Monday, March 09, 2009

အစ်ကို

မနေ့တုန်းက နယ်ကရောက်လာတဲ့ အစ်ကိုနဲ့သူ့အမျိုးသမီး(ကျမယောင်းမ)၊ကျမ အစ်မငယ်တို့ကို မနက် စောစောမှာ ရွှေတိဂုံဘုရားကိုလိုက်ပို့တယ်...။

အဲ့ဒိလို မနက်စောစော အရောက်သွားနိုင်ဖို့ အိပ်ယာကနေ မနည်းကုံးရုံးပြီးထယူရတယ်..။ခုနောက်ပိုင်းမှာ အရင်တုန်းက ငယ်ငယ်ကနဲ့ မတူတော့ဘူး။ အိပ်ယာဝင်တာလဲနောက်ကျသလို အိပ်ယာထတာလည်း သိသိသာသာကြီးကို နောက်ကျလာတယ်။အရင်တုန်းက ဒီလိုမဟုတ်ဘူး။စောစောမအိပ်ရလဲ မနက်ကျရင် စောစောနိုးလေ့ရှိတယ်...။တမင်နောက်ကျပြီးမှ ထတာမဟုတ်ဘူး။နိုးကို မနိုးတာ။တစ်ခါတစ်လေဆို အိပ်လွန်းလို့ ကိုယ့်ကိုယ်ကိုလဲ ဒေါသတွေထွက်မိတယ်....။ဘာကြောင့်မှန်းမသိဘူး။ဒါကြောင့် နောက်တစ်နေ့မနက်မှာ တစ်ခုခုအစီအစဉ်ရှိရင် ထုံးစံအတိုင်း Alarm နာရီနဲ့ ကိုယ့်ကိုယ်ကို နှိုးရတယ်။

အိပ်ယာကနိုးတော့ နိုးနိုးချင်းပဲ ရန်ကုန်ရောက်နေတဲ့အစ်ကိုအကြောင်းကို စဉ်းစားမိတယ်...။ သူနဲ့သာဆိုရင် ကျမဒီလို မထချင်သလိုလို လုပ်နေလို့ဘယ်ရလိမ့်မလဲ....လို့တွေးမိတယ်...။

ကျမ ဆယ်တန်းတုန်းကဆိုရင် ကြမ်းတပြေးထဲအတူတူအိပ်နေရင်းနဲ့ သူ့လက်ကြီး အကြီးကြီးနဲ့ ကြမ်းပြင်ကို ဘုန်း ခနဲဆိုပုတ်လိုက်တာနဲ့ငေါက်ခနဲ ထထိုင်ရတာ။စာကျက်ရင်းက တစ်ယောက်ထဲတိတ်တိတ်လေး ငြိမ်ပြီးငိုက်နေရင်လဲ...ဘယ်အချိန်မှာ သူက နိုးနေသလဲမသိ။တစ်ခါ အုန်း ဆိုထုပြန်ရော.။
ဒီလိုနဲ့ ဆယ်တန်းအောင်ခဲ့ရတာ..။ကိုယ့်ဝီရိယနဲ့ ကိုယ်သာဆို ဆယ်တန်းတောင်အောင်ပါ့မလား မသိဘူး...။

