်လူမျိုး ကလေးအမျိုးစုံပဲ အကြိုနေ့မှာကတည်းက ရေပက်ကြတယ်။ ကိုယ်တို့အဖွဲ့က မျက်နှာစိမ်းတွေဆိုတော့ သူတို့က အားနဲ့ကို ဗွမ်းဗွမ်းနဲ့ပက်ကြတာ။ သူတို့အချင်းချင်း ပျော်ရွှင်အော်ဟစ်ပြီးပြောဆိုနေကြတဲ့ မွန်သံဝဲ၀ဲစကားသံတွေကို ကိုယ်တို့နားမလည်ကြဘူး။ ရယ်ရတာ တစ်ခု
ကြုံရသေးတယ်။ လက်သည်းဆိုးဆေးဖျက်ဖို့ ဂွမ်းတစ်ထုပ်ဝယ်ကြတော့ ဈေးရောင်းတဲ့မွန်မလေးက " ဂွမ်းတစ်ထုပ် တစ်ရာ " လို့ပြောတယ်။ ကိုယ်နဲ့ ကိုယ့်သူငယ်ချင်းနဲ့က " ဂွမ်းတစ်ထောင့်တစ်ရာ " လို့ ကြားတယ်။ လက်သည်းဖျက်တဲ့ ဂွမ်းကိုပြောတာနော၊ ဟုတ်တယ်လေ တစ်ထောင့်တစ်ရာနဲ့။ တစ်ခုခုလွဲနေမှန်းတော့သိတယ်။။ သူကလည်း ရယ်၊ ကိုယ်တွေကလဲရယ်နဲ့ လိုရင်းကို မရောက်ဘူးဖြစ်နေတာအတော်ကြာ။ နောက်ဆုံး ကိုယ့်သူငယ်ချင်း မွန်မလေးရောက်လာပြီး ရှင်းပြမှပဲ ဇာတ်လမ်းက ပြီးလို့ရတယ်..။

**********************************
ဟိုးဘက်ခပ်လှမ်းလှမ်းမှာ မြင်နေရတာသံလွင်၊ ကျမဓာတ်ပုံရိုက်ဖို့နေရာယူထားတာက ကျိုက်သံလံဘုရားကုန်းတော်ပေါ့။ သံလွင်နဲ့ ဓာတ်ပုံရိုက်သူကြားက အနီရောင်အဆောက်အဦတွေက မော်လမြိုင်ထောင်ပါ။

မော်လမြိုင်မှာရှိတဲ့ဘုရားတွေကို သူငယ်ချင်းရဲ့မောင်လေးတွေရဲ့ ကုသိုလ်ယူပို့ဆောင်မှုနဲ့ ရောက်ခဲ့တယ်။
သိပ်စပ်စုချင်တဲ့ ကိုယ့်အဖို့တော့ အကြောင်းအရာတခုခုသိချင်လို့ မေးလိုက်လေတိုင်း ကျနော် မသိဘူးဗျ၊၊ ကျနော်မသိဘူးဗျနဲ့ပဲ အဖြေပြန်ရတာကိုတော့ မကျေနပ်ချင်ဘူး။ ဒါပေသည့် ဆိုင်ကယ်နဲ့ တနေကုန် လိုက်ပို့တာကိုပဲ ကျေးဇူးတင်ရဦးမှာ မဟုတ်လား။

သူတို့အခေါ် "တောင်ပေါ်တန်း" ဆိုတဲ့ မော်လမြိုင်တက္ကသိုလ်နဲ့ သိပ်မဝေးတဲ့ ဘုရားတွေအဆူဆူရှိတဲ့ တောင်ပေါ်ဆီလည်း ရောက်ဖြစ်ကြတယ်။ မော်လမြိုင်တက္ကသိုလ်နားက ပုဂ္ဂလိက ပျဉ်ထောင်အိမ် အဆောင်လေးတွေ နားရောက်တော့ သြော်... ဒီလိုမျိုးအိမ်လေးတွေမှာ လာနေပြီး စာရေးရရင် ဘယ်လောက်ကောင်းမလဲလို့ မမေ့မလျော့ တွေးမိသေးရဲ့။



