Friday, March 27, 2009

ဝါသနာ ပဲဆိုပါတော့.....

ရာသီဥတုက ပူပြင်းလွန်းတယ်။ မဖြေချင့် ဖြေချင်နဲ့ ကလေးလုပ်ပြီး ဖြေနေရတဲ့ စာမေးပွဲတွေကလဲ များလွန်းလှတယ်။

သင်္ကြန်မတိုင်ခင် အမေ့ဆီ တစ်ချက်ပြန်လစ်ချင် သေးတယ်..။ လုပ်ချင်တဲ့ ဆန္ဒတွေ၊ လုပ်ရမဲ့ တာဝန်တွေကြားမှာ ကျမ စာမရေးဖြစ်တာ ဘယ်လောက်ကြာပြီလဲဆိုတာ မမှတ်မိတော့။ ပြန်လည်မတွေးချင်တော့။

မနေ့တုန်းက စမ်းချောင်းဘက်က နက်ဆိုင်တစ်ဆိုင်မှာ သုံးနေရင်းက အမ်ပီတီက မပြောမဆို ဖြတ်တောက်ပစ်လိုက်တဲ့ အချိန်မှာ စိတ်ထဲလဲ ဘယ်လိုမှ ခံစားမနေတော့ဘူး။ အပြင်ဘက်ကို ငဲ့ကြည့်လိုက်တော့ မူလတန်းကျောင်းလေးတစ်ကျောင်း… အဲ့ဒီကျောင်းရှေ့မှာ ကလေးလေးတွေ ကစားနေကြတယ်။ ဆိုက္ကားဂိတ်က ဆိုက္ကားတွေကို ပတ်ပြေးပြီး ကစားနေကြတာ ဘာကစားနည်းလဲတော့ မသိဘူး၊ သူတို့ပျော်နေကြတယ်။ အပူအပင် ကင်းမဲ့တယ်။

ငါ့လို လိုချင်တက်မက်မှု့တွေ မများဘူးလို့ တွေးမိတယ်။ ငါ့လို စိတ်တိုလွယ်၊ ဒေါသထွက်လွယ်လဲ ဖြစ်မနေလောက်ဘူးလို့ တွေးမိတယ်..။ အဲ့ဒီ အတွေးကနေပဲ ဘာမဆိုင်၊ ညာမဆိုင် သူငယ်ချင်း မောင်မျိုးနဲ့ ညီမလေး နန်းညီ ရေးခိုင်းထားတဲ့ ဝါသနာအကြောင်းလေးကို ဘာတွေရေးရင် ကောင်းမလဲလို့ စဉ်းစားမိတယ်။ ကျမဘာတွေ ဝါသနာပါခဲ့သလဲ.. ခုရော ဘာတွေကို ဝါသနာပါနေတုန်းပါလဲ…။

စဉ်းစားကြည့်မိတော့ ဝါသနာက များလွန်းပါတယ်…။


ငယ်စဉ်အခါက ~~


ငယ်စဉ်အခါတုန်းကလို့ ခွဲတမ်းတမ်းချလိုက်တော့… ကျမ ငယ်ငယ်တုန်းက ဝါသနာက အလွန်အမင်း ကစားခြင်းပါပဲ…။ တစ်နေကုန် မိုးလင်းလင်းချင်းကစပြီး မိုးစုန်းစုန်းချုပ်တဲ့အထိ ကျမ ကစားပါတယ်။ အငယ်ဆုံးဆိုတဲ့အတိုင်း အိမ်ရဲ့ ဘယ်အခန်းကဏ္ဍမှာမှ ကိုယ်ကမပါရတော့ စိတ်ကြိုက်ကစားခွင့် ရပါတယ်။ ခုလို နွေရာသီကျောင်းပိတ်ရက်တွေဟာ ကျမတို့လို တောကလေးတွေအတွက်တော့ အင်မတန် ပျော်စရာကောင်းတဲ့ အားလပ်ရက်ပါ။ မြို့ပြကလေးတွေနဲ့ နဲနဲမှ မတူပါဘူး။ ရေကူးသင်တန်းဆိုတာ ကျမတို့အတွက် အိမ်နောက်ဖေးက ချောင်းထဲမှာ။ ငုတ်ချည် ဖော်ချည် လုပ်လွန်းလို့.. အသက်လဲ ၁၀ နှစ်မှာ နားတစ်ဖက်လုံး ပိုးဝင်၊ ရောဂါရပြီး ရောဂါကုယူရတဲ့ အထိ ရေကူးခဲ့တာ။ တစ်နေကုန် တစ်နေကမ်း… ကျမဘယ်ရောက်နေလဲဆိုတာ အိမ်မှာနေတဲ့ အမေက မသိပါဘူး။ ညနေစောင်းလို့ … “ မိ…ရေ …” လို့ တစ်ရွာလုံးကြားအောင် အော်ခေါ်မှ အိမ်ကို အပြေးပြန်လာတတ်တယ်…။


