Friday, January 30, 2009

မကြေးမုံတို့ စာသင်နေပါသည်

ကျမသူငယ်ချင်း ဘိုဘိုက ဒီနေ့မှာ ပိုစ့်အသစ်ပြန်တင်ပါတယ်။သူတင်တဲ့ ပိုစ့်က ဘယ်လိုကြိုးစားနေတာလဲ တဲ့...။
သူဆိုလိုချင်တာကိုဘော်ဒါချင်းမို့ သိပေမယ့် တခြားသူတစ်ယောက်ဆိုရင်တော့နဲနဲစဉ်းစားရပါမယ်.။ဒါပေမယ့် သေချာတာတစ်ခုကတော့ မြန်မာပြည်ရဲ့ ပိုက်ဆံအလုံးလိုက်၊အရင်းလိုက်ပေးပြီး သင်နေရတဲ့သင်တန်းတွေရဲ့ အခြေအနေကိုတော့ ထင်ဟပ်စေပါတယ်။ကျမလိုရာဆွဲတွေးတာလဲ ဖြစ်နိုင်ပါတယ်။သွားဖတ်လို့လဲ ရကြောင်းပါ။

သူ့ပိုစ့်ကို ဖတ်ပြီးတော့ ကျမဒီပိုစ့်ကိုရေးဖို့စိတ်ကူးထားတာကိုချက်ချင်းအကောင်အထည်ဖော်ဖြစ်ပါတယ်။
ကျမအကြောင်းတစေ့တစောင်းဆိုရင်လဲ မမှားပါဘူး။


ကျမဆယ်တန်းစာမေးပွဲအောင်တော့ ဆေးတက္ကသိုလ်အမှတ်ကို ကပ်ပြီးပြုတ်ပါတယ်။အဲ့ဒိမှာ ၀မ်းအနည်းဆုံး
လူကတော့ ထုံးစံအတိုင်း ကျမအမေပါ။အဲ့ဒိအချိန်တုန်းက အိမ်ရဲ့စီးပွားရေးက သိပ်အဆင်မပြေလှပေမယ့်
အမေက ကျမသာ ဆရာဝန်ဖြစ်မယ်ဆို မဖြစ်၊ဖြစ်တဲ့နည်းနဲ့ ထားမယ့်သူ.......။ကျမကတော့ ကြိတ်ပြီးဝမ်းသာနေ ခဲ့တယ်။အကြောင်းက အဲ့ဒိအချိန်2002 ခုနှစ်မှာ မကွေးဆေးတက္ကသိုလ်ဆိုတာ ပေါ်နေခဲ့ပြီ။ကျမ၀င်ခွင့်ရခဲ့ရင်လဲ မကွေးကိုသွားရမယ်၊အဲ့လောက် ဝေးလံတဲ့နေရာကို ကျမမသွားချင်ပါဘူး။

ဆရာဝန်မဖြစ်ရင် အင်ဂျင်နီယာတော့ ဖြစ်စေချင်တယ်ဆိုတဲ့ အမေ့ဆန္ဒကိုလဲကျမမလိုက်လျောချင်ခဲ့ဘူး။
အချိန်က ၀ိုင်အိုင်တီမဟုတ်ပဲ ဂျီတီစီတွေခေတ်ကိုရောက်နေပြီ။ကျမတက်မယ်ဆိုရင် ဟင်္သာတမှာ တက်ရမယ်၊
ကျမဇာတိနဲ့တော့ နီးတာပေါ့။ဒါပေမယ့်ကျမအတွက်အစစအရာရာ အလှမ်းဝေးနေပြီး ကျမဇာတိနဲ့
ဘာမှထူးထူးခြားခြားကွာခြားမှုမရှိတဲ့ ပုသိမ်၊ဟင်္သာတ စတဲ့မြို့ကြီးတွေမှာလဲ ကျမမနေချင်ဘူး။