ကျိုက်သံလံ ဘုရားပုံတော်ပါ။ မော်လမြိုင်မှာလည်တဲ့ ၂ ရက်လုံးမိုးအုံ့နေလို့ ဓာတ်ပုံရိုက်ရတာအဆင်မပြေပါဘူး။ စိတ်တိုင်းလည်းမကျဘူး။

တောင်ပေါ်တန်းက ဘုရားတန်ဆောင်းတစ်ခုမှာ ဘုရားဝတ်ပြုပြီး အလှူငွေထည့်တယ်။ အလှူခံတဲ့ ဂေါပက အဘ နဲ့ စကားတွေဖေါင်ဖွဲ့မိတဲ့ ကိုယ့်ကို သူငယ်ချင်းတွေက စိတ်မရှည်ကြဘူး။ ကိုယ်မြင်နိုင်တဲ့ နေရာတွေကနေ မျက်ရိပ်မျက်ကဲတွေပြပြီး လှမ်းခေါ်ကြတယ်။ အဘရဲ့ စကားပွဲပေါ်မှာ ဖိပြီးတင်ထားတဲ့ မှန်အကြည်အောက်မှာ ဗိုလ်ချုပ်ပုံနဲ့ ပိုက်ဆံတွေအစုံရှိတယ်။ တပုံချင်းကို ဒီပုံက ဘယ်တုန်းက ဘယ်အခမ်းအနားမှာ ရိုက်ထားတာ၊ ဒီပုံက ဘယ်နိုင်ငံမှာ ရိုက်ထားတာစသဖြင့် ဂေါပက အဘက ရှင်းပြနေတာကြောင့် အချိန်ယူစကားပြောဖြစ်တာပါ။

စကားလက်စသပ်ခါနီးမှာ ပြောသွားတဲ့ စကားတစ်ခွန်းက " သမီးလေးရေ အဘတို့လည်း လွတ်လပ်ရေး တိုက်ပွဲတုန်းက တတ်အားသရွေ့တော့ ပါဝင်ခဲ့တာပဲ။ မပါဝင်လို့လဲမရဘူးလေ။ ဘာလို့ မပါဝင်လို့မရသလဲ ဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းကပြောတယ်။ ကိုယ့်နိုင်ငံ လွတ်လပ်ရေးရဖို့အတွက် ပြည့်တန်ဆာဆိုရင်တောင် ပြည့်တန်ဆာလည်း ကိုယ့်နိုင်ငံအတွက် ကျရာနေရာကနေ တော်လှန်တိုက်ခိုက်ရမှာပဲလို့ ဆိုထားတာကိုး။ ဒီတော့ ဒီလိုပဲ အဘတို့တွေလုပ်ခဲ့ရတာပါပဲ " ဆိုပြီး ဆို့နင့်နေတယ်။ သူ့စကားဆုံးတော့ လေးလံလွန်းလှတဲ့ ခြေလှမ်းတွေနဲ့ သူ့အနားက ထွက်လာခဲ့ရတယ်။

*****************************************

ဆက်ပါဦးမယ်.. :)

Saturday, April 25, 2009

သတိရခြင်းဆိုတာ

သတိရခြင်းဆိုတာ
လွတ်လပ်တယ်၊
တိကျသေချာတယ်၊
သိုဝှက်ဟန်ဆောင်မှု ကင်းတယ်၊
ကျယ်ဝန်းတယ်၊ နက်ရှိုင်းတယ်၊
အနှောင့်အယှက် ကင်းတယ်၊
လုံခြုံတယ်၊
အချက်အလက် ပြည့်စုံတယ်၊
ဒါပေမယ့်....
အထီးကျန်ဆန်တယ်၊
ဝမ်းနည်းစရာ ကောင်းတယ်၊
မရေရာတဲ့ မျှော်လင့်ချက်ရှိတတ်တယ်၊