ငယ်ငယ်တုန်းက ကစားနည်းမျိုးစုံထဲမှာ စစ်တိုက်တမ်းနဲ့ နတ်က တမ်း ကစားတာကို အကြိုက်ဆုံးပါ..။ ကောက်ရိုးပုံကြီးတွေပေါ်မှာ ပုန်းပြီး စစ်တိုက်ရတာလောက် ပျော်စရာကောင်းတာ မရှိတော့ဘူး…။ နတ်က တမ်း ကစားတာကို ကျမ ဘာကြောင့် ဝါသနာထုံခဲ့လဲ… ခုပြန်စဉ်းစားလို့ကို မရတော့ပါ …။ အစ်ကို့ ပုဆိုးတွေကို ခါးမှာ တောင်ရှည်လို ပတ်ဝတ်ပြီး ခေါင်းမှာ အမေ့ သဘက်စကို တလူလူလွင့်အောင်ပေါင်းပြီး “ကိုကြီးကျော်” လို ကရတာ… ကုက္ကိုလ်ပင်စည် အပြတ်တွေကို နတ်ဆိုင်းဝိုင်းလိုလုပ်ပြီး တီးပေးတဲ့ သူငယ်ချင်းတွေနဲ့… ဟန်ကို ကျနေတာပဲ…။ ပြန်တွေးမိတော့ ရှက်ပြုံးတောင် ပြုံးမိပါသေးတယ်…။ ကျမစိတ်ထင်မမှားဘူးဆိုရင် ဗမာတပြည်လုံးမှာ နတ်ပွဲကို ကိုယ့်အိမ် ကိုယ့်ယာမှာ ခြိမ့်ခြိမ့်သဲ ကျင်းပလေ့ရှိတာ ကျမတို့အောက်ဘက် ဧရာဝတီတိုင်းမှာဘဲ ရှိမယ် ထင်ပါတယ်…။ (ဒါက စကားချပ်ပါ…)


နောက်ပိုင်းမှာတော့… အမေ့ရဲ့ … သမီးလူကြီးဖြစ်ပြီ … ကျောင်းစာကို ဂရုစိုက်ရမယ်…။ ယောက်ျားလေးတွေနဲ့ ရောရောနှောနှော မနေရတော့ဘူးဆိုတဲ့ …တစ်ချက်လွှတ်အမိန့်နဲ့ ရှစ်တန်းနှစ်နွေက စပြီး အဲ့ဒီ ဝါသနာတွေ အကုန်းလုံးကို စွန့်လွှတ်ခဲ့ရတယ်…။

အဲ့ဒီ ဝါသနာတွေကို စွန့်လွှတ်ရလို့ ကျမ ဝမ်းမနည်းခဲ့ဘူး…။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီအချိန်မှာ ကျမ ကာတွန်းစာအုပ်တွေ၊ မဂ္ဂဇင်းတွေ၊ ဝတ္ထုတွေကို ကျောင်းစာအုပ်ကြားထဲမှာ ညှပ်ပြီး ခိုးဖတ်တတ်နေပြီ…။ ရေအိမ်ဝင်ရင်းနဲ့၊ ဒါမှမဟုတ် ညဘက်တစ်ယောက်ထဲ ဓါတ်မီးထိုးပြီးတော့ဖြစ်ဖြစ် ကျမ စာခိုးဖတ်နေပြီ…။