******************************
သူတို့တည်းတဲ့ ဟိုတယ်ကိုကျမရောက်သွားတော့ မနက် ၇နာရီ..။
သူတို့ကိုခေါ်ပြီးတော့ ဘုရားသွားဖို့ကားငှားကြတယ်..။အဲ့ဒိမှာ ကျမအစ်ကိုလုပ်သူက ရှေ့ကနေသွားနေရင်းက
ကားနားရောက်ခါနီးမှ တစ်ချက်ဆတ်ခနဲဆို ရပ်လိုက်တယ်။ပြီးတော့ ကျမဘက်ကိုလှည့်ပြီး...ပြော...ဆိုတဲ့ပုံမျိုး
လုပ်ပြတယ်။သူများအမြင်ဆိုရင်တော့ ဒါဟာမထူးဆန်းဘူးဆိုပေမယ့် ကျမအတွက်တော့ အဲ့ဒိအမူအယာက ထူးဆန်းနေပါတယ်။အစ်ကိုက ကျမကို ရှေ့တင်ပေးလိုက်တာ ဆိုပေမယ့် ကျမကအဲ့လိုမျိုးမနေချင်ဘူး။
ကျမဘာသာ တစ်ယောက်ထဲရပ်တည်နေရင်နေပါမယ်..။ဒါပေမယ့် အစ်ကို့ရှေ့မှာတော့ အဲ့လိုမျိုးရှေ့က မနေချင်ဘူးလေ၊အဲ့လိုမျိုးသူက လုပ်ပြတော့မသွားပဲလဲ နေလို့မရဲတော့ ကျမကပဲ ကားသမားနဲ့ စကားပြောပြီး
နောက်ဆုံးတော့ ဘုရားပေါ်ကိုရောက်လာခဲ့တယ်။ဒါပေမယ့် ကျမစိတ်ထဲမှာ အစ်ကို့ကို တယ်ပြီး ဘ၀င်မကျချင်လှဘူး။

သူဘာလို့ငါ့ကို အဲ့လိုလုပ်တာလဲ........။ငါ့ကို သူအဲ့လိုဆက်ဆံစရာအကြောင်းမရှိဘူးလို့လဲ တွေးမိသေးတယ်..။
တစ်သက်လုံးက သူ့ဦးဆောင်မှုနောက်မှာ ကျမကလိုက်လာခဲ့ရတာ..။ခုခါမှ သူကဘာလို့ငါ့ကို ဦးဆောင်နေစေတာလဲ......။အဲ့ဒိနေ့က တစ်နေ့လုံးသွားသမျှမှာလဲ နေရာတိုင်းမှာ ကျမကပဲ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ချက်ချပြီး...ကိုယ့်စိတ်ကူးနဲ့ကိုယ် လုပ်ခဲ့ရတယ်.......။


ညဘက်ရောက်တော့ ကျမဘာသာတစ်ယောက်ထဲ ပြန်ပြီးတွေးနေမိတယ်......။အစ်ကို့ပြောင်းလဲမှုတွေလား..
ဒါမှမဟုတ်..ကျမရဲ့ပြောင်းလဲမှုတွေလား...ဒါမှမဟုတ် ပတ်ဝန်းကျင်ရဲ့ပြောင်းလဲမှုတွေလား....လို့...
ပြန်စဉ်းစားနေမိတယ်...။


************************************

အဖေဆုံးတော့ အမေနဲ့ ကျမတို့ မောင်နှမ ငါးယောက်ကျန်ခဲ့တယ်။အကြီးဆုံး ၂ ယောက်ဖြစ်တဲ့ အစ်မနဲ့ အစ်ကို
က အဖေဆုံးပြီးလို့ ၁ နှစ်အတွင်းမှာပဲ ရှေ့ဆင်နောက်ဆင့်အိမ်ထောင်တွေပြုလိုက်ကြတယ်။အဲ့ဒိအချိန်မှာ ကျမအစ်ကိုက အသက် ၁၆ နှစ်လားပဲရှိသေးတယ်။သူနဲ့ ကျမနဲ့က အသက် ၁၃ နှစ်နီးပါးကွာကြတယ်။သူနဲ့ ကျမနဲ့ ကြားမှာ အစ်မတစ်ယောက်ရှိသေးတယ်။အစ်မနဲ့ ကျမက ၆ နှစ်ကြီး၊၆ နှစ်ငယ်တွေ၊အကြီးဆုံး ၂ ယောက်ထွက်သွားပြီးနောက်ပိုင်းမှာ ကျမအစ်ကိုလေးက သူပဲအကြီးဆုံးဆိုပြီး ကျမတို့ ညီအစ်မနှစ်ယောက်ကို
ကျွေးမွေးစောင့်ရှောက်လာခဲ့တယ်.....။အမေက အဖေဆုံးကာစတုန်းက စိတ်တွေလေလို့....... ချက်ချင်းအနည်မထိုင်သေးခင်မှာ အစ်ကိုကအမေ့ကို တစ်ဖန်ပြန်ပြီး ဦးဆောင်ခဲ့တယ်..။ဒါ့အပြင် အကြီးဆုံး နှစ်ယောက်က ထားခဲ့တော့လဲ ကျမတို့ ညီအစ်မနှစ်ယောက်ကို သူကအားပေးနှစ်သိမ့်ခဲ့တယ်...။