ကျမရဲ့ ဂျီဟောသူအိပ်မက်၊မာလာဆောင် အိပ်မက်တွေကိုအကောင်အထည် မဖော်နိုင်တာချင်းအတူတူတော့ ကျမရဲ့အချိန်တွေကို အကုန်မခံချင်ဘူး။ဒီတော့ ရန်ကုန်မှာတက်ရမယ့်ကျောင်းကို ကျမဥာဏ်မှီသလောက်၊
လက်လမ်းမှီသလောက် ကြိုးစားစုံစမ်းရပါတယ်။ကျမကို ဦးဆောင်လမ်းပြပေးမယ့်သူ မရှိခဲ့ဘူး။
ကျမစိတ်ကူးနဲ့ တည့်ရာ၊ကိုယ်လုပ်ချင်ရာ ကိုယ်ရွေးချယ်ခဲ့တယ်။အရိုးသားဆုံးဝန်ခံရရင် မာန်လဲတက်နေတုန်း
အချိန်ပေါ့။ရန်ကုန်မှာနေချင်တယ်။ကိုယ့်ဘ၀တိုးတက်ဖို့အတွက် မြို့ပြရဲ့ ဘယ်လိုအခြေအနေတွေက
ဖန်တီးပေးနိုင်မလဲ....ကိုယ့်အနာဂတ်ကို ကိုယ့်ဘာသာကိုယ် ပုံဖော်ချင်တယ်။ဖော်လဲ ဖော်ကြည့်နေခဲ့ပါတယ်။

နောက်ဆုံးတော့ တစ်ခါရေးခဲ့ဖူးသလို ခြံသုံးခြံဆိုတဲ့ ဆေးဘက်ပညာသည်တက္ကသိုလ်ကို ရောက်သွားခဲ့တယ်
ဆိုပါတော့..................။အဲ့ဒိမှာလဲ ကျမလိုဘ၀တူတွေအများကြီးပါပဲ.......။တချို့ဆေးကျောင်းမမှီလို့ ၀မ်းနည်း
ပက်လက်၊တချို့ ကျောင်းစတက်ပြီး လလည်လောက်ရောက်ခါမှ သွားဆေးတက္ကသိုလ်ပြောင်းသွား။တချို့ကလဲ
စလုံးကို ပိုလီတက်ဖို့ သွား.......။နောက်ဆုံးတော့ လူ ၆၀ ပဲကျန်ခဲ့တဲ့အထိ၊အဲ့ဒိ ၆၀ ထဲကမှအထူးပြုမေဂျာ
သုံးခုထပ်ခွဲတော့ တစ်ခုကို အယောက် ၂၀ ရယ်။အယောက် ၂၀ ကို ခြံတစ်ခြံနှုံးနဲ့...............
အချိန်ဟာ ၄ နှစ်ကုန်ခဲ့တယ်...တစ်နှစ်ကို ၁၁ လတိတိကျောင်းတက်ရတယ်။

ကျမရဲ့ ရန်ကုန်အိပ်မက်တွေလဲ ခမ်းခြောက်စပြုလာတဲ့ အချိန်မှာ မေဂျာသုံးခုမှာ အမှတ်အနိမ့်ဆုံးနဲ့ပုံရိပ်ဖော်
နည်းပညာလို့နာမည်ပြောင်းခေါ်ထားတဲ့ ဓာတ်မှန်အထူးပြုနဲ့ အသက်ဆက်ခဲ့ရတယ်။စိတ်ဝင်စားမှုတွေဟာ ကျောင်းတက်လို့ ၂ နှစ်လောက်မှာပဲ သိသိသာသာသွေဖယ်လာခဲ့တယ်။ကျောင်းသူဘ၀ သုံးနှစ်လောက်မှာထဲက ကျမအနာဂတ်အတွက်ကျမစိုးရိမ်စပြုလာခဲ့တယ်။ကျမရဲ့ ပရော်ဖက်ရှင်နယ်လို့ လူသိများတဲ့ အလုပ်ကြီးနဲ့ ကျမ
အသက်မွေးဝမ်းကျောင်းမပြုချင်တော့ဘူး။ဆေးရုံဆင်းနေရတဲ့ ရက်တွေကကျမအတွက်စိတ်ညစ်စရာအချိန်တွေ
တွေဖြစ်လာတယ်။