စာကို တကယ်ကို ခိုးဖတ်ခဲ့ရပါတယ်…။ ကျမ တက္ကသိုလ် စတက်တဲ့ အချိန်မှာ လတစ်လရဲ့ အစတိုင်းမှာ တစ်လစာ အသုံးစရိတ်ရောက်လာတိုင်း ဝတ္ထုစာအုပ်တွေ ဝယ်ပစ်နေမှန်း သိပေမယ့် မတားခဲ့တဲ့ အစ်ကိုက ကျမ အဲ့ဒီ အရွယ်တုန်းက စာဖတ်တာကို အပြင်းအထန် ကန့်ကွက်ခဲ့ဖူးတယ်…။ တွေ့တာနဲ့ကောက်လွှတ်ပစ်တတ်တယ်…။ ဒါပေမဲ့ … ကျမ ကလဲ…မရ… အရ ခိုးဖတ်တာပါပဲ…။


အဲ့ဒီ စပ်ကူးမတ်ကူးအရွယ် နောက်ထပ် ဝါသနာတစ်ခုက သီချင်းနားထောင်တာပါ…။ ကျမ ၇ တန်းနှစ်မှာထဲက အစ်ကို လုပ်သူက ကက်ဆက်တစ်လုံး ဝယ်ပေးထားပါတယ်…။ ကက်ဆက်ခွေ ကတော့မရှိခဲ့ပါဘူး…။ ကက်ဆက်ဝယ်တုန်းက အစ်ကို ဝယ်လာတဲ့ ခင်မောင်တိုး ရယ်၊ စိုင်းထီးဆိုင်ရယ် တွဲဆိုထားတဲ့ မြမြင့်မိုရ်မို့လား နဲ့ ပန်းချစ်သူ သီချင်းပါတဲ့ အခွေ တစ်ခွေထဲ ရှိတယ်…။ ဆိုတော့ … မြန်မာ့ အသံပဲ အားပေးရတာပေါ့လေ…။ အဲ့ဒီ အချိန်တုန်း ကျမရူးသွပ်ခဲ့တဲ့ သီချင်း သုံးပုဒ်ရှိပါတယ်…။

ခိုင်ထူးရဲ့ ခတ္တာ၊ တူးတူးရဲ့ ကေသရီ နဲ့ စိုင်းဆိုင်မောဝ် ရဲ့ တောင်ပြာတန်းက သိတယ်… အဲ့ဒီ သီချင်းတွေကို ရုးသွပ်ခုံမင်စွာ … နားထောင်ခဲ့တဲ့ ကာလတွေပေါ့…။


အသက်လေး နဲနဲကြီးလာတာနဲ့အမျှ ဝါသနာတွေ ရှားပါးလာပြီး… ကိုယ်ဝါသနာပါတိုင်းလည်း မဖြစ်နိုင်တာတွေ များလာမှန်း ရိပ်စားမိလာတဲ့အခါ၊ နောက်တော့ လူတွေအများကြီးနဲ့နေရဖို့ ၊ သွားလာရဖို့ ယားယံလာတဲ့အခါမှာတော့ ကျမ ဝါသနာတွေကလဲ ပြောင်းလဲ လာခဲ့တယ်…။ ကိုယ်တစ်ယောက်ထဲနဲ့ တည်ဆောက်ဖန်တီးလို့ ရတဲ့ အခြေအနေမျိုးလေးတွေကပဲ ကျမဝါသနာတွေ ဖြစ်လာခဲ့တယ်…။