အဆိုးဆုံးကတော့၊......
တစ်ဖက်သတ်ဆန်တယ်၊၊


အယ်ဖြူ(၁၉၇၁-၂၀၀၄)

ခရီးသွားဆောင်းပါးလေးတွေ(အတွေ့အကြုံလို့ သုံးနှုန်းရင်ကျမအတွက်ပိုကိုက်ညီမယ်ထင်ရဲ့)ရေးဖို့စိတ်ကူးထားပါတယ်..။
စိတ်ရော၊လူရောမအားလပ်သလို၊ဘယ်တော့များမှ ပြန်ကောင်းမယ်မသိတဲ့ အင်တာနက်ကော်နက်ရှင်ကြောင့်
ဓာတ်ပုံနဲ့မှတွဲရက်ပိုစ့်တင်ချင်တဲ့အတွက် ခုလောလောဆယ် ခရီးနဲ့ပတ်သက်လို့ ပိုစ့်မတင်ဖြစ်သေးပါဘူး။
ဒါကြောင့် အားလုံးကို တောင်းပန်ပါတယ်။အားလုံးကိုအားကြီးချစ်ပါတယ်..။
ဆရာ၊ဆရာမတွေ၊အစ်ကိုတွေ၊အစ်မတွေ၊သယ်ရင်းတွေ၊မောင်လေးတွေ၊ညီမလေးတွေ
အားလုံးကိုချစ်တယ်..ဒီလောက်ဆို ကျေအေးမယ်ထင်ပါတယ်.. :P

ခုတင်လိုက်တဲ့ကဗျာကို အရင်တုန်းကလဲ ကျမဘလော့မှာတင်ဖူးပါတယ်။ဘလော့စစချင်း ၂ပုဒ်မြောက်မှာပါ။
ခုတောကျောင်းဆရာ၊အရင်တုန်းက မုတ်သုန်ဆီကနေ ကူးယူလာတဲ့ကဗျာပါ။စရေးခါစဆိုတော့ စည်းတွေ၊ဘောင်တွေဆိုတာလဲ
သိပ်မတွေးမိတော့သူ့ဆီကနေ မတောင်းပဲယူလာတာပါ။နောက်တော့မှ ပြောပြဖြစ်ပါတယ်။
ရှာဖွေထားတာလေး အသင့်ယူသုံးမိတာကို ဘာမှမပြောတဲ့အတွက် ကျေးဇူးပါ ကျောင်းဆရာရေ့။

ဖတ်ဖူးကြသူတွေလဲရှိမယ်ထင်ပါတယ်..။မဖတ်ဖူးသူတွေရော၊ဖတ်ဖူးသူတွေရော ကြိုက်မယ်မျှော်လင့်ပါတယ်..။
မကြေးမုံတော့ အသည်းခိုက်အောင် ကြိုက်ပါတယ်။ခုလက်ရှိ စိတ်ခံစားမှုနဲ့ တစ်ထေရာတည်းလဲကျနေလို့ တင်ဖြစ်သွားတာပါ..။

အားလုံးကိုချစ်ခင်လေးစားလျက်ပါ..။

Wednesday, April 22, 2009

ပြန်ရောက်ကြောင်းသတင်းပို့

၁၁ ညအိပ်၊၁၂ ရက်ခရီးကပြန်အဆုံးမှာ....လူရုပ်မပေါက်တဲ့ရုပ်နဲ့ လူတစ်ယောက် ရန်ကုန်မြေကို ပြန်ရောက်လာပြန်ပါပြီ..။

