Saturday, November 29, 2008

မြို့လယ်လမ်း

တစ်နွေပူဆဲ
လူထူထပ်သော၊ကွန်ကရစ်တောဟု
စေးချောမြို့လမ်း၊သစ်ရိပ်နွမ်းလျ
စီတန်းရုပ်ရှင်၊ဆူညံယာဉ်ပြေး
ဆင်ဝင်ရှေ့ပေါက်၊တွန့်ကောက်မြွေပတ်
လက်မှတ်တိုးရောင်း၊ပေါင်မုန့်တောင်းကြ
သောင်းပြောင်းရုတ်ရုတ်၊စိတ်ရှုပ်ဒေါသ
ထိုးကြ ကြိတ်ကြ၊ရဲသားစောင့်ရသည်။

တရုန်းရုန်းပင်
ပခုံးထမ်းဟန်၊လက်တွန်းလှည်းတို့
မုန့်ပဲသရေစာ၊ခေါ်အော်ဆူပူ
စားပါ ၀ယ်ပါ၊သည်ကိုလာနော်
လက်မှာလင်ပန်း၊အင်္ကျီနွမ်းနှင့်
မရမ်းချဉ်စပ်၊ဆီးထုပ်ထပ်၍
ကွန်းရှပ်ငါးမုန့်၊ချိုမြုံ့သကြား
ဆားပဲလှော်ရွ၊လစက္ကူကြည်
ဖျော်ရည်သီးချဉ်၊ခွက်ချင်ရောင်းဆဲ
မွန်းလွဲထိန်ညီး၊ချွေးဒီးဒီးယို
မီးလိုဝမ်းစာ၊အေးချင်ရှာကြ။

ဘတ်စ်မှတ်တိုင်၌
ညောင်းထိုင်ခဲ့ပြီ၊လူစည်ကားလှ
ကားတစ်ခြမ်းစောင်း
တွဲလောင်းစီးလာ၊ငါးသေတ္တာသို့
လူတစ်ရာမက၊မတ်တပ်ထလိုက်
ကတ်ကြေးကိုက်နှင့်၊ခါးပိုက်နှိုက်မှ
ခုန်ချလှမ်းတက်၊လုယက်အားခဲ
သွားမြဲခရီး၊နေ့တိုင်းစီးလည်း
မညည်းညူသာ။


သူတောင်းစားမူ
ငါးပြားဆယ်ပြား၊ပေးပါလားရှင်
သနားကယ်ပါ၊စွန့်ကြဲမှာလား
ဆာလောင်ထမင်း၊မျှော်ငေးရင်းက
ရိုးကြွင်းဟင်းကျန်၊တောင်းမြည်ကြံစည်
တေးသီဆိုပြန်၊နူဝဲပြစား
ဘိုးဘွားခါးကျိုး၊ဆိုးမျက်ကန်းရွဲ့
လက်တန်းရွတ်သူ၊ဆုပေးသူတို့
ပေးလှူမလောက်၊ရောက်လာကြမြဲ။

တိုက်နံဘေး၌
အုတ်ဆွေးရေစိမ့်၊မြေအက်နိမ့်စောင်း
ရေပုပ်မြောင်းဟောင်း
ယင်တလောင်းလောင်း
လဲလျောင်းမိန်းမော၊သေငယ်မြောသူ
ရောဂါကပ်မြှေး၊ဆေးနှင့်ဝေးစွ
လမ်းဘေးမှာပျောက်၊အလောင်းကောက်မှ
ရောက်ခဲ့ဆေးရုံ၊ရင်ခွဲရုံသို့
စုန်ဆန်တွင်းပြင်၊ကြောသေးမျှင်တို့
နေ့စဉ်ခွဲစိတ်၊ဆေးကျောင်းသိပ္ပံ
အဖိုးတန်ခဲ့။

ထိုခဏ၌
လှပဖိတ်လက်၊မှနပြိုးပြက်နှင့်
ကားထက်ပြေးဝင်၊စက်အေးချင်ထင့်
ပေါင်ပင်ချုံကြား၊နတ်မယ်ဖွားသို့
သွေးသားရောင်းသူ၊ပြုံးညှို့မြူနှင့်
လူစုံသည့်ဘား၊စပျစ်ခါးကျွန်းမှ
ပန်နုနှုတ်လွှာ၊မျက်ရစ်ပြာနှင့်
ကျဖြာမြိတ်ထုံး၊မြညိုကုံးနှင့်
သလုံးဖြူနု၊ထဘီတိုနှင့်
ကိုယ်ဟန်ကြော့ရွှင်၊ရင်ချီချီနှင့်
ပစ်မှီထိုင်ခုံ၊အိညံ့တုန်မှ
သက်လုံးနွဲ့နွဲ့၊မောပြေခဲ့ဟန်
ခေတ်ရဲ့ပန်းချီရေးခဲ့သည်။

ကြည်အေး
ရှုမ၀မဂ္ဂဇင်း၊ဇွန်၊1972 ၊စာ-23

Thursday, November 27, 2008

မီးစက်ကလေး

ကျနော် ဒီဆိုင်ကိုရောက်တာ 1 နှစ်ကျော်ပြီ။

ကျနော်ဆိုတာက ပါဝါတွေထုတ်ပေးတဲ့သူလေ...။
ပါဝါထုတ်ဖို့ဆိုတာလဲ ဒီအတိုင်းတော့ ဘယ်ရမလဲဗျာ။
အရင်ဆုံးကျနော့ကို သူတို့ဈေးကြီးကြီးပေးဝယ်ရတဲ့ အရည်တွေတိုက်ရမယ်။
ဒါက ပါဝါထုတ်ဖို့အတွက် အရေးကြီးဆုံး လိုအပ်ချက်ပဲဗျ၊
နောက်တော့ ကျနော့ခါးမှာ ရှိနေတဲ့ ကြိုးလေးတစ်စကို ဆွဲရမယ်။
(စ.....ဆိုတဲ့ခလုတ်လေးကိုလက်က ဖိထားရင်းပေါ့)

