Saturday, January 31, 2009

ကျမ နားမလည်လို့

January 19, 2009 12:22 PM
နွေလှိုင်ဿုန်း said...

ဩော် ခက်ပါရော ညီမရယ် ။စာတွေ ကဗျာတွေ ဂျာနယ် မှာ ဖော်ပြခံချင်ရင် အကောင်းဆုံးလို့ယူဆထားတာ
လေးတွေတော့ စုထားပေါ့ ။ညီမရဲ့ အမြင်ကို လက်ခံပါတယ် ။အကို့စာမျက်နှာရောက်ပြီး လန့်မသွားပါနဲ့ဦး ။အမြင်မတူ ရန်သူဆိုတဲ့အထဲမှာ မပါရိုးအမှန်ပါ ။


လူသူလေးပါး သိပ်မသိလိုက်ပဲ ကျမဆီရောက်လာတဲ့ ကွန်မန့်တစ်ခုပါ။ပိုစ့်က ဒီမှာပါ။အဟောင်းဆိုတော့
ဘယ်သူမှသတိထားမိလိုက်မယ်မထင်လို့ ပြန်တင်ပေးလိုက်တာ။နောက်ပြီး ကျမနားမလည်လို့။ရှင်းပြကြပါဦး။

ပြောခဲ့ဖူးတယ်နော်...ဦးနှောက်တွေ မကောင်းတော့ဘူးလို့...မစဉ်းစားတတ်တော့ဘူး။အောက်ကစာကတော့ကျမ
ကပြန်မန့်ထားတာပါ။
January 28, 2009 5:33 AM
mirror said...

အနုပညာဟာခေတ်ရဲ့အခြေအနေကိုပြပါတယ်။ခုကိစ္စကလဲခေတ်ရဲ့ပြရုပ်တစ်ခုပါပဲ။
ဒါကြောင့် နွေလှိုင်ဿုန်းရဲ့ အမြင်နဲ့ တင်ပြထားတာတွေကို ညီမလက်ခံပါတယ်။

ဒါပေမယ့်မျက်နှာမွဲ၊မျက်နှာကြီးတော့ကွဲသွားသေးတာကချွင်းချက်တစ်ခုပေါ့လေ။

အစ်ကို့စာမျက်နှာကိုမြင်ရုံနဲ့လဲ လန့်လဲ မလန့်ပါဘူး။အမြင်မတူလို့လဲ ရန်သူလို့မသတ်မှတ်ပါဘူး။
မိတ်ဆွေဖြစ်လို့လဲ ၇ပါတယ်။

စကားမစပ်၊ခုမှ ထူးထူးခြားခြားရောက်လာပြီး မန့်သွားတာကို ကျေးဇူးအထူးတင်ကြောင်းပါ။
January 31, 2009 5:53 PM
mirror said...
လေးစားခင်မင်လျက်
ညီမ
mirror

ကျမချစ်သော အစ်ကို၊အစ်မ၊မောင်လေး၊ညီမလေးများကို စိတ်အနှောက်အယှက်တစ်စုံတစ်ရာဖြစ်စေခဲ့သော်
ဒီဘလောဂ့်ကနေပဲ တောင်းပန်ပါ၏။

Friday, January 30, 2009

မကြေးမုံတို့ စာသင်နေပါသည်

ကျမသူငယ်ချင်း ဘိုဘိုက ဒီနေ့မှာ ပိုစ့်အသစ်ပြန်တင်ပါတယ်။သူတင်တဲ့ ပိုစ့်က ဘယ်လိုကြိုးစားနေတာလဲ တဲ့...။
သူဆိုလိုချင်တာကိုဘော်ဒါချင်းမို့ သိပေမယ့် တခြားသူတစ်ယောက်ဆိုရင်တော့နဲနဲစဉ်းစားရပါမယ်.။ဒါပေမယ့် သေချာတာတစ်ခုကတော့ မြန်မာပြည်ရဲ့ ပိုက်ဆံအလုံးလိုက်၊အရင်းလိုက်ပေးပြီး သင်နေရတဲ့သင်တန်းတွေရဲ့ အခြေအနေကိုတော့ ထင်ဟပ်စေပါတယ်။ကျမလိုရာဆွဲတွေးတာလဲ ဖြစ်နိုင်ပါတယ်။သွားဖတ်လို့လဲ ရကြောင်းပါ။

သူ့ပိုစ့်ကို ဖတ်ပြီးတော့ ကျမဒီပိုစ့်ကိုရေးဖို့စိတ်ကူးထားတာကိုချက်ချင်းအကောင်အထည်ဖော်ဖြစ်ပါတယ်။
ကျမအကြောင်းတစေ့တစောင်းဆိုရင်လဲ မမှားပါဘူး။


ကျမဆယ်တန်းစာမေးပွဲအောင်တော့ ဆေးတက္ကသိုလ်အမှတ်ကို ကပ်ပြီးပြုတ်ပါတယ်။အဲ့ဒိမှာ ၀မ်းအနည်းဆုံး
လူကတော့ ထုံးစံအတိုင်း ကျမအမေပါ။အဲ့ဒိအချိန်တုန်းက အိမ်ရဲ့စီးပွားရေးက သိပ်အဆင်မပြေလှပေမယ့်
အမေက ကျမသာ ဆရာဝန်ဖြစ်မယ်ဆို မဖြစ်၊ဖြစ်တဲ့နည်းနဲ့ ထားမယ့်သူ.......။ကျမကတော့ ကြိတ်ပြီးဝမ်းသာနေ ခဲ့တယ်။အကြောင်းက အဲ့ဒိအချိန်2002 ခုနှစ်မှာ မကွေးဆေးတက္ကသိုလ်ဆိုတာ ပေါ်နေခဲ့ပြီ။ကျမ၀င်ခွင့်ရခဲ့ရင်လဲ မကွေးကိုသွားရမယ်၊အဲ့လောက် ဝေးလံတဲ့နေရာကို ကျမမသွားချင်ပါဘူး။

ဆရာဝန်မဖြစ်ရင် အင်ဂျင်နီယာတော့ ဖြစ်စေချင်တယ်ဆိုတဲ့ အမေ့ဆန္ဒကိုလဲကျမမလိုက်လျောချင်ခဲ့ဘူး။
အချိန်က ၀ိုင်အိုင်တီမဟုတ်ပဲ ဂျီတီစီတွေခေတ်ကိုရောက်နေပြီ။ကျမတက်မယ်ဆိုရင် ဟင်္သာတမှာ တက်ရမယ်၊
ကျမဇာတိနဲ့တော့ နီးတာပေါ့။ဒါပေမယ့်ကျမအတွက်အစစအရာရာ အလှမ်းဝေးနေပြီး ကျမဇာတိနဲ့
ဘာမှထူးထူးခြားခြားကွာခြားမှုမရှိတဲ့ ပုသိမ်၊ဟင်္သာတ စတဲ့မြို့ကြီးတွေမှာလဲ ကျမမနေချင်ဘူး။

ကျမရဲ့ ဂျီဟောသူအိပ်မက်၊မာလာဆောင် အိပ်မက်တွေကိုအကောင်အထည် မဖော်နိုင်တာချင်းအတူတူတော့ ကျမရဲ့အချိန်တွေကို အကုန်မခံချင်ဘူး။ဒီတော့ ရန်ကုန်မှာတက်ရမယ့်ကျောင်းကို ကျမဥာဏ်မှီသလောက်၊
လက်လမ်းမှီသလောက် ကြိုးစားစုံစမ်းရပါတယ်။ကျမကို ဦးဆောင်လမ်းပြပေးမယ့်သူ မရှိခဲ့ဘူး။
ကျမစိတ်ကူးနဲ့ တည့်ရာ၊ကိုယ်လုပ်ချင်ရာ ကိုယ်ရွေးချယ်ခဲ့တယ်။အရိုးသားဆုံးဝန်ခံရရင် မာန်လဲတက်နေတုန်း
အချိန်ပေါ့။ရန်ကုန်မှာနေချင်တယ်။ကိုယ့်ဘ၀တိုးတက်ဖို့အတွက် မြို့ပြရဲ့ ဘယ်လိုအခြေအနေတွေက
ဖန်တီးပေးနိုင်မလဲ....ကိုယ့်အနာဂတ်ကို ကိုယ့်ဘာသာကိုယ် ပုံဖော်ချင်တယ်။ဖော်လဲ ဖော်ကြည့်နေခဲ့ပါတယ်။

နောက်ဆုံးတော့ တစ်ခါရေးခဲ့ဖူးသလို ခြံသုံးခြံဆိုတဲ့ ဆေးဘက်ပညာသည်တက္ကသိုလ်ကို ရောက်သွားခဲ့တယ်
ဆိုပါတော့..................။အဲ့ဒိမှာလဲ ကျမလိုဘ၀တူတွေအများကြီးပါပဲ.......။တချို့ဆေးကျောင်းမမှီလို့ ၀မ်းနည်း
ပက်လက်၊တချို့ ကျောင်းစတက်ပြီး လလည်လောက်ရောက်ခါမှ သွားဆေးတက္ကသိုလ်ပြောင်းသွား။တချို့ကလဲ
စလုံးကို ပိုလီတက်ဖို့ သွား.......။နောက်ဆုံးတော့ လူ ၆၀ ပဲကျန်ခဲ့တဲ့အထိ၊အဲ့ဒိ ၆၀ ထဲကမှအထူးပြုမေဂျာ
သုံးခုထပ်ခွဲတော့ တစ်ခုကို အယောက် ၂၀ ရယ်။အယောက် ၂၀ ကို ခြံတစ်ခြံနှုံးနဲ့...............
အချိန်ဟာ ၄ နှစ်ကုန်ခဲ့တယ်...တစ်နှစ်ကို ၁၁ လတိတိကျောင်းတက်ရတယ်။

ကျမရဲ့ ရန်ကုန်အိပ်မက်တွေလဲ ခမ်းခြောက်စပြုလာတဲ့ အချိန်မှာ မေဂျာသုံးခုမှာ အမှတ်အနိမ့်ဆုံးနဲ့ပုံရိပ်ဖော်
နည်းပညာလို့နာမည်ပြောင်းခေါ်ထားတဲ့ ဓာတ်မှန်အထူးပြုနဲ့ အသက်ဆက်ခဲ့ရတယ်။စိတ်ဝင်စားမှုတွေဟာ ကျောင်းတက်လို့ ၂ နှစ်လောက်မှာပဲ သိသိသာသာသွေဖယ်လာခဲ့တယ်။ကျောင်းသူဘ၀ သုံးနှစ်လောက်မှာထဲက ကျမအနာဂတ်အတွက်ကျမစိုးရိမ်စပြုလာခဲ့တယ်။ကျမရဲ့ ပရော်ဖက်ရှင်နယ်လို့ လူသိများတဲ့ အလုပ်ကြီးနဲ့ ကျမ
အသက်မွေးဝမ်းကျောင်းမပြုချင်တော့ဘူး။ဆေးရုံဆင်းနေရတဲ့ ရက်တွေကကျမအတွက်စိတ်ညစ်စရာအချိန်တွေ
တွေဖြစ်လာတယ်။

နောက်ဆုံးမှာတော့ ဆရာဝန်မျက်နှာကိုသာ ကြည့်နေရပြီး လူနာမျက်နှာကို မကြည့်နိုင်တဲ့အသက်
မွေးဝမ်းကျောင်းအလုပ်လို့ ကျမဘာသာတစ်သီးပုဂ္ဂလခံယူထားတဲ့ အဲ့ဒိအလုပ်နဲ့ ဘယ်တော့မှ
ထမင်းရှာမစားဘူးလို့လဲဆုံးဖြတ်ခဲ့တယ်...။ဆုံးဖြတ်ချက်တစ်ခုအတွက် တိုက်ခိုက်ခဲ့ရတာက ကျေးလက်ဆန်တဲ့ မိခင်နဲ့ မိသားစုနဲ့...။စာကြမ်းပိုးလုပ်တဲ့ အပေါင်းအသင်းတွေနဲ့........။ဆုံးဖြတ်ချက်တစ်ခုကို သက်သေပြဖို့၊
ကျမအသက်မွေးဝမ်းကျောင်းပြုဖို့ တစ်ခုခုကိုစတင်ပြင်ဆင်ရပါတော့တယ်..............။အဲ့ဒိအချိန်မှာ တတ်နိုင်တာက ဘာသာစကားလေ့လာမှုပဲ ရှိပါတယ်။ဒီတော့ ဘာသာစကားဘက်ပဲ စလိုက်ခဲ့တယ်။

ကုန်လွန်ခဲ့တဲ့အချိန်လေးနှစ်တာကို နှမြောပါတယ်။ထို့ထက်ပိုလို့ နှမြောတာကတော့ ထက်မြတ်စူးရှနေတဲ့
ဦးနှောက်ကိုပါ။ပြီးခဲ့တာတွေကို ၀မ်းနည်းခဲ့ရတဲ့ အချိန်တွေလဲ ကုန်လွန်ခဲ့ပြီ။

ကျောင်းပြီးတော့ ငွေ၊ငွေ...ငွေ...ဆိုပြီး ငွေနောက်တစ်ကောက်ကောက်လိုက်ပြီး ကျမအလုပ်လုပ်ခဲ့တယ်။
ရန်ကုန်မှာ ကျောတစ်နေရာချဖို့၊ထမင်းစားဖို့၊သီချင်းနားထောင်ဖို့၊စာအုပ်ဝယ်ဖို့၊နောက်တော့ စာရေးဖို့..........
အဲ့ဒိ ကျမအိပ်မက်တွေကို စိတ်ရှိသလောက်လုပ်နိုင်ဖို့ ကျမအလုပ်လုပ်ပြီး ငွေရှာခဲ့တယ်။ငွေနောက်လိုက်ရင်း ကျမအချိန်တွေကုန်ခဲ့...။အသက်က 23 ဖြစ်လာပြီ။တတ်ထားတဲ့ ပညာကိုလဲ အသုံးမချချင်၊အပိုပညာလဲ ဘာမှမတတ်....။

ဒီတော့ ကျမအလုပ်ရပ်၊ပညာဘက် ပြန်ဦးလှည့်ရပြီ..တစ်ခုခုတော့ သင်မှဖြစ်တော့မယ်လို့ တွေးပါတယ်..။ဒီတော့ ကျမ ဘာကိုဝါသနာပါလဲ............။စဉ်းစားလို့မရ........။မရဆိုတာထက်...စဉ်းစားလို့ရလာတဲ့ အရာတစ်ခုက ထပ်မှားသွားမှာ စိုးရိမ်တယ်......။အမှားဆိုတာကို အလူးအလဲခံခဲ့ရပြီးပါပြီ...........။

ဒီမှာ ရေးရင်းက ပြန်သတိရမိတာ....လွန်ခဲ့တဲ့ သုံးရက်လောက်က စလုံးကို ကျောင်းသွားတတ်မယ့် သူငယ်ချင်း
တစ်ယောက်ကလာနှုတ်ဆက်တော့ (သူလဲ ကျောင်းကပါပဲ)သူ့မျက်နှာလေးက မျက်နှာငယ်နဲ့.......။
ကျောင်းသွားတတ်တာဆိုပေမယ့် သူတစ်ကာတွေလိုလဲ ပျော်ရွှင်တက်ကြွလို့ မနေ။ငါဒီတစ်ခါတောမမှားလောက်
တော့ဘူး ထင်ပါရဲ့နော်...တဲ့။ကိုယ်ရွေးတဲ့ကျောင်းကို နောက်ထပ်တစ်ခါ ထပ်မှားမှာ သိပ်ကိုစိုးရိပ်ပုံ
ကျပါတယ်.........။အေး အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်လို့...ပဲ..ဒါဟာ ရင်ထဲက လှိုက်လှိုက်လှဲလှဲပါ..။
ကိုယ်မှားမှာထက် သူမှားသွားမှာကို ပိုစိုးရိမ်မိပါတယ်...။ဘာလို့လဲ ဆိုတော့သူက ပိုက်ဆံသိန်းဆယ်နဲ့ ချီပြီး သင်မှရမယ့်ပညာဖြစ်လို့နေတယ်..။သူထပ်မမှားပါဘူး။ထပ်ပြီး အမှားတစ်ခုနဲ့ ထပ်မကြုံပါဘူး လို့ ကိုယ့်ဘာသာကိုယ်ပြန်ပြီး ဆင်ခြင်ယူနေရတယ်........။