မြို့ပြရဲ့အငွေ့အသက်တွေကို တစ်ခါပြန်ခိုလှုံဖို့...အုံ့ဆိုင်းတဲ့မိုးတိမ်တွေကို တွဲလွဲခိုစီးပြီး မရေရာတဲ့ လူ့ဘ၀မနက်ဖန်ပေါင်းများစွာကို
တစ်ယောက်ထဲခပ်တည်တည်ကျော်ဖြတ်ဖို့ စိတ်ခံစားမှုအသစ်များနဲ့..... ငေးရင်း၊မောရင်း ပြန်လာခဲ့ချေပြီ...။

ခေတ်အကြောင်းစကားကြီးစကားကျယ်တွေပြောတတ်သေးတဲ့၊မျက်မှန်တစ်လက်နဲ့ ၊ပါးဖောင်းကြီးနဲ့....၊ကလေးရုပ်နဲ့...စူပုပ်တဲ့မျက်နှာတစ်ခုနဲ့ လူတစ်ယောက် မြို့ပြမှာ
စတည်းချဖို့ ပြန်လာခဲ့ပြန်ပြီ..။

Wednesday, April 08, 2009

ခရီးသွားမလို့ နှုတ်ဆက်ချင်တယ်....

သဘက်ခါ ၁၀ ရက်နေ့တွင် ကျမခရီးစထွက်ပါမည်..။မွန်တို့ဌာနေ ရာမညတိုင်းဘက်မှာ သင်္ကြန်တွင်း သွားနေမယ်....။
သင်္ကြန်ရာသီမှာ သင်္ကြန်ရဲ့အနှစ်သာရ အပြည့်အ၀မရပဲနဲ့ ....သင်္ကြန်ရဲ့ ရိုးရာတစ်ခုတလေမျှ မမြင်ရပဲနဲ့ ... သင်္ကြန်ရဲ့အငွေ့အသက်
တစ်စွန်းတစ်စမျှ မကြားရ၊မခံစားရပဲနဲ့ မျက်စိရှုပ်နားရှုပ်တွေနဲ့...မြူးကြွလှပလွန်းတဲ့
ခေတ်ရဲ့အမည်နာမ ခွဲခြားရခက်တဲ့ သင်္ကြန်ကို မခံစားနိုင်၊လက်မခံနိုင်တဲ့ကျမ ရန်ကုန်သင်္ကြန်ကိုရှောင်ချင်လို့..
ခရီးသွားတာပါ.....။နယ်မြို့လေးမှာရော..ဘယ်လောက်ထိသင်္ကြန်အငွေ့အသက်တွေပျောက်ဆုံးနေလိမ့်မလဲ...
ကျမမတွေးတတ်ပါ...။လက်တွေ့ကြုံမှပဲ...သိရတော့မယ်လေ။ခုတော့ ခရီးသွားရင်း အတွေ့အကြုံသစ်လေးတွေကိုရှာဖွေ
နေမိဦးမှာပါ..။

ဒီခရီးက မွန်ပြည်နယ် ဒုတိယအခေါက်ပါ..။ပထမတစ်ခေါက်တုန်းက ကျမနဲ့အတူသွားတဲ့သူငယ်ချင်းမပါတော့ဘူး။သူက
ဘယ်ရောက်လို့ ဘာတွေလုပ်နေလဲ ကျမမသိတော့ဘူး။ကျမနောက်တစ်ခေါက်ထပ်သွားမှာကိုသူမသိဘူး။
ဒီလိုနဲ့ပဲအချိန်ရဲ့ ပြောင်းလဲပေးမှုတွေကို လက်ခံချင်၊မခံချင်ချင်....လက်ခံနေရတာကပဲ..လူ့ဘ၀ပဲလား.....။

