Saturday, February 21, 2009

"အခုတော့ဟာသ တစ်ချိန်တုန်းကတော့ ဒုက္ခ "

ညတုန်းကပေါ့...။ရာသီဥတုက ပူကပူနဲ့..။အဲ့ဒိ ပူတဲ့အကြောင်းပဲ ပိုစ့်တစ်ပုဒ်ရေးပြီး အိမ်ပြန်တော့ ညီညီ တက်(ဂ်)ထားတဲ့အကြောင်းလေးရေးပေးရဦးမယ်လို့ စိတ်ထဲထည့်ပြီး အိမ်ကိုပြန်ခဲ့တယ်..။

အိမ်ပြန်ရောက်တော့ ထုံးစံအတိုင်း မြို့နယ်လျှပ်စစ်ရုံးကို တာဝန်နဲ့ဝတ္တရားအရ ဖုန်းဆက်ကြည့်လိုက်တယ်...။
မီးဘယ်တော့လာမလဲပေါ့...။(မီးဆိုတာ မီးဆိုတဲ့ ကောင်မလေးတော့မဟုတ်ပါဘူး)သူတို့ကလဲ ထုံးစံအတိုင်း ပြန်ဖြေရှာပါတယ်...သိပ်မကြာတော့ပါဘူးပေါ့။ဘယ်လောက်ကြာမလဲတော့ မမေးတော့ပါဘူး။အဲ့သလိုဖြေရခက်
စေတဲ့ မေးခွန်းမျိုးတွေကို ဘယ်သူ့ကိုမှ မမေးဖူးလို့ ဆုံးဖြတ်ထားတယ်........:)

၂ ပေချောင်းလေးတစ်ချောင်းထွန်းပြီးတော့ မိသားစုတစ်စုလုံး အိမ်ရှေ့မှာ ချစ်ချစ်ခင်ခင်စုထိုင်နေကြတယ်...။
ညကနက်လာတော့ တဖြည်းဖြည်းနဲ့ အင်အားက လျော့လျော့လာတယ်...။နောက်ဆုံး ကျမနဲ့ အစ်ကိုတစ်ယောက်နဲ့ပဲ ကျန်တော့တယ်။

လွင်မိုးနဲ့ မခိုင်ကားငှားလာတဲ့ အဲ့ဒိအစ်ကိုကလဲ တော်တော်နဲ့ မအိပ်နိုင်ဘူး...။သူနဲ့ ရောက်တတ်ရာရာတွေ လျှောက်ပြောကြရင်းက.....သြော် ငါတို့လဲ...မသိရင် ရွာလေးတစ်ရွာရောက်နေရသလိုပဲနော်...အပြင်ဘက်မှာ
လမိုက်ညလရဲ့ အလင်းရောင်ရယ်...။လေ နုအေးလေးက တဖြူးဖြူးတိုက်လို့....။

အဲ့ဒါနဲ့ပဲ ရွာလေးတစ်ရွာမှာ တစ်ယောက်ထဲကြောက်ကြောက်လန့်လန့်နဲ့ အိပ်ခဲ့ရတဲ့ ညတစ်ညအကြောင်း
သူ့ကိုပြန်ပြောပြဖြစ်တယ်..။ဒီအကြောင်းကိုပဲ ညီညီတက်(ဂ်)တဲ့ "အခုတော့ဟာသ တစ်ချိန်တုန်းကတော့ ဒုက္ခ "လို့ ပြောလို့ရမယ်ထင်ပါတယ်..။