သူ့ကိုကျမတို့ ညီအစ်မ နှစ်ယောက်လုံးက သိပ်ကြောက်ခဲ့ကြတယ်။သူတစ်ခွန်းဆို မီးခဲကိုရေဖြန်းသတ်လိုက်တာနဲ့အတူတူပဲ...။ချက်ချင်းငြိမ်သွားကြရတာ...။ပြီးမှသာ ကြိတ်ပြီး ရန်သတ်ရင်သတ်ကြ..။သူ့ရှေ့မှာတော့ ရန်ဖြစ်ဖို့ဝေးလို့ တစ်ယောက်နဲ့တစ်ယောက် စောင်လို့၊မဲ့လို့တောင်မရဘူး


ကျမတို့ငယ်ငယ်တုန်းက ရွာမှာဗွီဒီယိုရုံမှာဗွီဒီယိုသွားကြည့်ကြရတယ်။အဲ့လိုသွားကြည့်ချင်တာ။နေကြာစေ့၊
ဇီးငံစေ့တွေ တစ်ခုတ်ခုတ်စားပြီး....လူတွေကြပ်ကြပ်ထဲမှာ တိုးဝှေ့ပြီးကြည့်ရတာကို အရသာတွေကြတာ...။ အဲ့လိုညဘက်သွားကြည့်ဖို့ဆို...မနက်လောက်ထဲက အမေ့ကိုပြောရတာ။အမေက "နင်တို့ရေခပ်ရင် သွားရမယ်၊ ထမင်းအိုး၊ငါးပိချက်အိုး စုံအောင်တည်ရင်သွားရမယ်" ဆိုရင် တစ်နေကုန် ညီအစ်မ နှစ်ယောက်သားမှာ ကြိုးစားရတာ..။ညလဲရောက်လို့ အိမ်ရှေ့မှာ အဖော်တွေကလာခေါ်လှည့်ရော...အစ်ကိုလုပ်သူက ဘယ်သူလဲ သွားချင်တာ...လာစမ်းဒီနားလာစမ်းဆိုတာနဲ့...ဘယ်သူကမှ မသွားချင်သလိုနဲ့.....သူ့အနားလဲ မသွားရဲသလို..အိမ်ရှေ့ကအဖော်တွေကိုလဲ အချက်ပြပြီး သွားတော့လို့ပြောခဲ့ရတာ...။သူတို့တွေသွားကြလို့ ဗွီဒီယိုရုံမှာ ဇာတ်ကားတောင်ပြီးရော့မယ်...ကျမတို့အိမ်က လက်ချာက မပြီးတတ်သေးဘူး။

အဲ့ဒိအချိန်တုန်းက နင်အမုန်းဆုံးလူကဘယ်သူလဲလို့ ညီအစ်မနှစ်ယောက်သား တစ်ယောက်ကို
တစ်ယောက်ကြိတ်ပြီး မေးဖြစ်ကြတယ်။နှစ်ယောက်လုံးက ညီညီညာညာပဲ "အစ်ကိုလေး " လို့ ဖြေခဲ့ကြတယ်.........။

ဒါပေမယ့် အမှတ်မရှိတဲ့ကျမတို့ညီအစ်မ နှစ်ယောက်က အိပ်ယာထဲရောက်ရင်သာ ကြိတ်ငိုကြတာ ညတိုင်းပေမယ့် နောက်နေ့တွေမှာလဲ အမေ့ကို ထမင်းအိုး၊ဟင်းအိုး ကူချက်ပေးရင်း ညဘက်ကျရင် ဗွီဒီယိုရုံ သွားရဖို့ ကြိုးစားမြဲပါပဲ...။

