Thursday, February 05, 2009

ရပ်နေသူ့ ရင်ထဲမယ်...........

အေးလွန်းတဲ့ ဆောင်းမနက်ခင်းတစ်ခုရဲ့ နှင်းတွေကြားထဲမှာ....နှင်းကျသံတစ်ဖျောက်ဖျောက်ထဲမှာကျမကို
ချစ်တယ်လို့ သူပြောခဲ့ပါသည်။ကျမက ခပ်ဟဟပြုံးတော့"ဘာလို့ ပြုံးတာလဲ။မယုံဘူးမို့လား ကျနော်သိတယ်။
ခင်ဗျားက တစ်ခုခုကို အလွယ်တကူနဲ့ မယုံတတ်၊လက်မခံတတ်ဘူး ဆိုတာကို "တဲ့။
"မယုံလို့ မဟုတ်ပါဘူး၊ဒီစကားကို ကိုရဲ ဒီလိုပြောလာမယ်ဆိုတာကြိုတင်သိပြီးသားဖြစ်နေလို့လေ။နောက်ပြီး ကိုယ်က ကိုရဲ မပြောလောက်ဘူးလို့လဲ ယုံကြည်နေမိခဲ့ပြန်ရောလေ..." ဆိုတော့
"ခင်ဗျား အဲ့ဒိလောက် မပွင့်လင်းပါနဲ့ဗျာ..." ဆိုပြီး သူ့ဆံပင်ခပ်တိုတိုလေးကို ထိုးကုတ်နေလိုက်သေးတယ်။

သူ့ကို "ကိုရဲ"လို့ကျမက တမင်လေးစားသလိုခေါ်ရင် သူမကြိုက်ပါဘူး။ "ခင်ဗျားကလဲရွယ်တူတွေပဲ၊ဘာလို့
ကိုတပ်တပ်ပြီးခေါ်တာလဲ "တဲ့။
"ဒါဆို ကိုရဲကရောဘာလို့ကိုယ့်ကို ခင်ဗျားလို့ ခေါ်တာလဲ "ဆိုတော့
"ဟ ဒါက အညာကလူတွေအကုန်လုံး ဒီလိုပဲပြောကြတာပဲဟာ.." တဲ့။
"'ဒါပေမယ့်ကိုယ်ကအညာသူမဟုတ်ဘူးလေ.." ဆိုတော့
"စကားကို ကပ်မပြောနဲ့ဗျာ၊ကျနော် ခင်ဗျားလို စကားမတတ်ဘူး"တဲ့....။

"ကဲ ကဲ ဒါဆိုလဲ ကိုယ်က ငရဲလို့ ခေါ်မယ်လေ" လို့ဆိုတော့ သူပြုံးလိုက်တယ်။
"ဘာလို့ခေါ်တာလဲ ပြောရဦးမလား" ဆိုတော့
" မပြောနဲ့ရတယ် " တဲ့...။
"ဒါမယ့် ငရဲဆိုတော့ ပူပြင်းမလား မသိဘူးနော်.."တဲ့၊
" အဲ့ဒါတော့ ကိုယ်လဲ မသိဘူးလေကွာ....၊ကိုယ့်စိတ်ခံစားမှု မပါပဲ ဘာတစ်ခုကိုမှ မလုပ်ဖူးဘူး"
ဆိုတော့.. " အိုကေလေ" တဲ့။

အဲ့ဒိနေ့တုန်းက ကျမသူ့ဆိုင်ကယ်နောက်ကနေ သူနဲ့မထိမိအောင် ခပ်ခွာခွာလေးထိုင်ပြီးလိုက်ခဲ့တယ်....။
အဲ့ဒိနေ့မနက်က နှင်းကျသံတစ်ဖျောက်ဖျောက်ကြားမှာ ကျမတို့စကားသံတွေ တိတ်ဆိတ်ဆွံ့အခဲ့တယ်။