စာရေးခြင်းဝါသနာ…

တက္ကသိုလ် ပထမနှစ်မှာပဲ…ဝါသနာတူလေးတွေ စုပြီး ကဗျာ စာအုပ်လေး တစ်အုပ်ထုတ်ဖြစ် တယ်…။ အဲ့ဒီတုန်းကတော့ အချစ်အကြောင်း နုနုရွရွကဗျာလေးတွေ ကျမ ရေးဖြစ်ခဲ့တယ်… ဒုတိယနှစ်မှာလဲ တက်ထုတ်တယ်…။ မှတ်မှတ်ရရ အဲ့ဒီတုန်းက ပြဿနာကြုံရပါတယ်…။ အကြောင်းက စပ်ဆော့ပြီး တခြားတက္ကသိုလ်တွေ အထိ ကဗျာစာအုပ် လိုက်ရောင်းမိလို့ပါ…။ ကျောင်းထဲမှာတင် တွန်းထိုးရောင်းရတာ အားမရသေးတော့ ရန်ကုန်က ကျေုာင်းတစ်ချို့ကို ရောက်ဖြစ်ကြတယ်…။

အီကို၊ ကွန်ပြူတာနဲ့ နိုင်ငံခြားဘာသာ တက္ကသိုလ်တွေ အထိ ခြေဆန့်ခဲ့ကြတာ၊ တစ်အုပ်ကို ၂၀၀ နဲ့ ပျော်ပျော်ပါးပါး လိုက်ရောင်းကြတာ …။ ရောင်းတုန်းက ဇန်နဝါရီလ ၊ ဖေဖေါ်ဝါရီလ လဲရောက်ရော ကဗျာစာအုပ်လုပ်တဲ့လူတွေ ပါမောက္ခရုံးခန်းထဲ ရောက်ကြပါလေရော…။ အားလုံး မိန်းကလေးတွေချည်းပါ…။ ဖြစ်ချင်တော့ ပါမောက္ခချုပ်နဲ့ တွေ့ရတဲ့နေ့က ချစ်သူများနေ့ပါ…။ ကြောက်ရမှန်း မသိဘူး… တခွီခွီနဲ့ဟာ…။

မော်ကွန်းထိန်း အမျိုးသမီးကတော့ မျက်စောင်း တခဲခဲနဲ့ပေါ့…။ သူနဲ့ကတည့်တာ တစ်ကျောင်းလုံးမှာ… တစ်ယောက်ထဲသော ကျမတို့အခန်းထဲက ယောက်ျားလေးနဲ့ပဲ…အဆင် ပြေပြေ စကားပြောလို့ရပါတယ်…။ ကျန်တဲ့ မိန်းကလေးတွေ အားလုံးနဲ့ ဘယ်သူနဲ့ မှ သူနဲ့အဆင် မပြေဘူး…။ အဲဒီနေ့တုန်းကလဲ ခွီခွီလုပ်နေ၊ သူကလဲ မျက်စောင်းတွေ တဒိုင်းဒိုင်းနဲ့ …။ ပါချုပ်နဲ့ တွေ့တော့ သူလဲပါတာပေါ့…။ ပါချုပ်က တစ်ခွန်းထဲပြောပါတယ်…။ “ ခုတော့ ရပ်လိုက်ကြတော့…၊ ကဗျာစာအုပ်တွေလဲ ဆက်မရောင်းနဲ့တော့…၊ နောင်နှစ်ခါကျ ရင် ကျောင်းမဂ္ဂဇင်းထုတ်တော့မှ တစ်တပ်တအား ဝင်ပါကြတဲ့ …”

ပြန်လဲထွက်လာတော့ ပိုပြီး ခွီကြပြန်ရော …:)

တကယ်ကို ပျော်စရာ ကောင်းခဲ့ပါတယ်…။ ဘဝအပူအပင် အမောတွေလဲ မရှိဘူးပေါ့ …။


ခုလောလောဆယ်မှာ .....