နောက်ဆုံးမှာတော့ ဆရာဝန်မျက်နှာကိုသာ ကြည့်နေရပြီး လူနာမျက်နှာကို မကြည့်နိုင်တဲ့အသက်
မွေးဝမ်းကျောင်းအလုပ်လို့ ကျမဘာသာတစ်သီးပုဂ္ဂလခံယူထားတဲ့ အဲ့ဒိအလုပ်နဲ့ ဘယ်တော့မှ
ထမင်းရှာမစားဘူးလို့လဲဆုံးဖြတ်ခဲ့တယ်...။ဆုံးဖြတ်ချက်တစ်ခုအတွက် တိုက်ခိုက်ခဲ့ရတာက ကျေးလက်ဆန်တဲ့ မိခင်နဲ့ မိသားစုနဲ့...။စာကြမ်းပိုးလုပ်တဲ့ အပေါင်းအသင်းတွေနဲ့........။ဆုံးဖြတ်ချက်တစ်ခုကို သက်သေပြဖို့၊
ကျမအသက်မွေးဝမ်းကျောင်းပြုဖို့ တစ်ခုခုကိုစတင်ပြင်ဆင်ရပါတော့တယ်..............။အဲ့ဒိအချိန်မှာ တတ်နိုင်တာက ဘာသာစကားလေ့လာမှုပဲ ရှိပါတယ်။ဒီတော့ ဘာသာစကားဘက်ပဲ စလိုက်ခဲ့တယ်။

ကုန်လွန်ခဲ့တဲ့အချိန်လေးနှစ်တာကို နှမြောပါတယ်။ထို့ထက်ပိုလို့ နှမြောတာကတော့ ထက်မြတ်စူးရှနေတဲ့
ဦးနှောက်ကိုပါ။ပြီးခဲ့တာတွေကို ၀မ်းနည်းခဲ့ရတဲ့ အချိန်တွေလဲ ကုန်လွန်ခဲ့ပြီ။

ကျောင်းပြီးတော့ ငွေ၊ငွေ...ငွေ...ဆိုပြီး ငွေနောက်တစ်ကောက်ကောက်လိုက်ပြီး ကျမအလုပ်လုပ်ခဲ့တယ်။
ရန်ကုန်မှာ ကျောတစ်နေရာချဖို့၊ထမင်းစားဖို့၊သီချင်းနားထောင်ဖို့၊စာအုပ်ဝယ်ဖို့၊နောက်တော့ စာရေးဖို့..........
အဲ့ဒိ ကျမအိပ်မက်တွေကို စိတ်ရှိသလောက်လုပ်နိုင်ဖို့ ကျမအလုပ်လုပ်ပြီး ငွေရှာခဲ့တယ်။ငွေနောက်လိုက်ရင်း ကျမအချိန်တွေကုန်ခဲ့...။အသက်က 23 ဖြစ်လာပြီ။တတ်ထားတဲ့ ပညာကိုလဲ အသုံးမချချင်၊အပိုပညာလဲ ဘာမှမတတ်....။

ဒီတော့ ကျမအလုပ်ရပ်၊ပညာဘက် ပြန်ဦးလှည့်ရပြီ..တစ်ခုခုတော့ သင်မှဖြစ်တော့မယ်လို့ တွေးပါတယ်..။ဒီတော့ ကျမ ဘာကိုဝါသနာပါလဲ............။စဉ်းစားလို့မရ........။မရဆိုတာထက်...စဉ်းစားလို့ရလာတဲ့ အရာတစ်ခုက ထပ်မှားသွားမှာ စိုးရိမ်တယ်......။အမှားဆိုတာကို အလူးအလဲခံခဲ့ရပြီးပါပြီ...........။

ဒီမှာ ရေးရင်းက ပြန်သတိရမိတာ....လွန်ခဲ့တဲ့ သုံးရက်လောက်က စလုံးကို ကျောင်းသွားတတ်မယ့် သူငယ်ချင်း
တစ်ယောက်ကလာနှုတ်ဆက်တော့ (သူလဲ ကျောင်းကပါပဲ)သူ့မျက်နှာလေးက မျက်နှာငယ်နဲ့.......။
ကျောင်းသွားတတ်တာဆိုပေမယ့် သူတစ်ကာတွေလိုလဲ ပျော်ရွှင်တက်ကြွလို့ မနေ။ငါဒီတစ်ခါတောမမှားလောက်
တော့ဘူး ထင်ပါရဲ့နော်...တဲ့။ကိုယ်ရွေးတဲ့ကျောင်းကို နောက်ထပ်တစ်ခါ ထပ်မှားမှာ သိပ်ကိုစိုးရိပ်ပုံ
ကျပါတယ်.........။အေး အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်လို့...ပဲ..ဒါဟာ ရင်ထဲက လှိုက်လှိုက်လှဲလှဲပါ..။
ကိုယ်မှားမှာထက် သူမှားသွားမှာကို ပိုစိုးရိမ်မိပါတယ်...။ဘာလို့လဲ ဆိုတော့သူက ပိုက်ဆံသိန်းဆယ်နဲ့ ချီပြီး သင်မှရမယ့်ပညာဖြစ်လို့နေတယ်..။သူထပ်မမှားပါဘူး။ထပ်ပြီး အမှားတစ်ခုနဲ့ ထပ်မကြုံပါဘူး လို့ ကိုယ့်ဘာသာကိုယ်ပြန်ပြီး ဆင်ခြင်ယူနေရတယ်........။

