Saturday, January 24, 2009

အရူးသုံးယောက်ရှိလေသည်

နတ်မောက်မှာ ၇ လကျော်ကျော်နေခဲ့စဉ်...ကျမအတွက် အတွေ့အကြုံအထူးအဆန်းများစွာ ရခဲ့ပါတယ်။အမေနဲ့ အဝေးမှာပထမဆုံးခွဲနေဖူးတာလဲဖြစ်တယ်။ရန်ကုန်မှာတုန်းကလဲ အဝေးမှာဆိုပေမယ့်အချိန်မရွေးထပြန်လို့ရ
တယ်။အမေကလဲ သတိရရင် လိုက်လာလို့လွယ်တယ်။နတ်မောက်မှာတော့ အဲ့သလိုမဟုတ်တော့ဘူး။
နတ်မောက်မြို့ကိုရောက်တာကစစ်ထွက်မောင်ထက်ဆိုးပါတယ်။လမ်းပန်းဆက်သွယ်ရေး၊တယ်လီဖုန်း
ဆက်သွယ်ရေးစသဖြင့် အစစအရာရာခေါင်းပါးလွန်းပါတယ်။တစ်မြို့လုံးမှာ အများပြည်သူသုံးတယ်လီဖုန်းရယ်လို့
တစ်လုံးပဲရှိပါတယ်။အဲ့ဒိ တစ်လုံးကလဲ ကြံ့ခိုင်ရေးရုံးမှာပဲ ရှိပါတယ်။တစ်ယောက်စကားပြောနေရင် ဘေးကနေ
၅ယောက်၊၆ ယောက်လောက်က စောင့်နေတတ်ပါတယ်။အမေက စကားတွေအများကြီးပြောနေတဲ့ အခါ
ဒါမှမဟုတ် သူက သတိရကြောင်းလွမ်းကြောင်းတွေ ပြောနေရင် ကျမကလဲ သတိတွေရပြီး ဆို့လို့နင့်လို့
ဖြစ်နေရင်လဲ....ကြိတ်မှိတ်မြိုသိပ်ရုံမှ တပါးဘာမှ မတတ်နိုင်ဘူး။

ခုနောက်ပိုင်းတော့ သူတို့ဆီမှာလဲ ဒီဂျစ်တယ်ဖုန်းလိုင်းတွေ ချပေးတယ်လို့ကြားရတယ်။ထားပါတော့လေ...။
လိုရင်းက ဘယ်ရောက်သွားပြီလဲတောင် မသိတော့ဘူး။

နေရာသစ်၊အစာသစ်၊ရေအသစ်၊မြေအသစ်နဲ့ အကြေမြို့လေးမှာ နေခဲ့ရစဉ်ကာလ တစ်လျှောက်လုံးမှာ အမှတ်ရစရာတွေ အများကြီးပါပဲ...........။ကင်းတွေ၊မြွေတွေပေါတာ.....၊အညာဆောင်းက လွန်လွန်ကြူးကြူး
အေးလွန်းတာ၊နေ့လည်နေက ကျောကွဲလောက်အောင်ပူတာ၊လျှောက်တဲ့လမ်းပေါ်က သဲကပူတာ၊
နောက် အရက်သောက်တဲ့သူတွေပေါတာ....နဲ့ အရူးတွေ........အစုံပါပဲ...။အဲ့ဒိထဲကမှ အရူးသုံးယောက်
အကြောင်းလေးကို ပိုသတိရနေမိတယ်။သတိရသလောက်လေး ပြန်ရေးထားတာပါ။ဖတ်ကြည့်ပါဦး။