မနှစ်က ကျနော်ရောက်စကပေါ့ဗျာ။
မနှစ်က မိုးဦးကျတုန်းက ရောက်တာ၊ရောက်စတုန်းကတော့ ကျနော်ကအသစ်ကလေးဆိုတော့
သူတို့တွေက ယုယုယယနဲ့ကျနော့ကို ကိုင်တွယ်ကြတယ်...။
ကျနော့ကိုစတင်ဖို့ ဆွဲရတဲ့ကြိုးလေးကိုလဲ သူတို့က ညင်ညင်သာသာလေးပဲ ဆွဲကြတယ်...။
ဟောဟို ကောင်တာပေါ်က အဒေါ်ကြီးတွေ၊ဦးလေးကြီးတွေ၊အစ်မကြီးတွေကလဲ
" ဟေ့ သေသေချာချာ ဖြေးဖြေးလုပ်နော်" လုပ်နော်နဲ့ ....။
အမြဲအဲ့လိုလှမ်းပြောကြတယ်....။
ကျနော့နားကို သူတို့ဖယောင်းတိုင်တွေ၊မီးခြစ်တွေနဲ့များကပ်ရင်
အဲ့ဒိကောင်တာပေါ်က လူတွေက လှမ်းပြီးတော့ကို ဆဲသေးတာ၊
သူတို့တွေ ဆဲခံထိတာပေါ့......။

ကျနော်ရောက်စက မိုးတွေရွာနေတာဆိုတော့ ကျနော့ခါးကြိုးကို သူတို့လာလာဆွဲတာ
သိပ်မရှိဘူး၊တစ်ခါတစ်လေမှ လာလာဆွဲလေ့ရှိတယ်.....။
ဒါပေမယ့် ကျနော်ပါဝါတွေထုတ်ပေးရတဲ့ အချိန်ဆိုတာ သိပ်မကြာလိုက်ပါဘူး၊
ခဏလေးနေရင် နားရတယ်...
သူတို့အတွက် လျှပ်စစ်မီးဆိုတဲ့ ပါဝါကြီးက သိပ်ကြာကြာ မစောင့်ရဘူးထင်ပါတယ်။

ကျနော့ခါးကြိုးကိုလာမဆွဲခင်မှာ
သူတို့က ကျနော့ကို အင်မတန်အနံ့နံတဲ့ အရည်တွေတိုက်သေးတာ။
သူတို့က ကျနော့ခါးကကြိုးကိုလာဆွဲပြီဆိုတာနဲ့
ကျနော်က ကျနော့တစ်ကိုယ်လုံးကို တုန်ခါပြီး အရင်ဆုံးအပူတွေထုတ်၊ြ
ပီးတော့မှ အလင်းရောင်လို့သူတို့ပြောတဲ့ ပါဝါတစ်ခုကိုထုတ်ပေးတာ၊
ပြောမယ်ဆို ကျနော်က ပါဝါရှိတယ်ပေါ့ဗျာ၊

အဲ ဒါပေမယ့် စောစောကပြောခဲ့သလိုပေါ့လေ...ရောက်စတုန်းကတော့ မိုးတွင်းမို့ထင်ပါတယ်...
ကျနော့ကို သူတို့သိပ်ပြီး ခါးကြိုးလာလာမဆွဲဘူး၊သိပ်လဲ အရည်တွေမတိုက်ဘူး၊
အဲ့ဒိတုန်းကတော့ မီးစက်ကလေးတို့ ဇိမ်လေးတစ်ခွဲသားနဲ့ နှပ်နေခဲ့တာပေါ့လေ....။
ဒါပေမယ့်.....ဒါပေမယ့်....

မိုးမကုန့်၊တကုန်ကတည်းက ထင်ပါတယ်....ကျနော့မှာ အရည်တွေသောက်ရ၊ပြီးတော့ ခါးကြိုးဆွဲခံရ၊
အပူတွေမှုတ်ထုတ်ရ...နဲ့ ပါဝါတွေထုတ်ပေးနေရတော့တာ......
တဖြည်းဖြည်းနဲ့ ကျနော်လဲ ခြေကုန်းလက်ပမ်းတွေကျနေရတာ။

ကျနော်တစ်ယောက်ထဲလားဆိုတော့ မဟုတ်ဘူးဗျ၊ကျနော်လိုမျိုးကောင်တွေမှ အများကြီးပဲ
ဒီလမ်းမကြီးမှာ ကျနော့်လိုမျိုး ဆိုင်ရှေ့တွေမှာ တန်းစီနေတဲ့ကောင်တွေမှ အများကြီးပဲ၊
အံမယ် ဒါကျနော်တို့ ကံကောင်းတာဗျ၊တစ်ချို့ ကျနော်တို့ရပ်ကွက်က မဟုတ်တဲ့ကောင်တွေဆို
လမ်းမတန်းမှာ ကျနော်တို့လို ဟိုငေး၊ဒီငေးတောင် လုပ်ခွင့်ရတာမဟုတ်ဘူးတဲ့ဗျ...။
ဘာတဲ့...သူတို့ပြောပြောနေကြတာ...တော်တော်များများက နောက်ဖေးလမ်းကြားထဲပို့ခံရတာတဲ့....။
နောက်ဖေးလမ်းကြားထဲကနေ ပါဝါတွေ ထုတ်ထုတ်ပေးနေရတာတဲ့...။
သူတို့ကိုလူတွေမြင်မှာစိုးလို့တဲ့....။

ဒါဆို ကျနော်တို့က သူတို့ထက်စာတော်သေးတာပေါ့ဗျာ။ဟုတ်ဘူးလား။
ပါဝါလဲထုတ်ပေးရင်း ဖြတ်သွား၊ဖြတ်လာ ကောင်မလေးတွေကိုလဲ ငေးရင်းမောရင်းနဲ့ဆိုတော့
တော်ရုံဆို မမောတော့ဘူးပေါ့.....။

မနှစ်ကနွေကတစ်နွေလုံးလဲ မောခဲ့ရပြီးပြီ။
ဒီနှစ်နွေတော့ ကျနော့ကိုသူတို့ အရမ်းကာရောပါဝါတွေထုတ်ခိုင်းမှာ
မဟုတ်ဘူးလို့ထင်ထားခဲ့တာ...။ခုတော့ တက်တက်ကိုစင်အောင်လွဲတာပါပဲဗျာ...။

ခု ကျနော်လဲ ကျနေပြီ...။ကျနော့ကိုသူတို့ ညင်ညင်သာသာလဲမကိုင်ကြတော့ပါဘူးဗျာ၊
အချိန်တော်တော်များများမှာ ဆောင့်တွန်းလိုက်၊ဆောင့်ကန်လိုက်၊
ကျနော့ခါးကြိုးကို ဆောင့်ဆွဲလိုက်နဲ့ဟာ....။
ကျနော်လဲ ဖွတ်ဖွတ်ညက်ညက်ကိုကြေနေပြီ....။