သူလဲ ဘာမှဆက်မပြောတော့သလို ကျမလဲ ဘာစကားမှ ပြန်မစဖြစ်ခဲ့တော့ပါ................။

*****************************

"မျှော်လင့်ခြင်းကွင်းပြင် ဆိုကွာ" ဆိုတော့ "ဟာ တောထဲသွားတဲ့သီချင်းတွေ မဆိုချင်ဘူးတဲ့..........."...
"အိုး ရွာသွားတဲ့ ကွင်းပြင်ထဲမှာ ဆိုတိုင်း ဒါကိုမဆိုင်နိုင်တာတော့ မဟုတ်သေးပါဘူး "ဆိုတော့
"တခြားတစ်ပုဒ်ပြော "...တဲ့။ကိုအငဲရဲ့ မျှော်လင့်ခြင်းကွင်းပြင်ကို ကျမ ဘယ်တုန်းကမှ ဆိုခိုင်းလို့ မရသလို၊
ကျမဆိုမယ် တီးပေး လို့လဲ ပြောလို့မရခဲ့ဖူးပါ............။

သူက ခုထွက်နေတဲ့ LMN ထဲက လမ်း သီချင်းဆိုပြမယ်ဆိုတော့ "ဟင့်အင်း အဲ့သီချင်းက ကိုယ်တို့နှစ်ယောက်နဲ့ ဘာမှမဆိုင်တဲ့ သီချင်း"လို့ ကျမကပြောတော့ "ဘယ်သူပြောလဲတဲ့......."၊
" ပိတ်ဆို့ခြင်းခံ တို့အချစ်များ ဘယ်လမ်းကဆက်သွယ်မလဲ "လေ...။
"အဲ့နေရာလေ...အဲ့နေရာက ကိုယ်တို့နဲ့ ဘာဆိုင်လို့လဲ" ဆိုတော့
"ခင်ဗျားကလဲ မဆီမဆိုင်တွေ တွေးနေပြန်ပြီ"လို့ ချက်ချင်း ချေပတတ်ပါတယ်။
"ငရဲလဲ စကားတွေအရမ်းတတ်လာပြီနော် "ဆိုတော့

"အဲ့ဒါ ခင်ဗျားပဲ သင်ပေးတာလေ "တဲ့..............။ကျမ သူ့ကိုနှစ်လိုစွာပြုံးပြလိုက်မိပါတယ်။

နောက်ဆုံးတော့ သူဆိုချင်တာဆိုပြီး၊ကျမတောင်းဆိုတဲ့ သီချင်း သုံးလေးပုဒ်ရယ်၊ကျမရူးသွပ်တဲ့ ဒိုးလုံးသီချင်း
သုံးလေးပုဒ်ရယ်နဲ့ ကျနော်တို့ ဘောလုံးပွဲသွားကြည့်ကြမယ်လေဆိုပြီး သူနဲ့ကျမရဲ့ ဂစ်တာဝိုင်းလေးကို
အဆုံးသတ်ခဲ့ကြတယ်။

******************************

အကြေမြို့လေးကနေ အပြီးအပိုင်ခွဲရတော့မယ် ဆိုတော့ နေစဉ်အခါက ဒုက္ခတွေကို ပြန်တွေးရင်း ကျမတစ်ယောက်ထဲ ပြုံးနေမိပါတယ်။ခုတော့လဲ ဒါတွေက ဘာမှ မဟုတ်တော့ပါလားကွယ်.ဒါပေမယ့် ကျမခံစားချက်တစ်ခုကို ရင်ထဲထည့်သယ်သွားချင်ပါသည်။ကျမနေရပ်ပြန်ရောက်တဲ့ အထိ အဲ့ဒိခံစားချက်ကို
သယ်သွားပြီး တသသနဲ့ ခံစားနေနိုင်ဖို့ ဖြစ်ပါသည်။