အဲ့ဒိရွာကလေးကို ကျမရောက်သွားတော့...ညနေစောင်းနေပြီ..။ဒါဟာ ပထမဆုံးအကြိမ်အဖြစ် တစ်ခါမှမရောက်ဖူးတဲ့ ရွာတစ်ရွာကို ကိုယ်တစ်ယောက်ထဲ ရောက်ဖူးခြင်းပါ။ရုံးကားနဲ့..ပေါ့.။
ပါလာတဲ့ပစ္စည်းတွေကိုချပြီး..ကားဆရာပြန်သွားတော့ ကျမတစ်ယောက်ထဲ ငေါင်တောင်တောင်ကျန်နေခဲ့တယ်။
ကျမကို ခရီးဦးကြိုပြုမယ့်သူ မရှိဘူး။ဘယ်သူလဲ..ဘယ်ကလဲ မေးမယ့်သူမရှိ၊ဘယ်သူနဲ့တွေ့ချင်တာလဲ...လို့လဲ
စပ်စုမယ့်သူမရှိ................။အနဲဆုံးတော့ အဲ့လိုလေးမေးသင့်တာပဲလေ....။ခုတော့ ကျမဘာသာကျမ ခပ်တည်တည်နဲ့ ရွာဥက္ကဌအိမ်မှာ တစ်ယောက်ထဲ ရေနွေးကြမ်းအေးစက်စက်တွေကို တစ်ခွက်ပြီး တစ်ခွက်သောက်နေရတယ်..။

တခြားရွာတွေဆို အဲ့လိုဖြစ်လေ့ မရှိဘူး။ကျမတို့ရုံးကားက ရွာထဲကိုဝင်လာပြီမြင်တာနဲ့ ကျမနဲ့အတူတူ
အလုပ်တွဲလုပ်ရတဲ့ အမျိုးသမီးတွေ၊စေတနာ့ဝန်ထမ်းလူငယ်တွေက ချက်ချင်းရောက်လာပြီး အလုပ်စလုပ်ကြဖို့
ပြောကြ၊ဆိုကြ။နောက်ပြီး သူတို့နဲ့အတူ ရွာရိုးလျှောက်ပြီးအိမ်သာစစ်၊ကလေးတွေနဲ့ စကားပြော စသဖြင့်ပေါ့...။

ခုတော့ ရွာဥက္ကဌလဲ မရှိဘူး။သူဘယ်ရောက်လဲဆိုတာလဲ သူ့အမေကမသိဘူး၊ပြီးတော့ အဲ့ဒိရွာကို ကျမပထမဆုံးရောက်ဖူးခြင်းဖြစ်လို့ ဘယ်သူတွေက ကိုယ်နဲ့အတူတူအလုပ်တွဲလုပ်မှာလဲဆိုတာလဲ ကျမ မသိဘူး။
မေးစရာ ဘယ်သူ့မေးရမှန်းလဲ မသိဘူး။တစ်ယောက်ထဲနဲ့ ဘယ်သူ့ကိုမှန်းမသိပဲ ဒေါသတွေအတစ်လိုက်၊
အခဲလိုက်ထွက်နေရုံမှတစ်ပါး ဘာမှမတတ်နိုင်ခဲ့ပါ.........။

နောက်ဆုံးတော့ အသက်ကြီးကြီး ဦးလေးကြီးတစ်ယောက်ရောက်လာတယ်.။ခလေးမ လူကြီးတော့မရှိဘူး..
ဒီည ဒီမှာ အိပ်မှာမလား...ဒါဆိုလဲ ရေလေးမိုးလေးချိုး၊ပြီးမှ ကျုပ်ပြန်လာခဲ့မယ်..ဆိုပြီး ပြန်ထွက်သွားရော..။
နောက်တော့မှသိရတာက အဲ့ဒိသူတို့အခေါ် လူကြီးဆိုတဲ့ ဥက္ကဌငယ်ငယ်လေးက အရက်သွားသောက်နေတာပါ။
နောက်တော့သူလဲ ပြုတ်သွားပါတယ်။

ဆရာသမားက ပြန်လာတော့ တော်တော်လေးအရှိန်ကောင်းနေပြီ။ကျမကိုလဲ ဘယ်သူလဲ ဘယ်ကမှန်းလဲ သူမသိပါဘူး။ဒါနဲ့ ခြေမခိုင်အောင် မူးနေ၊လျှာတွေအာတွေလိပ်နေတဲ့ အဲ့ဒိလူကို ကျမကိုယ်ကျမ မိတ်ဆက်
ရပါတယ်။အလုပ်ရဲ့ သဘောသဘာဝကကိုက အဲ့ဒိလိုမျိုးပါ။မဟုတ်ရင် ကျမက သူ့ရွာသွားပြီး ကျမဘယ်သူပါ ဆိုတာ မပြောမဆိုနေလို့ ဖမ်းခံထိသွားနိုင်တယ်လေ...။အင်း...အင်းသာ သူကလိုက်ပြောနေရှာတယ်..
ကျမသိတယ်..ဒီလူ ကျမစကားတွေကိုတောင် သဲသဲကွဲကွဲ ကြားချင်မှ ကြားမှာ...။

