Saturday, December 13, 2008

နတ်မောက်မြို့က သူငယ်ချင်းအိမ်

နတ်မောက်မှာတုန်းကရုံးကသူငယ်ချင်းကသူ့အိမ်ကိုအလည်လိုက်ဖို့ခေါ်တာအခေါက်ခေါက်အခါခါ၊
လိုက်ချင်စိတ်လဲမရှိဘူး၊လိုက်သွားပြီးတော့မှလူတွေရဲ့အပေါ်ယံအပြုံးတွေကိုလဲပြန်ပြုံးပြချင်စိတ်မရှိဘူး
ဆိုပီးတစ်နှစ်နီးပါးနေခဲ့တာမှာတစ်ခေါက်ပဲရောက်ဖြစ်ခဲ့တယ်...။

ဒါလဲကျမရန်ကုန်ကို ပြန်ခါနီးဖြစ်နေတော့ မကောင်းတတ်ပါဘူးလေဆိုပီးလိုက်သွားခဲ့တာပါ...။
သူတို့အိမ်လေးက နတ်မောက်မြို့ရဲ့အောက်ချိုင်းလို့သူတို့အခေါ် ခပ်နိမ့်နိမ့်အပိုင်းမှာရှိပါတယ်။
မြို့ရဲ့အစွန်လို့ပြောလို့ရတယ်...။လမ်းမတန်းနဲ့မနီးဘူး၊တော်တော်လေးအထဲကို ၀င်ရတယ်..။
သူတို့အိမ်လေးကိုလိုက်သွားနေရင်းကမှ ကျမဟာ တန်ဖိုးရှိတဲ့အချိန်တွေကို အိုင်ပေါ့ဒ်တစ်လုံးနဲ့၊ဒါမှမဟုတ် ဂျာနယ်တစ်စောင်နဲ့၊အလုပ်ရဲ့ မရိုးနိုင်သောအရှုပ်ထုပ်ဇာတ်လမ်းတွေနဲ့ကြားမှာ
ကုန်ဆုံးဖြုန်းတီးပစ်ခဲ့မိတာပါလားလို့ နောင်တအတွေးတွေဝင်မိတယ်...။ရောက်ခဲ့တဲ့ တစ်ခေါက်ကလဲ ကျမနတ်မောက်မြို့ကိုဘယ်တော့မှမမေ့နိုင်တော့လောက်အောင် ခံစားမှုတွေ တစ်ထွေးကြီးပိုက်ပြီး
ပြန်လာခဲ့ရတဲ့တစ်ခေါက်ပါ..။

သာယာလိုက်တာ....သွားရာလမ်းတစ်လျှောက်ရော...သူတို့အိမ်လေးကရော...(ကြားဖြတ်ပြီး တစ်ခုငိုပြချင်ပါသေးတယ်..။အဲ့ဒိအိမ်ကို သွားရာလမ်းတစ်လျှောက်လုံးမှာ တွေ့ရမြင်ရသမျှရိုက်ခဲ့တဲ့
ဓာတ်ပုံတွေကို ကျမရဲ့သူငယ်ချင်းရဲ့ကွန်ပြူတာမှာသိမ်းထားရင်းက အဲ့ကွန်ပြူတာက၀င်းဒိုးကျတယ်ထင်ပါ့..
ဘာမှရှာမရတော့ပါဘူး....သိပ်ကိုနှမြောစရာကောင်းပါတယ်...ကောင်းသော်ရှိ၊မကောင်းသော်ရှိ
ကိုယ်ရိုက်ထားတဲ့ပုံလေးတွေဆိုတော့လဲ ခင်တွယ်တာပေါ့လေ...။ပြန်ကြိုးစားကြည့်လို့ အဆင်ပြေရင်တော့ အဲ့ဒိဓာတ်ပုံတွေတင်ပါဦးမယ်....။)