ဆိုတော့ ကျမ မကြေးမုံခေါ်...မဖိုးဒီတစ်ယောက် စာသင်နေသည်ပေါ့...ကိုယ့်ကိုယ်မို့လို ခပ်ရိုင်းရိုင်းစကားပုံနဲ့ နှိုင်းရရင် ခွေးကြီးကြီးမှ လက်ပေးသင်ဆိုသလိုဖြစ်နေတော့စာနဲ့အစပ်အဟပ်တည့်ဖို့တော်တော်
အချိန်ယူရပါတယ်။ဒီကြားထဲ စာရေးချင်တဲ့စိတ်၊ဘလောဂ့်လည်ချင်တဲ့စိတ်...တွေကိုလဲ ချိုးရ၊နှိမ်ရသေးတယ်..။
သူရို့တွေကလဲ တင်နိုင်လိုက်ကြတာလဲ မပြောပါနဲ့တော့..။ဟောတစ်ပုဒ်၊ဟောတစ်ပုဒ်တွေနဲ့ဟာ....။
လိုက်ဖတ်ရတာအမော...။

စာသင်ရတာက ကံစမ်းမဲ နှိုက်သလိုပါပဲ..။နာမည်ကြီးလိုက်တဲ့ သင်တန်းတွေ၊နာမည်ကြီးလိုက်တဲ့ ဆရာတွေ..။
ဒါမဲ့ ကိုယ့်လိုအပ်ချက်က သူတို့ပေးနိုင်တာနဲ့ မညီမျှ......................။ကိုယ့်မျှော်လင့်ချက်က သူတို့ဝန်ဆောင်မှုနဲ့ အသားမကျ...။ကိုယ်က တောင်းဆိုချင်သူ...။ကိုယ်ကကိုယ်ပေးရသလောက် ကိုယ်ပြန်ရဖို့ မျှော်လင့်သူ.....။
ကိုယ်မျှော်လင့်သလောက် ကိုယ်ပြန်မရတဲ့ အခါ..........ဘယ်သူ့မှာ အပြစ်ရှိတယ်လို့ ဘယ်သူ့ကိုလက်ငြှိုးထိုးရ
မလဲ..........ဘယ်သူ့ကို လက်ငြှိုးထိုးခွင့်ရှိမလဲ...။

တချို့ ခင်းထားပြီးသား လမ်းပေါ်မှာ လျှောက်ကြသည်။တချို့ ကိုယ့်လမ်းကိုယ်ထွင်ကြသည်။တချို့ ထွင်နေရင်းက ဆူးထိုးတတ်သည်။တချို့ ဆူးထိုးလို့ လဲကျရင်း အဆိပ်တတ်လို့ သေဆုံးရတတ်သည်။

ဘယ်လိုပဲဖြစ်ဖြစ် မကြေးမုံတို့ ပညာသင်နေပါသည်...............။

Thursday, January 29, 2009

၂၉.၀၁.၂၀၀၉

အများကြီးမဟုတ်၊နဲတော့လဲ မနဲပါ။ဒီလောက်လေးကိုပဲ နှင်းရယ်လို့နောက်တစ်ခါ ပြန်မြင်ရဖို့ မသေချာ။ဒါကြောင့် မနက်တုန်းက ညီမလေးတစ်ယောက်နဲ့ မုန့်သွားစားကြဖို့ အိပ်ယာကစောစောထဖြစ်တာနဲ့ရိုက်ထားဖြစ်တွကို
တင်ရင်း ဆားချက်လိုက်ပါတယ်။သေချာကြည့်မှမြင်ရမယ်ထင်တယ်။ကျမတော့ ကြည့်ရင်းက မျက်လုံးတွေ ၀ါးလာတယ်။

အရင်က အိမ်ပေါ်ကနေ ဂျက်ဆင်ကိုလှမ်းမြင်ရတယ်၊ဒီနေ့မနက်မမြင်ရဘူး။


ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၊

မဆီမဆိုင်...ကန်တော်ကြီးထဲသွားဖြစ်လို့ ရိုက်ထားတာလေးတွေပါ တင်လိုက်မယ်။

အမဲ

အဖြူ


(ရွှေ)

သည်းခံပြီးကြည့်ပေးတာ ကျေးဇူးတင်ပါတယ်။

Wednesday, January 28, 2009

အပြန်

ဝတ္တုတစ်အုပ်၊မဂ္ဂဇင်း တစ်အုပ်၊ဂျာနယ် ၂စောင်၊ရီးဒါးဒိုင်ဂျက်စ်တစ်အုပ်ကို ကျောပိုးအိတ်ထဲပစ်ထည့်ပြီး ကျမရဲ့ ပျင်းရိညည်းငွေ့ဖွယ်ခရီးကိုစတင်လိုက်ပါတယ်။အမေ့ကို ကျမခဏခဏပြောဖူးတယ်၊အမေ့အိမ်ကိုခဏခဏ
ပြန်လာချင်တယ်၊ဒါပေမယ့် ဒီလမ်းခရီးကြီးကို ကားမစီးချင်ဘူးလို့....။
ခုလဲ ခါတိုင်း ၃ နာရီခရီးကို ခု ၄နာရီခွဲလောက်မောင်းမှရောက်တယ်။လူလဲ မျောက်လိုလို၊၀က်ဝံလိုလိုကို ဖြစ်လို့၊
ဖုံတွေက အလုံး၊အရင်းနဲ့ ၀င်လာတယ်။ကတ္တရာငြှော်နံ့ကလဲ ခေါင်းတွေတစ်ဆစ်ဆစ်ကိုက်လာတဲ့အထိ၊....။
အေးရှားဝေါဒ်ရဲ့ လမ်းပြုပြင်ရေးကလဲ မိုးပဲ ပြန်ကျတော့မယ်...။ခုထိ ကျောက်ကြီးခင်းတုန်းပဲ တွေ့ရတယ်။

ကားက လူကိုကလေးပုခက်ထဲထည့်သိပ်သလိုပဲ။ဖြေးဖြေးလေးနဲ့ ညိမ့်ညိမ့်လေးကိုဖြစ်လို့....။ဘာမှ မထူးဆန်းတော့တဲ့ မြင်ကွင်းတွေကို ရန်ကုန်ကအထွက်မှာ ခဏလေးကြည့်ပြီးတော့ အိပ်လိုက်သွားလိုက်တယ်။

၉၃ မိုင်ခရီးကို ညနေသုံးနာရီကစထွက်တာည ၇ နာရီခွဲတော့ ရောက်ပါတယ်။လာကြိုမယ့်သူရယ်လို့ မရှိပါ။
တောကြီးမျက်မည်းထဲရောက်သွားလေသလားလို့တောင် ထင်မိတယ်။ဆိုက္ကားတစ်စီးလှမ်းခေါ်
ပြီးတက်လိုက်တယ်။အိမ်ကိုရောက်တော့....မောပြီ.....အမေရယ်..။

ဧရာဝတီရဲ့ဆောင်းက ထင်ထားတာထက်ပိုအေးလွန်းပါတယ်။အပေါ်ထပ်အပါးလေးတစ်ထည်ပဲ ယူသွားတဲ့ကျမ ဟိုရောက်တော့မှ ဒုက္ခကောင်းကောင်းတွေ့ပါတယ်။ဒါပေမယ့် အမေ့အိမ်ဟာ ကျမအတွက် ဘာလိုအပ်ချက်မှ
မရှိအောင်ကိုပြည့်စုံပါတယ်။အမေ့အိမ်က ရေတွေဟာ...တကယ်ကိုကြည်နေပါတယ်........။

အမေ့ရင်ငွေ့ဟာ တကယ်နွေးပါတယ်။(ဒါပေမယ့် ကျမဘယ်တုန်းကမှ အမေနဲ့ပွတ်သီးပွတ်သတ် မနေဖူးဘူး)
အမေ့အရိပ်ဟာ အမောတွေကို ပြေစေပါတယ်။ရှေ့ဆက်ဖို့ အားတွေကိုရစေပါတယ်။မီးမလာလို့ အားပျက်နေတဲ့ အင်ဗာတာလေးကို အားသွားပြန်ဖြည့်ပြီး ကျမပြန်ရောက်လာပါပြီ။

ခု...ကျမအမေ့ကိုလွမ်းနေတယ်..။ပြန်လာစညနေတိုင်းဖြစ်နေကျ ဆိုပေမယ့် အဲ့ဒိခံစားချက်ကို ပုံမှန်အတိုင်း
ကျော်လွန်နိုင်ဖို့ ကျမဘယ်တုန်းကမှ အဆင်သင့်မဖြစ်ခဲ့ဘူး။ငိုချင်ရဲ့လက်တို့ဖြစ်နေတာကို လာနောက်တဲ့
သူတွေကလဲ ရှိသေးတယ်...........။

ဘယ်လိုပဲဖြစ်ဖြစ် အဆင်ပြေရင် စာတွေဆက်ရေးပါဦးမယ်...........။

Sunday, January 25, 2009

၁၁.......နဲ့..........၅........

ဘာလဲ ၁၁၊ဘာလဲ ၅
၁၁ ဆိုပြီး ၁၂ဖြစ်လိုဖြစ်လိုက်၊
၁ဖြစ်လိုဖြစ်လိုက်နဲ့.....၊
၅ဆိုပြီးလဲ ဖြစ်ချင်ရာဖြစ်။
ငါးတစ်ကောင်လောက်တောင်
သစ္စာမရှိတဲ့...အဲ့ဒိ ၅ တွေ.......။

ပြောချင်ရာပြောပြီး
ဖြစ်ချင်ရာဖြစ်နေတာကို
အစင်းသားခံနေရတာက
ဟောဒီက မျက်နှာမွဲရယ်ပါ......။

လာတယ်။
ပျောက်တယ်....။
ပျက်တယ်...။
ဖျက်တယ်...။

မုန်းတယ်...
အဲ့ဒိ ၁၁၊၅...........။
မကြားချင်ဘူး
အဲ့ဒိ ဆယ့်တစ်၊ငါး
မသိသူကျော်သွား။
သိသူ ခံစား.............................။

************************

Saturday, January 24, 2009

အရူးသုံးယောက်ရှိလေသည်

နတ်မောက်မှာ ၇ လကျော်ကျော်နေခဲ့စဉ်...ကျမအတွက် အတွေ့အကြုံအထူးအဆန်းများစွာ ရခဲ့ပါတယ်။အမေနဲ့ အဝေးမှာပထမဆုံးခွဲနေဖူးတာလဲဖြစ်တယ်။ရန်ကုန်မှာတုန်းကလဲ အဝေးမှာဆိုပေမယ့်အချိန်မရွေးထပြန်လို့ရ
တယ်။အမေကလဲ သတိရရင် လိုက်လာလို့လွယ်တယ်။နတ်မောက်မှာတော့ အဲ့သလိုမဟုတ်တော့ဘူး။
နတ်မောက်မြို့ကိုရောက်တာကစစ်ထွက်မောင်ထက်ဆိုးပါတယ်။လမ်းပန်းဆက်သွယ်ရေး၊တယ်လီဖုန်း
ဆက်သွယ်ရေးစသဖြင့် အစစအရာရာခေါင်းပါးလွန်းပါတယ်။တစ်မြို့လုံးမှာ အများပြည်သူသုံးတယ်လီဖုန်းရယ်လို့
တစ်လုံးပဲရှိပါတယ်။အဲ့ဒိ တစ်လုံးကလဲ ကြံ့ခိုင်ရေးရုံးမှာပဲ ရှိပါတယ်။တစ်ယောက်စကားပြောနေရင် ဘေးကနေ
၅ယောက်၊၆ ယောက်လောက်က စောင့်နေတတ်ပါတယ်။အမေက စကားတွေအများကြီးပြောနေတဲ့ အခါ
ဒါမှမဟုတ် သူက သတိရကြောင်းလွမ်းကြောင်းတွေ ပြောနေရင် ကျမကလဲ သတိတွေရပြီး ဆို့လို့နင့်လို့
ဖြစ်နေရင်လဲ....ကြိတ်မှိတ်မြိုသိပ်ရုံမှ တပါးဘာမှ မတတ်နိုင်ဘူး။

ခုနောက်ပိုင်းတော့ သူတို့ဆီမှာလဲ ဒီဂျစ်တယ်ဖုန်းလိုင်းတွေ ချပေးတယ်လို့ကြားရတယ်။ထားပါတော့လေ...။
လိုရင်းက ဘယ်ရောက်သွားပြီလဲတောင် မသိတော့ဘူး။

နေရာသစ်၊အစာသစ်၊ရေအသစ်၊မြေအသစ်နဲ့ အကြေမြို့လေးမှာ နေခဲ့ရစဉ်ကာလ တစ်လျှောက်လုံးမှာ အမှတ်ရစရာတွေ အများကြီးပါပဲ...........။ကင်းတွေ၊မြွေတွေပေါတာ.....၊အညာဆောင်းက လွန်လွန်ကြူးကြူး
အေးလွန်းတာ၊နေ့လည်နေက ကျောကွဲလောက်အောင်ပူတာ၊လျှောက်တဲ့လမ်းပေါ်က သဲကပူတာ၊
နောက် အရက်သောက်တဲ့သူတွေပေါတာ....နဲ့ အရူးတွေ........အစုံပါပဲ...။အဲ့ဒိထဲကမှ အရူးသုံးယောက်
အကြောင်းလေးကို ပိုသတိရနေမိတယ်။သတိရသလောက်လေး ပြန်ရေးထားတာပါ။ဖတ်ကြည့်ပါဦး။


တစ်ယောက်က ကျမနေတဲ့အိမ်ရဲ့ ခေါင်းရင်းကပ်ရပ်ခြံမှာ နေတယ်။အမျိုးသမီးတစ်ယောက်ပါ၊ဘီကွမ်းနဲ့ MSc ပြီးပြီးသား ပညာတတ်ကျောင်းသူတစ်ယောက်က ဘယ်လိုကဘယ်လိုဖြစ်ပြီး ရူးတဲ့အဖြစ်ရောက်သလဲတော့
ကျမ မသိပါဘူး။အဲ့ဒိ အမျိုးသမီးမှာ မိတူးဆိုတဲ့ ညီမတစ်ယောက်ရှိတယ်။
သူမက မိုးလေးနဲနဲချုပ်လာပြီဆိုတာနဲ့ မိတူး၊မိတူးဆိုပြီးဝမ်းခေါင်းခြစ်ပြီးတော့ကို အော်တော့တာ။
ကျမနားထဲမှာက မီးထွန်း၊မီးထွန်းပဲ ကြားနေတော့...။အော်...သူ့ကိုအမှောင်ထဲထားလို့များ မီးထွန်းခိုင်းနေသလားဆိုပြီးတော့ အူကြောင်ကြောင်တွေးမိသေးတယ်...။နောက်တော့မှ မီးလာလဲ မီးထွန်း၊
မီးမလာလဲ မီးထွန်းဖြစ်နေတော့ ကျမရဲ့အိမ်ရှင်တွေကို မေးကြည့်တော့မှ သူ့ညီမကို အော်ခေါ်နေတာ ဖြစ်နေတယ်။

အော်ရုံတင်မဟုတ်ဘူး၊တစ်ခါတစ်လေ ဘာတွေကို ဒေါတွေခီးသလဲမသိ၊အဆဲပေါင်းကို နားမခံသာအောင် ဆဲတော့တာ။သူ့ညီမ မိတူးလဲ ပါတယ်။နောက်တော့ ရဲစခန်းက စခန်းမှုးတွေလဲပါတယ်။ကျမအတွက်တော့
သူဆဲသမျှ ထူးဆန်းနေတော့တာပါပဲ။