နောက်ပြီး သူတို့ဆက်ဆွဲကြဦးမှာ ကျနော်သိတယ်....အဲ့ဒါမိုးမကျမချင်းပဲ...ကျနော်သိနေတယ်...
ကျနော်သူတို့ကိုလဲ အပြစ်မပြောချင်တော့ပါဘူးဗျာ...။
ညတုန်းကဆိုလဲ ကျနော့ကိုလာဆောင့်ဆွဲလိုက်၊ဆောင့်ကန်လိုက်လုပ်ရင်းက
ဘယ်သူ့ကိုဆဲမှန်းမသိဘူး...ဆဲနေလိုက်ကြတာ....ခွီး...ခွီးနဲ့...
ကျနော်လဲ ခဏနားလိုက်ရ၊ပြီး..ပြန်လာဆွဲခံရနဲ့....မရပ်မနား ပါဝါထုတ်နေရတာလဲ မဟုတ်ဘူးဗျ..။
ညတုန်းက သူတို့တွေဘယ်သူ့ကိုမှန်းမသိဆဲကြတယ် ဆိုတာလဲ...အဲ့ဒါကြောင့်ပါမယ်လို့ ကျနော်ထင်တာပဲ...
အဲ့ဒိလျှပ်စစ်မီးဆိုတာကလဲ ခုခဏလေးလာလိုက်၊သူတို့တွေက ကျနော့ကိုလာပြီး အနားပေးလိုက်၊
ပြေးကာလွှားကာနဲ့ သူတို့ပစ္စည်းတွေကိုဖွင့်လိုက်နဲ့ လုပ်လို့မှ မပြီးသေးဘူး...ပြန်ပြတ်သွားပြန်ရော...
အဲ့ဒါနဲ့ ကျနော့ကိုလာပြီး ဆွဲကြပြန်ရော...။
အစ်ကိုကြီးတစ်ယောက်များဆို ကျနော်ဖြင့်သနားတောင်သနားတယ်....
ဘာတဲ့ သူပြောတာရှိပါသေးတယ်....သူ့ညီတွေကိုပြောနေတာ
" ငါ ဟာ ညတုန်းက မနက်ငါးနာရီထိုးလို့ မီးလဲလာရော ၀မ်းသာအားရနဲ့ ထမင်းစားမလို့
ထမင်းတွေ ဟင်းတွေပုံပြီးရုံပဲရှိသေးတယ် ပြန်ပြတ်သွားရော.....
ငါ....ခွီးတဲ့မှပဲ စိတ်တိုလိုက်တာ...."

သူ့ညီကပြန်ပြောသေးတယ်

" အလကားပါဗျာ...
မနေ့ညထဲကပြတ်သွားတာ ခုမနက်ထိမလာသေးဘူးဆိုတာမျိုးဖြစ်မှာစိုးလို့
ခဏလေး လက်ခနဲလုပ်ပြတာပါ....
ဒီတစ်နွေလုံးတော့ ဘယ်ပုံစခန်းသွားကြမယ် မသိ.........." တဲ့...

ဟုတ်ပါတယ်...
သူတို့လဲ ဘယ်ပုံဆက်လုပ်ကြမယ်မသိသလို
ကျနော်လဲ ခါးကြိုးလေးက ခပ်လှုပ်လှုပ်ပါပဲဗျာ.....
ဒီနွေကုန်ရင်တော့ ကျနော်လဲ တစ်စစီဖြစ်တော့မယ် ထင်ပါရဲ့ဗျာ.........။


*မှတ်ချက် ...........မီးစက်နှင့်ပတ်သက်သော အခေါ်အဝေါ်များအား
ကျမနားလည်သလို ရေးထားခြင်းသာဖြစ်ပါသဖြင့် သည်းခံနားလည်ပြီးဖတ်ပေးကြပါရန်.........။

Wednesday, November 26, 2008

ခရီးသွားတုန်းက ဓာတ်ပုံများ

ကျမဓာတ်ပုံတွေ တစ်လှေကြီးတင်ပါဦးမယ်.....သည်းခံပြီးတော့သာ ကြည့်ရှုကြပါကုန်......။
ဆက်လက်ကြိုးစားပါဦးမည်။

ကျမမှာစာပေ၀မ်းစာ၊အတွေ့အကြုံ ၀မ်းစာတွေပြည့်လာခဲ့ရင်ဖြင့် Documentary လေး တွေရေးဖို့လဲ အိပ်မက် မက် ထားပါတယ်...။

























တောင်ကြီးမြို့ပုံပါ၊တောင်ချွန်းလို့ သူတို့ခေါ်ကြတဲ့နေရာကနေ သွားရိုက်ထားတာပါ၊
ကျမမြင်ဖူးနေကျ တခြားတောင်ကြီးမြို့ပုံတွေလောက်တော့ အဆင်မပြေဘူး၊:((((
ဒါတောင်ကြိုးစားပမ်းစားရိုက်ထားရတာ.... 10 ပုံလောက်ထဲကမှ အဆင်ပြေဆုံးလို့ထင်တာကိုရွေးတင်လိုက်တာ။


















အင်းလေးဒေသ...ရွာလေးတစ်ရွာ...။



















ဒါလေးမပါရင် အင်းလေးအလှဘယ်ပြည့်စုံမလဲ..........။



















အင်းလေးရဲ့ ညနေဘက်ရှုခင်းပါ၊သဘာဝအလင်းရောင် အတိုင်းရိုက်ခဲ့တာ။ ကိုယ့်ငါးချဉ်ကိုယ်ချဉ်တယ်ပဲ ပြောပြော ကျမမှာသာကိုယ်ပိုင်ကွန်ပြူတာရှိခဲ့ရင် ဒါလေးကို desktop ပေါ်မှာတင်ထားမယ်..စိတ်ကူးတယ်။




















အင်းလေးက ထမင်းဆိုင်တစ်ဆိုင်ကို လာစား၊လာနားတဲ့လှေတွေကို ဘေးကနေ အတင်းတွန်းထိုးရောင်းနေတဲ့ ဈေးသည်တွေ....။လှေဆရာက စိတ်ကောင်းလို့ အရှိန်လျှော့ပေးရင်တော့ သူတို့ပစ္စည်းရောင်းရဖို့ မျှော်လင့်လို့ရတယ်။ဒီထဲကပုံကတော့ ရောင်းရမယ့်ပုံမမြင်ဘူး။




















ဒီနေရာမှာပဲရေခပ်၊ဒီနေရာမှာပဲ ရေချိုး..................။




















အံ့သြဘနန်းပဲ မြင်မြင်ချင်းမှာ ကျမစိတ်ထဲဖြစ်သွားတာ။ရေတွေပဲရှိပြီး မြေရယ်လို့ပြောစမှတ်လောက်သာရှိတဲ့ အင်းလေးကန်ထဲမှာလဲအဘတို့အတွက် ဒီလိုနေရာရှိတယ်....။ဘုရားလာဖူးရင် ဆင်းဖို့ ကွင်းတဲ့..။