ထားပါတော့လေ...။လိုရင်းကမရောက်ဘူးဖြစ်နေတယ်...။
သိပ်ကိုအေးချမ်းတဲ့အိမ်လေးကို ကျမရောက်ခဲ့ဖူးပါတယ်...။အိမ်တစ်ခုလုံးကို သစ်နဲ့ဝါးနဲ့ချည်းပဲ ဆောက်ထားပါတယ်..။တိုင်တွေကသစ်နဲ့..အကာမှန်သမျှ ၀ါးထရံတွေနဲ့ ကာရံထားတယ်...။
အိမ်ရဲ့အနံ့ကလဲ ၀ါးနံ့နဲ့ ခြံထဲက မြေသင်းနံ့လေးတွေက ရောပြီး သင်းနေတာပဲ။
အဆောင်အယောင်ရယ်လို့ ဘာမှမရှိ၊စီးပွားရေးလုပ်ငန်းက ပန်းစိုက်ပျိုးရေး၊အဓိကထားစိုက်တာက စံပယ်ပန်း....။စံပယ်တွေကို ညနေစောင်းလောက်ကထဲက ခူးပြီးသီရတယ်။ညရောက်တာနဲ့ အိမ်တွေကို လိုက်ပို့၊ဆိုင်တွေကို လိုက်ပို့နဲ့ သူတို့အလုပ်ကလဲ သိပ်ပြီး အားလှတယ်တော့မဟုတ်ဘူး။တစ်နေ့ကို စံပယ်ပန်းရောင်းရငွေက ၄၀၀၀ ကျပ်အနည်းဆုံးရတယ်လို့ ပြောပြတယ်..။
ဆိုတော့ တွေးကြည့်ပေါ့..။တစ်ကုံးကိုမှ ၂၀ ပဲရတဲ့စံပယ်ကို ၄၀၀၀ ဖိုးလောက်ရတဲ့အထိဆိုတော့ ဘယ်လောက်များ စံပယ်တွေနဲ့ သင်းထုံနေလိမ့်မလဲ...။အဲ့ဒိ စံပယ်တွေဝေနေတဲ့ ခြံထဲမှာ ကျမ သုံးနာရီလောက်ကြာအောင် နေခဲ့တယ်..။ဆောင်းအေးအေးမှာ ဓာတ်ပုံတွေလဲ တစ်ဝကြီး ရိုက်ဖြစ်တယ်..။အဲ့ဒိထဲကမှ ဘယ်တော့မှမမေ့တဲ့ပုံတစ်ပုံကို ပြန်တင်လိုက်ပါတယ်...။




သူငယ်ချင်းရဲ့ အစ်ကိုအကြီး၊ဂီတာတီးအရမ်းကျွမ်းတဲ့အစ်ကိုကြီးဆွဲထားတဲ့ ပန်းချီပါ။ဒီပုံမျိုးဓာတ်ပုံတွေလဲ တွေ့ဖူးပါတယ်...။ဒါပေမယ့် ပတ်ဝန်းကျင် ပြောင်းလဲမှုကြောင့်ပဲထင်ပါတယ်...။
ကျမစိတ်အာရုံမှာဒီပန်းချီရယ်၊ဒီအိမ်လေးရယ်..၊သူတို့မြို့လေးရယ်ကို ခွဲမရပဲ တွဲပြီးပဲ မြင်နေမိပါတယ်...။ဒီပန်းချီက သူတို့အိမ်ရဲ့ အိမ်ဦးခန်းမှာ ချိတ်ထားတဲ့ပန်းချီကားပါ...။
ဓာတ်ပုံဆိုတော့ မူရင်းပန်းချီလောက်တော့အသက်မ၀င်ဘူးထင်ပါတယ်...။

ရေးနေရင်းက ကျမလွမ်းနေမိတယ်...အဲ့ဒိမြို့လေးကို...သူတို့မြို့ရဲ့ ပြယုဒ်လေးတွေကိုလဲ ပြန်သတိရနေမိတယ်..။

ရေဒီယိုကို မီဒီယာတစ်ခုလိုသဘောပိုက် တန်ဖိုးထားပြီး ဖွင့်တဲ့မြို့၊ရေဒီယိုကို အိမ်တိုင်းလိုလိုဖွင့်တဲ့မြို့၊ဗိုလ်ချုပ်အကြောင်းကိုဆို မနားတမ်းပြောပြချင်တဲ့သူတွေရှိတဲ့မြို့၊ရိုးသားမှုတွေ အစင်းသားတွေ့နိုင်တဲ့မြို့...........။
ကျမအဲ့ဒိမြို့လေးကို၊အဲ့ဒိမြို့မှာ ကြုံခဲ့ရတဲ့ဆောင်းကို သိပ်သတိရနေမိတယ်..။

10 Responses to “နတ်မောက်မြို့က သူငယ်ချင်းအိမ်”

ရောက်ဖူးချင်မယ် မေရာ ရေ့ ဘာပဲဖြစ်ဖြစ် ဗိုလ်ချုပ်ဇာတိမြို့ကလေးဆိုတာနဲ့  နွေးထွေးပြီး လုံခြုံမယ်လို့ စိတ်ထဲမှာထင်နေတယ် ။

အမ ရေ အဲဒီနေရာကိုသွားရင်လေ....