ညဘက် သူဆဲသမျှ မကြားချင်လဲ ကြား၊ကြားချင်လဲကြားဆိုတော့ မနက်ရောက်ရင် သူတို့မြို့လူတွေကို အဲ့ဒါ
ဘာလို့ဆဲတာလဲလို့ဆိုပြီး စပ်စုရတယ်။သူ့ကို တိုက်ထဲထည့်ပြီးပိတ်ထားလို့ ဆဲတာတဲ့လေ။
သူအပြင်ထွက်ချင်တယ်တဲ့။သူအမှောင်ထဲမှာချည်းပဲ နေရတာမွမ်းကြပ်လှပြီထင်ပါရဲ့....။ဒါပေမယ့် သူ့ကိုအဲ့ဒိ မီးခံတိုက်လို့ခေါ်တဲ့ သစ်သားလုံးဝမပါတဲ့ သံနဲ့ အုတ်ချည်းသက်သက်ဆောက်ထားတဲ့ တိုက်ပုပုလေးထဲကို ထည့်ထားခဲ့တာ၂ နှစ်ကျော်လာတဲ့အထိ သူတစ်ခါမှ အပြင်မထွက်ရသေးပါဘူးတဲ့...........။

တစ်ညသားမှာတော့ ရယ်လဲရယ်ရ၊ကြောက်လဲကြောက်ရ၊သနားလဲ သနားရတဲ့ အသံတချို့ ကျမကြားခဲ့ရတယ်။
အချိန်က မနက် ၃ နာရီလောက်ပဲရှိပါသေးတယ်။ထုံးစံအတိုင်း သူမ ဆဲသံနဲ့အတူ ကျမလန့်နိုးခဲ့တယ်။
စိတ်လဲတို၊ကြောက်လဲ ကြောက်ပေါ့။ညက နက်နက်မှာ သူ့အသံကလဲ အာခေါင်ခြစ်ပြီး အသံနက်နက်ကြီး
အော်နေတော့တာလေ...။ဆဲတာလဲ စုံလို့ပါပဲ...။တစ်ခါမှ မကြားဖူးတဲ့ အဆဲတွေပါ..ကြားရတယ်။သူဆဲလွန်းတော့ မမိတူးလဲ မနေသာတော့ဘူးထင်ရဲ့။"ဟဲ့ဘာလဲ ဘာလုပ်မလို့ ဒီလောက်အော်နေတာလဲ" ဆိုတော့
ငါခေါက်ဆွဲပြုတ်သောက်ချင်လို့တဲ့.............။ဒါမဲ့ သူမသောက်ရပါဘူး။ဒီလောက်အေးနေတဲ့ညကြီးမှာ ဘယ်သူက သူ့ကို ခေါက်ဆွဲပြုတ်တိုက်လေမလဲ ကွယ်၊မမိတူးရဲ့ မလုပ်ပေးနိုင်ဘူးဆိုတဲ့ အသံလဲကြားရော..........
သူ့အသံပျောက်သွားပါတော့တယ်။အဲ့ဒိတော့မှ ကျမလဲ သက်ပြင်းချပြီးပြန်အိပ်ရတယ်။

နောက်ညတွေကျတော့လဲ ထုံးစံအတိုင်းပါပဲ...ဆဲမြဲပဲ။ခေါက်ဆွဲပြုတ်တောင်းသံတော့ မကြားရတော့ဘူး။ဒါပေမဲ့
ကျမပြန်လာတဲ့ အထိဆဲနေတုန်းပါပဲ။

နောက်ထပ်အရူးတစ်ယောက်ကတော့ အဖိုးကြီးပါ။သူကကျတော့ယဉ်ယဉ်လေးရယ်.....။မိဘဆွေမျိုးမရှိဘူးတဲ့။
တစ်ယောက်ထဲရယ်။လမ်းပေါ်မှာပဲနေ၊လမ်းပေါ်မှာပဲ အိပ်ပေါ့။

သူ့မှာ သိပ်အားကျစရာကောင်းတာတစ်ခုက နတ်မောက်တစ်မြို့လုံးမှာ သူ့ကိုဘယ်သူကမှ နိုင်အောင် ချက်စ်မကစားနိုင်ကြဘူးတဲ့လေ.....။ဘယ်လောက် ထူးဆန်းလဲ..။ပုံကခပ်အေးအေးရယ်။ဘယ်သူမေးမေး
သူက သင်မပြဘူးတဲ့။ဆိုက်ကားဂိတ်၊မြင်းလှည်းဂိတ်၊ကားဂိတ်တွေမှာ သူအမြဲရှိတယ်။ကြုံရာလူနဲ့ ချက်စ်ကစားတယ်။မိုးလင်းတာနဲ့ ပိုက်ဆံတစ်ရာရအောင် တွေ့ရာလူဆီကနေ တောင်းတယ်။
တောင်းတာတောင် သူကရမယ့်လူဆီကမှ တောင်းတာ။

တစ်ရာ ရတာနဲ့ လက်ဘက်ရည်ဆိုင်ကို ဒိုးရော။လက်ဘက်ရည်ဆိုင်ကျတော့လဲ အဖျော်ဆရာဖျော်ပေးတဲ့ လက်ဘက်ရည်ကို မသောက်ဘူး။ဆိုင်ရှင်ရဲ့ သမီးလေးတစ်ယောက် ချစ်စရာ အညာသူဖြူဖြူလေးတစ်ယောက်
ရှိတယ်။သူဖျော်ပေးမှ။သူ့ရဲ့ ဖိုက်ဘာခွက် အစိမ်းလေးကိုကိုင်ပြီး အဖျော်ခန်းဘေးမှာ ကပ်ရပ်နေတော့တာ။
ကောင်မလေး ထွက်လာပြီး ဖျော်မပေးမချင်း စောင့်တော့တာပဲ...။ဘာကြောင့်လဲဆိုတာ ဘယ်သူ့ကမှ မသိကြဘူး။လက်ဘက်ရည်ရတာနဲ့ လမ်းဘေးတစ်နေရာက မလေးရှားပိတောက်ပင်လေးတစ်ပင်အောက်
သွားပြီ ထိုင်သောက်နေရော............။နေ့လည်တစ်ခါ၊ညနေစောင်းတစ်ခါ...ဒီလိုပဲ သူ့ဆာလောင်မှုက...။

အဲ့ဒိ အဘိုးအိုရဲ့ ခါးမှာ ပုဆိုးတစ်ထည်ကို သိုင်းပြီးချည်ထားတယ်။အထဲမှာ သူ့ပစ္စည်းတွေပါတယ်။မြွေရေခွံ
အိတ်ခွံတွေလဲ တွေ့တယ်။အရောင်မရှိတော့လောက်အောင် ညစ်ပတ်နေတဲ့အညာစောင်အရိအရွဲလေး
တစ်ပိုင်းလဲ ပါတယ်။နောက် သူလက်ဘက်ရည်ထည့်သောက်နေကျ မတ်ခွက်အစိမ်းလေးရယ်...။ဒါပဲ ပါတယ်။ ခြေသလုံးအိမ်တိုင်ဆိုတာ ဒါမျိုးထင်ရဲ့။

ကျမလေ...တခါတခါ သူ့ဘ၀ကို အားကျမိတယ်။သူ့ဘ၀ ဘယ်လောက်ရိုးစင်းလိုက်သလဲ၊ဂုဏ်မရှိ၊ပကာသနမရှိ၊
တစ်ခုခု ဆာလာရင် ပိုက်ဆံလိုက်တောင်းလိုက်ရုံပဲ...။သူ့မှာ အစားအစာဆာလောင်မှုကလွဲရင် တခြားဘာမှ
မရှိလောက်ဘူးလို့ ကျမယုံတယ်။

နောက်ဆုံး အရူးတစ်ယောက်က အမျိုးသမီး။သူကတော့ ကျမတစ်ယောက်ထဲတင်မဟုတ်၊ကျမတို့ တစ်ရုံးလုံးကိုပါ ရယ်အားထက် ငိုအားသန် အဖြစ်အပျက်တစ်ခုဆီရောက်စေခဲ့ပါတယ်။
အဲ့ဒိနေ့က လက်ဘက်ရည်ဆိုင်ထိုင်နေတဲ့ အထဲမှာ ယောက်ျား၊မိန်းမ လူစုံတက်စုံလဲရှိတယ်။ကိုမျိုးဝင်းဆိုတဲ့ အစ်ကိုတော်တစ်ယောက်လဲ ပါတယ်။အဲ့ဒိဆရာသမားက ညနေလေးစောင်းရုံပဲရှိသေးတယ်၊
ရစ်က ရွှေရည်ဖြစ်နေပြီ။

တစ်ညနေ ကျမတို့တွေ ထိုင်နေကျ လက်ဘက်ရည်ဆိုင်တစ်ခုမှ ထိုင်နေကြတယ်။လမ်းဆုံဘက်ကနေ အမျိုးသမီးတစ်ယောက် အော်ကာ၊ဟစ်ကာနဲ့ အပြေးတစ်ပိုင်းနဲ့ကျမတို့ဘက်ဆီလျှောက်လာတယ်။
သူက ဟဲ့ မျိုးဝင်း...သေနာကောင်၊နင်ပြန်လာခဲ့ နင်နဲ့ငါနဲ့ တွေ့မယ်...ကလေက၀ မြာပွေတဲ့အကောင်....စသဖြင့် ဘာဖြစ်တယ်။ညာဖြစ်တယ်စုံပလုံကို စေ့နေအောင် ကလော်ဆဲပြီးလာတာ။

အဲ့ဒိအချိန် ကျမတို့ဝိုင်းက ကိုမျိုးဝင်းကြီးတစ်ယောက်က ဟင်၊ဟန်ဘယ်သူလဲသူကနဲ့..မျက်နှာကရဲတွတ်နေပြီ။
အဲ့ဒိ အမျိုးသမီးရဲ့နောက်ကို လှမ်းကြည့်လိုက်တော့လဲ ဘယ်သူမှမရှိပါဘူး။သူ ဘယ်မျိုးဝင်းကိုဆဲနေတာလဲ ဆိုတာလဲမသိရ၊တဖြည်းဖြည်းနဲ့ ကိုယ်တွေအနားကိုရောက်လာပြီ။လန့်လဲ လန့်နေကြပြီ။အဲ့ဒိမှာ အဖြစ်က
အမြင့်ဆုံးဒီဂရီကိုရောက်တော့တာပါပဲ။

ဘာမပြောညာမပြောနဲ့ အမျိုးသမီးက ကန်တော့ပါရဲ့ သူ့လုံချည်ကို စင်စင်ပါအောင် လှန်ပစ်လိုက်ပါလေရော....။
ကိုမျိုးဝင်းတွင် မဟုတ်၊ကျန်တဲ့သူတွေပါ....ဘာလုပ်လို့လုပ်ရမှန်းမသိတွေ ဖြစ်ကုန်ကြပါလေရော...............။
တစ်ခါ၊နှစ်ခါ မကကို စိတ်ရှိတိုင်းလုပ်နေတော့တာ..............။နောက်တော့မှ စပ်စုကြည့်ကြတော့
သူ့ယောက်ျားနာမည်ကလဲ မျိုးဝင်းပဲတဲ့......။
ဒါကြောင့် စိတ်နာနာနဲ့ စွတ်တင်နေတာလား အစ်မကြီးရယ်....ပေါ့...။အဲ့လို.............။

အညာဆောင်းက လူကောင်းတောင် ရူးချင်ချင့်ရယ်။နဂိုအခံရှိပြီးသား လူတွေအတွက်တော့ သွက်သွက်ကို
ခါတော့တာပါပဲ......................။အထူးသဖြင့် ဒီအချိန်ပေါ့။နတ်တော်၊ပြာသို၊တပို့တွဲ.....လတွေဟာ အအေးဆုံးအချိန် ဖြစ်သလို၊လေရူးလဲတကယ်ပွေတဲ့အချိန်ပါပဲ...။

ဒီစာကိုရေးရင်းကပဲ တွေးမိတယ်။မနက်လင်းတိုင်း မျက်နှာကို လာလာထိခတ်တတ်တဲ့ မထီတရီဆောင်းလေကို တယုတယလုပ်ချင်တဲ့၊အတိတ်ကိုပြန်ပြန်ဆွပြီး လွမ်းနေတတ်တဲ့ကျမကိုလဲ ဒီစာရင်းထဲထည့်မယ်ဆိုရင်တော့
ဒီပိုစ့်ခေါင်းစဉ်ကို အရူးလေးယောက်ရှိလေသည် လို့ နာမည်ပြောင်းရကောင်းမလားပဲ..........။

သည်းခံပြီး ဖတ်ပေးကြတာ ကျေးဇူးတင်ကြောင်းပါ..........။

အညာမြေကို လွမ်းရင်းဒီစာကို ရေးဖြစ်ပါတယ်။တိုက်ဆိုင်မှုများရှိက ကျမရဲ့ မှားယွင်းမှုသာဖြစ်ကြောင်း ၀န်ခံတောင်းပန်အပ်ပါသည်။

Thursday, January 22, 2009

ဗလာလူ

ကဲ...အသစ်တဲ့ဗျာ...ဘာရေးရမလဲ..။
ရေးစရာ.........................၊

အကြောင်းအရာလဲ မရှိ၊
ခံစားချက်လဲမရှိ၊အတွေ့အကြုံလဲ မရှိ......။
ဝမ်းနည်းမှုလဲမရှိ၊၀မ်းသာမှုလဲမရှိ...။
ကြေကွဲတာလဲ မရှိ၊ပီတိလဲ မရှိ..........။

နာကျည်းချက်လဲမရှိ၊ဒေါသလဲမရှိ၊
ဥပေက္ခာလဲမရှိ၊မုဒိတာလဲ မရှိ၊
.....
.....
*******
မရှိ၊
မရှိ.....
ဘာဆိုဘာမှ မရှိ...။

စိတ်မှာ ဗလာ....။
နှလုံးသားမှာ ဗလာ..။
ဦးနှောက်မှာဗလာ..........။
တစ်လောကလုံးမှာ ဗလာ....။
တစ်ဘ၀လုံးမှာ....ဗလာ....။

**************

Monday, January 19, 2009

ကြုံရ ဆုံရ..........