နောက်တော့ သူတို့အိမ်မှာ ကျမကိုညစာကျွေးပါတယ်..။အဲ့ဒိ ညစာစားနေတုန်းမှာပဲ ကျမနဲ့ခပ်လှမ်းလှမ်းမှာ
သူတို့ဝိုင်းဖြစ်နေကြတယ်...။စကားတော့ အကျယ်ကြီးမပြောကြဘူး။ကြာလာတော့ ကျမက အားနာလာတယ်။
ငါရှိလို့များ သူတို့စကားကျယ်ကျယ်မပြောကြတာလားပေါ့ ဆိုပြီးတော့လေ။သူ့အမေက ကျမကိုဧည့်ခံတယ်..။

ညအိပ်ချိန်ရောက်ပြီ။ကျမဘယ်မှာ အိပ်ရမယ်ဆိုတာ မသိသေးပါဘူး။ဥက္ကဌရဲ့ အိမ်က အသေးလေးရယ်....။
သူ့မယ် သူ့အမေရှိတယ်။ညီမ ၂ ယောက်ရှိတယ်။နောက်ပြီး သူ့မိန်းမနဲ့ ကလေး ၂ယောက်လဲရှိသေးတယ်..။
စောင်၊ခြင်ထောင် အလုံအလောက်ရှိဖို့ မမျှော်လင့်ဝံ့ပါဘူး။ကျောချစရာရရင်ပဲ အဆင်ပြေပြီလို့ ဆုတောင်း
နေမိတယ်။

အဲ့ဒိမှာ ကုသိုလ်ကံက ပြန်ကောင်းချင်တာထင်ပါရဲ့...။သူတို့ရွာရဲ့ အတော်လေးပြေလည်ပုံလဲရပြီး၊ရွာအပေါ်မှာလဲ သြဇာညောင်းတဲ့ ဦးလေးကြီးတစ်ယောက်က ရောက်လာတယ်။
"ခလေးမ စားပြီးရင်ကျုပ်အိမ်မယ် လိုက်အိပ်။အိမ်မှာ ကျုပ်မိန်းမနဲ့ အတူတူအိပ်ပေါ့။ဟုတ်လား"
လို့ပြောတော့ ကျမ ၀မ်းသာလိုက်တာ။သူ့အိမ်က ဘယ်လိုအခြေအနေ
ရှိမလဲ ကျမမသိပေမယ့် အနဲဆုံးတော့ ဒီအရက်ဝိုင်းနားမှာ ထမင်းစားနေရတဲ့ ဒုက္ခကနေ လွတ်တော့မယ်ဆိုတဲ့
အတွေးနဲ့တင် နေသာထိုင်သာ ရှိလာခဲ့တယ်။ဒါနဲ့ ထမင်းကိုကသုတ်ကရုတ်စားပြီး ချက်ချင်းပဲ ထလိုက်ခဲ့တယ်..။

အဲ့လိုပါပဲ..ကံဆိုးမသွားရာ..မိုးလိုက်လို့ရွာဆိုတာ...။ကံမကောင်းခြင်းဆိုတာကလဲ အဖော်အပေါင်းနဲ့မှ
ပျော်ပျော်ကြီးလာတတ်လေ့ရှိတာမလား....။ကျမ အထင်နဲ့အမြင်ပါစင်အောင် လွဲပါတော့တယ်..။