သတိရမိလိမ့်မယ်...
တမ်းတမိလိမ့်မယ်.....
လွမ်းမိလိမ့်မယ်.....
အံကြိတ် မိလိမ့်မယ်....
တောက် ခေါက်မိလိမ့်မယ်...
နောက်ဆုံး ... ကြေကွဲဝမ်းနည်းမိနေတော့မှာပဲဗျာ

အခုလို သတိတရ နဲ့ တင်ပေးတဲ့အမကိုကျေးဇူးတင်ပါတယ်ခင်ဗျာ
လေးစားလျှက်

ဒူကဘာ said...

အရေးအသားက ကောင်းတော့ လွမ်းလောက်သွားပြီး ဗိုလ်ချုပ်နဲ့ ပါတ်သက်တာ ကြံဖန်ပြီး ဂုဏ်ယူပြောရဦးမယ်၊ အယင်ကပေါ့ နတ်မောက်က ဗိုလ်ချုပ်အိမ်တော့ မရောက်ဖူးပါဖူး၊ ရန်ကုန်က ဗိုလ်ချုပ်အိမ်တော့ ကောင်းကောင်းကို မွှေနှောက် ရောက်ဖူးတယ်၊ သူငယ်ချင်းက အဲဒီဝင်းထဲ နေတာလေ၊ ခြံဝင်းကကြီး ပြုပြင်မဲ့သူကမရှိ၊ လူကမနေဆိုတော့ သရဲခြောက်တယ်ဗျ...ဒါပဲမှတ်မိတယ်..အို..နောက် .. အောင်ဆန်းလင်း ကျသေတဲ့ ရေအိုင်လေးက ဒူကဘာတို့ ငါမျှားလိုက်သေးတယ်.. ငါးရံ့လား? ငါးခူလား? မသိဖူး ဝင်းဦးလို နှုတ်ခမ်းမွှေးနဲ့ ငါးတွေ ရတယ်ဗျ။

Moe Cho Thinn said...

အမက ကွန်မန့် လုပ်ဖို့ ပို့စ်အောက်မှာ လိုက်ရှာနေတာ။ ခုမှ တွေ့တယ်။
တို့တွေအားလုံးရဲ့ တဦးတည်းသော ဗိုလ်ချုပ် မြို့ကို ရောက်ခဲ့တာ ညီမကို မုဒိတာ ပွားမိပါတယ်။ ဖတ်ရင်း စပယ်နံ့လေး မွှေးလာတယ်။
ဒီပုံလေးနဲ့ တွဲတဲ့စာက ရရင်ရ မရရင်ချ တဲ့။

နောက်တစ်ခါ ဓါတ်ပုံတွေ ရိုက်ပြီးရင် မပျက်အောင်
သိမ်းထား ညီမလေးရေ။

ကိုယ်မရောက်ဖူးပေမယ့်.ညီမလေးရေးထားတာလေး
ဖတ်ပြီးကိုယ်တိုင်ရောက်သွားသလိုခံစားရပါတယ်..
ကိုယ်တို့သိပ်ကိုလေးစားပြီးအားကျရတဲ့ဗိုလ်ချုပ်ရဲ့မွေး
ရပ်မြေကိုမသေခင်တစ်ခေါက်လောက်ရောက်စမ်းချင်ပါ
ဘိ...

April said...

အဲဒီမြို့လေးကို ရောက်ဖူးချင်လိုက်တာ...

မိုးနေ...

Kay said...

mirror အဲဒီမြို့လေးမှာ.. ဗိုလ်ချုပ်ပြတိုက်အိမ်ကလေးလဲ..ရှိတယ်ဆို။ အခု မတွေ့ခဲ့ဘူးလား။ ဘာပဲပြောပြော.. သမိုင်းထဲက..သွေးတွေက..ဆက်လက်လည်ပတ်နေတာကို ခံစားနေရတယ်။

mirror said...

တွေ့ခဲ့တာပေါ့ အစ်မကေရဲ့ ဘယ်နေပါ့မလဲ...။
ပိတ်ထားတာကိုကိုပဲ မရရအောင် သွားသွားကြည့်ခဲ့တာ။

လာဖတ်သွားတယ် ညီမလေးရေ။ ဗိုလ်ချုပ် ပုံလေးအတွက် ကျေးဇူးပါ။