ဒီပိုစ့်ကို ဖတ်ပြီးပြောစရာရှိလာခဲ့ရင် နာနာသာပြောခဲ့၊ဆိုခဲ့ကြပါ..။ဒီလူ စိတ်မထားတတ်သေးဘူး။

ကျမနဲ့ မောင်ရှင်းသန့် နဲ့ လက်ဘက်ရည်အတူတူသောက်မယ်ဆိုပြီး ချိန်းလိုက်ကြတယ်။သူလာရမယ့် နေရာက နဲနဲဝေးတယ်ဆိုတော့ "ကဲ နင်အရင် အွန်လိုင်းကထွက်လိုက်၊ငါ အဲ့ဒိဆိုင်ကို ဆယ်ငါးမိနစ်အတွင်းရောက်မယ်"လို့ အတိအကျကြီးပြောခဲ့မိတယ်။အဲ့ဒိအချိန်က ညနေ ၅ နာရီပါ။

ကျမက စိတ်မြန်တယ်။စိတ်လဲ ပူတတ်တယ်။ပြောထားရင် ပြောထားတဲ့အချိန်ရောက်မှ၊ကိုယ်လဲ အဲ့ဒိအချိန်
ရောက်အောင် မဖြစ်ဖြစ်တဲ့နည်းနဲ့ကြိုးစားပြီး သွားလေ့ရှိတယ်။ချိန်းထားတဲ့သူက ပြောထားတဲ့အချိန်မှာ မရောက်လာရင် ပထမဆုံးအနေနဲ့ စိတ်တိုတယ်။နောက်တော့ စိတ်ပူတယ်။ကိုယ့်အသက်တောင်ကိုယ်မပိုင်ပဲ လမ်းပေါ်လျှောက်နေရတာမှန်း ဘ၀တူတွေချင်းမို့သိတယ်။နောက်ပြီး ကိုယ့်ဘက်က နဲနဲလေးနောက်ကျသွားရင်
လဲ ငါ့ပဲ မစောင့်နိုင်လို့ပြန်သွားတာလားလို့ စိတ်ပူအားနာတယ်။ဒါကြောင့်မို့ အမြဲတမ်းလိုလို ကိုယ့်ဘက်ကနေ
အလိုမရှိအောင် လုပ်ပါတယ်။ခုလဲ ကျမသွားရမယ့်အချိန်ကို ကျမဘာသာတွက်ပြီး ထွက်သွားလိုက်ပါတယ်။
လမ်းမှာ အပိတ်အဆို့ခံရပါတယ်။ဒီလိုကြုံခဲ့ရတယ်။


ချိန်းထားတဲ့ လက်ဘက်ရည်ဆိုင်ရှိတဲ့လမ်းမနဲ့ အနီးဆုံးလမ်းပေါ်ကိုရောက်ဖို့ ကြားဖြတ်လမ်းလေးကနေ ကျမသွားတယ်။ဖြစ်ချင်တော့ အဲ့ဒိဖြတ်လမ်းရဲ့ ဟိုဘက်က တစ်ဖက်ပိတ်လမ်းတစ်ခုမှာ တရားပွဲတစ်ခုကျင်းပနေ
တယ်။ဘုန်းကြီးတရားမဟောသေးပါဘူး။တရားပွဲအတွက် ညနေစောင်းထဲက ပြင်ဆင်နေကြ ပုံကျပါတယ်။ ကြားဖြတ်လမ်းလေးကို ၀ါးလုံး ၂လုံးဆက်ပြီး ပိတ်ထားပါတယ်။ထုံးစံအတိုင်း ပွဲလမ်းသဘင်တိုင်း တွေ့ရတတ်တဲ့ ပုဂ္ဂိုလ်များရှိတယ်ပေါ့။ကျမရှေ့က အစ်မကြီးတစ်ယောက်နဲ့ သူတို့အခြေအတင်ဖြစ်နေကြတယ်။
အစ်မကြီးက နောက်ဆုံးကျတော့ ဟုတ်တယ် အဲ့ဒိတရားပွဲကိုသွားမလို့ပဲ ဆိုပြီးခပ်တည်တည်နဲ့ပဲ ဖြတ်သွားတယ်။
ကဲ လာပါပြီ ကျမအလှည့်...။"သွားလို့မရဘူး" တဲ့ တစ်ခွန်းထဲပဲပြောပါတယ်။ပေစုတ်စုတ်နဲ့ မို့လို့သိပ်လဲ
အဖက်မလုပ်ချင်ဘူး ထင်ပါတယ်။ကျမကလဲလွယ်လွယ်နဲ့ တစ်ခုခုကိုလက်မခံတတ်တော့အခက်သားလားနော်။
"ဘာဖြစ်လို့လဲ" လို့ ခပ်ထေ့ထေ့ပဲမေးလိုက်တယ်။"တရားပွဲရှိတယ်"တဲ့။"တရားပွဲက မစရသေးဘူးမဟုတ်လား။
မနေ့ကလဲ ကျမသွားပြီးပြီ "လို့ ပြောလိုက်ပါတယ်။အဲ့ဒိနေ့တုန်းက ကျမဖိနပ်ကိုချွတ်ပြီး ကိုင်ပြီးမှ သွားတာပါ။

"မရဘူးဗျာ...။ခင်ဗျားလဲ ဗုဒ္ဓဘာသာ မြန်မာလူမျိုးပဲဗျာ..ဒီလောက်နားဝေးမယ် မထင်ပါဘူး" ဟောကွယ်...။
မရင့်ဘူးလား။"အိုကေ အိုကေ ဖြစ်တယ် ဖြစ်တယ်..ဒါမဲ့ မင်းအဲ့ဒိလောက်ထိတော့ စကားလုံးအကြီးကြီးတွေ
သုံးဖို့မလိုဘူးထင်တယ် " လို့ ကျမပြန်ပြောခဲ့ပါတယ်။(ကျမ အဲ့လိုပြောလိုက်တဲ့ အချိန်မှာပဲ သူ့ခပ်လှမ်းလှမ်းက အဖြူဝတ် ဆရာသမားများက လူငယ်မို့လို့ပြောနေတာဟေ့...လို့ မကြားတကြားပြောတယ်)အဲ့ဒိစကားက ပိုရင့်သီးလှတယ်လို့ ကျမထင်တယ်။ကျမကို ပြောတဲ့ သူလဲ လူငယ်ပါပဲ...။ကျမထက် ငယ်လှနဲနဲပေါ့..။ခုခေတ်မှာ အဲ့ဒါမျိုးတွေ သိပ်ပေါလှောနေတာတွေ့ရပါတယ်။

လူငယ်တွေဟာ သူတို့ကောင်းမယ်ထင်တာ၊အသစ်ဖြစ်မယ်ထင်တာတွေကိုတစုးတစိုက်လုပ်ကြပါတယ်။ပြောချင်
တာကိုပြောချင်သလိုပြောရဲတဲ့သတ္တိလဲရှိကြပါတယ်။ဒါမဲ့လူငယ်အချင်းချင်းရိုင်းပင်းကူညီမှု၊နားလည်ပေးမှု၊
လူငယ်အခွင့်အရေးအပေါ် တန်ဖိုးထားမှု၊တောင်းဆိုတတ်မှု၊ကိုယ့်ကိုယ်ကို အထူးသဖြင့် ကိုယ့်အခွင့်အရေးကို
တန်ဖိုးထားမှုအပေါ်မှာတော့ လိုအပ်နေတုန်းပဲလို့ ကျမထင်တယ်။လူအချင်းချင်း ရိုင်းပင်းကူညီတဲ့စိတ်မှ မရှိပဲနဲ့ အင်္ကျီဖြူလေးတကားကားနဲ့လုပ်နေလဲ .............။
ကဲ မပြောတော့ဘူးဗျာ...ပြောနေ ရှည်တယ်။နောက် အဖြစ်အပျက်တစ်ခုလေး ဆက်ချင်သေးတယ်။

ပြီးခဲ့တဲ့ သုံးရက်တုန်းက ကျမမြောက်ဥက္ကလာဘက်ရောက်တယ်။မယ်လမု ဘုရားပွဲကြီးက စည်လိုက်တာ။
၂ ဈေးနားက စလို့ မယ်လမုဘုရားနားထိ ပွဲဈေးတန်းကြီးမှ ဟီးလေးဟိုလေးကိုထလို့ပဲ....။ ပျော်စရာကောင်း မယ့်ပုံပါ။ပွဲဈေးသည်တွေ၊ဆိုင်ခန်းတွေ ချောက်ကပ်နေတာကလွဲရင်ပေါ့။
ဘုရားပွဲလှည့်တာလဲကြည့်ခဲ့ရသေးတယ်။ ထော်လာဂျီကို နောက်ဖက်က ကိုယ်ထည်ဖြုတ်ထားတဲ့
ယာဉ်ရှေ့မှာ မြတ်စွာဘုရားပန်းချီကားနဲ့....။အပေါ်မှာ ဘယ်ညာ Sound Box ဆယ့်နှစ်လုံးစီနဲ့။သားစိုးရဲ့ အရောနဲ့...။မျက်ထောက်နီ၊ရေစိုတဲ့ လူငယ်တွေနဲ့...။အဲ့ဒါ တခြားမဟုတ်။
ဘုရားလှည့်လည် အပူဇော်ခံတာ...........။

နှစ်ကျိတ်ရှစ်ဆူ ဘုရားပွဲတစ်ပွဲ စမ်းချောင်းဗဟိုလမ်းမ နားမှာ လုပ်နေတယ်။ကိုယ့်လမ်းကို ကိုယ်စားပြု စင်မြင့်ဖျော်ဖြေပွဲတွေနဲ့.။နေ့လည်ဘက်တုန်းကတော့ သိပ်ကိုအောင်မြင်နေတဲ့ ကျမဝေဖန်ခဲ့ဖူးတဲ့ ဟစ်ဟော့ပ်ပါရဲ့ သီချင်းသံကို ကြားရတယ်။ညဘက်ကျူရှင်ပြန်တော့ ကားအမိုးဖွင့်ပေါ်မှာ လှုပ်ခတ်နေတဲ့ ကောင်မလေးနှစ်ယောက်။အောက်က ကြည့်ရှုသူက ကြိတ်ကြိတ်တိုးစည်ကားသည်နဲ့.............။

ဆိုတော့ မနေ့ညကပဲ ကျမအရစ်ခံခဲ့ရတာလေးပြေးသတိရမိပြီး ဒီပိုစ့်လေးကို ရေးဖြစ်တယ်.......။
ပြောစရာရှိပြောခဲ့ကြနိုင်ပါသည်။

မြွေအရေခွံတပ် ဦးခေါင်း

လက်ရှိစိတ်ခံစားမှုအခြေအနေနဲ့ အဆင်ပြေဆုံး၊အထိဆုံးကဗျာတစ်ပုဒ်ပါ..။ကဗျာလဲမတင်ဖြစ်၊မမျှဖြစ်တာ
ကြာပြီနဲ့မို့...ဒီလထုတ်ချယ်ရီမှာ ပါတဲ့ကဗျာတစ်ပုဒ်ကို တင်ဖြစ်ပါတယ်။အားလုံးနားလည်လက်ခံပေးကြမယ်လို့ မျှော်လင့်ပါတယ်။


မြွေအရေခွံတပ် ဦးခေါင်း

ဒီနေ့
ပျော်ရွှင်မှုထိပ်ဆုံးစာရင်းမှာ
ကိုယ့်နာမည်ပါသလား။
တစ်ခုပြီးတစ်ခု မပြည့်နိုင်တဲ့ ကမ္ဘကြီးထဲ
ခပ်ထည့်မိတာနည်းနည်း
ခပ်သောက်မိတာများများ
ခပ်မိတာချင်း ခတ်ခဲ့မိတော့
အခက်သား။
အသက်မပါတဲ့ ဖဲအပွင့်ကိုဆက်ဆွဲ
ရွှေကိုရွှေနဲ့
ငွေကိုငွေနဲ့
ငါးစာတပ်ပြီး မျှားနေရတဲ့ မြစ်ပြင်ထဲမှာ
အာဟာရနဲ့ ထောက်ကူပေးထားရတဲ့ အရေပြား
နက်တယ်။
ကျောနံပါတ် ၁၀၉၊၁၁၀
ပြောင်းရွှေ့ကြေးလိုသလောက်ရတဲ့သူပဲ
ကိုယ်တိုင်ခြေထောက်နဲ့ ကစားရတာထက်
အပျော်အခလေးကြေးတင်လိုက်
အဲသလိုကစားနည်းကြိုက်သူဘေးမှာ
အိမ်မက်တွေ တွန့်ကြေနေရတာနဲ့
ဘယ်တော့မှ မမေ့နိုင်တော့ဘူးနဲ့
ဟုတ်လား ဆွီတီ။
ဆိုကတည်းက
ငါဟာ ငတုံးငအတစ်ကောင်ဆိုတာ
ဝန်ခံပါတယ်။
အမေ့အိမ်မှာ
ပြန်မပြောနားမထောင် ခြေလက်သုတ်သင်
ကျောလျားရှည်ကြီးနဲ့
ငါတော့ခက်တယ်တဲ့။
အမေမကြာခဏ
အော်ဟစ်ဆူခဲ့ရတဲ့ငါဟာ
အမေရှိရင် ထမင်းရှိတယ်။
အမေရှိရင် ငွေရှိတယ်။
အဆင်မပြေဘူးလား။
ဆိုမှတော့
ခုလို အဆင်မပြေချင်ရင်
ရေသောက်တာလည်း သွားကြားညှပ်တာပဲ။
မိုးထဲရေထဲ ဖိနပ်ပြတ်တယ်။
အချစ်မကြိုက်တဲ့ဆံပင် ရှည်ရှည်လာတယ်။
မီးစာလည်းကုန်ပြီ
ရေကလည်း ခန်းပြီ။
ငွေသံကြေးသံတစ်ချွင်ချွင်ဂီတနဲ့
မကခုန်နိုင်တဲံ ဒီနေ့
ဘောက်ဆူးမရတော့တဲ့ စားပွဲထိုးလေးကအစ
ရေခဲသေတ္တာထဲက တစ်ရေးနိုးလာတဲ့ အသားတစ်စ
မျက်နှာပေးမျိုး
" ဟေ့လူကြီး ခင်ဗျားဘာသောက်မှာလဲ"
ကျေးဇူးပြုပြီး
လူ့ပေါ်ကြော့တစ်ယောက်မှာလည်း
ပြုပြင်မှုယန္တရား မထားရဘူးလား။
ငါပေးခဲ့တဲ့ အချစ်နာမည်မပြောင်းလိုက်နဲ့ ကေသီ
ငါပေးခဲ့တဲ့ ကျောနံပါတ် ၂၃ အင်္ကျီပြန်မပေးခဲ့ပါနဲ့ ဂျော်နီ
ငါဖြောင့်ပေးခဲ့တဲ့ အချစ်ဆံပင် ပြန်မကောက်လိုက်ပါနဲ့ ဟန်နီ။
ပျံကျ ညနေခင်းလေးမှာ
ဝေ့၀ဲတိမ်းရှောင်သွားကြသော
လူမှုဘာသာဗေဒအခင်းအကျင်းများ
ဝမ်းနည်းလက်စလမ်းပေါ်
ပျော်ရွှင်မှုထမင်းဟင်းလေးများတွေ့ဖို့ရာ
ကျွန်တော် အိမ်ပြန်နောက်ကျပါမယ်
မေမေ။ ။

စောနဒီ(မြစ်ကြီးနား)

Thursday, January 15, 2009

ပျော်ရွှင်စွာ ကြွားခြင်း

ဒီလင့်ခ်ကနေလဲ သွားလို့ရကြောင်းပါ..။
ကြွားတယ်လို့ပဲ သတ်မှတ်ကြပါ။ကျမလတ်တလော ရေးခဲ့တဲ့ပိုစ့်တစ်ခု၊စိတ်နဲ့ကိုယ်နဲ့ ကိုယ်နဲ့စိတ်နဲ့မော...ဒယ်..
ဆိုတဲ့ပိုစ့်ထဲက တချို့စာသားတွေကို ပြည်တွင်းအယ်ဒီတာတစ်ယောက်က တောင်းယူပြီး သူတို့ဂျာနယ်မှာ
ထည့်သွင်းဖော်ပြခဲ့တာပါ။ဒီနေ့မနက်ထွက်ပါတယ်။၅၀၀ ပေးပြီးဝယ်လိုက်ပါတယ်။အခေါက်ပေါင်းမြောက်မြားစွာ
ကျမပြန်ပြန်ဖတ်နေမိတယ်။ကျမရဲ့ပိုစ့်က စာပိုဒ် 2 ပိုဒ်လောက်ပဲယူသုံးထားတာပါ။မြန်မာမိုန်းကလေးတစ်ဦးရဲ့ အမြင်ဆိုပြီး သူသုံးထားတာတွေ့ရပါတယ်။

ဝမ်းသာလို့မဆုံးပါဘူး။ဒါတောင် ဂျာနယ်မှာပါတာမို့ပါ။တကယ်လို့ မဂ္ဂဇင်းတွေဘာတွေမှာသာပါလာရင် ကျမအငွေ့များပျံသွားမလား....:)

ဝမ်းသာရတဲ့အကြောင်းတွေက တကူးတကန့်ဝယ်နားထောင်တာမဟုတ်ဘဲ ဒီအသံတွေကြားရရုံနဲ့ ဒီလို
စိတ်ခံစားမှုတွေဖြစ်ရတယ်ဆိုတာ ကျမတစ်ယောက်ထဲမဟုတ်ဘူးဆိုတဲ့အချက်နဲ့ ဒီလိုမျိုးဝိုင်းဝန်းပြီး
စည်းလုံးကြမယ်ဆိုရင် မကောင်းမှုတွေ ပါးရှားသွားလောက်တယ်လို့တွေးမိလို့ပါ..။

လူငယ်တယောက်က လူငယ်ထုရဲ့ ယဉ်ကျေးမှုကို ပြန်လည်ဝေဖန်ထားတာပါ..။

Monday, January 12, 2009

ကွမ်းနုက ၀ါဝါ

ညတုန်းက ဘောလုံးပွဲတစ်ညလုံးကြည့်မယ်ဆိုပြီး အစ်ကိုလုပ်သူကို ညီမဖို့ကွမ်းယာအဆိမ့် 200ဖိုးဝယ်လာပေး
ခဲ့ဆိုပြီး မှာခဲ့လိုက်တယ်။တကယ်တမ်းတော့ ဘာဘောလုံးပွဲမှလဲ မကြည့်နိုင်တော့ပါဘူး၊မနေ့က တစ်နေ့လုံး မနက် ၇ ကနေတက်ရတဲ့ သင်တန်းဟာ ည ၈ နာရီမှပြီးတယ်။အင်တာနက်လေးခဏလာသုံးပြီးပြန်၊ကွမ်းလေး နှစ်ယာလောက်လဲ ၀ါးပြီးရော၊လူက ကျိုးသွားပြီ။မရတော့၊သွားတိုက်ပြီး အိပ်လိုက်ရတယ်။ကိုယ်လဲ ကွမ်းမစားတာကြာပြီးကာမှ ပြန်စားဖြစ်တော့ အရင်တုန်းက ဆေးလိပ်နဲ့လူများဆိုတဲ့ ပိုစ့်တစ်ပုဒ်ရေးဖူးတုန်းက သူငယ်ချင်းက "လုပ်ပါဦးကွမ်းအကြောင်းလေးလဲ နဲနဲပါးပါး.." လို့ပြောဖူးထားခဲ့တာ သတိရမိတယ်...။နဲနဲပါးပါးပဲ ရေးမယ်နော်..။အများကြီးဖတ်နေရရင် ပျင်းနေမှာ မြင်ယောင်ပြီး အားနာလို့..။


ကွမ်းစားတဲ့ မိသားစုကကြီးလာခဲ့တာ....