ဖောင်တော်ဦးမြတ်စွာဘုရား၊..မိန်းကလေးမတက်ရဆိုလို့ အဲ့ဒိမှာတွေ့တဲ့ ဆံပင်ရှည်ရှည်နဲ့ အစ်ကိုကြီးတစ်ယောက်ကို ရိုက်ခိုင်းလိုက်တာ။ကောင်းလိုက်တဲ့ ဒေါင့်လေးတွေ....။

+++++++++++++++++++++

တောင်ကြီးမီးပုံပျံပွဲ သို့မဟုတ် ကောင်းကင်ထက်ကအနုပညာ




















တောင်ကြီးမှာသာတဲ့လ...။

ညသည်မိန်းမတစ်ယောက်၏ မျက်ရည်ကိုကြွေအောင်ချွေတတ်သည့် အထူးကာလဖြစ်ပါသလား တဲ့။ဂျူးပြောဖူးတာ။




















ညမီးကျီးလို့ခေါ်တဲ့ မီးပုံးပျံဖြစ်လာဖို့ သူတို့အလုပ်ရုံကိုကျမသွားစပ်စုခဲ့တယ်..။အားနာတာနဲ့ ဓာတ်ပုံတော့ မရိုက်ခဲ့ဖြစ်ဘူး၊ညဘက်မီးပုံးပျံကိုကြည့်တာထက် သူတို့လုပ်နေတာကိုတွေ့မှ သူတို့ရိုးရာ၊ သူတို့ ၀ါသနာ၊ သူတို့အနုပညာကို လေးနက်စွာခံစားရစေပါတယ်...။






















မှိုင်းခံနေတာတဲ့။ကျမတို့ကတော့ အဲ့လိုမှိုင်းခံနေတဲ့ အချိန်ပဲအနားသွားကြည့်ရဲတယ်...။မီးပုံးပျံက ရုန်းနေပြီဆိုတာနဲ့ အဝေးကြီးရောက်အောင် လှည့်ပြန်ပြေးတော့တာပါပဲ...။တစ်ချို့အလုံးတွေက အောက်မှာတင်ပေါက်တတ်တယ်လေ..။



















ညဘက်မြင်ရတဲ့ မီးပုံးပျံအလှပေါ့၊သူတို့တွေလဲ တိုက်ရိုက်တင်တယ်ကြားတယ်...။ဒါကြောင့် ဒီမီးပုံးပျံတွေလွှတ်တာကိုတော့ သိပ်မရိုက်ဖြစ်လိုက်ပဲ သူတို့ရဲ့ကောင်းကင်ထက်ကအနုပညာကိုရင်ဘတ်နဲ့ပဲ
တစ်ဝကြီးခံစားခဲ့ပါတယ်...။
























ဒီလိုအောက်မှာတင်ပေါက်သွားတဲ့အခါကျရင်တော့ သူတို့တွေမြေကြီးမှာတင် လူးလိမ့်ငိုနေကြတယ်တဲ့။
အိုးစည်တော့ အတီးမပျက်ဘူး။



















ဒါက စိန်နားပန်အမျိုးအစားတဲ့၊မြင်းကျားဆိုတဲ့ စိုက်ပျိုးရေးသုံးဓာတ်မြေသြဇာက စပွန်ဆာလို့ထင်တယ်...။
မီးပုံလေးတွေကိုပဲ ကောင်းကင်မှာဒီလိုပေါ်လာတဲ့အထိ သူတို့ဘယ်လောက်ကြိုးစားရမလဲ။
ဘယ်လောက်ညီညွတ်ရလိမ့်မလဲ။။။




































တောင်ကြီးမှာနေခဲ့တဲ့ တစ်လျောက်လုံး ဒီတစ်နေ့တော့ ရှမ်းဝတ်စုံလေးတွေနဲ့ ကောင်မလေး၊ကောင်လေးတွေကို တွေ့ခွင့်ရခဲ့တယ်။



















ရန်ကုန်ကို အပြန်လမ်းမှာ ရိုက်ခဲ့တာ...အမေ့ကိုပြဖို့...နေပြည်တော်ဆိုတာ သူသိရအောင်....




















ကျမရဲ့ချစ်လှစွာသော တူမလေးနဲ့ သူ့အစ်ကိုတစ်ဝမ်းကွဲရဲ့ပုံပါ၊တောင်ချွန်းပေါ်မှာတုန်းက ရိုက်ပေးတာ။


စိတ်ရှည်စွာ ကြည့်ပေးကြသော အစ်ကို၊အစ်မများအားကျေးဇူးအထူးတင်ရှိပါသည်။

Monday, November 24, 2008

ဟန်းန ဖုန်းနဲ့ ဗိုလ်ကြီး

ရင်နာနာနဲ့ရယ်ရတာပါ။ညတုန်းက ဆိုင်တစ်ဆိုင်မှာတွေ့တာပါ
ကျမထိုင်နေတဲ့စားပွဲနားမှာ ရန်ကုန်လမ်းညွှန်နဲ့ ဖုန်းတစ်လုံးရှိတယ်...
လူတစ်ယောက်ဖုန်းလာဆက်တယ်..သူ့လက်ထဲမှာ ဟန်းဖုန်းပါတယ်...
လိုင်းမကြည်လို့နေပါလိမ့်မယ်...ရိုးရိုးလိုင်းဖုန်းကို သူလာသုံးတာပေါ့...
ကျမကလဲ အင်မတန်စပ်စုပါတယ်..မသိချင်ယောင်ဆောင်နေလဲရရဲ့သားနဲ့
ဒါပေသိ နီးနီးလေးဖြစ်တာတစ်ကြောင်း၊တိုနံ့နဲ့ ကတုံးကေကြောင့်တစ်ကြောင်း
ဂရုစိုက်တာမဟုတ်ပဲ ကြားနေရတာပါ

ဟဲလို...ဟုတ်ကဲ့ ဗိုလ်ကြီး .......... ရှိပါသလား
ဟုတ်ကဲ့ ကျနော် ဗိုလ်ကြီး....ပါ
သူ့သူငယ်ချင်းပါ...ကျနော်သူ့ဟန်းဖုန်းကိုဆက်တာ မရလို့ပါ...
ဟုတ်ကဲ့ ကျနော့်ဟန်းဖုန်းနာပါတ်လေးယူထားပါ..
ဟုတ်ကဲ့ ဗိုလ်ကြီး........ဆက်တယ်ပြောပေးပါ..
ဟုတ် သူ့သူငယ်ချင်း ဗိုလ်ကြီး..............ပါ....