ပထမတစ်ခေါက်တုန်းက သွားမယ်လို့ စီစဉ်ထားတာ ၅ယောက်မှာ..နောက်ဆုံးတော့ ကျမနဲ့ နောက်ထပ်တစ်ယောက်
အားလုံးပေါင်း ၂ ယောက်ပဲသွားဖြစ်တယ်..။အူလည်လည်နဲ့ ကားပေါ်တက်စီးပြီးရောက်သွားကြတာ..။ဟိုရောက်တော့လဲ
ဆံပင်ကောက်တဲ့ မွန်မက သူ့အလုပ်နဲ့သူ(အဲ့တုန်းကလဲ ဒီလိုအချိန်ပဲ..သူတို့အိမ်မှာ အလှူလုပ်တာ)ရှုပ်နေလေတော့
ကိုယ်တွေနှစ်ယောက်ထဲပဲ စက်ဘီးလေးတစ်စီးနဲ့ ကုန်းဆင်းကုန်းတက်တွေပေါတဲ့ မြို့ကလေးထဲမှာ ....မမောနိုင်၊မပန်းနိုင်
ကိုယ့်ဘာသာကိုလျှောက်လည်ကြတယ်..မှတ်မှတ်ရရ အဲ့ဒိတုန်းက ဒိုးလုံးရဲ့ အလိုတော်အတိုင်းသီချင်းခွေထွက်တဲ့အခိုက်ဆိုတော့
အဲ့ဒိခွေထဲက ဘုန်းကြီးပါစေ..သက်ရှည်စေ...အားလုံးစိတ်လဲ ချမ်းသာစေ...ဆိုတာကို ညည်းရင်းပေါ့..။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


ကျောင်းတက်တုန်းက ကျမတို့သူငယ်ချင်း ၆ယောက်ပေါင်းဖြစ်ကြတယ်။မိန်းကလေးငါးယောက်၊ယောက်ျားလေး
တစ်ယောက် တွဲဖြစ်တာ..။အားလုံးက နယ်ကလာပြီးကျောင်းတက်ကြသူတွေချည်း။ကျမနဲ့ မိန်းကလေးတစ်ယောက်က
ဧရာဝတီက(ဧရာဝတီသူ ဗမာမ နှစ်ယောက်) ၊မွန်မလေး ၂ယောက်၊ကရင်မလေးတစ်ယောက်၊ကရင်လေးတစ်ယောက်
ကရင်မလေးကတော့ ကရင်ပြည်နယ်က၊ဘားအံက..။

၆ ယောက်လုံးသူ့အိမ်ကိုယ့်အိမ် လိုက်လည်ဖူးကြတယ်၊အားလုံး ခဏခဏအလည်ရောက်တဲ့ အိမ်က ကျမအိမ်ပေါ့..။

သူတို့အားလုံးက အမေ့လက်ရာဟင်းတွေကို သိပ်ကြိုက်ကြတယ်၊ကျမ မလေးလုပ်ချက်တဲ့ ဧရာဝတီချက် မုန့်ဟင်းခါးကို ကြိုက်ကြတယ်..။
ခရီးလဲ နီးတော့ကျမအိမ်ကိုတော့ ခဏခဏရောက်ဖြစ်တယ်..။ကျမကဘားအံကိုတစ်ခေါက်၊
မွန်ပြည်နယ်ကို ၁ ခေါက်လိုက်လည်ဖူးတယ်..။ဒါပေမယ့် နှစ်တွေကြာနေပြီဆိုတော့ ဘာမှမမှတ်မိတော့ပါဘူး။အမှတ်တရ ဓာတ်ပုံရိုက်တာတွေ ဘာတွေမလုပ်ခဲ့ဖူးဘူး။ခရီးထွက်နေတာကပဲ ပျော်စရာလို့ထင်ခဲ့တာ..။သွားနေရရင် ဘာမှမလိုအပ်တော့ဘူးလို့ ထင်နေခဲ့တဲ့အချိန်ပေါ့...။