ဒါပေမယ့် ကျမရဲ့ ပူပြင်းတဲ့မီးတောက်လေးက ကျမကို ဘာခံစားချက်မှ သယ်မသွားနဲ့လို့ ပြောထားခဲ့ဖူးပါသည်။
ကျနော်လဲ ဘာခံစားချက်မှ ယူမထားခဲ့ဘူးတဲ့။ခင်ဗျားလဲ ယူမသွားပါနဲ့တဲ့။ကျမ သူ့စကားကို နားထောင်ပြီး ဘာခံစားချက်မှ မသယ်ပဲပြန်ခဲ့ချင်ပါသည်။ဒါပေမယ့်အဲ့ဒိစိတ်ကူးက အရာရာကိုမဖြစ်နိုင်တာ မရှိစေရလို့
ကြွေးကြော်ထားတဲ့ မိန်းမတစ်ယောက်ရဲ့မသိစိတ်မှာ ဘယ်လိုမှအကောင်အထည်
ဖော်မရတဲ့စိတ္တဇနာမ်တစ်ခုပါ။

ဒါကြောင့်ပဲ အမျိုးအမည်တပ်မရတဲ့ အဲ့ဒီခံစားချက်လေးတစ်ခုကို ကျမသယ်လာခဲ့မိတယ်.............။

*******************************************

အေးလွန်းတဲ့ အညာဆောင်းဟာ မကွေးမြို့မှာတော့ နေရာတကာထက်ပိုလွန်းသလားလို့ ကျမထင်ပါသည်။
ညနေလေးနာရီဆိုတဲ့အချိန်မှာပဲ မကွေးမြို့သည် အေးစက်စက်ဖြစ်နေပြီ။

ဖုံတစ်ထောင်းထောင်းထနေတဲ့ လမ်းမဘေးမှာ ကျမတစ်ယောက်ထဲ လမ်းလျှောက်နေမိသည်။
ဘယ်ကိုသွားနေမိသလဲ ကိုယ့်ဘာသာကို မသိပါ။လမ်းတွေက တစ်ခုနဲ့တစ်ခုထောင့်မှန်ကျပြီးရှိနေသည်။
မြို့ဖွဲ့စည်းပုံ
လှပသလို သပ်သပ်ရပ်ရပ်လဲ ရှိပါသည်။

နေလုံးက ဧရာဝတီထဲ ၀င်တော့မည်။ကျမလဲ နေမင်းကြီးနဲ့အတူ ဧရာဝတီဆီလျှောက်လိုက်သွားနေမိပါသည်။

နေမကွယ်ခင် ကျမ ဧရာဝတီဆီရောက်မှာပေါ့။နေလဲ ဧရာဝတီဆီ အရောက်၊ကျမလဲ ဧရာဝတီဆီအရောက်..
ကျမတို့အတူတူသွားနေကြသည်။

ဒီမြို့က ကျမမြို့မဟုတ်ပါ။နောက် တစ်နာရီလောက် လမ်းလျှောက်အချိန်ဖြုန်းပြီးရင် နောက်ထပ်ကျမမြို့
မဟုတ်တဲ့ မြို့တစ်မြို့ကိုကျမခရီးဆက်ရဦးမယ်........။


ရင်ထဲမှာ ဘာခံစားချက်မှ မရှိပါ။လိုက်ပို့နှုတ်ဆက်မယ့်သူ မရှိသလို၊ဆီးကြိုပွေ့ဖက်မယ့်သူလဲ မရှိတဲ့ ဒီလိုခရီးမျိုး
ဘယ်နှစ်ခုလောက် ခရီးဆန့်ပြီးခဲ့ပြီလဲ...။မတွေးတတ်တော့တာကို ဘယ်သူကမှလဲ နားလည်နိုင်မှာ မဟုတ်။
ကျမခေါင်းထဲမှာ ရန်ကုန်ရောက်ရင် တစ်ပတ်တိတိ တက်ရမယ့်သင်တန်းအကြောင်း၊နောက်ပြီး
လက်စမသတ်နိုင်ပဲထားခဲ့ရတဲ့ ကျမရဲ့ကျောင်းသားလေးတွေ၊ကျမရဲ့ ငါးနှစ်အောက်ကလေးအမေတွေ၊

သူနာပြုဆရာမလေးတွေ၊သားဖွားဆရာမလေးတွေ။ပြုစုရမယ့် စာရင်းအချက်အလက်တွေ၊ရုံးပြန်ရောက်တာနဲ့
ပြန်ရှင်းပေးရမယ့် ခရီးစရိတ်တွေ၊reportတွေ၊အဲ့ဒါတွေနဲ့ အုံခဲလို့နေရင်းက ဧရာဝတီဆီလျှောက်သွားနေမိတယ်။