ဆိုတော့ ကျမ မကြေးမုံခေါ်...မဖိုးဒီတစ်ယောက် စာသင်နေသည်ပေါ့...ကိုယ့်ကိုယ်မို့လို ခပ်ရိုင်းရိုင်းစကားပုံနဲ့ နှိုင်းရရင် ခွေးကြီးကြီးမှ လက်ပေးသင်ဆိုသလိုဖြစ်နေတော့စာနဲ့အစပ်အဟပ်တည့်ဖို့တော်တော်
အချိန်ယူရပါတယ်။ဒီကြားထဲ စာရေးချင်တဲ့စိတ်၊ဘလောဂ့်လည်ချင်တဲ့စိတ်...တွေကိုလဲ ချိုးရ၊နှိမ်ရသေးတယ်..။
သူရို့တွေကလဲ တင်နိုင်လိုက်ကြတာလဲ မပြောပါနဲ့တော့..။ဟောတစ်ပုဒ်၊ဟောတစ်ပုဒ်တွေနဲ့ဟာ....။
လိုက်ဖတ်ရတာအမော...။

စာသင်ရတာက ကံစမ်းမဲ နှိုက်သလိုပါပဲ..။နာမည်ကြီးလိုက်တဲ့ သင်တန်းတွေ၊နာမည်ကြီးလိုက်တဲ့ ဆရာတွေ..။
ဒါမဲ့ ကိုယ့်လိုအပ်ချက်က သူတို့ပေးနိုင်တာနဲ့ မညီမျှ......................။ကိုယ့်မျှော်လင့်ချက်က သူတို့ဝန်ဆောင်မှုနဲ့ အသားမကျ...။ကိုယ်က တောင်းဆိုချင်သူ...။ကိုယ်ကကိုယ်ပေးရသလောက် ကိုယ်ပြန်ရဖို့ မျှော်လင့်သူ.....။
ကိုယ်မျှော်လင့်သလောက် ကိုယ်ပြန်မရတဲ့ အခါ..........ဘယ်သူ့မှာ အပြစ်ရှိတယ်လို့ ဘယ်သူ့ကိုလက်ငြှိုးထိုးရ
မလဲ..........ဘယ်သူ့ကို လက်ငြှိုးထိုးခွင့်ရှိမလဲ...။

တချို့ ခင်းထားပြီးသား လမ်းပေါ်မှာ လျှောက်ကြသည်။တချို့ ကိုယ့်လမ်းကိုယ်ထွင်ကြသည်။တချို့ ထွင်နေရင်းက ဆူးထိုးတတ်သည်။တချို့ ဆူးထိုးလို့ လဲကျရင်း အဆိပ်တတ်လို့ သေဆုံးရတတ်သည်။

ဘယ်လိုပဲဖြစ်ဖြစ် မကြေးမုံတို့ ပညာသင်နေပါသည်...............။

18 Responses to “မကြေးမုံတို့ စာသင်နေပါသည်”

uranusaquarian said...

မကြေးမုံရေ......... ကျွဲကူးတော့ ရေပါသတဲ့။ အဲဒါ သူ့ကိုယ်မှာ သူ့ဟာသူ ပါလာတာဆိုပဲ။ ကျိုးစားနေသ၍ အလဟဿမဖြစ်ဘူးလို့ ခံယူပြီး လုပ်နေတာပါပဲ။ ဒီလိုနဲ့ပဲ သွားတွေ မကျွတ်အောင်တော့ ကြည့်ကြက်ပြီး ကျိုးစားနေပါကြောင်း၊ အားပေးရင်း အားယူသွားတယ်နော်

Welcome said...