တစ်ယောက်က ကျမနေတဲ့အိမ်ရဲ့ ခေါင်းရင်းကပ်ရပ်ခြံမှာ နေတယ်။အမျိုးသမီးတစ်ယောက်ပါ၊ဘီကွမ်းနဲ့ MSc ပြီးပြီးသား ပညာတတ်ကျောင်းသူတစ်ယောက်က ဘယ်လိုကဘယ်လိုဖြစ်ပြီး ရူးတဲ့အဖြစ်ရောက်သလဲတော့
ကျမ မသိပါဘူး။အဲ့ဒိ အမျိုးသမီးမှာ မိတူးဆိုတဲ့ ညီမတစ်ယောက်ရှိတယ်။
သူမက မိုးလေးနဲနဲချုပ်လာပြီဆိုတာနဲ့ မိတူး၊မိတူးဆိုပြီးဝမ်းခေါင်းခြစ်ပြီးတော့ကို အော်တော့တာ။
ကျမနားထဲမှာက မီးထွန်း၊မီးထွန်းပဲ ကြားနေတော့...။အော်...သူ့ကိုအမှောင်ထဲထားလို့များ မီးထွန်းခိုင်းနေသလားဆိုပြီးတော့ အူကြောင်ကြောင်တွေးမိသေးတယ်...။နောက်တော့မှ မီးလာလဲ မီးထွန်း၊
မီးမလာလဲ မီးထွန်းဖြစ်နေတော့ ကျမရဲ့အိမ်ရှင်တွေကို မေးကြည့်တော့မှ သူ့ညီမကို အော်ခေါ်နေတာ ဖြစ်နေတယ်။

အော်ရုံတင်မဟုတ်ဘူး၊တစ်ခါတစ်လေ ဘာတွေကို ဒေါတွေခီးသလဲမသိ၊အဆဲပေါင်းကို နားမခံသာအောင် ဆဲတော့တာ။သူ့ညီမ မိတူးလဲ ပါတယ်။နောက်တော့ ရဲစခန်းက စခန်းမှုးတွေလဲပါတယ်။ကျမအတွက်တော့
သူဆဲသမျှ ထူးဆန်းနေတော့တာပါပဲ။

ညဘက် သူဆဲသမျှ မကြားချင်လဲ ကြား၊ကြားချင်လဲကြားဆိုတော့ မနက်ရောက်ရင် သူတို့မြို့လူတွေကို အဲ့ဒါ
ဘာလို့ဆဲတာလဲလို့ဆိုပြီး စပ်စုရတယ်။သူ့ကို တိုက်ထဲထည့်ပြီးပိတ်ထားလို့ ဆဲတာတဲ့လေ။
သူအပြင်ထွက်ချင်တယ်တဲ့။သူအမှောင်ထဲမှာချည်းပဲ နေရတာမွမ်းကြပ်လှပြီထင်ပါရဲ့....။ဒါပေမယ့် သူ့ကိုအဲ့ဒိ မီးခံတိုက်လို့ခေါ်တဲ့ သစ်သားလုံးဝမပါတဲ့ သံနဲ့ အုတ်ချည်းသက်သက်ဆောက်ထားတဲ့ တိုက်ပုပုလေးထဲကို ထည့်ထားခဲ့တာ၂ နှစ်ကျော်လာတဲ့အထိ သူတစ်ခါမှ အပြင်မထွက်ရသေးပါဘူးတဲ့...........။

တစ်ညသားမှာတော့ ရယ်လဲရယ်ရ၊ကြောက်လဲကြောက်ရ၊သနားလဲ သနားရတဲ့ အသံတချို့ ကျမကြားခဲ့ရတယ်။
အချိန်က မနက် ၃ နာရီလောက်ပဲရှိပါသေးတယ်။ထုံးစံအတိုင်း သူမ ဆဲသံနဲ့အတူ ကျမလန့်နိုးခဲ့တယ်။
စိတ်လဲတို၊ကြောက်လဲ ကြောက်ပေါ့။ညက နက်နက်မှာ သူ့အသံကလဲ အာခေါင်ခြစ်ပြီး အသံနက်နက်ကြီး
အော်နေတော့တာလေ...။ဆဲတာလဲ စုံလို့ပါပဲ...။တစ်ခါမှ မကြားဖူးတဲ့ အဆဲတွေပါ..ကြားရတယ်။သူဆဲလွန်းတော့ မမိတူးလဲ မနေသာတော့ဘူးထင်ရဲ့။"ဟဲ့ဘာလဲ ဘာလုပ်မလို့ ဒီလောက်အော်နေတာလဲ" ဆိုတော့
ငါခေါက်ဆွဲပြုတ်သောက်ချင်လို့တဲ့.............။ဒါမဲ့ သူမသောက်ရပါဘူး။ဒီလောက်အေးနေတဲ့ညကြီးမှာ ဘယ်သူက သူ့ကို ခေါက်ဆွဲပြုတ်တိုက်လေမလဲ ကွယ်၊မမိတူးရဲ့ မလုပ်ပေးနိုင်ဘူးဆိုတဲ့ အသံလဲကြားရော..........
သူ့အသံပျောက်သွားပါတော့တယ်။အဲ့ဒိတော့မှ ကျမလဲ သက်ပြင်းချပြီးပြန်အိပ်ရတယ်။