သူငယ်ချင်းချင်းစကားပြောတာကိုများ...
မဏ္ဍပ်တိုင်တပ်တာကလွန်ရော....ရှက်လဲရှက်ကြဘူး....
ကျမနဲ့ ကျမသူငယ်ချင်းမှာ ရယ်လိုက်ရတာ အူကိုလိပ်နေတာပဲ...
အူကိုလိပ်နေတာပဲ....

Saturday, November 22, 2008

အကင်ဆိုင်က ကောင်ကလေး

သူငယ်ချင်းရဲ့ အမေကို အောင်မင်္ဂလာအဝေးပြေးကားဂိတ်ကိုလိုက်ပို့ပေးပြီး
ကိုယ့်နေရာပြန်ရောက်တော့ 7 နာရီခွဲပြီ။မနက်စာနဲ့ညစာပေါင်းစားဖို့စောင့်နေတဲ့
ဗိုက်ကလဲ သိသိသာသာကိုအောင့်ပြနေပြီ။
ဒီနေရာမှာ စားစရာကလဲ ပြောလောက်စရာ၊မက်မက်မောမောဘာမှမရှိပါ...။
ကတ်ကြေးကိုက် စားရင်ကောင်းမလားဆိုပြီးဆိုင်နားကပ်သွားမိတော့ သူ့ဘေးနားက အမှိုက်ပုံနံ့က
တော်တော်လေးနံနေတယ်...(ဒါတောင်ကျမက နားရောဂါနဲ့ရောပြီး အနံ့ခံပါမကောင်းတော့တဲ့သူ)
မဖြစ်သေးပါဘူး၊တော်ကြာ စားနေရင်းထအန်မှဖြင့်..ဆိုပြီး...နဲနဲဆက်လျှောက်လာ...

Moon Bakery ဆိုတာတွေ့တယ်..ဈေးကြီးပြီး ကြာလဲကြာတယ်..ဆက်ဆံရေးလဲမပြေပြစ်ဘူး။
ပယ်လိုက်တယ်...ထမင်းကြော်တစ်ပွဲဆို 2200 လားမသိဘူး။
အဓိကအကြောင်းရင်းကတော့ ဈေးကြီးလို့ပါ...။
သူ့ဘေးက အကင်ဆိုင်မှာ အကင်စားမယ်လို့ဆုံးဖြတ်ပြီး ၀င်လိုက်တယ်...
ကျမဈေးမေးတယ်...ဒါဘယ်လောက်လဲ..ဒါပေမယ့် ဘလောက်စ်အနီရောင်နဲ့ ရွှေဆွဲကြိုးနဲ့အစ်မကြီးက
ကျမဆီအာရုံရောက်မလာဘူး။သူ့ဘေးက ရွယ်တူအစ်မကြီးတစ်ယောက်နဲ့စကားပြောနေတယ်.....

2 မိနစ်လောက်ကြာသွားတယ်...ကျမဘက်ကိုစိတ်မရောက်သေးဘူး။
ဆိုင်သိမ်းခါနီးဖြစ်လို့နေပါလိမ့်မယ်...ကျမစောင့်နေလိုက်တယ်....
သူတို့ဘာတွေပြောနေလဲမသိ၊
ဧည့်သည်အစ်မက ပြန်တော့မယ်လို့ပြောသံကျမှစကားသံကကျယ်လာတယ်...
ကျမလဲ အဲ့စကားကျမှကြားတော့တယ်...
အဲ့ဒိအချိန်မှာ အသက် 15 နှစ်လောက်ရှိတဲ့ ကောင်လေးငယ်ငယ်လေးတစ်ယောက်က
ဧည့်သည်အစ်မနားကပ်သွားပြီး ပြောလိုက်တယ်...ကျမကြားလိုက်တယ်....
သားပျော်ရင် ဆက်နေမယ်...မပျော်ရင်တော့မနက်ဖြန်နေ့လည် 12နာရီဖုန်းဆက်မယ်...
ပြန်လာခေါ်တဲ့...
ကျမသိလိုက်ပြီ...လိုက်ပို့တဲ့အစ်မကြီးက ကောင်ကလေးနဲ့ဘာမှမတော်ဘူး....
သူ့မှာလဲ ယောက်ျားနဲ့ သားလေး 2ယောက်လဲပါလာသေးတယ်...
"အေးပါ..အေးပါ..အစ်မဒါဆို မပေးနဲ့ဦးပေါ့.အခြေအနေကြည့်လိုက်ဦးလေ "ဆိုပြီး
ကားပေါ်တက်သွားတယ်....


ကောင်ကလေးပုံက သပ်သပ်ရပ်ရပ်ရယ်ပါ...။
ဆံပင်လေးကို တိတိပပညှပ်ထားတယ်....
မနေ့ကဒါမှမဟုတ် ဒီနေ့မှညှပ်ထားသလိုမျိုး၊ရှပ်လက်တိုလေးနဲ့...
ပုဆိုးကွက်စိပ်လေးနဲ့.....
မျက်နှာလေးက ပကတိအရိုးအစင်းသား...။
သူ့ရင်ထဲရှိတာ သူပြောလိုက်တာပါပဲ....
ဒါပေမယ့် အစ်မကြီးတွေကတော့ ပိုက်ဆံလွန်သွားမှာကိုသာ စိုးရိမ်နေပုံပါ.။

ကျမလဲမှာစရာရှိတာမှာပြီး ကင်နေတာကိုစောင့်ရင်းက ကောင်လေးမျက်နှာကို
အသေအချာလိုက်ကြည့်နေလိုက်တယ်....။သူ့မျက်နှာပေါ်မှာဘာတွေထင်ဟပ်နေမလဲ...
ဘာတွေအရောင်ပြောင်းလဲသွားမလဲ...
အလုပ်လုပ်တဲ့နေရာမှာများ..တစ်ခုခုပြောင်းလဲသွားမလား...
ပန်းကန်ခွက်ယောက်တွေကို ဆောင့်အောင့်ချတာမျိုး...ဘာမျိုးပေါ့...
ကောင်ကလေးကတော့ အေးအေးဆေးဆေးပဲ၊ပြုံးသလိုတောင် ကျမထင်တယ်။ဘာမှမဖြစ်ဘူး။
သူ့ပုံစံက သူမလုပ်နိုင်တာ၊လုပ်နိုင်တာကို သူ့ ရပိုင်ခွင့်တွေ၊သူ့အလုပ်ချိန်တွေ၊
သူ့အလုပ်ရှင်ရဲ့ ဆက်ဆံရေးတွေကို ထည့်သွင့်စဉ်းစားနေပုံလဲမရဘူး၊
ဒီကြက်ကင်ဆိုင်မှာ အလုပ်ဆက်လုပ်၊မလုပ်ဆိုတာက သူပျော်လား၊မပျော်လားဆိုတာပေါ်မှာပဲ
မူတည်တယ်.ထင်ပါရဲ့....။