ခုတော့...တန်ဖိုးထားမှုတွေလဲ ပြောင်းလဲလာခဲ့ပြီး လူတွေကိုမြင်တဲ့အမြင်၊အဖြစ်အပျက်တစ်ခုကို မြင်တဲ့အမြင်၊ မြင်ကွင်းတစ်ခုအပေါ်ထားတဲ့ စိတ်ခံစားမှု....ခေတ်အပေါ်ဇောက်ထိုးကြည့်တတ်မှု၊
အဲ့ဒါတွေနဲ့ ရောပြွန်းနေတဲ့ စိတ်ကြီးနဲ့ ကျမ...သွားဖူးတဲ့..သိပ်လဲပျော်ရွှင်ကြည်နူးခဲ့ရဖူးတဲ့
ခရီးတစ်ခုကို နောက်တစ်ခေါက်ခြေအချမှာ..ဘယ်လိုစိတ်ခံစားမှုတွေရလိမ့်....မ....လဲ.........

ရင်ခုန်စွာ.....

နောက်ပြီး

ဘလော့ဂ်ရပ်ဝန်းကိုသတိရစွာနဲ့...

ခတ္တနှုတ်ဆက်ခဲ့ပါတယ်..........။

Monday, April 06, 2009

အကြောင်းပြချက်လေးတော့ ပေးချင်တယ်........

ဟိုတစ်လောက...ဟိုတစ်လောကဆိုတော့ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ကျမညီမလေး ညီညီ က ပြောပါတယ်
ဘလော့ဂ်စပေါ့ကို မမြင်ရတာ ဘယ်လောက်ကြာပြီလဲ တဲ့....။ကျမကို မေးခွန်းထုတ်ရင်း သူ့သူလဲ မေးနေတဲ့ပုံပါ။ ကျမက ":( " ဒါမျိုးလေးလုပ်ပြမိတယ်ထင်ရဲ့.။မမှတ်မိတော့ပါဘူး။မမှတ်မိတော့တဲ့ အကြောင်းအရာတွေသိပ်ကို
များပါတယ်..။ဥပမာ.မြန်မာ တယ်လီပို့က ဘယ်နေ့တွင် အင်တာနက်ကော်နက်ရှင် ပြန်ကောင်းပါမယ် လို့ကြေငြာထားတဲ့ရက်မျိုးဆို ပိုတောင် မမှတ်မိသေးဘူး။

ဘလော့ဂ်စပေါ့ကို မမြင်ရဘူးဆိုတော့ အကောင်အထည်လိုက်မမြင်ရတာကို ညီညီ ဆိုလိုတယ်လို့ထင်ပါတယ်။
ဟုတ်ရဲ့လေ..ကျော်ကာခွကာနဲ့ဆိုတော့ မြင်ရတာကလဲ အတုကြီး၊ဒီလိုကျော်တာ ခွတာက မကြေးမုံတို့ ခဏခဏညည်းချင်းဖွင့်လွန်းလို့ အားလုံးသိပြီးကြတဲ့အတိုင်း....ဒီဘာသာရပ်မှာ ကျွမ်းကျင်အဆင့်ပေါ့..။ဒါမယ့် စုံစုံလင်လင်မြင်ရသေးတယ်..။ခုတော့ မမြင်ရတော့ဘူး။အတုကြီးပဲ မြင်ရတယ်.. ထီကြေငြာတွေ၊ထီပေါက်ကြောင်း သတင်းတွေ...မလုံ့တလုံ ကောင်မလေးပုံတွေနဲ့..........အဲ့လို အတု ဘလော့ဂ်စပေါ့နဲ့ပဲ နှစ်ပါးသွားနေရတာ..။