ကျမ ဧရာဝတီဆီရောက်ပါပြီ။ဧရာဝတီက ပကတိရိုးစင်းလိုက်တာ။မင်းဘူးဘက်ကမ်းကနေဖြတ်လာတဲ့
လေနုနုက မင်းဘူးရနံ့၊စက္ကိန်းတဲရနံ့....၊ရေနံအနံ့တွေကသယ်လာပြီး ကျမဆီလာထိခတ်တယ်။ကျမရင်တွေ
သိပ်ကိုလှုပ်ခတ်လာတယ်။ဟောဟိုမှာမြင်နေရတာက ကဗျာဆရာတွေ ကျွန်းမကြီးကဗျာရွတ်ပွဲလုပ်လေ့ရှိတဲ့
ကျွန်းများလား။ရေစပ်ကနေ မြစ်ကမ်းနဖူးထိ ထွန်းနေတဲ့သောင်တွေပေါ်မှာ အ၀တ်လျှော်၊ရေချိုး လုပ်နေတဲ့ မိသားစုတွေ။နောက်ပြီးတော့
ကြက်သွန်ခင်း စိမ်းစိမ်းများ၊အနောက်ဘက်ကမ်းက မှိုင်းပြပြတောင်တန်း။

ဧရာဝတီ၊အဲ့ဒိ ဧရာဝတီရဲ့ အဆုံးမှာ ကျမနေပြီး ဧရာဝတီရဲ့အစကိုတော့ ခုထိ မတွေ့ထိ၊မခံစားဖူးသေးဘူး၊
ခုကျမရောက်နေတာက ဧရာဝတီရဲ့အလယ်၊ဧရာဝတီနဲ့ နှုတ်ခမ်းတစ်ဖက်ကို နင်းပြီး ကျမရပ်နေမိတယ်။

ဧရာဝတီရဲ့ဘေးမှာရပ်ပြီး အဆုံးအစမဲ့စွာ ကျမငေးနေမိတယ်။

***************************

ရပ်နေတဲ့သူရဲ့ ရင်ထဲမှာ ဘာတွေရှိနိုင်မလဲ....တွေးကြည့်မိမလား၊တစ်ယောက်ယောက်အလာကို မျှော်နေတာလဲ ဖြစ်နိုင်သလို တစ်ယောက်ယောက် ထွက်သွားတာကို ရပ်ကြည့်နေတာလဲ ဖြစ်နိုင်ပါသည်။

***********************

16 Responses to “ရပ်နေသူ့ ရင်ထဲမယ်...........”

ငါ့ညီမကြီးလည်း
ရင်ဘတ်ထဲမှာ ပန်းတွေ ပွင့်တတ်နေပြီထင်ပါ့...း)

ရပ်ကြည့်နေသူကို
ဧရာဝတီကတော့ ရပ်မကြည့်သွားဘူး မဟုတ်လား...

စာကောင်းလေးပါ...
စမ်းချောင်းတခု စီးဆင်းသွားသလိုမျိုး...

ကောင်းတယ်..
အချစ်ဝတ္တုလေးတွေကို အဲသလိုလေး
အဖြတ်အတောက်လေးတွေနဲ့ ချထားခဲ့တာ ကြိုက်တယ်..
လူဘဝက တစ်ပိုင်းစီ တစ်ပိုင်းစီ ဆက်ထားတဲ့ ဇာတ်လမ်းရှည်ကြီးပါဗျာ..

ဆောင်းပါးလေး လာဖတ်ဖြစ်ပါတယ်။
သိပ်လှတဲ့ ဧရာဝတီကို မြင်ချင်ပါရဲ့။

Welcome said...

သယ်ချင်း
ဖတ်လို့ကောင်းတဲ့ ၀တ္ထုတိုလေး လာအားပေး ပါတယ်။ သယ်ချင်းက မြစ်ညာမှာနေတယ်။ ခု မြစ်လယ်ကို ရောက်နေတယ်။ မြစ်ထိပ်မှာတော့ အမွှာ ညီအစ်မရှိနေတယ်လို့ပဲ သိထားလိုက်ပါ။
နှစ်သက်စွာနဲ့ ဖတ်သွားပါတယ်။

မွန် said...