နောက်ညတွေကျတော့လဲ ထုံးစံအတိုင်းပါပဲ...ဆဲမြဲပဲ။ခေါက်ဆွဲပြုတ်တောင်းသံတော့ မကြားရတော့ဘူး။ဒါပေမဲ့
ကျမပြန်လာတဲ့ အထိဆဲနေတုန်းပါပဲ။

နောက်ထပ်အရူးတစ်ယောက်ကတော့ အဖိုးကြီးပါ။သူကကျတော့ယဉ်ယဉ်လေးရယ်.....။မိဘဆွေမျိုးမရှိဘူးတဲ့။
တစ်ယောက်ထဲရယ်။လမ်းပေါ်မှာပဲနေ၊လမ်းပေါ်မှာပဲ အိပ်ပေါ့။

သူ့မှာ သိပ်အားကျစရာကောင်းတာတစ်ခုက နတ်မောက်တစ်မြို့လုံးမှာ သူ့ကိုဘယ်သူကမှ နိုင်အောင် ချက်စ်မကစားနိုင်ကြဘူးတဲ့လေ.....။ဘယ်လောက် ထူးဆန်းလဲ..။ပုံကခပ်အေးအေးရယ်။ဘယ်သူမေးမေး
သူက သင်မပြဘူးတဲ့။ဆိုက်ကားဂိတ်၊မြင်းလှည်းဂိတ်၊ကားဂိတ်တွေမှာ သူအမြဲရှိတယ်။ကြုံရာလူနဲ့ ချက်စ်ကစားတယ်။မိုးလင်းတာနဲ့ ပိုက်ဆံတစ်ရာရအောင် တွေ့ရာလူဆီကနေ တောင်းတယ်။
တောင်းတာတောင် သူကရမယ့်လူဆီကမှ တောင်းတာ။

တစ်ရာ ရတာနဲ့ လက်ဘက်ရည်ဆိုင်ကို ဒိုးရော။လက်ဘက်ရည်ဆိုင်ကျတော့လဲ အဖျော်ဆရာဖျော်ပေးတဲ့ လက်ဘက်ရည်ကို မသောက်ဘူး။ဆိုင်ရှင်ရဲ့ သမီးလေးတစ်ယောက် ချစ်စရာ အညာသူဖြူဖြူလေးတစ်ယောက်
ရှိတယ်။သူဖျော်ပေးမှ။သူ့ရဲ့ ဖိုက်ဘာခွက် အစိမ်းလေးကိုကိုင်ပြီး အဖျော်ခန်းဘေးမှာ ကပ်ရပ်နေတော့တာ။
ကောင်မလေး ထွက်လာပြီး ဖျော်မပေးမချင်း စောင့်တော့တာပဲ...။ဘာကြောင့်လဲဆိုတာ ဘယ်သူ့ကမှ မသိကြဘူး။လက်ဘက်ရည်ရတာနဲ့ လမ်းဘေးတစ်နေရာက မလေးရှားပိတောက်ပင်လေးတစ်ပင်အောက်
သွားပြီ ထိုင်သောက်နေရော............။နေ့လည်တစ်ခါ၊ညနေစောင်းတစ်ခါ...ဒီလိုပဲ သူ့ဆာလောင်မှုက...။

အဲ့ဒိ အဘိုးအိုရဲ့ ခါးမှာ ပုဆိုးတစ်ထည်ကို သိုင်းပြီးချည်ထားတယ်။အထဲမှာ သူ့ပစ္စည်းတွေပါတယ်။မြွေရေခွံ
အိတ်ခွံတွေလဲ တွေ့တယ်။အရောင်မရှိတော့လောက်အောင် ညစ်ပတ်နေတဲ့အညာစောင်အရိအရွဲလေး
တစ်ပိုင်းလဲ ပါတယ်။နောက် သူလက်ဘက်ရည်ထည့်သောက်နေကျ မတ်ခွက်အစိမ်းလေးရယ်...။ဒါပဲ ပါတယ်။ ခြေသလုံးအိမ်တိုင်ဆိုတာ ဒါမျိုးထင်ရဲ့။