ခြံအ၀ိုင်းထဲကို စ၀င်လိုက်ထဲက အိမ်ရှေ့မှာ မီးကလေးမှိတ်တုတ်၊မှိတ်တုတ်တော့တွေ့သားပဲ။ဘာလဲလို့ ကျမမသိဘူး။အိမ်ကတော့ ခန့်ခန့်ထည်ထည်ရှိတယ်။မြေစိုက် ခြေတံရှည်အိမ်ပါ။အောက်ထပ်က အကာအရံမရှိဘူး။၂ ယောက်အိပ်ကုတင်တစ်လုံးချထားတယ်..။အိပ်ယာတွေလဲ တွေ့တယ်..။ကျမထင်တာက
သြော်..ဒါအဲ့ဒိလူရဲ့ သားလေးတွေအိပ်ယာလို့ ထင်တာပေါ့။ဘာလို့ဆိုလေဟာပြင်ထဲမှာလဲ ဖြစ်တယ်..။နောက်ပြီး
အကာအရံလဲမရှိဆိုတော့ မိန်းကလေးကိုတော့ ဒီနေရာမှ မအိပ်ခိုင်းလောက်ဘူးလို့ မျှော်လင့်တာပေါ့...။
ဒါမယ့် နောက်ဆီကနေ "ကဲခလေးမ အဲ့မယ်လှဲချင်လှဲလို့ " ပြောတော့မှပဲ ..........နားတွေပါးတွေ ပူထူသွားရတဲ့အထိကျမကြောက်ရွံ့တော့တာ.......။

ကျမတစ်ခါမှမရောက်ဖူးတဲ့ရွာ၊ရုံးက အဖေါ်ရယ်လို့လဲ မရှိဘူး။ကျမနဲ့အတူအိပ်မယ်ဆိုတဲ့ သူ့အမျိုးသမီးကလဲ ဘယ်ဆီနေမှန်း၊ဘယ်သူဘယ်ဝါမှန်းကျမ မသိပါဘူး။စိုးရိမ်တာပေါ့...။စိတ်ထဲမှာ..အတွေးပေါင်းစုံနဲ့ နောက်ကျိလို့ နေတယ်။ကြောက်ကြောက်လန့်လန့်နဲ့ပဲ ချည်လွယ်အိတ်လေးထဲက ဓားတိုတိုလေးကို ထုတ်ပြီး ဓာတ်မီးရယ်၊
အဲ့ဒိဓားလေးရယ်...ခေါင်းအုံးအောက်ထားပြီးလှဲနေလိုက်တယ်....။ဘယ်လိုမှလဲ အိပ်လို့မပျော်ပါဘူး။
အတွေးတွေက ယောက်ယပ်ခပ်လို့နေတယ်။

အမေသာမြင်ရင်တော့ ငါ့ကိုဘယ်လိုပြောလိမ့်မလဲ...........။ဂရုဏာဒေါသောနဲ့ ထုရိုက်ပစ်လိုက်လေမလား။
ထုချင်လဲ ထု၊ရိုက်ချင်လဲ ရိုက်ပါအမေရယ်............။မတန်မရာစိတ်ကူးအိပ်မက်တွေနဲ့ အမေ့နားကနေ ထွက်ပြေးနေတဲ့ ကျမကိုရိုက်သာရိုက်လိုက်ပါတော့ အမေရယ်...............လို့သာ တမ်းတနေမိတယ်..။

ကြောက်ရွံ့နေတဲ့ စိတ်တွေကို အဆုံးစွန်ထိဖြစ်စေတာကတော့ အိမ်ရှေ့က မီးမှိတ်တုတ်မှိတ်တုတ်လေးဆီက တအေ့အေ့နဲ့ အသံတွေကြားရတော့ပါ.......။အဲ့ဒါ အရက်ဆိုင်ကြီးပဲ။စောစောက ငါတွေ့ခဲ့တဲ့မီးတိုင်လေးတွေက
အရက်ဝိုင်းတွေဆီကပေါ့...။သွားပြီ။သွားပြီ..ငါ့ဘ၀တော့သွားပြီ..ငါဘာလုပ်မလဲ..။တကယ်လို့ အရက်မူးသမားတစ်ယောက်ယောက်က ငါ့ဆီရောက်လာခဲ့ရင် ငါဘာလုပ်ရမလဲ....။အဲ့ဒိ မူးပြီးရောက်လာမယ့်
လူကို ငါဘာလုပ်ရမလဲ...။ဘယ်သူမှ ရောက်မလာပါစေနဲ့လို့ပဲ....ဆုတောင်းနေရတယ်။