အမေက အဖေဆုံးပြီးနောက်ပိုင်း အသက် ၄၀ အရွယ်ထဲက ဆေးလိပ်ကိုစွဲစွဲမြဲမြဲသောက်ခဲ့တာ။နင့်အဖေက ပြောဖူးတယ်။ငါ့ကိုသာပြတ်မယ်။ဆေးလိပ်ကိုတော့ မပြတ်နိုင်ဘူးတဲ့။ဒါပေမယ့်လဲ သေမယ့်ရောဂါရလာတော့
ဆေးလိပ်လဲပြတ်ခဲ့ရတာပါပဲ...ခုတော့ သူပြတ်တဲ့ဆေးလိပ်ကို ငါကဖြတ်မရတော့ဘူးလို့ ပြောတတ်တယ်..။
လွမ်းနေလို့များ ပြောတာလားလို့ကျမခုမှစဉ်းစားမိတယ်..။

နောက်တော့ ကျမအသက် 11 နှစ်မှာ ပုသိမ်ဆေးရုံမှာ ၂ လလောက်ဆေးရုံတက်ရတယ်။အဲ့တော့မှ အမေလဲ ဆေးလိပ်ပြတ်သွားတော့တယ်။ဆရာဝန်တွေဆဲမှာကိုသူကြောက်ပုံရတယ်။ဆေးရုံစတက်ခါစရက်တွေတုန်း
ကတော့ သူအပြင်ကိုထွက်ထွက်ပြီးခိုးခိုးသောက်ရှာတယ်။နောက်တော့ ကျမရောဂါကသည်းလာတော့ သူလဲ
ဆေးလိပ်သောက်ဖို့တောင် သတိမရတော့ဘူးထင်ပါ့ရဲ့..။အဲ့ဒိတုန်းကများဘယ်လောက်ထိဝမ်းနည်းဖို့
ကောင်းနေလိုက်မလဲ။အဖေ့တုန်းကလဲ ပုသိမ်ဆေးရုံရဲ့ နား၊နှာခေါင်း၊လည်ချောင်း ၀ါဒ့်မှာပဲတက်ခဲ့ရတာ။
ကျမကျတော့လဲ အဲ့ဒိဝါ့ဒ်မှာပဲ။တစ်ယောက်နဲ့တစ်ယောက်က ၇ နှစ်လောက်ပဲခြားတယ်..။အမေဟာ
ဘယ်လောက်ခြောက်ခြားနေလိုက်မလဲ။ဒီစာရေးနေရင်းက စဉ်းစားမိတယ်။

အဲ့ဒိသောကတွေကြောင့်ပဲထင်ရဲ့၊အမေလဲဆေးလိပ်လုံးလုံးပြတ်သွားတော့တာပဲ။ဒါပေမယ့်ကျမလဲဆေးရုံဆင်း
ပြီးရောဆေးလိပ်အစားထိုးပစ္စည်းကရောက်လာတော့တာပါပဲ..။.........ကွမ်း............။

ပုသိမ်ကအပြန်၊လွန်ခဲ့တဲ့ 13 နှစ်လောက်ထဲက ပုသိမ်ရွှေမုဠောဘုရားမှာဝယ်ခဲ့တဲ့ ကွမ်းအစ်ကြီးကခုချိန်ထိ
အိမ်မှာခန့်လို့၊ထည်လို့...။ထုံးတွေကလဲ အထစ်လိုက်၊အရစ်လိုက်နဲ့....။အမေ့သား၊ကျမအစ်ကိုလတ်ကလဲ
အင်မတန်ကွမ်းစားပါတယ်။သားအမိနှစ်ယောက် သိပ်လဲလိုက်ဖက်ညီတယ်။အမေလုပ်ပါဦး..တစ်ယာလောက်ဆို
လက်ထဲရောက်ပြီးသား။နောက်တော့ သူ့သားကမိန်းမလဲပိုးရော(လွန်ခဲ့တဲ့ ၃နှစ်လောက်က)သူပိုးတဲ့မိန်းကလေး
(ခုသူ့မိန်းမဖြစ်နေပါပြီ)ကကွမ်းမစားရဘူး၊ဘာဘူး၊ညာဘူးတွေလုပ်တယ်ထင်ပါ့။သူ့သားက ကွမ်းအစ်ကို
လှည့်မကြည့်တော့လို့ဆိုပြီး ကျမအမေမှာ ၀မ်းနည်းလိုက်ရတာ။
ကျမက အမေရယ်အမေ့သားအဲ့ကောင်မလေးကိုရကြည့်..ပြန်စားမှာ စိတ်မပူနဲ့လို့ကို ဖျောင်းဖျရတယ်။သူ့သားက မိန်းမစကားနားထောင်တာနဲ့ တစ်သက်လုံးစားလာတဲ့ကွမ်းကိုတောင်ဖြတ်ပြီလို့ ထင်ပြီးအမေက၀မ်းနည်းတာ။
ခုတော့လဲဒုံရင်းကဒုံရင်းပါပဲ..။ကလေးတစ်ယောက်လဲရပြီ။သူ့သားလေးကိုကွမ်းရွှက်ယူခိုင်း၊ကွမ်းသီးယူခိုင်းတဲ့
ဲ့အထိက ပြန်စားနေပီ။ခုတော့လဲ သားအမိနှစ်ယောက်ပြန်အဆင်ပြေနေကြပုံပဲ..။
ကျမက အမေရယ်..အသက်လဲကြီးပြီ..ကွမ်းစားတာလေးလျှော့ပါဦးဆို..အိုညည်းအေ..ကွမ်းစာတာက ဘာဥပါဒ်မှ
မဖြစ်ပါဘူး။အလွန်အကျွံမှမဟုတ်တာ..။ရုပ်လဲမဆိုးဘူး၊ဆေးလိပ်လို အနံ့လဲမထွက်ဘူး။ကြိုက်တတ်ရင် ကွမ်းနံ့က
မွှေးတောင်မွှေးသေးတယ်..ဆိုပဲ။တကယ်လဲ အမေကကွမ်းကို နှစ်နှစ်ခြိုက်ခြိုက်စားတာပါ..။
ကျမတစ်ခေါက်တစ်ကျင်းပြန်လို့ စားချင်တယ်ဆိုလဲ ဈေးသွားတာနဲ့ စမုံစပါးတွေ၊ဖာလာတွေ၊လေးညှင်းတွေ ၀ယ်ချလာပြီး ကျွေးတော့တာ...။ကျမစိတ်ထင် အမေယာကျွေးတဲ့ကွမ်းက တခြားကွမ်းတွေထက် ပိုဆိမ့်တယ်
လို့ထင်တယ်..။

ဧရာဝတီသူနဲ့ ကွမ်းယာဆိုတာခွဲမရတတ်ပါဘူးနော်....။

ကွမ်းစားတဲ့သူငယ်ချင်းတွေ....

ကျမသူငယ်ချင်းတွေထဲမှာ ကွမ်းစားတတ်တဲ့သူ မရှိသလောက်ပါပဲ။ဟိုတစ်လောက စင်ကာပူကပြန်လာတဲ့
ကောင်ကဟာဖိုးဒီနင်ဟာလေ..မရှက်ဘူးလား..ပါးစပ်ကလဲ အရဲလိုက်နဲ့တဲ့ ဆိုပြီးကဲ့ရဲ့တာတောင်ခံရသေးတယ်။သူကတော့ ဘုရားစူးယောက်ျားလေးပါ..။နောက်ထပ်ကွမ်းစားတဲ့သူ ဘယ်သူတွေရှိမလဲ။
နယ်က ဘော်ဒါတွေအကုန်လုံးကတော့ စားကြတယ်။ဘလောဂ့်ဂါတွေထဲမှာဆို တောကျောင်းဆရာလဲစားတယ်၊
မောင်မျိုးလဲ စားတယ်(ထင်တယ်)ကိုငြိမ်းစုကြီးလဲ စားတယ်..။ကွမ်းလေးမြုံ့ရင်းမှ စာရေးရတာ ပိုအဆင်ပြေတယ်
ထင်ပါ့...။အိုင်ဒီယာကောင်းတွေထွက်တယ်ထင်ပါ့။

ကားဆရာတွေအတွက်တော့ ကွမ်းဝါးတာက အသက်စောင့်ဆေးတစ်ခုပဲ၊သူတို့က ကွမ်းလေးဝါးနေမှမငိုက်တာဆိုပဲ..။ကွမ်းလေးကြိတ်ကြိတ်ဝါးရင်းကပဲ မိုင်ပေါင်းသောင်းခြောက်ထောင်ခရီးဆန့်ကြတာ...။
သားရေးသမီးရေးရှာရ၊ဖွေရတာ။....။

ကျမအစ်ကို ၀မ်းကွဲတစ်ယောက်က ကျမတို့မြို့မှာ ကွမ်း၊ကွမ်းသီး၊ဆေး၊၄င်းနှင့်အထွေထွေဆိုပြီး ဆိုင်တစ်ဆိုင်
ဖွင့်ထားတယ်..။သူဆီရောက်လဲ ကျမက ကောက်ဝါးလိုက်တာပဲ။သူတော်တော်ပြေလည်နေတာတွေ့တော့
ဟာငါ့အစ်ကိုဘာတွေများဒီလောက်အဆင်ပြေနေလဲဗျ"ဆိုတော့"အင်..နင်ကလဲ..ခုခေတ်မှာကွမ်းမစားရင်
ခေတ်မမှီတော့ဘူးလေ."တဲ့..အင်းဒါလဲဟုတ်တာပဲ..။ကျမတစ်ခါတစ်လေစားလို့ပြောတာမဟုတ်ပါဘူး...ကဲ ခေတ်မှီရအောင် ခုပဲ ကောက်ဝါးလိုက်ကြပါစို့လား..........:)

Sunday, January 11, 2009

ခြံသုံးခြံကို လွမ်းမိတယ်

ဒီနေ့ညနေ၊(အမှန်တော့ညနေမဟုတ်တော့ပါ..ညဖြစ်နေပါပြီ)ကျူရှင်ကပြန်လာတော့ လပြည့်ကျော်တစ်ရက်ည
ရဲ့လကို ကျမတစ်ဝကြီးခံစားလိုက်ရတယ်...။ဒီအတွက် ကျေးဇူးတင်ရမှာက ကျမငှားလာတဲ့ကားဆရာပါ။
ွကျွန်းတောလမ်းတစ်လျောက်မောင်းလာပြီး ကားပွဲစားတန်းကိုဖြတ်လဲ ကျမနေရာရောက်တာကို ဆရာသမားက ဟံသာဝတီအ၀ိုင်းထိပတ်တော့ ကျမစိတ်ထဲ"အော်..ကြာလိုက်တာ.ဒီလူ့နှယ်." ပေါ့..။နောက်တော့မှ ကျေးဇူးပါ..ဦးလေးကြီးရယ်..ပေါ့။သူအဲ့လိုမောင်းခဲ့လို့ကျမအတွက်တွေးစရာနဲ့လွမ်းစရာအကြောင်းလေးတွေ
ဖြစ်ခဲ့ရတယ်...။


လရောင်ကို ပုန်းလျှိုးကွယ်လျှိုးဖြစ်စေတဲ့ မြို့ပြညတွေထဲကျမဖြတ်သန်းခဲ့ရတာ ကြာလှပြီ...။လရောင်ဆိုတာ ဘာလဲမသိတော့တာ အတော်ကြာခဲ့ပြီ၊တောင်ကြီးသွားတုန်းက တောင်ကြို၊တောင်ကြားက ထွက်ထွက်ချလာတဲ့
လကိုကြည့်ခဲ့ရတာ နောက်ဆုံးပဲ။ဒီနောက်တော့ ကိုယ်လဲသူ့ မေ့နေခဲ့။သူလဲ ကိုယ့်ကိုမျက်နှာမပြနိုင်ခဲ့ပါ...။

ခုတော့....လရောင်က ....လိပ်ခုံး၊ပညာရေးတက္ကသိုလ်နဲ့ ဆေးတက္ကသိုလ်(၁)ဟောင်းတို့အနီးတစ်ဝိုက်မှာ ထိကပါး၊ရိကပါးနဲ့..။ပညာရေးတက္ကသိုလ်ကြီးကလဲ ထီးထီးမားမား၊ရေတမာတွေဝန်းလို့၊ရံလို့....။

ပြည်၊ပုဂံ၊တကောင်းဆောင်တွေရယ်...။လွမ်းမိတယ်..အဆောင်သူလေးရယ်..။
သူ့နောက်ဘက်မှာ ဘာတွေရှိနေမလဲ...။ပညာရေးတက္ကသိုလ်ကျောင်းသူတွေရဲ့ တခြားကျန်နေသေးတဲ့ အဆောင်တွေ..။ပြောရရင် ပညာရေးတက္ကသိုလ်တစ်ခုပဲ ကျောင်းသူ၊ကျောင်းသားဘ၀အရသာ အပြည့်အ၀ပေးနိုင်သေးတဲ့ကျောင်းပဲ။(မြို့ထဲမှာလဲရှိနေတဲ့ကျောင်း)စိတ်ထဲမှာတေးမှတ်ထားလိုက်တယ်..။
ဒီနှစ် ဆယ်တန်းဖြေမယ့်တူမလေးကို ဒီကျောင်းတက်ခိုင်းမယ်လို့...။

ခုချိန်ဆို အဆောင်ပေါ်ကကျောင်းသူတွေ စုဖွဲ့ပြီး နေကြာစေ့ တစ်ဖောက်ဖောက်နဲ့ လရောင်ကို အပူအပင်မဲ့..........။

လှလိုက်တာ...လိုက်လိုက်တာ..ရေတမာရယ်..၊လိုက်လိုက်တာ သထုံလမ်းရယ်...။

သူတို့ကြားထဲမှာ လနဲ့ညရဲ့ အလှကို ပျက်လောက်တဲ့စေတဲ့ ပုံဆိုးဆိုးနဲ့ ကျောင်းတစ်ကျောင်းလဲရှိနေဦးမယ်..
သူလဲလရောင်အောက်မှ စိုးထိတ်ကြောက်ရွံ့စွာ ရှိနေမလား။အဲ့ဒိကျောင်းလေးကိုလဲ ကျမလွမ်းမိပါတယ်..။
ကျမတက်ခဲ့ရတဲ့ကျောင်းပေါ့..။
ကျမရဲ့တက္ကသိုလ်ကျောင်းသူဘ၀ တစ်ဝက်လုံးကို အဲ့ဒိကျောင်းဆောင်ခပ်စုတ်စုတ်လေးထဲမှာ ကုန်ဆုံးခဲ့ရတာ...။
ကြက်ခြံ၊ဘဲခြံ၊၀က်ခြံတဲ့....။ဘယ်သူပေးသွားခဲ့တဲ့နာမည်တွေလဲ။အမှန်ဆို စပယ်၊ခရေ နဲ့စန္ဒကူး..
အဲ့လိုမျိုးလေးတွေမဖြစ်သင့်ဘူးလား...။ဒါပေမယ့်ကျမစိတ်ကူးထဲက နာမည်တွေနဲ့ မအပ်စပ်တဲ့အင်္ဂါရပ်တွေနဲ့
ဆိုတော့လဲသူတို့ပေးတဲ့ ကြက်ခြံ၊ဘဲခြံ၊၀က်ခြံပဲ..ပြည့်စုံလုံလောက်ပါပြီ..။