ရပ်နေတဲ့သူရဲ့ ရင်ထဲမှာ ဘာတွေရှိနိုင်မလဲ....တွေးကြည့်မိမလား....၊တစ်ယောက်ယောက်အလာကို မျှော်နေတာလဲ ဖြစ်နိုင်သလို တစ်ယောက်ယောက် ထွက်သွားတာကို ရပ်ကြည့်နေတာလဲ ဖြစ်နိုင်ပါသည်။
အဲဒါလေးတအားကြိုက်တယ် ဟုတ်တယ်နော် နှုတ်ဆက်တာလိုမျိုးပေါ့ ဆုံတွေ့လို့နှုတ်ဆက်သလား ခွဲခွာဖို့နှုတ်ဆက်သလား အားပေးနေတယ်ကြေးမုံ

မကေ said...

ဧရာဝတီ...၊အဲ့ဒိ ဧရာဝတီရဲ့ အဆုံးမှာ ကျမနေပြီး ဧရာဝတီရဲ့အစကိုတော့ ခုထိ မတွေ့ထိ၊မခံစားဘူးသေးဘူး၊

ညီမကြီးရေ- အဲဒီ အဖွဲ့လေးကို သဘောကျမိပါရဲ့။
ဒါတွေဟာ.. အချိန်နဲ့အရွယ်အရ.. အလိုလို ပွင့်လာတဲ့ ပန်းလေးတွေ ဝေနေတဲ့ စာလေးတွေပါ။

အယ်...နင်လည်း ဒါမျိုး ဇတ်လမ်းတွေရှိတယ် ၀ိုး မိုက်တယ်ဝေ့ ရင်တွင်းညှစ်တွေ ဖတ်လို့ကောင်းတယ် အစကတော့ ကြည်နူစရာနဲ့ အဆုံးကျတော့ ကြေကွဲမှုတွေ မေးခွန်းတွေနဲ့နော် ဒါ ငါတို့အတွက် အချစ်က ဒဏ်များ ခတ်တာလားလို့း)

Craton said...

တကယ့်ကို ချီးကျူးပါတယ် မmirror
မေ့ချင်ချင်ဖြစ်နေတဲ့ မကွေးမြို့ဧရာဝတီမြစ်ကမ်းဘေး
လမ်းလျှောက်ခဲ့တာတွေကို သတိရသွားပါတယ်.. တိုက်တိုက်ဆိုင်ဆိုင်ဗျာ.. ခံစားချက်တွေတူလိုက်တာ

ဧရာဝတီ...၊အဲ့ဒိ ဧရာဝတီရဲ့ အဆုံးမှာ ကျမနေပြီး ဧရာဝတီရဲ့အစကိုတော့ ခုထိ မတွေ့ထိ၊မခံစားဘူးသေးဘူး၊ ခုကျမရောက်နေတာက ဧရာဝတီရဲ့အလယ်၊ဧရာဝတီနဲ့ နှုတ်ခမ်းတစ်ဖက်ကို နင်းပြီး ကျမရပ်နေမိတယ်............။
ညီမလေးရေ ကောင်းလိုက်တဲ့အဖွဲ့အနွဲ့လေးပါလား..

MANORHARY said...

ရပ်နေသူ့ရင်ထဲကို ငေးကြည့်ခဲ့တယ်။

မျှော်နေတာလည်းမဟုတ် ထွက်သွားတာကြည့်တာလဲ မဟုတ်.. ရပ်ချင်လို့ကို ရပ်နေတာလည်း ဖြစ်နိုင်သေးတယ်လေ..