ကျမအသက် ၁၀ နှစ်သမီးမှာ နားရောဂါအကြီးအကျယ်ခံစားရပါတယ်။ဆေးရုံကို သုံးလလောက်တက် ယူ ရတဲ့အထိဖြစ်ခဲတယ်။အဲ့ဒိတုန်းက အိမ်မှာအစ်မတစ်ယောက်ထဲထားခဲ့ပြီး အမေရော၊ အစ်ကိုရော နှစ်ယောက်စလုံး ကျမနားမှာလိုက်နေခဲ့ကြတယ်..။ဖြစ်တဲ့အချိန်က သင်္ကြန်တွင်းကြီးဆိုတော့ ပုသိမ်ဆေးရုံက ဆရာဝန်က ဇာတိတောင်ကြီးကိုပြန်ပြီးရဟန်းဝတ်နေတဲ့အချိန်၊ရန်ကုန်ကိုလာဖို့ကလဲ ပိုက်ဆံမတတ်နိုင်တော့
ပုသိမ်မှာပဲ ကျောက်ချပြီး ဘယ်တော့ပြန်လာမယ်မှန်းမသိတဲ့ နား၊နှာခေါင်းလည်ချောင်းအထူးကုဆရာဝန်ကို
ကျမတို့သားအမိသုံးယောက် စောင့်နေခဲ့ကြတယ်။ကျမက သတိလွတ်သွားလိုက်၊ပြန်လည်လာလိုက်နဲ့... ဖြစ်နေခဲ့တယ်။နောက်မှပြန်သိရတာက အဲ့ဒိတုန်းက အစ်ကိုက စိတ်ညစ်လို့ ကျမတို့တည်းတဲ့ ဘုန်းကြီးကျောင်း ထဲက ရေတွင်းနားမှာ ညတိုင်း သွားသွားထိုင်ပြီး ငိုနေခဲ့တာတဲ့..။

အဲ့ဒိတုန်းက ကျမကနှစ်ခါပြန်ပြီးခွဲစိတ်ခဲ့ရတယ်။နောက်တစ်ကြိမ်ခွဲစိတ်ခန်းဝင်ရတော့မယ်ဆိုတော့ ကျမကမ၀င်ချင်တော့ဘူး။သေရင်လဲသေပါစေတော့ဆိုတော့ ခွဲမှာ မဟုတ်၊ဆေးထည့်ရုံသက်သက်ပဲလို့ပြောပြီး
အစ်ကိုက ကျမကိုညာလို့ ခွဲခန်းထဲကိုပို့ခဲ့တယ်။အထဲရောက်တော့မှ သူညာမှန်းသိတဲ့ကျမက သူ့ကိုမုန်းလိုက်တာ။စိတ်တွေလဲ အလွန်တိုခဲ့မိတယ်။ဘယ်လောက်ထိစိတ်ထဲတိုနေခဲ့သလဲဆိုတော့ ခွဲခန်းကထွက်လာတော့ မေးဆေးကယောင်ကတမ်းနဲ့ကိုပဲ အစ်ကိုလေးညာတယ်၊အစ်ကိုလေးညာတယ်လို့
ယောင်နေခဲ့တယ်တဲ့...လေ။

ကျမရှစ်တန်းကျောင်းသူဖြစ်တော့ သားရေဖိနပ်လေးတွေဆို သိပ်စီးချင်တာ။အမေ့ကိုမရရအောင် ပူဆာပြီး သားရေဖိနပ်အမာ(ယောက်ျားစီးဖိနပ်လိုမျိုး)ကိုစီးတော့ ခြေထောက်တွေမာကုန်လိမ့်မယ်ဆိုပြီး ....အစ်ကိုက တားခဲ့ဖူးတယ်။ဒီစကားဟာ ကျမတစ်သက်လုံးမှာ သူ့ဆီကကြားရဖူးတဲ့ နူးညံ့ကြင်နာတယ်လို့ယူဆလို့ရတဲ့ စကားတစ်ခွန်းပါပဲ..။အဲ့ဒိတစ်ခါကစပြီး နောက်ဘယ်တော့မှလဲ မကြားရတော့ပါဘူး။ဒါပေမယ့်ကျမကလဲ ခုချိန်ထိ အဲ့ဒိဖိနပ်ကိုစီးနေဖြစ်တုန်းပါပဲ...။