ကျမလေ...တခါတခါ သူ့ဘ၀ကို အားကျမိတယ်။သူ့ဘ၀ ဘယ်လောက်ရိုးစင်းလိုက်သလဲ၊ဂုဏ်မရှိ၊ပကာသနမရှိ၊
တစ်ခုခု ဆာလာရင် ပိုက်ဆံလိုက်တောင်းလိုက်ရုံပဲ...။သူ့မှာ အစားအစာဆာလောင်မှုကလွဲရင် တခြားဘာမှ
မရှိလောက်ဘူးလို့ ကျမယုံတယ်။

နောက်ဆုံး အရူးတစ်ယောက်က အမျိုးသမီး။သူကတော့ ကျမတစ်ယောက်ထဲတင်မဟုတ်၊ကျမတို့ တစ်ရုံးလုံးကိုပါ ရယ်အားထက် ငိုအားသန် အဖြစ်အပျက်တစ်ခုဆီရောက်စေခဲ့ပါတယ်။
အဲ့ဒိနေ့က လက်ဘက်ရည်ဆိုင်ထိုင်နေတဲ့ အထဲမှာ ယောက်ျား၊မိန်းမ လူစုံတက်စုံလဲရှိတယ်။ကိုမျိုးဝင်းဆိုတဲ့ အစ်ကိုတော်တစ်ယောက်လဲ ပါတယ်။အဲ့ဒိဆရာသမားက ညနေလေးစောင်းရုံပဲရှိသေးတယ်၊
ရစ်က ရွှေရည်ဖြစ်နေပြီ။

တစ်ညနေ ကျမတို့တွေ ထိုင်နေကျ လက်ဘက်ရည်ဆိုင်တစ်ခုမှ ထိုင်နေကြတယ်။လမ်းဆုံဘက်ကနေ အမျိုးသမီးတစ်ယောက် အော်ကာ၊ဟစ်ကာနဲ့ အပြေးတစ်ပိုင်းနဲ့ကျမတို့ဘက်ဆီလျှောက်လာတယ်။
သူက ဟဲ့ မျိုးဝင်း...သေနာကောင်၊နင်ပြန်လာခဲ့ နင်နဲ့ငါနဲ့ တွေ့မယ်...ကလေက၀ မြာပွေတဲ့အကောင်....စသဖြင့် ဘာဖြစ်တယ်။ညာဖြစ်တယ်စုံပလုံကို စေ့နေအောင် ကလော်ဆဲပြီးလာတာ။

အဲ့ဒိအချိန် ကျမတို့ဝိုင်းက ကိုမျိုးဝင်းကြီးတစ်ယောက်က ဟင်၊ဟန်ဘယ်သူလဲသူကနဲ့..မျက်နှာကရဲတွတ်နေပြီ။
အဲ့ဒိ အမျိုးသမီးရဲ့နောက်ကို လှမ်းကြည့်လိုက်တော့လဲ ဘယ်သူမှမရှိပါဘူး။သူ ဘယ်မျိုးဝင်းကိုဆဲနေတာလဲ ဆိုတာလဲမသိရ၊တဖြည်းဖြည်းနဲ့ ကိုယ်တွေအနားကိုရောက်လာပြီ။လန့်လဲ လန့်နေကြပြီ။အဲ့ဒိမှာ အဖြစ်က
အမြင့်ဆုံးဒီဂရီကိုရောက်တော့တာပါပဲ။

ဘာမပြောညာမပြောနဲ့ အမျိုးသမီးက ကန်တော့ပါရဲ့ သူ့လုံချည်ကို စင်စင်ပါအောင် လှန်ပစ်လိုက်ပါလေရော....။
ကိုမျိုးဝင်းတွင် မဟုတ်၊ကျန်တဲ့သူတွေပါ....ဘာလုပ်လို့လုပ်ရမှန်းမသိတွေ ဖြစ်ကုန်ကြပါလေရော...............။
တစ်ခါ၊နှစ်ခါ မကကို စိတ်ရှိတိုင်းလုပ်နေတော့တာ..............။နောက်တော့မှ စပ်စုကြည့်ကြတော့
သူ့ယောက်ျားနာမည်ကလဲ မျိုးဝင်းပဲတဲ့......။
ဒါကြောင့် စိတ်နာနာနဲ့ စွတ်တင်နေတာလား အစ်မကြီးရယ်....ပေါ့...။အဲ့လို.............။