မေဂျာသုံးခု၊ခြံသုံးခြံ နဲ့ ခပ်စုတ်စုတ်ခုံလေးတွေနဲ့ တက်ခဲ့ရတဲ့ကျောင်း...၊ကျောင်းလို့ခေါ်သော်ရ၏ ဆိုတဲ့ကျောင်းမှာ ၄ နှစ်လောက်အချိန်ဖြုန်းခဲ့ရတဲ့ ၊အဲ့ဒိအချိန်တွေကို သိပ်နာကျင်ခဲ့ဖူးတဲ့ ကျောင်းသူလေး
တစ်ယောက်ကတော့ အဲ့ခြံလေးတွေနားကို တစ်ခေါက်လောက်တော့ ရောက်ချင်သေးတယ်..။
တစ်နေ့တော့ ရောက်မှာပေါ့လို့လဲ အားတင်းမိတယ်..။

Saturday, January 10, 2009

ကော်နက်ရှင် အနုပညာ

ကျမကို ကော်နက်ရှင်အနုပညာလို့ခေါင်းစဉ်တပ်ခွင့်ပေးပါ..။အနုပညာလို့ပေးရတာ ခပ်လန့်လန့်ပဲ။ဘာလို့လဲ
ဆိုတော့ လူတွေက ကော်နက်ရှင်လို့ကြားလိုက်တာနဲ့ ဘယ်သူ့ကိုသတ်ရမှန်းမသိ၊ထ ထသတ်ချင်စိတ်တွေ ပေါက်တတ်ကြလို့ပါ။

နေ့တိုင်းနီးပါးဒီကိစ္စ္စပဲကြုံရတာများလာတော့ ကျမအနေနဲ့ဒါကိုထူးပြီးတော့လဲ စိတ်တိုမနေတော့ပါဘူး။အော် ငါတို့ဘ၀ပေးကံပေါ့လို့ပဲ ပေယျာလကန်သဘောထားတတ်ဖို့ ကြိုးစားတတ်သွားပါပြီ။ပေယျာလကန်တင်
မဟုတ်တော့ဘူး။ဒါကို အနုပညာတစ်ခုလို ကျမမြင်ကြည့်နေတယ်။ဟုတ်တယ်...။ကျမတို့တွေက သူ့ကိုနုနုလေး၊
ရွရွလေးသဘောထားရတာ။ခံစားရတာ။ဒေါသထွက်ရတာ၊မောရတာ၊ညည်းညူရတာ..။
ဒီလောက်ခံစားမှုစုံတာကိုမှ အနုပညာမမြောက်ရင် ဘာရှိဦးမလဲကွယ်..။မှုတ်ဘူးလား..နော။

ဖရီးဒမ်းဆိုတာလေးကို စဖွင့်လိုက်တယ်...။ဖွင့်နေတုန်းမှာ မော်ဇီလာကိုဖွင့်ထားတယ်..။ဖရီးဒမ်းကိုလှန်း
ကြည့်တယ်။ပွင့်နေပြီလား၊အော် မပွင့်သေးဘူးလား၊မပွင့်သေးဘူး...အေးလေ ဒါဆိုလဲဂျီမေးလ်လေးပဲ ဖွင့်လိုက်
တော့မယ်။ဂျီမေးလ်ဖွင့်တယ်။ကိုယ့်ဘလောဂ့်လိပ်စာလေးလဲ ရိုက်ထားတယ်။ဂျီမေးလ်ပွင့်သွားတယ်...။

ဘလောဂ့်ပေ့ခ်ျကိုပြန်ကြည့်တယ်။အက်ဆက်ဟက်ဆ်ဘင်းဒီနိုင်း ပဲရှိသေးတယ်..အိုကေ...ဖရီးဒမ်းအပြင် အာထရာဆာ့(ဖ်)ပါဖွင့်လိုက်တယ်။ညီညီတို့၊ကျောင်းဆရာတို့၊ဂျဲဂျယ်တို့ ရဲ့ မကျော်ရတဲ့လိပ်စာတွေကိုဖွင့်လိုက်တယ်...။သူတို့ဆီက အသစ်တွေကိုဖတ်တယ်။ကိုယ်ထင်ရာကိုယ်ရေးမလို့ မန့်မလို့၊နှုတ်ဆက်မလို့ လုပ်တယ်..။မရဘူး၊အေးရော..။သူများဆီကိုယ်လည်တယ်။ကိုယ့်ဆီဘယ်သူလာလဲ ကိုယ်မသိ၊မမိုက်ဘူးလားဗျာ..။ဟင်..။

စိတ်ကလေးလျှော့လိုက်တယ်..။ဟော တံခါးပေါက်လေးပွင့်လာပြီ။ တူးလ်စ်ကိုသွားတယ်...။အော့ပ်ရှင်းမှာ ပရောက်ဇီနဲ့ပေါ့ဒ်ပြောင်းတယ်..။ကိုယ့်ဘလောဂ့်ကို ရီဖရက်ရှ်ပြန်လုပ်တယ်...။ ၂ခါ၊၃ ခါ၊လေးခါ၊ငါးခါ...ဟော ခြောက်ခါမြောက်မှာ စပေါ်လာတယ်။သွားစရာ ကိုစီစီတွေလဲကုန်ပြီ။ဂျီမေးလ်လေးပြန်စစ်တယ်။ကိုယ့်ဆီမှာ မန့်ခဲ့ကြတာလေးတွေကို ကိုယ့်စာနဲ့တွဲမကြည့်ရသေးပေမယ့် မေးလ်ထဲကနေဖတ်လိုက်ရပြီ။ပိုကြည့်ချင်
လာပြီ။မရ။

ဟော ပွင့်သွားပြီ...။ဒါပေမယ့် သုံးရက်သား ဘန်နာလေးကို မမြင်ရ...။စိတ်တိုတိုနဲ့ တခြား
သွားလည်တယ်..။ကဲ..ဘာဖြစ်လဲ။

တချို့က တင်တယ်...ကိုယ့်ဂျီတော့ခ်ရဲ့ မက်စိမှာ...ကော်နက်ရှင်..မင်းမိုက်ရင် အပြင်ထွက်ခဲ့တဲ့....။တချို့က
ဆဲတယ်..ဂေါ့ဒ်ဒမ်း(န်)ကော်နက်ရှင်တဲ့...။ကျမကတော့ မဆဲပါဘူး။အနုပညာလိုပဲ ခံစားတယ်..။
ဒီလိုကြုံရတဲ့သူတွေကိုလဲ ဒီလိုပဲ မှတ်ယူပါလို့ အကြံပြုချင်တယ်...။

ဟဲဟဲ ...စိတ်ပေါက်ပေါက်နဲ့ လျှောက်ပေါထားတာ...။စိတ်ညစ်သွားရင်ခွင့်လွှတ်ကြပါ..။

Friday, January 09, 2009

ခေါင်းစဉ်မရှိတဲ့ မျှော်လင့်ခြင်းများအကြောင်း

ဒီမြို့လေးရဲ့ ဒီလမ်းလေးပေါ်မှာကျမဘယ်နှစ်ခေါက်စက်ဘီးစီးခဲ့ပြီးပြီလဲ။ခုတခါဟာဘယ်နှစ်ကြိမ်မြောက်စီးခြင်းလဲ။
ကျမ မမှတ်မိနိုင်တော့၊ကြာခဲ့ပြီဖြစ်တဲ့ အချိန်တွေကို ကျမပြန်တွေးကြည့်နေမိတယ်။ကျမရဲ့ လက်စွဲတော်
Hokaido စက်ဘီးလေးကတော့သူ့သခင်ပြန်လာတာမြင်တာနဲ့ ပျော်နေတယ်လို့ ကျမထင်တယ်…။

အဲ့ဒိစက်ဘီးလေးကို ကောက်နင်းပြီး ကျမထွက်လာခဲ့တာ။နောက်ပြီး ကျမမောင့်ကိုဒီနားလမ်းမလေးဘေးမှာ
ထိုင်ပြီးမျှော်နေခဲ့တာ။ဒီလမ်းလေးရဲ့ဘေးကအပြိုင်ရထားလမ်းတစ်ခုရှိတယ်။ကျမထိုင်နေစဉ်အတွင်းတော့
ဘယ်ရထားမှသွားတာမတွေ့သေးဘူး၊ဘယ်ကားမှလဲ သွားတာမတွေ့သေးဘူး။အဲ့ဒိလောက်ထိတိတ်ဆိတ်ငြိမ်
သက်တဲ့လမ်းကလေး။

ဒီလမ်းလေးကိုပဲ ကားတွေက ဖြတ်သန်းသွားလာကြတယ်။မြို့လေးကိုတော့ ကွေ့ရှောင်သွားတတ်တယ်။
ဒါကြောင့်ပဲဒီမြို့လေးဟာအရာရာမှာနောက်ကျနေတတ်တာလားရယ်လို့ ကျမတွေးမိသေးတယ်…။

ဘာပဲပြောပြော ခုကျမအဲ့ဒိလမ်းလေးပေါ်မှာ ရောက်နှင့်နေခဲ့ပြီ။အဲ့ဒိလမ်းလေးဟာ ဒီမြို့တစ်မြို့လုံးရဲ့ အချောမွတ်ဆုံးလမ်းအပိုင်းလို့ပြောရင်လဲရတယ်။လမ်းဘေးမှာ စီစီရီရီပေါက်နေတာက ကုက္ကိုလ်ပင်တွေ….။
ကုက္ကိုလ်ပင်တွေရဲ့သက်တမ်းကရာကျော်နေပြီ။တချို့အပင်တွေကညောင်ပင်တွေမြိုတာခံနေရရှာတဲ့အပင်တွေပေါ့။
ဒါလဲသိပ်အံ့သြစရာကောင်းတာပဲ။အသက်ရာကျော်ပြီးယောက်ျားနှစ်ယောက်လက်နှစ်ဘက်ဖက်စာလောက်ရှိတဲ့
ဒီအပင်ကြီးတွေကိုဘာမှမဟုတ်တဲ့အစေ့လေးတစ်စေ့ကနေ ၀ါးမြိုပစ်လိုက်တာ….။
တဖြည်းဖြည်းနဲ့ ကုက္ကိုလ်ရွက်တွေနဲနဲလာပြီး၊ညောင်ရွက်တွေက အစားထိုးနေရာယူလာတာ….။
နောက်ဆုံးပင်စည်တွေရော…အရွက်တွေရော..အားလုံးဘာမှမကျန်အောင် ကုက္ကိုလ်ပင်ဘ၀ကနေ
ညောင်ပင်ဘ၀ရောက်သွားရတာလေ…။

ကုက္ကိုလ်ပင်တန်းတွေရဲ့ခပ်လှန်းလှန်းမှာတော့ ၀ါတစ်ကွက်၊စိမ်းတစ်ကွက်၊ပြာတစ်ကွက်နဲ့ စပါးခင်းတွေ...
တချို့ကောက်လှိုင်းသိမ်းနေတဲ့လယ်သူမတွေရဲ့စကားသံတွေကလဲ ကျမဆီကိုခပ်သဲ့သဲ့ပဲလာရိုက်ခတ်တယ်…။

လေတင်လေအောက်မို့ ထင်ရဲ့။သူတို့စကားသံတွေကို တော်တော်ပီပီသသကြားနေရတယ်။
ဟဲ့ အဲ့ဒါဒေါ်အ၀ှာရဲ့သမီးလေဟယ်..။ဟိုမုဆိုးမလေဟယ်။အယ်..နင်ကလဲ သူ့အစ်ကိုက ဟိုသူဌေးသမီးနဲ့ ယူလိုက်တာလေဟယ်၊ဘာကြာသေးလို့လဲ။အံမယ်လေး အပိုင်နော်၊အပိုင်၊မပိုင်ရင်ခြင်တောင်
ရိုက်တဲ့ကောင်မဟုတ်ဘူး အေးလေ အဲ့ဒါသူ့ညီမလေ၊အငယ်ဆုံး၊အငယ်ဆုံး၊
အေးသူ့ညီမကျတော့ ဥထားတာလေ…။
ရန်ကုန်မှာနေတယ်။ဒါခုခဏပြန်လာတာနေမှာ။မသိဘူး၊ဘာတွေလုပ်နေလဲတော့ ငါလဲမသိဘူး။
သူ့မအေကြီးကလဲ မေးရင်ဟိုလိုလိုဒီလိုလိုဖြစ်နေတတ်တာလေ။ခဏ၊ခဏမေးတော့လဲမကြိုက်ဘူးတော်ရေ့ သိလား။

အို တော်ပါတော့။မေးချင်ရင်ကျမလာမေးပါတော့လား။ကျမဘာတွေလုပ်နေလဲ။ဘာတွေရည်ရွယ်ထားလဲဆိုတာ
ကျမရှင်တို့ကောင်းကောင်းသိအောင်၊နားလည်သွားအောင်ဖြေရှင်းပေးနိုင်တာပေါ့။ရှင်တို့ကဘာလို့ကျမအမေ
ကိုမှ သွားမေးရတာလဲ။ကျမအမေကို အဲ့ဒိနည်းနဲ့တော့ မနှိပ်စက်ကြပါနဲ့။ကျမအမေက ဘယ်သူ့အပေါ်မှာမှ
မကောင်းကြံစည်မှုမရှိခဲ့ဘူး။ကျမအမေက တကယ့်အရိုးခံနဲ့ တောသူကြီးပါ။ရှင်တို့လိုပဲလယ်ထဲမှာနေ၊
လယ်ထဲမှာပဲကြီးပြင်းလာခဲ့တာ။ဒါပေမယ့် ကျမအမေကရှင်တို့လို သူများအကြောင်းကို အချိန်ကုန်ခံပြီး
မပြောပါဘူး။သူကိုယ်တိုင်လဲ မပြောဘူး၊သူများလာပြောရင်လဲ အားမနာတမ်းအော်လွှတ်တတ်တာ။
ကွမ်းလေးတမြုံ့မြုံ့နဲ့ ကျမအမေကို ဒီအတိုင်းလေးပဲ ကျမကအေးအေးဆေးဆေးနေစေ့ချင်တာပါ။ရှင်တို့ရဲ့ အဲ့ဒိလို အရည်မရ၊အဖတ်မရစကားတွေနဲ့တော့ ကျမအမေကိုစိတ်ဆင်းရဲမခံနိုင်ဘူးနော်။ဒါပေမယ့် ဒီစကားတွေက
ကျမစိတ်ထဲက ပြောနေမိတာတွေပါ။တကယ့်အပြင်မှာတော့ ကျမဘာမှမပြောနိုင်ဘူး။

ကျမမျှော်နေတယ်။သူ့ကို၊သူခုထိပေါ်မလားသေးဘူး၊ခဏနေရင် အနောက်ရိုးမဆီကိုနေ၀င်ပြီး အမှောင်
ရောက်လာတော့မယ်။မောင်ရေ..ငါအဲ့လောက်မှောင်တဲ့အထိတော့ နင့်ကိုစောင့်နိုင်မှာမဟုတ်ဘူးနော်။
နင်ခုလာမှ ငါတို့တွေ့ရမယ်။နင်ခုလာမှငါတို့ခဏလေးပဲဖြစ်ဖြစ် စက်ဘီးတူတူစီးရမှာ၊နင်လာတော့ လာမှာပါနော်။
ငါနင့်ကိုဆက်မျှော်ချင်နေသေးတယ်မောင်။