သူကအေးဆေးသလောက် ဆိုင်ရှင်အစ်မကြီးကတော့ စရံတောင်မချရသေးတဲ့
အလုပ်သမားအသစ်စက်စက်လေးကို ပဒေသာပင်(Briefing)တွေဝေနေပါပြီ...။
" ပျော်တယ်မပျော်ဘူးရှိမလား။ပိုက်ဆံရဖို့လုပ်တာပဲ...ပိုက်ဆံလိုချင်ရင်တော့
ပျော်ပျော်၊မပျော်ပျော်လုပ်ရမှာပဲ....တကထဲ...သူတို့များ..စားစရာသာမရှိရှိရမယ်...
လေသံကတစ်ပြားသားမှမလျှော့ဘူး" ...စသဖြင့်..စသဖြင့်......

ကျမဆက်မကြားချင်တော့ပါဘူး....ကောင်ကလေးလခဘယ်လောက်ရမှာလဲ။
သူရတဲ့ငွေကြေးကရော....သူမိသားစုစားဝတ်နေရေးအတွက် ဖူလုံပါ့မလား...
သူကိုယ်တိုင်ကရော..မိသားစုစားဝတ်နေရေးအတွက်
ကိုယ့်အသိနဲ့ကိုယ် ရုန်းကန်ပေးဖို့စိတ်ဆုံးဖြတ်ထားတဲ့ကလေးလား...။
သူမှမလုပ်ရင် သူ့အောက်က ညီလေး၊ညီမလေးတွေက ငတ်နေမှာလား.....
ကျမအတွေးတွေက အဆုံးမသတ်တော့.....
ထူးမခြားနား ဘာကိုဒေါသထွက်မှန်းမသိတဲ့စိတ်တွေကလဲ..
ဟိုကဒီကတဖွားဖွားထွက်လို့......

မနက်ကတုန်းက ကျမကအိပ်ယာထကာစ၊ဘေးနားရှိတဲ့ ဆရာမဂျူးရဲ့
မောင်တို့ယောက်ျားတွေ ဆိုတဲ့ရုပ်ရှင်ဆောင်းပါးကိုဖတ်နေတုန်းမှာပဲ
ဦးလေးက DVB ရုပ်မြင်သံကြားကို အကျယ်ကြီးဖွင့်ထားတာ။တစ်ချက်ကြားလိုက်တာ....
နိုဝင်ဘာ 20 ဟာ ကမ္ဘာ့ကလေးများနေ့...တဲ့...
နိုင်ငံတကာကလေးတွေနဲ့ မြန်မာပြည်ကကလေးတွေကြား ကွဲပြားခြားနားချက်တွေကို
ထောင့်စုံကနေတင်ဆက်သွားခဲ့တာ...။တိုင်းရင်းသားကျေးရွာက ကလေးအလုပ်သမလေးကို
မေးထားတာတောင်ပါသေးတယ်ထင်တယ်....
(တကယ်တော့ အဲ့ဒိအစီအစဉ်က တစ်ပတ်စာပြန်လည်တင်ဆက်ခြင်းဆိုတာမှာ
ပါတာလို့ထင်ပါတယ်...ကျမမသေချာပါ)
နားထောင်ရင်းရင်တွေမောနေတုန်း....
ကိုထူးအိမ်သင်မဆုံးခင်လေးမှာတင် တူးတူးပွဲမှာသူအပါအ၀င်ပေါ့..... ဆိုသွားတဲ့သီချင်း....

"နိုင်ငံတကာရင်သွေးလေးတွေ အများအပြားဟာ ကံဆိုးနေရရှာတယ်လေ........

တာဝန်ပျက်သူတွေဟာ..ပေါ့ဆခြင်းလက်နက်နဲ့ ကလေးတို့ရဲ့ ဇီဝိန်အသက်ကိုခြွေခဲ့ပြီ......."
ဆိုပြီး အစီအစဉ်ကိုအဆုံးသတ်ထားခဲ့တယ်...။

အကင်ဆိုင်မှာတွေ့ခဲ့တဲ့ ကောင်ကလေးကို မနက်ဖြန်ညကျရင်
ကျမသွားချောင်းကြည့်လိုက်ဦးမယ်.....
တွေ့ရင်တော့ သူပျော်တယ်ပေါ့၊မတွေ့ရတော့ဘူးဆိုရင်တော့ သူမပျော်ဘူးပေါ့...
ဒီလိုပဲ သတ်မှတ်လိုက်ရတော့မပေါ့....။

သူ့အတွက် ရွေးချယ်ပိုင်ခွင့်ဆိုတာတွေ မရှိဘူး၊
သူ့အတွက် အခွင့်အရေးဆိုတာ ဘာမှန်းမသိဘူး၊
ခေတ်ကပြဌာန်းပြီးသား အခြေအနေတစ်ခုမှာ....သူ့အတွက်အနာဂတ်ဆိုတာ
သူရပ်နေတဲ့ကတ္တရာလမ်းမပေါ်မှာ
နေပူလွန်းရင်ဖြစ်လာတတ်တဲ့ အခိုးအငွေ့တွေလိုပဲ...၀ါးတားတားပဲ...............။

တာဝန်ပျက်သူတွေဟာ ပေါ့ဆခြင်းလက်နက်နဲ့.....................
ကျမ မနက်ကကြားခဲ့ရတဲ့သီချင်းလေးပြန်ညည်းပြီး ထွက်လာခဲ့တယ်....
မနက်ဖြန်ညကျရင် အကင်ဆိုင်ကကောင်ကလေးကိုသွားကြည့်ဦးမယ်
စိတ်ကူးတယ်...................။

Friday, November 21, 2008

ချစ်ခြင်းဖြင့် ခွဲခွာခြင်း

နင်အဆင်ပြေနေတယ်ဆိုတဲ့အတွေး
နင်ပျော်ရွှင်နေတယ်ဆိုတဲ့ အတွေး
နင်ပူလောင်မွမ်းကြပ်မနေဘူးဆိုတဲ့အတွေး
အနဲဆုံးဟာ
နင်..
မနက်စာ၊ညစာမှန်အောင်စားနေရတယ်ဆိုတဲ့အတွေး
အဲ့ဒိအတွေးတွေခံစားသိရုံနဲ့
ငါနေပျော်တယ်...။