ရန်ကုန်ကိုကျောင်းတက်ဖို့ မောင်နှမနှစ်ယောက်သားလာခဲ့ကြတော့....သူကျမအတွက်စိတ်တွေပူနေခဲ့တယ်လို့
ကျမထင်တယ်။ရန်ကုန်မှာ လူတွေကိုသိပ်မယုံနဲ့ဆိုတဲ့ စကားကိုသာတွင်တွင်မှာနေခဲ့တယ်...။ဒါပေမယ့် ကျမအစ်ကိုက ကျမကိုစိတ်ချယုံကြည်စွာနဲ့ အမျိုးအဆွေရယ်လို့တစ်ယောက်မှ မရှိတဲ့ရန်ကုန်မြို့ကြီးမှာ တစ်ယောက်ထဲထားခဲ့တာ .....ခုဆို ၈ နှစ်ပြည့်တော့မယ်...။

ကျမဆယ်တန်းမအောင်သေးခင်တုန်းက အစ်ကို့ကို သူတကာက ဘယ်တော့ မိန်းမယူမှာလဲလူပျိုကြီး လို့မေးရင် ကျနော့ညီမလေးဆယ်တန်းအောင်တော့ ယူမှာပေါ့ဗျာလို့ သူဖြေတာကြားမိတယ်..။
ကျမဆယ်တန်းအောင်ပြီးတဲ့နောက်တော့ ကျနော့ညီမလေးကျောင်းပြီးတော့ပေါ့ဗျာလို့ သူဖြေခဲ့တယ်..။
တကယ်လဲ ကျမအစ်ကိုဟာ လူပျိုကြီးအဖြစ်ရည်းစားလဲ (ကျမသိသလောက်)တစ်ယောက်မှ မထားခဲ့ဘဲ နေခဲ့တယ်။

ကျမ တက္ကသိုလ်တတိယနှစ်ရောက်တော့ သူနှစ်သက်တဲ့မိန်းကလေးတစ်ယောက်ရှိတယ်၊ ညီမလေး ဘယ်လိုသဘောရသလဲလို့ကျမကိုသူ့မိန်းကလေးနဲ့ မိတ်ဆက်ပေးခဲ့တယ်...။နောက်ဆုံးတော့
ကျမရဲ့သဘောတူညီမှုနဲ့ သူနဲ့သူ့အမျိုးသမီးနဲ့ ကျမကျောင်းပြီးတော့ အိမ်ထောင်ပြုဖြစ်ကြတယ်...........။

သားသမီးတွေကို ဘယ်တစ်ယောက်ကိုမှ အားမကိုးဘူး၊ငါ့လက်ငါ့ခြေပဲ အားကိုးတယ်၊အိမ်ထောင်ပြုပြီးတာနဲ့ ငါ့အနားမှာတစ်ယောက်မှ မနေတော့နဲ့...နင်တို့ဝေးရာကိုသွားလို့...အမေက အမြဲပြောတတ်ပေမယ့် သူ့သားကြီး ကိုတော့ အဲ့လိုမပြောခဲ့ဘူး။အစ်ကိုကလဲ အမေ့အိမ် အနားကတစ်ဖ၀ါးမှ မခွာခဲ့ဘူး။ခုချိန်ထိ အမေ့နားမှာပဲ နေပြီး " အမေရေကွမ်းလေး ယာပေးပါဦး၊" "အမေရေ...အသုတ်လေး သုပ်ကျွေးပါဦး.."လုပ်နေတုန်းပါပဲ...............။

ကျမစဉ်းစားခန်းတွေ အဆုံးသတ်မရပါဘူး...ဒီလိုပဲ အဖြေလဲ ထုတ်လို့မရခဲ့ပါဘူး.........။
တခါတလေတော့လည်း ပေါ့ပေါ့ပါးပါးလေးတွေးကြည့်မိချင်ပါတယ်.........။

14 Responses to “အစ်ကို”

ကောင်းလိုက်တဲ့အစ်ကိုလေး
မောင်နှမတွေထဲမှာ အလည်လူပေမယ့် တာဝန်ယူတတ်တဲ့ အစ်ကိုအစ်မတွေ ရှိတတ်တယ်...
မိဘတွေအတွက် ဘုရားပေးတဲ့လက်ဆောင်မွန်ပါပဲ..