ရပ်နေတဲ့သူရဲ့ ရင်ထဲမှာ ဘာတွေရှိနိုင်မလဲ....တွေးကြည့်မိမလား....၊တစ်ယောက်ယောက်အလာကို မျှော်နေတာလဲ ဖြစ်နိုင်သလို တစ်ယောက်ယောက် ထွက်သွားတာကို ရပ်ကြည့်နေတာလဲ ဖြစ်နိုင်ပါသည်။ တဲ့ အဲ့စာကြောင်းလေး အရမ်းသဘောကျသွားတယ်
မမေရာရေ

အင်း သစ်ပင်တွေရဲ့ အရိပ်အရပ်ဘယ်လောက်ရှည်မှ
နင်ပြန်လာမလဲ ဆိုပြီးစောင့်ခဲ့ဖူးတယ်
ကောင်းတယ်ညီမလေးရေ ...တချိန်မဟုတ် တချိန်မှာ
တစ်ယောက်ယောက်က တစ်စုံတစ်ရာကို စောင့်နေခဲ့ဖူးမှာပါ တခါတခါ လာမှာကိုမမျှော်လင့်ဘဲ
စောင့်ဆိုင်းနေမိတဲ့အဖြစ်မျိုးလည်း ရှိတယ်ဟ

Mirror said...

အစ်ကိုအောင်သာငယ်..ဒီလိုပါပဲတစ်ခါတစ်လေတော့လဲ ဘီလူး မျက်ရည်ကျပြကြည့်တာပါ။အားပေးတာ ကျေးဇူး။

ကဗျာဆရာကြီး ကိုလင်းဒီပရေ...၊အားပေးတာလဲ ကျေးဇူး။
မန့်တာကိုပဲ ကဗျာဆန်ဆန်မန့်သွားလို့လဲ ကျေးဇူးဗျ နော်။

အောင်မြေရေ..၊သွားကြမလားး)

ကိုဝင်းဇော်..၊လမ်းညွှန်တာ ကျေးဇူးပါ၊

မွန်ရေ့ အားပေးနေတယ်ဆိုလို့ ကျေးဇူးတင်ပါတယ်။
အမျိုးမျိုးဖြစ်နိုင်ပါတယ်လေ..။

အစ်မ ကေ..၊ဒီမှာ မနေတတ်တော့ဘူး။အစ်မက သဘောကျမိပါရဲ့ဆိုလို့..။

သယ်ရင်းမျိုးကြီးရေ့..ဘယ်သူပြောလဲ ရင်တွင်းညှစ်လို့..။ဟီး...။
ဒါ ငါတို့အတွက် အချစ်က ဒဏ်များ ခတ်တာလားလို့း) တဲ့လား။အဲ့ဒါတော့ ငါလဲ မသိဘူးလေ..။

မောင်လေး craton ကရော ရောက်ဖူးတာလား၊အင်းပေါ့ တူနေမှာပေါ့ ဒီအချိန်က အဲ့ဒေသတွေကို လွမ်းချင့်စရာ အချိန်လေ။လာလေ..စုလွမ်းကြာတာပေါ့။

အစ်ကိုကြီး ဆောင်းယွန်း...ကျေးဇူးပါ။
ကဗျာဆရာကြီးကိုတော့ မမှီသေးဘူးထင်တယ်။

အစ်မ မနော်..ကျေးဇူးပါရှင်။

ညီမလေး ညီညီ..အစ်မတွေဝေတာကို သိလို့ အဲ့လိုမန့်ခဲ့တာလား..ဟင်..။

ကိုဂျဲရေ..ကျေးဇူးဗျ.နော်..။

ကိုစိုင်း....ရှေ့ဆုံးက အင်း.....ဆိုတာကိုတွေ့တော့ ပြုံးမိရဲ့..။

ကျမဒီလို စာတွေရေးတာကို လာဖတ်ပေးတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါသည်။

ဒူကဘာ said...

နှင်းတွေ၊ ဧရာဝတီတွေ ကို ညီမလေး ပုံရိပ်လိုပဲ ဒူကဘာကြီးလဲ ရပ်နေသူ့ ရင်ထဲကို ငေးကြည့်ခဲ့တယ်။

ခွဲခွာသွားသူနဲ့ ကျန်ရစ်သူ ဘယ်သူပိုနာကျင်လဲ ဆို အဖြေက
ကျွန်တော်ပါတဲ့ ..
ဖတ်ဖူးပြီး အလွတ်ရနေတဲ့ စာကြောင်းလေးပါ။