ကျမ ဝါသနာက ဘာလဲဆိုတာ ကျမသေချာ တွေးလို့ မရတော့ပါဘူး …။ ဒါက အမှန်တရားပါ..။ တခါတလေမှာ ဖြစ်ချင်တာတွေထက် ဖြစ်သင့်တာတွေပဲ လုပ်ရတတ်တာ တွေ ရှိတတ်ပါတယ်…။ ဖြစ်ချင်တာတွေနဲ့ လုပ်နေရတာတွေနဲ့ တစ်ထပ်ထဲ ကျနေတဲ့ သူတချို့ကိုလဲ မြင်နေ၊ တွေ့နေရတယ်…၊ ဒါပေမဲ့ ဒါဟာ ကျမ အတွက်တော့ မဟုတ်သေးပါဘူး…။ လုပ်ချင်တဲ့ ဝါသနာတွေကို ခဏ နောက်ပို့ထားပြီး… လုပ်သင့်တာတွေကို ခုလောလောဆယ် လုပ်နေရပါသေးတယ်…။ အဲ့ဒီထဲမှာမှ ခုလောလောဆယ်လုပ်နေတဲ့ ဝါသနာ တစ်ခုကတော့ ဘလော့ဂ် ဆိုတဲ့ အလကားပဲ တင်ရတဲ့ စာမျက်နှာပေါ်မှာ ကျမ စာရေးနေပါတယ်…။

ဒီဝါသနာလေးတော့ ဆက်လက်ရှင်သန်ပြီး… တည်တံ့လိမ့်လို့ မျှော်လင့်မိပါတယ်…။ ဘာအနှောက်အယှက်မှ… ဝင်မလာခဲ့ရင်တော့ …ဒီဝါသနာလေး ဆက်ရှိနေပြီး… အစ်ကိုတွေ၊ အစ်မတွေကို ရေးချင်ရာရေးနေမိတဲ့ စာတွေနဲ့ နှိပ်စက်နေမိ ဦးမယ်လို့ …….:))


13 Responses to “၀ါသနာ ပဲဆိုပါတော့.....”

pandora said...

ဝါသနာက အသက်နဲ့လိုက်ပြီး ပြောင်းတတ်လား မသိပါဘူး။

ဝါသနာအလျောက် တဖက်တလမ်း လုပ်ချင်တာကို လုပ်ဖြစ်တဲ့အတွက် တကယ့်အလုပ်တွေ ကျောင်းစာတွေမှာလည်း အားအင်ပြည့်ဝပျော်ရွှင်နေရင် ကောင်းတာပေါ့ mirror ရေ

သီချင်းတွေကြိုက်တာ..
စာအုပ်တွေကြိုက်တာ..
ကဗျာစာအုပ်တွေလိုက်ရောင်းတာ..
အင်း ဝါသနာတွေကတော့ အတော်တူကြတာပဲညီမရေ..
ဒါကြောင့်လည်း online မှာ လာတွေ့ကြတာနော်...

Kay said...

ဝါသနာ ပါနေတုန်း လုပ်သာထား-
ငါ့ညီမကြီးက..စာရေးကောင်းတယ်။
ပန်ဒိုရာ ပြောသလို..၀ါသနာက..အငြိမ်မနေရှာဘူး။း)

အင်းမျက်မှန်တပ်ရခြင်း အကြောင်းအရင်းရှာတွေ့ပြီ မကြေးမုံ

အင်းလေ .. ညဘက် ဓါတ်မီးနဲ့စာဖတ်တာကိုး .. :D

MANORHARY said...

လူကငြိမ်ပေမယ့် ဝါသနာကမငြိမ်ဘူးပေါ့..း)
ပို့စ်တိုင်းမှာအဲလိုတွေ့နေရတယ်း)

စစ်တိုက်တမ်းရော ခု မကစားချင်တော့ဖူးလား...း)

ညီမရေ

နတ် ကတဲ့ပွဲတွေ ခြိမ့်ခြိမ့်သဲ ကျင်းပတာ ရန်ကုန်မှာလဲ အများကြီးရှိပါတယ်။
တချို့ပွဲတွေဆို ဆိုင်းဝိုင်းတောင်မပါဘူး။
ကက်ဆက် နဲ့ဘဲ အခွေဖွင့်ပြီး နတ် က ကြတယ်လို့ကြားဖူးတာဘဲ :)

နော်မန် ( 88 )

mirror said...