အရက်ဆိုင်နဲ့ ကျမလှဲနေတဲ့ကုတင်က ၆ တောင်လောက်ပဲဝေးတယ်.။ခြေလှမ်း ဆယ်လှမ်းလောက်ဆိုရောက်ပြီ
ရွတ်လိုက်ရတဲ့ ဘုရားစာတွေလဲခေါက်ကယ်ပြန်ကယ်နဲ့...အမှားမှားအယွင်းယွင်းနဲ့....။
ဘာတွေရွတ်နေမိခဲ့သလဲဆိုတာတောင်ကျမဘာသာကျမမသိတော့ပါဘူး.......။အဲ့ဒိကြောက်ရွံ့မှုမျိုးတစ်ခါမှ
မခံစားဖူးသလို ဒီလိုဒုက္ခမျိုးလဲ ဘယ်တော့မှမခံစားပါရစေနဲ့လို့ပဲ ထပ်ခါထပ်ခါဆုတွေတောင်းရုံပဲ ကျမတတ်နိုင်
တယ်...။

ညအိပ်တော့လဲ ကိုက်လိုက်တဲ့ ကြမ်းပိုးတွေ၊ခုငါ့ကိုကိုက်နေတာ...ကြမ်းပိုးမှ ဟုတ်ရဲ့လား....ဟိုး အိမ်ထောင့်က တချွတ်ချွတ်လုပ်နေတဲ့ ကြက်အုပ်ရဲ့ ကြက်သန်းတွေများလား....။တကယ်တော့ အဲ့ဒိအိပ်ခြင်းဒုက္ခလောက်က မထူးဆန်းတော့ပါဘူး။တခြားမှာလဲ ဒီလောက်တော့ ကြုံရ၊ခံစားရတာပါပဲ...။
ဒါပေမယ့် ဒီညကတော့ကြောက်လန့်ပြီး အိပ်မရတော့ ကြမ်းပိုးကပဲ ပိုကိုက်သလို၊ကြက်သန်းတွေကပဲ
ပိုပြီးရွစိ၊ရွစိဖြစ်နေသလို.....................။

အဲဒိတုန်းက ကျမဘာလို့အရမ်းကြောက်ခဲ့သလဲ ....ခုပြန်မတွေးတတ်ပါ..။ဘာကြောင့်ဆိုတဲ့
အကြောင်းရင်းကိုရှာဖို့လဲ ခက်ပါတယ်။

ဖြစ်နိုင်ခြေရှိတာကတော့ အခါတိုင်းအဖေါ်အပေါင်းနဲ့သွားရလေ့ရှိတဲ့ခရီးမျိုးကိုခုတစ်ယောက်ထဲ သွားရလို့
ဖြစ်နိုင်ပါတယ်။အားငယ်ခြင်းရဲ့ အဖြေပါ..။အဲ့ဒါပါပဲ..။အင်မတန်လဲ အူကြောင်ကြောင်နိုင်တဲ့ ဖြစ်ရပ်ပါ....။

ညတုန်းကပဲ အစ်ကိုလုပ်သူကိုပြန်ပြောပြရင်း ကိုယ့်ဘာသာကိုယ် တစ်ယောက်ထဲတစ်ဟားဟားနဲ့ ရယ်နေဖြစ်သေးတယ်။ကြောက်လိုက်တာမှ ခြေမကိုင်မိ၊လက်မကိုင်မိ ဖြစ်ရတဲ့အထိ။
ရယ်စရာမကောင်းဘူးလားကွယ်..........။ခုနေများ ဒါမျိုးနောက်ထပ်တစ်ကြိမ်လောက်ပြန်ကြုံချင်ပါသေးရဲ့......။


ညီရေ့....အဆင်ပြေမပြေတော့မသိဘူး...ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်..။

မှတ်ချက်။ ဥက္ကဌဆိုတဲ့ စာလုံးပေါင်းမှားနေပါသည်။ဘယ်ကီးတွေရိုက်ရမှန်းမသိလို့ပါ..သိရင်ပြောခဲ့ကြပါဦး

14 Responses to “"အခုတော့ဟာသ တစ်ချိန်တုန်းကတော့ ဒုက္ခ "”

Shift + X = ဌ ....

ကြောက်သင့်ပါတယ်လေ...

pandora said...