ဒါပေမယ့် ငါတွေးပူနေမိသေးတယ်။
နင်ရောက်လာတဲ့အကြောင်း၊နောက်ပြီး နင်နဲ့ငါ စက်ဘီးကိုယ်စီနဲ့ ဒီလမ်းလေးပေါ်မှာခေါက်တုံ့ခေါက်ပြန
်စီးနေကြတဲ့အကြောင်း၊မှောင်ရီပြိုးပြကြတော့မှ ငါတို့လမ်းခွဲသွားတဲ့အကြောင်း၊သူတို့တွေ တစ်မြို့လုံးတစ်ရွာလုံး
အနှံ့ လိုက်ပြောကြလိမ့်ဦးမယ်။ငါ့အမေဆီကိုတော့အဲ့ဒိစကားက တော်တော်နောက်ကျပြီးမှရောက်သွား
လိမ့်မယ်။မောင်…ငါနင့်ကိုခုချိန်မှာ တကယ်တွေ့ချင်နေတယ်ဟာ။ငါ့မှာ နင့်ကိုပြောစရာစကားတွေနဲ့ ရင်တစ်ခုလုံးလဲပွက်ပွက်ညံနေပြီမောင်ရဲ့။ငါနင့်ကိုပြောပြချင်တယ်။ငါ့အိပ်မက်တွေအကြောင်း၊ငါ့မျှော်လင့်ချက်တွေ
အကြောင်း၊ငါဆက်လျှောက်ရမယ့်လမ်းတွေအကြောင်းလေ.........။ဒါပေမယ့် ....................။ငါ့အနာဂတ်ကို
ငါမပိုင်တဲ့အကြောင်း၊အရင်တုန်းကငါလှမ်းသမျှခြေလှမ်းတွေကို ခရီးရောက်ကိုရောက်ရမယ်လို့ငါရူးသွပ်ခဲ့တာ
တွေကတကယ်တမ်းကျတော့ဖြစ်မလာနိုင်သေးတဲ့အကြောင်း…..ဆိုတဲ့အကြောင်း၊အဲ့ဒိအကြောင်းတွေ ငါပြောပြ
ချင်တယ်။အဲ့ဒိအခါကျရင် ငါအမြဲဆရာလုပ်တာခံရနေကျ နင်က ငါ့ညာဘက်နားရွက်ကိုခပ်နာနာလေးဖြစ်သွား
အောင်ဆွဲလိုက်ပြီးမှနင်က သိပ်လောဘကြီးပြီး သိပ်လောတာကိုးလို့ ပြောဦးမယ်နော်။

ပြောနေကျအဲ့ဒိနှစ်သိမ့်စကားကိုပဲ နင်ကထပ်ခါတလဲလဲပြောလွန်းရင်လဲ ငါကမကြိုက်ပြန်ဘူး၊ငါကတစ်ခါ
ပြန်လာတိုင်းတစ်ခါ အသစ်အသစ်သောမကျေနပ်မှု၊ပင်ပန်းနွမ်းနယ်မှုတွေနဲ့ တုန်ရီနေသလောက် နင်ကတော့
တခါလာလဲဒီစကား၊တခါလာလဲ ဒီစကားပဲ နဲ့နှစ်သိမ့်လွန်းတော့ငါစိတ်တိုတာပေါ့မောင်ရယ်။ငါအပြစ်တင်ရင်
တော့ ငါကနင့်လိုမှစကားမတတ်တာ ငယ်ရယ်လို့..နင်ခပ်လေးလေးညည်းညူဦးမယ်........။ဒါပေမယ့်
ငါကအဲ့ဒိမရိုးနိုင်တဲ့စကားလေးကိုပဲ နားထောင်ချင်လို့ နင့်ကိုစောင့်နေခဲ့တာပေါ့မောင်။

နင်မြန်မြန်လာပါတော့နော်။ငါ ဒီမိန်းမကြီးတွေရဲ့ စကားသံကိုလဲ ထပ်ပြီးမကြားနိုင်တော့ဘူးမောင်။
စိတ်ညစ်လာပြီ။သူတို့ကတော့သူတို့ပြောတာတွေငါမကြားလောက်ဘူးထင်လို့ ပြောကြတာနေမှာ။ငါကသူတို့လေ
အောက်ကဆိုတော့ ငါအကုန်ကြားနေရတယ်လေမောင်…။သြော်နောက်ပြီးတော့ မောင်ရေ..ငါနင့်ကိုမေးဦးမယ်။
ငါ့အမေကို ငါဘယ်လိုစကားလုံးတွေနဲ့ ငါ့အခြေအနေကိုနားလည်အောင်ပြောရမယ်ဆိုတာနင့်စိတ်ကူး
အကြံဥာဏ်လေးတစ်ခုလောက်ငါသိချင်တယ်မောင်။

ဟော တွေးရင်းကပဲ မောင်လာနေပြီ။အင်း..ခုမှ မောကြီးပန်းကြီးနဲ့…စက်ဘီးကိုနင်းချလာလိုက်တာ၊
ငါ့အနားရောက်လာတော့မှ
"ဟေ့ ငါနောက်ကျနေတာတော့မဟုတ်ပါဘူးနော်။ ဘာလို့အစောကြီးလာစောင့်နေရတာလဲ..၊
တစ်ယောက်ထဲရယ်..စောစောလာမယ်ဆိုလဲအိမ်ကိုဝင်ခေါ်လိုက်တာမဟုတ်ဘူး"တဲ့၊
" အော်မောင်ရယ် နင်က နင့်စီးပွားရေးနဲ့လေ။ငါလာခေါ်လိုက်လို့မှ နင့်ဖောက်သည်တွေလွတ်ကုန်ရင် ဘယ်ကောင်းပါ့မလဲ"ဆိုတော့ "အံမယ် ..မယ်မင်းကြီးမ ခင်ဗျားတို့ရန်ကုန်က လေသံတွေ ရန်ကုန်မှာပဲ
ထားခဲ့ပါဗျာ၊ကျုပ်တို့ဆီတော့ သယ်မလာပါနဲ့" တဲ့။"ကျုပ်တို့ဆီမှာ အချိန်ကဖောဖောသီသီပါပဲ" တဲ့။

အဲ့ဒိမောင်ကလေ..ကျမကိုခနဲ့ဖို့ စကားကိုဆို သိပ်ပြီးနားထောင်ကောင်းအောင်ပြောတတ်တော့တာ။
အပြောခံရပေမယ့် နားခံသာအောင်လဲ သူပဲပြောတတ်ပ့ါကွယ်။" အေးပါ မောင်ရယ်…ငါတစ်ယောက်ထဲ
ထိုင်နေချင်တာကြောင့်လဲပါပါတယ်။ဒါကြောင့် ငါဝင်မခေါ်ခဲ့တော့တာ " ဆိုတော့မှ သူပြုံးလာတယ်။

နောက်ပြီးတော့ စက်ဘီးပေါ်ကခုမှဆင်းဖို့သတိရသလိုနဲ့ ပြာပြာသလဲဆင်းပီး စက်ဘီးကိုဒီအတိုင်း
ကုက္ကိုလ်ပင်ကြီးဘေးမှာ မှီရပ်ထားလိုက်တယ်။"မောင်" ….ကျမတချက်ခေါ်လိုက်တယ်။
"ပြော…ဘာတွေဖြစ်လာခဲ့ပြန်ပြီလဲ " တဲ့…။"ငယ့်မျက်လုံးတွေက ပိုပြီးကြောင်စီစီဖြစ်လာတယ်နော်..တဲ့။
ဘာလဲ ညတုန်းကပြန်လာခါနီးကို အတွေးနယ်ချဲ့ပြီးကောင်းကောင်းမအိပ်ခဲ့ရဘူးလားတဲ့။ပြောတော့ မောင်ရယ်၊
နင်က ငါ့အကြောင်းအကုန်သိပြီးသားပဲ။နင်ပြောပြီးရင်တော့ ငါပြောချင်တာလေးတွေပြောပါရစေနော်။

ငြိမ်သက် ဆယ်မိနစ်လောက်ကြာပြီးတော့ ကျမစိတ်ကူးထားတဲ့၊ကျမရဲ့အမောတွေကိုဖွင့်ချလိုက်ပြီးပြီ။ကျမမှာ ပြောစရာစကားတွေကုန်သွားခဲ့ပြီ။မောင်က သက်ပြင်းရှည်ကြီးတစ်ခုကို ကျမမသိအောင်တိုးတိုးလေး
မှုတ်ထုတ်လိုက်တာကို ကျမကြားဖြစ်အောင်ကြားလိုက်မိတယ်။

နင်အဲ့လိုသက်ပြင်းရှည်ကြီးချလိုက်တာရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေမလဲ။တော်ပြီ ငါဆက်မစဉ်းစား
ချင်တော့ဘူး။ခွင့်လွှတ်ပါ...မောင်..။ငါကနင့်အတွက် ဘယ်တုန်းကမှ မစဉ်းစားပေးနိုင်ခဲ့သေးဘူးနော်။
အဲ့ဒါကိုနားလည်ပေးတဲ့အတွက်လဲငါကျေးဇူးအရမ်းတင်တယ်၊နင်ကလေ ဘယ်တုန်းကမှ နင့်အတွက်ဆိုတာမျိုး
ငါ့ဆီမှာမတောင်းဆိုခဲ့ဘူးနော်။နင်က နင့်ဘ၀နဲ့နင် အဆင်ပြေအောင်နေတယ်တယ်။နင်လုပ်နိုင်သလောက်
်လုပ်တယ်။နင်ငါ့ကို ခဏခဏပြောသလိုပဲ၊ငါ့လိုမျိုးလဲနင်ကလောဘမကြီးဘူး၊အိပ်မက်အကြီးကြီးတွေလဲ
မမက်ဘူး။ဒီမြို့လေးမှာနင်နေခဲ့တယ်။နင်က ဘယ်ရာဇ၀င်မှာမှဝင်မပါချင်ဘူး။

နင်က ငါ့ကိုစောင့်နေခဲ့တယ်။ငါက နင့်ဆီပြန်လာမယ်ပြောပြီး နင့်နဲ့ဝေးရာကို သွားမှန်းမသိ၊သွားမှန်းမသိသွားနေခဲ့မိတယ်...။ဒါပေမယ့်နင်ကတော့ငါ့ကို ခုချိန်ထိဖေးမတုန်း၊ခုချိန်ထိ
အကြံကောင်းတွေပေးတုန်း...။ခုချိန်ထိနင့်ရင်ခွင်က ငါ့ကိုနွေးထွေးစေတုန်းပဲ....။

နင့်ကိုကျေးဇူးတင်ကြောင်းပြောဖို့ ငါ့ပါးစပ်တွေက စေးကပ်နေကြတယ်။နင်ကလဲကြိုက်မှာ
မဟုတ်ဘူးလေ။သေချာတဲ့စကားတစ်ခွန်းတော့ ငါနင့်ကိုပြောချင်ပါသေးတယ်။အဲ့ဒါက ငါနင့်ကို ဘယ်တော့မှ
ခွဲမသွားဘူးဆိုတာပဲ။ခုခွဲနေရတာကလဲ အခိုက်အတန့်လေးပဲလို့ ငါပြောချင်သေးတယ်။ဒါပေမယ့်
အဲ့ဒိအခိုက်အတန့်လေးတွေက ဘယ်လောက်ထိကြာသွားမလဲဆိုတာတော့ ငါလဲမသိသေးဘူး။သိလဲမသိချင်ဘူး
မောင်ရယ်။နင်လဲ မသိချင်ပါနဲ့….။

**********************************

ကဲမောင်ပြန်ကြရအောင်နော်…မိုးချုပ်တော့မယ်၊အမေစိတ်ပူနေလိမ့်မယ် ဆိုတော့ နင်ကခပ်ယဲ့ယဲ့လေးပြုံးတယ်။
နင့်အပြုံးကို ငါမို့လို့ ဖမ်းမိလိုက်တာ၊တခြားသူတစ်ယောက်ဆိုသိမှာတောင်မဟုတ်ဘူး။ဟင့်အင်းနင်အဲ့လိုမပြုံးပါနဲ့
မောင်ရယ်..နော်..။ငါတောင်းပန်တယ်လေနော်..လို့ကျမစိတ်ထဲကပြောလိုက်မိတယ်။မောင်က ချက်ချင်းပဲ
စက်ဘီးနားကိုသွားရပ်လိုက်ပြီး " ပြန်မယ်လေ..လာ ငါလိုက်ပို့မယ် "တဲ့…။

"မောင်..တစ်နေ့နေ့ကျရင်တော့ ခုနင်လိုက်ပို့မယ်အိမ်ကို နင့်ကိုအပါ ငါခေါ်သွားမယ်သိလား၊အဲ့အခါကျမှ နင်ရှက်မနေရဘူးနော်…."လို့ကျမစိတ်ထဲကပဲပြောလိုက်မိတယ်။

*******************************

သူက ကျမနဖူးပြင်ကို သူ့နှုတ်ခမ်းနဲ့ ခပ်ဖွဖွလေးထိကပ်လိုက်တယ်..။နောက်ပြီးတော့မှ လေသံသဲ့သဲ့နဲ့...........
စိတ်ချပါငယ်…ငါ...အဲ့ဒိရက်ကို စောင့်နေခဲ့တာ..၇နှစ်ကျော်သွားခဲ့ပြီလေ…ဘာလို့ဆက်မစောင့်နိုင်ရမှာလဲတဲ့…။

*****************************
ဆုံးခမ်းတိုင်အောင် ဖတ်ပေးတာ ကျေးဇူးတင်ပါတယ်။ကျမမျှော်နေတာက ဝေဖန်အကြံပေးတဲ့စကားသံများပါ။
အားမနာ၊ပါးမနာဝေဖန်ခဲ့ပါရန် မေတ္တာရပ်ခံပါသည်။



Monday, January 05, 2009

စိတ်နဲ့ ကိုယ်နဲ့ ကိုယ်နဲ့စိတ်နဲ့....မော....ဒယ်....