သယ်ချင်း
စာအရေးအသားကလည်း ကောင်းလိုက်တာ။
ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ တစ်ခန်းရပ် လေး ဖတ်လိုက်ရသလို ခံစားရတယ်။ လူတိုင်းကိုယ်စီ ကိုယ့်အခက်အခဲနဲ့ကိုယ် ရှိကြပါတယ်။ အားမငယ်ပါနဲ့။ ဒါနဲ့ အဟီး ငါလည်း နည်းနည်း လျော့လျော့ပြီး ဘလောဂ့်ရေးပါ့မယ်။ နင်လိုက်ဖတ်ရတာ ပင်ပန်းမှာစိုးလို့လေ .. ..
ချာမကြီးရေ ပျော်ရွှင်နိုင်ပါစေ .. ..

littlebrook said...

ငါ့ညီိမရေ..ခွေးကြီးမှလက်ပေးသင် သဘောမထားပါနဲ့ဟ ငါတောင်ထထဟောင်ရတော့မလို
ဖြစ်ဖြစ်သွားတယ်

sin dan lar said...

အောင်မြင်ပါစေ...။

ပညာလို အိုသည်မရှိတဲ့ ကြိုးစား သယ်ရင်း ငါတော့ စိတ်ကုန်ပြီးး) ဘာမှလည်းလုပ်စားလို့မှမရတာ ။ နင့်စာတွေမှာ စိတ်ဓာတ်ပြင်းပြင်းတွေတွေ့နေရတယ်ဟေ့ :P

Craton said...

ပညာဆိုတာကတော့ သေတဲ့အချိန်ထိ သင်နေရဦးမှာပဲ
ဒီလိုပါပဲအစ်မရေ..
ဘ၀အာမခံချက်ရှိအောင် လူတိုင်းကြိုးစားကြရမှာပါပဲ

ငါ့ ညီမလေးရေ....
ဝေဒနာတွေကို မျှယူသွားပေးပါတယ်...
အစစ အရာရာ အဆင်ပြေပါစေ...
အောင်မြင်ပါစေ...

ပညာဆိုတာ ဘယ်တော့မှ အလကားမဖြစ်ပါဘူး။ သင်နိုင်သလောက်သာ သင်ထား။ အဲဒီ GTC ပေါ့။ ကျွန်တော့်ဘ၀ကို ဖျက်လိုက်တာ။

khin oo may said...

ဘာထပ်သင်နေသလဲဆိုတာကို စိတ်ဝင်စားပါတယ။်

Kay said...

ညီမရေ- ဒါကတော့ ကန့်သတ်ချက်တွေ များနေတဲ့ အခြေအနေ..Quota နဲ့ သင်ယူရတဲ့ သက်မွေးဝမ်းကျောင်းတွေ ဖြစ်နေခဲ့တယ်။ ညီမခံစားရသလို တို့တွေလည်းခံစားဖူးခဲ့ပါတယ်။
တခု အားပေးချင်တာက..ပညာဆိုတာ ဒီခေတ် မှာ multidisciplinary လည်း ဖြစ်နိုင်နေပါပြီ။ ဒါကြီးသင်ထားပေမဲ့..တသက်လုံး..ဒါကြီးနဲ့ပဲ ချစ်ချစ် မချစ်ချစ် အောင့်နမ်းနေစရာမလိုလှတော့ပါဘူး။ အသက် ၄၀ ကျော်မှ ဓါတု အင်ဂျင်နီယာကနေ.. နိုင်ငံသားအခွင့်အရေးတခု အတွက်..သူနာပြု ပြန်တတ်တာ မျိုး career change ကို U turn တောင် လုပ်နေ ကြပြီလေ။ ဘာမှ စိတ်မပူနဲ့ ၂၄ ဆိုတာ..တကယ့်မှ ငယ်ငယ်လေး..အစော ကြီး ရှိသေးတယ်။ ကိုယ်တကယ်လုပ်ချင်တဲ့ အလုပ် ပညာနဲ့ တွေ့ပါဆိုလို့ လှိုက်လှိုက်လှဲလှဲ ကိုယ်ချင်းစာပြီး ဆုတောင်းပေးလိုက်ပါတယ်။

ThuHninSee said...