အညာဆောင်းက လူကောင်းတောင် ရူးချင်ချင့်ရယ်။နဂိုအခံရှိပြီးသား လူတွေအတွက်တော့ သွက်သွက်ကို
ခါတော့တာပါပဲ......................။အထူးသဖြင့် ဒီအချိန်ပေါ့။နတ်တော်၊ပြာသို၊တပို့တွဲ.....လတွေဟာ အအေးဆုံးအချိန် ဖြစ်သလို၊လေရူးလဲတကယ်ပွေတဲ့အချိန်ပါပဲ...။

ဒီစာကိုရေးရင်းကပဲ တွေးမိတယ်။မနက်လင်းတိုင်း မျက်နှာကို လာလာထိခတ်တတ်တဲ့ မထီတရီဆောင်းလေကို တယုတယလုပ်ချင်တဲ့၊အတိတ်ကိုပြန်ပြန်ဆွပြီး လွမ်းနေတတ်တဲ့ကျမကိုလဲ ဒီစာရင်းထဲထည့်မယ်ဆိုရင်တော့
ဒီပိုစ့်ခေါင်းစဉ်ကို အရူးလေးယောက်ရှိလေသည် လို့ နာမည်ပြောင်းရကောင်းမလားပဲ..........။

သည်းခံပြီး ဖတ်ပေးကြတာ ကျေးဇူးတင်ကြောင်းပါ..........။

အညာမြေကို လွမ်းရင်းဒီစာကို ရေးဖြစ်ပါတယ်။တိုက်ဆိုင်မှုများရှိက ကျမရဲ့ မှားယွင်းမှုသာဖြစ်ကြောင်း ၀န်ခံတောင်းပန်အပ်ပါသည်။

9 Responses to “အရူးသုံးယောက်ရှိလေသည်”

ဖတ်လို့အလွန်ကောင်းပါသည်။
အညာမှာ မနေဖူး စာတွေထဲမှာပဲ ဖတ်နေရသောကြောင့် သွားချင်ပါသေးတယ်..

ဖတ်ရင်းနဲ့ ရူးချင်သွားပီ....

အညာဆောင်းနဲ့ စိတ္တစရောဂါသည်တွေရဲ့ ဘ၀ကိုမျှဝေပေးတာ ကျေးဇူးပါ ကြေးမုံညီမလေးရေ၊ အတွေးနဲ့ အရေးကောင်းလှတာမို့ နှစ်ခြိုက်စွာ ဖတ်သွားပါတယ်။

တခါတခါအကိုလည်းရူးတယ်..လူတွေဟာတနည်းနည်း
နဲ့တော့ရူးနေကြတာဘဲမဟုတ်လားညီမလေးရေ...

littlebrook said...

ငါတို့အားလုံးအဲလိုပါပဲညီမရယ်...ငါလဲတခါတလေ..ဟိုအရူးမလို
စိတ်ရှိလက်ရှိကော်ဆဲချင်တာပါ..စိတ်ထဲမှာဆဲတောင်ဆဲပြီးပြီ.. အကောင်းက ဟန်ဆောင်တတ်လို့ပါ

မိုက်တယ်ဗျို့ . . . . . !
ကျနော် အဖိုးကြီး ကိုတော့ စိတ်ဝင်စားသွားပြီ။
ကျနော်လည်း ချက်စ် ကစားရမယ့်လူရှာနေတာ ဟီဟိ။

ကျနော့်ကို လည်း ဟိုလူက အရူးခေါ်လိုက်၊ ဒီလူက အရူးခေါ်လိုက်နဲ့ ဗျ။
အရူးငါးယောက်ရှိလေသည်ပေါ့ဗျာ ဟဲဟဲ :P ။

ဒါဆို ကျွန်တော်လဲ အရူးပဲဆိုတော့
အရူးငါးယောက်ရှိသေတည်းပေါ့
ခွိ ခွိ

Welcome said...

နာတို့ ဘိုချုပ်ရွာမှာ အရူးတွေများဒယ်ပေါ့။
အဟိ
ပျော်ရွှင်စွာနဲ့ ဖတ်သွား၏

pandora said...

စိတ်ကြိုးလေးတွေပြတ်နေကြသူတွေဟာ ဘယ်လိုဖြစ်ဖြစ် သနားစရာပါ..။ ကိုယ်တော့ စိတ်မကောင်းဖြစ်မိပါတယ်။