ဟုတ်တယ်.. ကြောက်စရာပဲ..

sin dan lar said...

ကြောက်စရာကောင်းပါ၏

Andy said...

မီးလာတဲ့နည်းကို ပြောပြပါမယ်...
ပထမဆုံး လမ်းထိပ်ထွက်ပါ။
မြို့ထဲသွားတဲ့ ဘတ်စ်ကားစီးပါ။
မြို့ထဲရောက်ရင် လမ်းသုံးဆယ်ဘက်ကိုသွားပါ။
မီးစက်တစ်လုံးဝယ်ပါ။
အိမ်ပြန်ပါ။
လိုအပ်တဲ့တပ်ဆင်မှုတွေ လုပ်ပါ။
မီးစက်ကိုဆီဖြည့်ပါ။
မီးစက်ကိုနှိုးပါ။

မီးလာပါပြီခင်ဗျား ရွှီးရွှီးဖြောင်းဖြောင်း

Kay said...

ညီမကြီးရေ- ဟုတ်ပ

ကွင်းဆင်းရင်း..ဒါမျိုးတွေ ကြုံဖူးတယ်။ ပြန်တွေးတော့.. ရီစရာလိုလို..

ဟေးးးး ဟေးးးး မီးလာပီဟေ့

အိမ်မက်ထဲမှာပြောပါတယ်။

ကိုယ်တိုင်ရောက်နေသလိုမျိုး ခံစားလိုက်ရတယ် ညီမလေးရေ...ဟုတ်တယ် မိန်းကလေးတစ်ယောက်အနေနဲ့ဆိုရင် ကြောက်စရာအတွေ့အကြုံတစ်ခုဆိုတာ အသေအချာပါပဲ......

ရွှင်လန်းပါစေညီမလေးရေ

အစ်မမို့လို့ခံနိုင်ရည်ရှိတာ။ ညီမသာဆိုကြောက်လွန်းလို့ နှလုံးသွေးရပ်သွားမလားပဲ။ ရွာကတော်တော်ခေါင်လို့လားဟင်။

ဒါများ အဲ့ရှေ့နားက အေ့နေတဲ့လူတွေဆီသွားပီး ကိုယ်ပါရောအေ့နေလိုက် ပီးရော.. ဟာဟ.. ဟီး. ရယ်ရသဗျ..

ဥက္ကဋ္ဌ.. or.. ဥက္ကဌ ????
the first one is.. shift + \ ..
the second one is.. shift + x (like U Nge said)

Welcome said...

ရုံးက အဖော်လေးဘာလေး ထည့်မပေးလိုက်ဘူးလား။ မိန်းကလေးတစ်ယောက်ထဲ ခရီးသွားရတာကို။
ကို andy ရဲ့မီးလာနည်းကတော့ နှိပ်တယ်။
အဆင်ပြေပါစေ

ညီမ အဖြစ်ကို စာနာလို့ရပါတယ်။ နောက်ဆိုမရောက်ဘူးတဲ့ ဒေသဆို အဖော်ခေါ်သွားဖို့ မမေ့နဲ့ဦးနော်

shanlay said...

ဟားဟား ပျော်စရာကြီး မျက်လုံးလေးကလယ်ကလယ်နဲ့
တော်တော်လန့်နေရှာမှာ ဟားဟား

ပိုင်တယ်ကွာ........... ။
ရေးထားတာ တကယ် ပီပြင်တယ်ဗျ ၊

“အားငယ်ခြင်း”ဆိုတဲ့ အဖြေကို ရှာတွေ့ဖို့ ပေးလိုက်ရတဲ့ “ကြောက်လန့်ခြင်း” ကတန်ဖိုး ရှိပါလေရဲ့ ဗျာ ........ ။

PS:
ဥက္ကဌ မပေါင်း ချင်ရင် အလွယ်လေး ၊ သူကြီးလို့ပေါင်းလိုက်ပေါ့ ဟီဟိ ။ ဒါနဲ့
လူငယ်ဥက္ကဌ ကို ဘာလို့ လူကြီးလို့ခေါ်တာလဲဟင် ?

အမရာ said...

ဒါနဲ့တရေးမှမအိပ်လိုက်ရဘူးပေါ့.......