U turnနေရတာ မကြေးမုံတစ်ယောက်တည်း မဟုတ်ပါ။ ဒီမှာအဖော်ရှိပါတယ်။

ညီမလေး...ကိုယ့်အတွက်အကောင်းဆုံးလို့ထင်ပြီးစိတ်အပါဆုံဝါသ
နာအပါဆုံးဖြစ်နိုင်တဲ့လမ်းကြောင်းကိုရဲရဲသာတွေးပြီး
ရွေးလိုက်..ဖြစ်လာသမျှအကောင်းအဆိုးအကြောင်းအ
ကျိုးအားလုံးကိုရဲရဲသာရင်ဆိုင်ပစ်လိုက်..ဘာဘဲဖြစ်ဖြစ်
ကိုယ်ကတစ်စုံတစ်ခုကိုရွေးချယ်ဖို့ဘဲလိုတယ်.တစ်စုံ
တစ်ခုကကိုယ့်ကိုရွေးချယ်ခံလိုက်ရတာမျိုးမဖြစ်ပါစေနဲ့.
အကိုတို့ဆိုရင်တစ်စုံတစ်ခုကကိုယ့်ကိုရွေးချယ်ခြင်းခံ
လိုက်ရမှုတွေနဲ့အသားကျနေရတာကြာပြီ..Business Management ကိုစိတ်မဝင်စားဘဲတက်ခဲ့ရတယ်.အဲဒီဘွဲ့
နဲ့ကိုယ်နဲ့လုံးဝအင်ဝင်ခွင်ကျမဖြစ်ခဲ့ဘူး.အခုMBAဆက်ယူ
ရင်ကောင်းမလား.ကိုယ်စိတ်ပါတဲ့ဘလော့ရေးပြီးကဗျာ
တွေနဲ့မှောက်အိပ်နေရရင်ကောင်းမလားစဉ်းစားနေရရင်း
နဲ့ကိုလည်နေတာ..ဖြစ်ချင်တာနဲ့ဖြစ်နေတာတွေက
တစ်သားတည်းကျဖို့ဆိုတာ.အခက်ခဲသားကလား..

ညီမလေးအောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်.
သြော်.စကားမစပ်.ညီမလိုချင်တဲ့ကဗျာကိုယူလို့ရပါတယ်
ဘာမှအထူးတလှယ်ခွင့်တောင်းနေစရာမလိုပါဘူး...

အမကြီးရေ...
ဒီပို့စ် ကို ဖတ်ပြီး ကျနော့် ပြောချင်တာတွေကအများကြီးပဲ ။

အမကြီး ကို အားကျတယ် ဗျာ ။

စာရေးထားတာ ဖတ်လို့ ကောင်းတယ်။
အခက်အခဲတွေ ကျော်ဖြတ်နိုင်ပါစေ။
အားတင်းထားပါ ... .... ။

နာကျည်းသံတွေနဲ့ပါလား

MANORHARY said...

တစ်ယောက်တည်းခံစားနေရတာမျိုးမဟုတ်ပါဘူး
ကိုယ်တွေတောင်ခုချိန်ထိရထားတဲ့ပညာရပ်တွေ
မသုံးရသေးတာရှိနေသေးတယ်။ဒီလိုပါပဲ..။
တစ်ခုတော့ရှိပါတယ်။ပညာရပ်တစ်ခုဆိုတာက
တကယ်တတ်ထားခဲ့ရင်အလကားတော့ဘယ်တော့မှ
မဖြစ်ပါဘူးဆိုတာပါပဲ..။

မကြေးမုံရေ၊ အသက်ချင်းတူတူလောက်ပဲလို့ ထင်ပါတယ်။ ကိုယ်လဲ ၂၄ပြည့်တော့မယ်။ စိတ်ဓါတ်မကျပါနဲ့။ ကိုယ့်သူငယ်ချင်းတွေဆိုလဲ ၆နှစ်လောက်ဆေးကျောင်းတက်လာပြီးတဲ့အထိတောင် ဘ၀ကမခိုင်မာ၊ ရှေ့ဆက်ဘာလုပ်ရမှန်းမသိ ဆိုတာမျိုး တွေကြုံနေကြတာ။ ကိုယ်သင်ယူနိုင်သလောက်သင်ယူပါ။ ဒါပေမယ့် အကြံတစ်ခုတော့ပေးမယ်နော်။ ကွန်ပျူတာသင်လိုက်၊ စာရင်းကိုင်တက်လိုက်၊ သင်တန်း ပေါင်းစုံတက်ပြီး ဘယ်တစ်ခုနဲ့ကိုယ်အသက်မွေးရမှန်းမသိဆိုတာမျိုးမဖြစ် အောင် လမ်းကြောင်းတစ်ခုကိုရွေးယူလိုက်ပါ။ စေတနာနဲ့အကြံပေးတာပါ။

Anonymous said...

Dear Author www.mirror-4d.net !
Excuse, that I interfere, but I suggest to go another by.