ညီမကို ကိုယ့်လမ်းကိုလျှောက်စေချင်လို့ ရှေ့က သွားခိုင်းတာထင်ပါတယ်...

khin oo may said...

သိတ်မတွေးပါနဲ့လေ.

Kay said...

။အစ်ကို့ပြောင်းလဲမှုတွေလား..
ဒါမှမဟုတ်..ကျမရဲ့ပြောင်းလဲမှုတွေလား...ဒါမှမဟုတ် ပတ်ဝန်းကျင်ရဲ့ပြောင်းလဲမှုတွေလား
------------
အဲဒါ..အရွယ်ရဲ့ပြောင်းလဲမူ မဟုတ်ဘူးလား။း)

Anonymous said...

ဒီလိုအစ်ကိုရှိတာ ညီမလေးကံကောင်းတာပေါ့။

ကြည်

MANORHARY said...

အတွေးလေးတွေကိုလာမျှဝေခံစားသွားတယ် ...

Anonymous said...

အမ....
အကိုကောင်းတစ်ယောက် ရထားတာပဲ။
ကံကောင်းတာပေါ့။
အနည်းဆုံးတော့ အမမှာ ပြန်တွေးစရာ ၊လွမ်းစရာ အမှတ်တရလေးတွေ တပုံတပင်ကြီး ရှိနေသေးတာပဲလေ။
ညီမမှာတော့....

ညီမလေးရဲ့ပို့စ်ကိုဖတ်ရတာ ရင်ထဲမှာ ဘယ်လိုခံစားရမှန်းတောင်မသိဘူး...ဘိုဖြူရဲ့သီချင်းတပုဒ်ကိုလည်း ပြေးပြီးသတိရမိတယ်...

လူဆိုတာ ပြောင်းလဲတတ်တယ် ထင်တာပဲ၊ သို့မဟုတ်
ရင်လည်း ပြောင်းလဲခြင်းက လူကို ၀ါးမြိုတယ်ထင်တယ်။

တော်တော်အမေ့အပေါ်မှာရော၊ ညီမအပေါ်မှာရော ကောင်းတဲ့အစ်ကိုပဲ။ ကိုယ့်မှာလည်းအစ်ကိုရှိတယ်။ အမေ့စကားလည်း အရမ်းနားထောင်တယ်။ ဒါပေမယ့် ကိုယ့်ကိုသိပ်ဆူဘူး။ အသက်၂နှစ်ပဲကွာတာကို။ ကိုယ်ဘာပြောပြောရယ်နေတတ်တယ်။ ပုသိမ်ကိုလာရတယ်ဆိုတော့ ဘယ်ရွာကလဲ။ ဆေးရုံတက်တုန်းက အကြောင်းကြားလိုက်ရင်ပြီးရော။ လာကြည့်မှာပေါ့။ ကိုယ်က ပုသိမ်သူလေ။ :P

Welcome said...

မောင်နှမတွေ အများကြီးရှိတဲ့ အိမ်ကို အားကျတယ်။ တစ်ယောက်ထဲနေရတဲ့ အဖော်မဲ့တဲ့ တစ်ကောင်ကြွက်ဘ၀ကို မလိုချင်ဆုံးပဲ။

ဖတ်ပြီးရင်ထဲမှာ ခံစားရတယ်

အေးလေ ပုသိမ်ကို ဆေးရုံလာတက်ရတယ်ဆိုတော့ ဘယ်နေရာကလဲ။ ဒီလိုအကိုမျိုးရတာ ကံကောင်းတာပေါ့။ ကိုယ်ကလဲ ညီမကောင်းတယောက်ဖြစ်နေတာပဲ မဟုတ်လား။ ဒါလဲ ကျေးဇူးဆပ်ခြင်းတမျိုးပေါ့လေ..

littlebrook said...

အင်း ချစ်ဖို့ကောင်းတဲ့အကိုပဲ
ရှိတာကို ကျေးဇူးတင် ညီမလေး