နေပါစေ အတုကြီးနဲ့တော့ မတင်ဘူးကွာ..ဘာပိုစ့်မှ မတင်ဘူးကွာ ..ကဲ ဘာဖြစ်လဲ......ကိုယ့်သမီးလေးပဲ ချောက်ကပ်ကပ်နဲ့ပေါ့......။သူများဆီလဲ လိုက်မလည်နိုင်ဘူး။တချို့ဆီပုံးမှာ အော်လို့ရပြီး၊တချို့မှာအော်မရပါဘူး။
နောက်ပြီး ပိုစ့်ကိုမန့်ချင်တဲ့ စိတ်အာသီသကို ဆီပုံးမှာ အော်ရုံနဲ့လဲ မကျေနပ်နိုင်ပြန်တော့ ခက်သားလား။
မန့်မလို့လုပ်လိုက်တာနဲ့....လုံခြုံရေးဆိုင်ရာ မေးခွန်းတွေတသီကြီးနဲ့ တိုးဝှေ့နေရတယ်..။ဒါကြောင့် အားလုံး (အစ်ကို၊အစ်မ၊သူငယ်ချင်း၊မောင်လေး၊ညီမလေး)နားလည်ပေးကြပါလို့.......စာရေးပြီးပဲ တောင်းပန်ပါတယ်..။

ဓာတ်ပုံတွေတင်ချင်တာလဲ...မတင်ရဘူး၊တင်ချင်တဲ့ရက်မှာ မတင်ရတဲ့အတွက် ခုတော့ mood ကမပါတော့ဘူး။
မိန်းထဲသွားရိုက်ထားတဲ့ ဓာတ်ပုံတွေရှိတယ်..။အလှအပ သွားရိုက်တာ...အလှအပ မရခဲ့ပဲ..အပျက်အစီးတွေပဲ ရခဲ့ပါတယ်..။နာဂစ်အကြွင်းအကျန် ပုံတွေပဲရခဲ့တယ်..။မြင်ရသလောက် တက္ကသိုလ်ရိပ်သာလမ်းမဘေးတစ်ဘက်တစ်ချက်ကိုပဲ ပြန်လည်ပြင်ဆင်းထားပြီး အထဲမှာတော့ အပျက်အစီးအားလုံးဟာ နာဂစ်မုန်တိုင်းနှစ်ခါလည်တော့မယ်...ဘာမှမပြင်ဆင်ရသေးပါဘူး။ ကျမအစ်ကို ကိုအောင်သာငယ့်အတွက် မန္တလေးဆောင်ကို ရိုက်ဖို့သိပ်အဆင်မပြေခဲ့ပါဘူး။မန္တလေးဆောင်အတွင်းသို့ လုံးဝ(လုံးဝ)မ၀င်ရ လို့ဆိုထားလို့ပါ..။နောက်ပြီးတော့ သူက မုခ်ဦးနဲ့ ကပ်ကပ်လေးဆိုတော့ လုံခြုံရေးတွေနဲ့ စကားပြောနေရမှာလဲ စိုးတာနဲ့..အဆင်ပြေသလောက်ပဲ ရိုက်ခဲ့ပါတယ်..။

ညနေစောင်းကြီးမှ ရိုက်တာဆိုတော့ပုံတွေကို သိပ်စိတ်တိုင်းမကျပါဘူး။ဒါကြောင့် ဘလော့ပေါ်မတင်တော့ဘူး။
အဲ...စကားတွေကပြောရင်းက ဘယ်တွေရောက်ကုန်ပြီလဲ မသိတော့ဘူး။လိုရင်းကတော့ ဓာတ်ပုံတင်ချင်ပေမယ့်
တင်မရဘူးပေါ့လေ..။

ဒီလောက်ပါပဲ..လာမလည်နိုင်တာ နားလည်ပေးဖို့ရယ်.....အဆင်ပြေရင် ဓာတ်ပုံတွေတင်မယ့်အကြောင်းရယ်.. လက်တို့ထားတာပါ...။အားလုံးကို ချစ်ခင်လေးစားစွာ........ဆားချက်ကြောင်းလေး ပြောလိုက်ပါတယ်.........။