စိတ်ကူးစီစဉ်ထားတာက ရေးထားတဲ့ကဗျာလေးတစ်ပုဒ်တင်မလို့။ဒါမဲ့မေ့တတ်တဲ့ဒီအကျင့်က ခြစ်ထားတဲ့စာရွက်လေးကိုမှမေ့ဖြစ်အောင် မေ့ရသေးတယ်။

ဒီတော့ အတင်းဆိုလဲဟုတ်၊အဖျင်းဆိုလဲဟုတ်တဲ့ အကြောင်းလေးတစ်ခုပဲပြောခဲ့တော့မယ် စိတ်ကူးတယ်.။။(ကြားဖြတ်ပေါ့..ညနေမှတခါအားရင် ရင်ဖျက်ပြီး ရေးထားတဲ့ကဗျာတင်တော့မယ်..ကိုင်း)

ဒီလိုပါ..။မြန်မာပြည်က လူငယ်အမျိုးသား(တချို့)တွေက (တချို့ ဆိုပေမယ့် တော်တော်များသောအရေအတွက်ဖြစ်ပါသည်။)
အမျိုးသမီးထုတစ်ခုလုံးကို ကလော်ဆဲချင်စိတ်ပေါက်နေတာ ကြာကြာခဲ့ပြီထင်ပါ့။
ဘာကြောင့်ဆို ဟိုတစ်လောက ကလေးကစားစရာအရုပ်နာမည်နဲ့ HiP H0P သမားတစ်ယောက်ရဲ့ Black ခေါ်မလား သီချင်း ၃၊၄ ပုဒ်ထွက်လာပါတယ်။အားပေးလိုက်ကြတာ...သောက်သောက်ကိုလဲပဲ..။အားရစရာကြီးပေါ့။ဒါမဲ့ ကျမကြားရတဲ့ တစ်တွန်းတစ်စကတင်ကိုပဲ နားတွေ၊ပါးတွေပူထူသွားအောင်ဖြစ်ရတဲ့အထိ ရှက်စရာအင်မတန်ကောင်းတဲ့ စကားလုံးများနဲ့ စီထားတဲ့ Hip Hop သီချင်းပါ။(ဟစ်ဟော့ပ်တဲ့၊သူတို့က အဲ့လိုပြောတော့လဲ ကိုယ်လဲအဲ့လိုပဲ ပြောရတာပေါ့ :P )

သူက ကိုယ်ပိုင် Single ခွေတစ်ခွေမှ မထွက်ရသေးဘူးလို့လဲ သတင်းကြားပါတယ်။ဒါမဲ့ သူငယ်က တော်တော်လေးကို (ပေါက်)နှင့်နေပါပြီ။

ထွက်လာတဲ့သီချင်းတွေက အမေနဲ့သား၊မောင်နဲ့ နှမ၊အဖေနဲ့ သမီး တူတူနားထောင်ဖို့အသာထား၊ဖြတ်သွားဖြတ်လာ ကြားလို့မှ မသင့်တော်တဲ့၊ချက်ချင်းထွက်ဝေးရာကို ထွက်ပြေးရလောက်တဲ့ထိ ညစ်ညမ်းသော၊သေးသိမ်သော စကားလုံးများ၊အသုံးအနှုန်းများနဲ့ သီချင်းတွေ ထွက်လာတာပါ။ညစ်ပတ်တဲ့ သူ့စကားလုံးတွေကိုပေါ်လွင်အောင် ဖော်ညွှန်းဖို့ ကျမမှာစကားလုံးမရှိပါ။
သို့သော် သေချာတာကတော့ မိန်းကလေးထုကို ဆဲထားတာနဲ့ ဘာမှမထူးပါဘူး။သူတို့အရပ်နဲ့ သူတို့ဇတ်နဲ့ဆိုပေမင့် နားထောင်သူတွေသည် ပြည်သူလုထုပါ။လူ့အလွှာပေါင်းစုံကပါ။သို့ကလို လူအလွှာပေါင်းစုံက လူတွေလိုက်ဆိုတော့ ဘာဖြစ်လာသလဲ။လူ့အလွှာပေါင်းစုံရဲ့ပါးစပ်ထဲ အဲ့သီချင်းတွေ၊အဲ့ဒိစကားလုံးတွေရောက်လာပါတယ်။အဆိုးဆုံးကတော့ အမှား၊အမှန် သေချာမဆန်းစစ်နိုင်သေးတဲ့ အသက်4နှစ်၊5 နှစ်အရွယ် စကားပြောတတ်စကလေးအရွယ်ထိ အဲ့စကားလုံးတွေရောက်ကုန်ပါတယ်။ယိုသူမရှက် မြင်သူရှက်ပါ။ကြားရတဲ့ သူက ဟဲ့နင့်ပါးစပ်ခုပိတ်လိုက်စမ်း၊နောက်တစ်ခါနင်အဲ့ဒါမျိုး ဆိုရဲဆိုကြည့် ငါနဲ့တွေ့မယ် လို့အထိ တားဆီးပိတ်ပင်မိတယ်၊(တားမြစ်ပိတ်ပင်ဆိုတာကို လေသံလေးတောင် ကျမမကြားချင်ပေမယ့်)
ဒါပေမယ့် ကျမအိမ်ကောင်လေးက နောက်ထပ်ထပ်ဆိုပါတယ်။သူလဲ ရွတ်စရှိတော့ ချက်ချင်းရပ်မရဘူးထင်ရဲ့။ဒီတစ်ခါတော့ မနာနာအောင် အရင့်သီးဆုံးစကားလုံးရွေးပြီး ပြောပစ်လိုက်တယ်။ဟဲ့ နင့်မလဲ အစ်မတွေ၊နှမတွေရှိတယ်မလား၊ဘာလို့ အဲ့ဒါကြီးကိုနင်ရွတ်နေတာလဲ။နင်မရှက်တတ်ဘူးလား...ဟင်..ဆိုတော့၊အာာာာာာာာ..မကြီးဖိုးဒီကလဲ မရွတ်တော့ဘူးဆိုပြီး အောင့်သက်သက်မျက်နှာနဲ့...။

တကယ်ကိုပဲ စကားပြောတတ်စအရွယ်၊သီချင်းတွေကိုလိုက်ရွတ်တတ်တဲ့အရွယ်ကလေးတွေကစပြီး အသက် 15 နှစ်လောက်၊သို့မဟုတ် အချို့သောအသက် ၁၈နှစ်အောက်လူငယ်တွေကသူတို့တွေရဲ့ပရိတ်သတ်တွေပါ။ရေရေလည်လည်အားပေးတာပါ။
ကျမတို့ သီချင်းကိုရူးသွပ်ခုံမင်တာထက် အများကြီးရင့်တဲ့ ရူးသွပ်မှုမျိုးနဲ့ သူတို့က Hip Hop ကိုရင်ခုန်ကြတဲ့လူငယ်တွေပါ။

အဲ့ဒိ ပရိတ်သတ်ထုရှေ့မှာ Represent လုပ်ပြီးရပ်နေတဲ့ အနုပညာရှင်နာမည်ခံထားသူတစ်ယောက်ဟာ ဖရုဿဝါစာကို ပါးစပ်ကတရပ်စပ်ထွက်လာတာဟာ ကျမအတွက်မယုံကြည်နိုင်သော အမှန်တရားတွေပါပဲ။ဒိထက်ပိုမှန်ပြီး ပိုကြောက်စရာကောင်းတာက လူငယ်ထုတစ်ရပ်လုံးက သူ့သီချင်းတွေကိုအားရပါးရ လိုက်ဆို၊လိုက်ရွတ်နေကြတာပါပဲ။ရှေ့ကခေါင်းဆောင်ပြီး ဆဲမယ့်သူ၊မရှိသေးတော့ ဆဲမယ့်သူလဲ ထွက်လာရော အားကိုးတကြီးနဲ့ ဦးညွှတ်ပြီး လိုက်ဆဲကြတော့ပါပဲ။

သူကတော့ သီချင်းလုပ်ဆိုတာပါ။လူထုကြားထဲရောက်လာတော့ ဒါဟာ ဆဲဆိုနေတာနဲ့ တူတူပါပဲ။

ဆရာသုမောင်ရေးတဲ့စာတစ်ပုဒ်ထဲမှာ ဆရာ့အမေ အမေညိုက သူ့သားကိုေ_ာက်ပြောလို့ ဟဲ့ သားရယ်နင့်မလဲ မိန်းမတစ်ယောက်ရဲ့ပစ္စည်းကိုများ ကိုယ့်ပါးစပ်ထဲထည့်ပြောရတယ်လို့ဟယ်....တဲ့။အဲ့ဒိကထဲက ကျနော်လဲပြောခါနီးတိုင်းတစ်မျိုးကြီးဖြစ်နေတော့တာပဲတဲ့...။(ဖတ်ဖူးတာပါ။စာလုံးကျ မှားကောင်းမှားနိုင်ပေမယ့် သဘောတရားကတော့ မလွဲလောက်ဘူးလို့ထင်ပါတယ်။)

ဆိုတော့ ဒီသီချင်းသာအမေညိုရှိသေးလို့ ကြားခဲ့ရင် ဘာလောက်တောင် စိတ်ဆင်းရဲလိမ့်မလဲမသိပါ။အမေညိုမှ မဟုတ်ပါ။အမေတိုင်း ကြားလိုက်ရရင် ကြက်သီးတဖြန်ဖြန်းထလောက်တဲ့အထိ စကားလုံးတွေပါ။

ကိုယ့်ဖန်တီးမှုသည် အဆိပ်ဖြစ်နေတာလား၊အားဖြစ်စေတာလား ဆိုတာလောက်တော့ သတိချပ်သင့်သည်ဟု ထင်ပါသည်။


(မှတ်ချက်၊ဝေဖန်ရေးသည် ကိုယ်ကြိုက်တာ၊မကြိုက်တာကိုပြောခြင်းမဟုတ်လို့ ကြားဖူးနားဝရှိခဲ့ဖူးပါသည်။ဒီစာသည် ကျမကြိုက်ခြင်း၊မကြိုက်ခြင်းများနှင့် မပတ်သက်၊မနှီးနွှယ်ပါ။ရင်မော၊ရင်နာလွန်းသဖြင့် ရင်ဖွင့်ခြင်းမျှသာ ဖြစ်ပါသည်။နောက်ပြီးသည်းခံဖတ်ပေးကြတဲ့ ဘလောဂ့်ရပ်မှ အစ်ကို၊အစ်မမောင်နှမများကို ကျေးဇူးလဲတင်တောင်းလဲပန်ပါသည်။ဘာကြောင့်ဆိုတော့ ကျောင်းပြေးတဲ့သူတွေကိုဆူနေတဲ့ ဆရာရဲ့စကားသံကို ကျောင်းလဲတက်ရဲ့နဲ့ ကြိတ်မှိတ်သည်းခံပြီးနားထောင်နေရသလို ဖြစ်နေပြီလို့ ရေးပြီးမှတွေးမိလို့ပါ)

Saturday, January 03, 2009

2008 ရဲ့နောက်ဆုံးစက္ကန့်တွေတုန်းက...

ည 8 နာရီလောက်ထိ ထုံးစံအတိုင်း အင်တာနက်ကဖေးမှာထိုင်ပြီး ဘလောဂ့်တွေကို ဒရောသောပါးလိုက်လည်ရပါတယ်။အချို့ပိုစ့်တွေကိုအိမ်ကျမှပြန်ဖတ်ဖို့ ကော်ပီကူးတန်တာ ကူးရပါတယ်.။

ရာသီဥတုက ပူပါတယ်..။ဒါကြောင့်အအေးတစ်ခွက်သောက်ပြီး အဒေါ်ဆိုင်မှာ ၀ိုင်းကူထိုင်ရတာက ည 11 နာရီခွဲလောက်ထိပါ..။
အိမ်ပေါ် ပြန်ရောက်တော့ 12 နာရီထိုးဖို့က မိနစ် 20 လောက်ပဲလိုပါတော့တယ်...။အအေးတစ်ခွက်ထပ်သောက်ပါတယ်..။
အမှန်တော့ အခါးရည်တစ်ခွက်လောက်သောက်ပြီး သူများတစ်ကာတွေကို လောကကြီးကိုခေတ္တ္တခဏ မေ့ထားချင်တာပေါ့..။မကျေနပ်တဲ့လူတစ်ချို့ကို အော်အက်ပြီး ဆဲပစ်လိုက်ချင်တာပေါ့။
(ဒါမဲ့ မောင်မျိုးပြန်လာတော့မှပဲ တစ်ခွက်တစ်ဖလား သွားမော့တော့မယ်လေ...မောင်လေးရှင်းသန့်လဲ လိုက်ချင်ရင်ခုထဲက ဆက်သွယ်ထားပေါ့..)ဟဲဟဲ အလကားနောက်တာပါ..။


ဆိုင်ကနေ အိမ်ကိုအပြန် တစ်လမ်းလုံးလဲ မူးပြီးအော်ဟစ်နေတဲ့လူတွေနဲ့ဆိုတော့ ကိုယ့်လမ်းကို မနည်းရှောင်ပြီးလျှောက်နေရပါတယ်..။စိတ်ထဲတွေးမိသေးတယ်..။အိမ်ပေါ်ရောက်ရင်တော့ "နှစ်သစ်ကိုအရက်သောက်ပြီးကြိုဆိုကြခြင်း၊"သို့မဟုတ် "အရက်သောက်မိန့်ရသောည" ဆိုတဲ့ခေါင်းစဉ်နဲ့ ပိုစ့်တစ်ခုတင်ဦးမယ်လို့ တွေးထားလိုက်တယ်..။ဒါမဲ့ အကြောင်းကြောင်းကြောင့် မရေးဖြစ်ခဲ့ပါ..။

ဟုတ်ပါ့..ကျမတို့ အမိဗမာပြည်မလဲ သင်္ကြန်ရယ်၊အင်္ဂလိပ်နှစ်ကူးရယ်ဆို အရက်သောက်ခွင့်ပါမစ်ရတဲ့ ရက်တွေပါ..။
သောက်ချင်တိုင်းသောက်ခွင့်ရှိတယ်ထင်ပါ့။သောက်ချင်းတိုင်းသောက်၊အော်ချင်တိုင်းအော်.....။ဆဲချင်တိုင်းဆဲ။ဖြစ်တယ်..။
နည်းနည်းကြမ်းလာရင်တော့ လည်ကုတ်လေးရဖို့သာပြင်ပေါ့..။ဒါပဲ။ဒါပဲ။

ကဲထားပါတော့...။လိုရင်းက မရောက်ဘူးဖြစ်နေတယ်..။
အိမ်ပေါ်ရောက်ပြီး ခဏနေတော့ ကျမတူမ သုံးနှစ်သမီးအလည်မလေးက "အန်တီဖိုးဒီရေ..မီးတို့ ဟက်ပီးနယူးယား လုပ်မယ်" လေလို့ညှိတယ်..။သူက အင်္ဂလိပ်လိုကို သိပ်ပီအောင်ပြောချင်တာ..။Pressure ကို ပျက်ရှာတဲ့။သိပ်ပီလွန်းချင်ပြီးတော့ လျှာကအမှန်မရသေးဘူးဖြစ်နေတာထင်ပါ့။ခုလဲ Year ကို ရီးယား လို့မထွက်ချင်ဘူး။ခပ်ပေါ့ပေါ့လေးနဲ့ ယား လို့ထွက်လေ့ရှိပါတယ်။နောက်ပြီး ဒီကလေးက ညဆို 12 နာရီ၊တစ်ချက်ထိုးလဲ ဘယ်တော့မှအိပ်တာမဟုတ်။မနက်ကျမှသာ ကျောင်းပို့ဖို နှိုးမရတတ်တာ..။ကျမလဲ အေးပါ သမီးရယ်..။လုပ်ကြတာပေါ့။သူပြောလိုက်တော့လဲ သေချာလေး လုပ်ပေးချင်စိတ်ပေါက်လာတယ်။ဒါနဲ့ မီးရှူးလေးဖေါက်ပြမယ်ဆိုပြီး သီတင်းကျွှတ်တုန်းက မဖောက်ဖြစ်ပဲကျန်နေတဲ့ မီးရှူး 2ချောင်းကို ကြိုးစားပီးမီညှိတယ်။အရေးထဲ ကြာနေပြီမို့မီးရှူးက တော်တော်နဲ့မီးမပေါက်၊လှုပ်လှုပ်ပေးနေရသေးတယ်....။
သူများတွေက Count Down လုပ်နေပြီ။ဒီကမီးရှူးကမထွက်သေးဘူးလေ..။နောက်ဆုံးတော့ သူများတွေက 6,5 ရောက်နေကာမှ သမီးအော်၊အော်ဆိုပြီး 4,3,2 Happy New Year ရှူးရှူးဒိုင်း...ဖေါင်း...ဆိုပြီးကိစ္စပြီးလိုက်ကြောင်းပါပဲ..။

မောင်လေးရှင်းသန့်ရေ..အစ်မရဲ့ 2008 နောက်ဆုံးစက္ကန့်တွေကတော့ ရေးခဲ့သလိုပဲ ကုန်ဆုံးခဲ့ပါတယ်..။
ခုချိန်မှာတော့ ပျော်ရွှင်မှုဆိုတာလဲ သိပ်ပြီးထူးခြားလှတဲ့ ခံစားချက်တစ်ခုတော့မဟုတ်တော့ပါဘူး။အဲ့ဒိညတုန်းက ပျော်နေတဲ့သူတွေကိုတော့ အားကျတယ်...။ငါ့မောင်လိုပဲ 2008 ကိုပြန်လည်သုံးသပ်ပြီး 2009 ကိုရင်ဆိုင်ဖို့အသင့်ပြင်တဲ့အကြောင်းတော့ အလျင်းသင့်ရင်ရေးပါဦးမယ်..။

အားလုံးချမ်းမြေ့ပါစေ။

Thursday, January 01, 2009

နှစ်သစ်ဆုတောင်း

၂၀၀၉ ခုနှစ်သည် ဘလောဂ့်ရပ်ဝန်းတွင်သာမက မြန်မာပြည်သူ၊ပြည်သားအားလုံးရဲ့ တူညီသောမျှော်လင့်ချက်များ ပြည့်ဝစေသော နှစ်တစ်နှစ်ဖြစ်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါသည်။