အစ်မပန်...ဟုတ်မှာပေါ့ မ။အသက်ကြီးလာတော့ ၀ါသနာတွေပါးလျကုန်တာနေမှာပေါ့ ..အားပေး၊သတိပေးပြောဆိုသွားတာ ကျေးဇူးပါ မကြီး။

ကိုလင်းဒီပရေ..ဒါကြောင့်ပဲ ရင်ဘတ်ချင်းတွေနီးကြတဲ့
ဘော်ဒါတွေဖြစ်ကုန်တာပေါ့လေ..။

မကြီးကေ..အစ်မက အဲ့လိုပြောတော့ ညီမကမနေတတ်တော့ဘူး။အငြိမ်မနေတဲ့ ၀ါသနာကို ပျိုးထောင်နေတာပဲ..အစ်မရေ..။

ကိုရွာသားလေး...ဟုတ်တယ်လေ :P

အစ်မ မိုးခါး...း)

အစ်မနော်...ရှာရှာဖွေဖွေ..အငြိမ်မနေတာကိုရှာတတ်လို့ ကျေးဇူးမ..

အစ်ကိုကြီးရေ့..ဘာတွေလာမေးနေတာလဲဗျာ..အေကေ 47 တော့စမ်းကြည့်ချင်ရဲ့...း)

အစ်ကိုကွီ..ရယ်တတ်ပြုံးတတ်တောင်ဖြစ်လာပြီ..:P
ဟုတ်ပါတယ်..ရန်ကုန်မှာလဲ ရှိပါတယ်.။အထူးသဖြင့် ရန်ကုန်နဲ့ ဧရာဝတီပေါ့လေ။

လာလည်ပြီး မန့်ခဲ့ကြတဲ့ အစ်ကို၊အစ်မများကို ကျေးဇူး ..ကမ္ဘာ..။

ငါပဲ ရေးပေးဖို့ပြောပြီး နောက်ဆုံးမှ လာဖြစ်လားမသိး) ဆောရီး ဝေ့.

နယ်သား/ နယ်သူတွေချင်းမို့ အငယ်တုန်းက ၀ါသနာသိပ်ချင်းသိပ်မကွာဘူး ငါလည်းရေကူးတာပဲ ဒါမယ့် တတ်မယ်လုပ်လိုက်မယ် မြို့ကို ကျောင်းပြန်တက်လိုက်နဲ့ ခုချိန်ထိ ရေကောင်းကောင်းမကူးတတ်တော့ဘူး ။ သီချင်းဝါသနာပါတာနဲ့ ဘလော့ရေးဝါသနာပါတာတော့ တူတယ်ဝေ့ ။ နောက်လ လာလည်ရင် ငါ့အတွက် စာအုပ်တွေ လက်ဆောင်ဝယ်ခဲ့ပေး ။

ကျေးဇူးသယ်ရင်းရေ့......။

အမ ဧရာဝတီတိုင်းသူဖြစ်တာချင်းလဲတူတဲ့အပြင် ၀ါသနာတွေကလည်း တူနေပါလား။ ညီမလည်း သီချင်းနားထောင်၊ စာဖတ်၊ ကဗျာရေးပါတယ်။ ကျောင်းမှာတုန်းက သူငယ်ချင်းယောက်ျားလေးတွေနဲ့ ကဗျာစာအုပ်ထုတ်တာမှာ မိန်းကလေးနှစ်ယောက်ပဲ ပါတယ်။ တစ်ယောက်က ညီမတို့ရဲ့မြန်မာဆရာမ၊ ကျန်တဲ့တစ်ယောက်ကညီမ။ :P

တို့မောင်နှမတွေ ဝါသနာတူကြပုံတွေကတော့
ပြောစရာမလိုအောင်ကို တူနေကြတော့တာပါပဲလား
ညီမလေးရေ

sweetpeony said...

ကိုယ့်ဘာသာ ကဗျာစာအုပ်ရောင်းတာ ဘာဖြစ်လို့ သူတို့ က ပေးရောင်းရတာလဲ။
သူတို့ ကိုဘာထိခိုက်လို့လဲ။