ကျမကသူ့ကိုထားခဲ့တာလား၊
သူက ကျမကိုထားခဲ့တာလား၊
နှုတ်ဆက်ခြင်းဆိုတာက ချစ်ခြင်းတရားနဲ့အတူ လမ်းခွဲရသူတွေအတွက်
မလိုအပ်လှဘူး.....။
သူ့ကြောင့် စိတ်ထွေတယ်....။
ဒါဆို......
နှုတ်မဆက်ဘဲ ထွက်သွားတဲ့အခါ...
ချစ်ခြင်းတရားကို ပွေ့ဖက်ပြီးလွမ်းနေရတာလား။
ကျမ.....အချစ်နဲ့ကင်းကင်း...နာကျည်းချင်ပါတယ်.....။

ခွဲခွာခြင်းဆိုတာမှာ စွန့်လွှတ်ခံရသူနဲ့၊စွန့်လွှတ်လိုက်တဲ့သူ
ဘယ်သူကပိုခံစားရတတ်သလဲ...
ကျမအထင်တော့ စွန့်လွှတ်လိုက်ရတဲ့သူက ပိုမလားပဲ။
စွန့်လွှတ်ခံလိုက်ရတဲ့သူမှာ နာကျည်းခြင်းနဲ့ ဖြေသာတယ်...။
စွန့်လွှတ်လိုက်ရသူကတော့ အမုန်းရယ်...အရှုံးရယ်...ဟန်လုပ်အပြုံးရယ်နဲ့...
ကိုယ်ဘာကောင်လဲသေချာမသိတော့၊
ကိုယ်ဘာကောင်လဲ သေချာမသိချင်တော့တဲ့ဘ၀....။

မှန်@4D

Thursday, November 20, 2008

အပြန်လမ်းပေါ်က အတွေး

ပြန်ရပြီဆိုလျှင် ခရီးဆိုသည်မှာ အလွမ်းတွေကိုသယ်ဆောင်လာသေလမ်းဖြစ်ပါသည်။ တဲ့
ကျမဖတ်ဖူးတဲ့ စာတစ်ကြောင်းပါ..။
တစ်နေ့နဲ့ တစ်ညခရီးက လူတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကို အရုပ်ကြိုးပြတ်လျော့ကျသွားစေပါသလား။
မဟုတ်လောက်ဘူးထင်ပါတယ်..။အသွားခရီးတုန်းကလဲ ဒီအကွာဝေးပဲဟာ..။အေးလေ အဲ့ဒိတုန်းကတော့
အေးမြမှုတွေ၊ရှမ်းမလေးတွေ၊မီးပုံးပျံတွေ၊ရှမ်းတောင်တန်းတွေ၊မြူတွေဆီးကြိုနေတဲ့နေရာကိုရောက်သွားရတာဖြစ်ပြီး
အပြန်လမ်းကတော့ အတွေးများ၊မီးခိုးငွေ့များရှိရာ၊ပူလောင်အိုက်စပ်သောတိုက်ခန်းတစ်ခုဆီသို့...
ဆိုတော့လဲ ဒီလောက်တော့ကွာခြားမှာပေါ့...။
ဒီရက်ထဲ စာတွေရေးဖြစ်အောင် ကြိုးစားပါဦးမယ်..။
ကျမမရှိတဲ့ရက်ထဲမှာ လာလည်ပြီး ကွန်မန့်တွေလဲပေးခဲ့တဲ့ အစ်ကို၊အစ်မများအားကျေးဇူးအထူးပင်တင်ရှိပါသည်။

Thursday, November 06, 2008

လမ်းမပေါ်မှာရေးခဲ့တဲ့ စာ

စာရေးဖို့အာရုံကမရ.. အာရုံရတဲ့အချိန်ကလဲ ယားလို့တောင်ထုံးတို့ထားရမယ့်အချိန်မျိုးမှ ရေးစရာ အကြောင်းအရာ၊ ရေးဖို့အာရုံဝင်စားမှုကရတတ်သည်။ အဲ့ဒါမကောင်းပါ.။ ကိုယ့်ကိုယ်ကိုလဲ လက်မခံပါ.။

လမ်းမပေါ်လမ်းလျှောက်ရတာများတော့ လမ်းမပေါ်ကအကြောင်းအရာတွေပဲ ရေးချင်နေမိတော့သည်။
ရေးဖို့အကြောင်းအရာကလဲ လမ်းမပေါ်ကအကြောင်းအရာတွေပဲ ဖြစ်သလို ရေးဖို့အာရုံကလဲ လမ်းမပေါ်မှာပဲပေါ်လာတတ်သည်။ မေ့တတ်တဲ့သတိကို အားတင်းပြီး အင်တာနက်အဆက်အသွယ်ရတဲ့ နေရာထိသယ်လာရသည်။

ကျမလျှောက်နေကျ ရန်ကုန်မြို့ရဲ့လမ်းမတွေပေါ်မှာပေါ့...။ မိုးကုန်ပြီဆိုတော့ လူက နဲနဲလန်းလန်းဆန်းဆန်းရှိလာသလိုပဲ.. ရာသီဥတုကလဲ သာယာလာတယ်၊လမ်းတွေလဲ ပိုလျှောက်လို့ကောင်းလာတယ်..။ ရန်ကုန်မိုးရဲ့ နှောက်ယှက်မှုကကင်းကင်းနဲ့လမ်းလျှောက်ရတာ သိပ်ကိုနှစ်သက်ဖို့ကောင်း။ ဆောင်းလေကလဲ ခုဆိုတချက်တချက်မှာ အေးခနဲ..။ ဝေ့ခနဲ..။ ဒါပေမယ့် အဲ့ဒိ အရသာတွေကို  ၀ါးမြိုပစ်မယ့် ဇာတ်လမ်းတွေက စတင်ဖန်လာနေတာတွေ့ရတော့ တော်တော်စိတ်ညစ်ရတယ်..။
အထူးသဖြင့် လမ်းလျှောက်ရနေတဲ့လူတွေအတွက်ပါ..။ ကျမကိုယ်တိုင်လဲပါတာပေါ့။

ကိုယ့်အတွက်၊ လမ်းမပေါ်မှာ လမ်းလျှောက်နေရတဲ့လူတွေအတွက် အန္တရာယ်သိပ်များတဲ့ အခြေအနေတွေက အရင်ကထက်ပိုပိုဆိုးလာခဲ့ပြီ။

ဘာတွေများလဲ..။အားလုံးလဲသိပြီးသားပဲနေမှာပေါ့..။ ဒါပေမယ့် ကျမအထင် ခုပိုဆိုးလာတယ်။
လုပ်ချင်တာကိုလုပ်ချင်သလိုလုပ်နေကြမှန်းသိသာလွန်းတယ်။ သိသာအောင်များလုပ်ပြနေတာလားလို့ တွေးမိသည်။ ငါတို့လုပ်ချင်တာလုပ်တယ်၊ဘယ်ကောင်ဘာပြောချင်လဲ၊ဘာမှနားထောင်နေစရာမလို၊
ဘာမှဂရုစိုက်နေစရာမလိုလို့များ ခံယူချက်ထားတာလားတော့မသိပါ.။ ဘာမှလဲမထင်ပါဘူး။ဘာမှလဲ မထင်ချင်တော့ပါဘူး၊တစ်ခုပဲရှိတယ် အန္တရာယ်ဖြစ်ခဲ့ရင်အရင်ဆုံးခံရမှာက လမ်းမပေါ်က ကိုယ့်ခြေထောက်ပေါ် ကိုယ်လျှောက်နေတဲ့သူတွေပေါ့..။

9 ဂ တွေ၊8 ဃ တွေပေါ်ကလူတွေကတော့ဘာမှမဖြစ်ဘူးပေါ့။ ဆိုက္ကားဆရာများ၊ စက်ဘီးသမားများ၊လမ်းလျှောက်သူများ၊ ဘတ်စ်ကားမှတ်တိုင်က ခရီးသည်များ၊ လမ်းပေါ်က ကလေးငယ်များ၊သက်ကြီးရွယ်အိုများ ... ဒီလူတွေတော့ ဖြစ်တာပေါ့။ တစ်နေ့တစ်မျိုး မရိုးနိုင်အောင်ကိုဖြစ်တာပေါ့..။ကြားလိုက်ရတဲ့ ကားတိုက်တဲ့သတင်း၊ နားနဲ့ရော မျက်စိနဲ့ရော မဆန့်မပြဲကိုကြားနေရတာ..။ ဒါပေမယ့် အဲ့ဒိ 9 ဂ တွေ၊၈ ဃတွေဖြစ်တယ်ဆိုတဲ့ အသံတစ်ခါမှာမကြားရသေး၊ တစ်စီးမှ မပါဘူးသေးဘူး။ဒုံးပျံလိုကားတွေ မပါသေးဘူး။ သူတို့ပြည်လမ်းမပေါ်မှာတော့ ဒီလိုအဖြစ်မျိုးတွေဘယ်ရှိပါ့မလဲ..။

ဒီလိုအဖြစ်မျိုးတွေ ဘယ်နေရာတွေမျိုးမှာရှိတတ်သလဲ..။ လူမွဲတွေရဲ့ ပတ်ဝန်းကျင်မှာပဲ ဖြစ်တယ်...။လူမွဲတွေနဲ့ ဒီအန္တရာယ်တွေက နေ့တိုင်းနီးပါးနီးစပ်နေတယ်..။ လက်တစ်ကမ်းအလိုမှာအမြဲရှိနေတယ်..။

ကားမှတ်တိုင်ရယ်၊လူကူးမျဉ်းကြားရယ်၊ လမ်းဆုံမီးပွိုင့်ရယ်ကို 1 မီတာပတ်လည်အတွင်းမှာတင် နေရာချထားတဲ့ နေရာမျိုးတွေမှာပေါ့။ တွေးကြည့်ပါ။ ကားမှတ်တိုင်နဲ့ လမ်းလေးခွ၊ငါးခွဆုံတဲ့ မီးပွိုင့်နဲ့က 1မီတာလောက်တောင်မဝေးချင်ဘူး။ အဲ့ဒိကြားထဲမှာ လူကူးမျဉ်းကြားကိုရိုက်ထားတယ်..။ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဆိုတာကို ကျမဘာမှနားမလည်ပါဘူး။ သာမာန်လူပြိန်းအမြင်နဲ့ပြောတာပါ။ဒီလိုနေရာချထားတာက တကယ်စစ်မှန်တဲ့နေရာချထားမှုပုံစံလဲဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် လူတွေနဲ့၊ကားတွေနဲ့ရဲ့ မြင်ကွင်းကတော့ ကြာကြာကြည့်ရင်နှလုံးရောဂါရနိုင်ပါတယ်။ (မကြည့်ချင်ပဲလဲ ကြည့်နေရတာပါပဲ)၊ မှတ်တိုင်က ဆောင့်ကြီးအောင့်ကြီးနဲ့ တဗူးဗူးနဲ့ထွက်လာတဲ့ ကားတွေ၊
အချင်းချင်း ဆဲကာ၊ ဆိုကာနဲ့ မကျေမနပ်ဖြစ်ပြီး မောင်းလာတဲ့ကားဆရာတွေ၊ ခိုးကြောင့်ခိုးဝှက်နဲ့လိုက်ဖမ်းမယ့် ပရုပ်လုံးအလစ်မှာ သုတ်သီးသုတ်ပျာလမ်းကူးနေတဲ့သူတွေ၊ ကားပေါ်ကဆင်းလာပြီး ကားကိုပတ်ကွေ့ပြီး လမ်းကူးဖို့မျဉ်းကြားမှာရပ်စောင့်နေတဲ့ လူတွေ။ ဘယ်သူတွေက ဆဲခံထိလဲ။
လမ်းပေါ်ကလမ်းလျှောက်နေတဲ့လူတွေပါပဲ။ ဆဲပြီး ကားမောင်းထွက်သွားတဲ့သူကို လမ်းပေါ်ကလူတွေက ဘာမှ ပြောချိန်တောင် မရလိုက်ကြပါဘူး။ မခံချိမခံသာနဲ့၊ အောင့်သက်သက်နဲ့သာ ငြိမ်နေရတာပါ။
ဒါမျိုးတွေက ဘယ်လိုနေရာတွေမှာလဲ။ Public place တွေမှာပါပဲ။ အထူးသဖြင့် မျက်နှာမွဲတို့ ကျင်လည်ရာ နေရာတွေမှာပါပဲ။

ဒါမျိုးတွေ ရန်ကုန်မှာ 4 ၊5 နေရာနဲ့အထက်ရှိတယ်။ ရှစ်မိုင်လမ်းဆုံ၊ ရွှေဂုံတိုင်လမ်းဆုံ၊ လှည်းတန်းလမ်းဆုံ၊မြေနီကုန်းလမ်းဆုံ၊တာမွေအ၀ိုင်း၊ စသဖြင့်ပေါ့။ ဒိထက်ဆိုးတဲ့နေရာတွေလဲရှိသေးတယ်။ ဘုရင့်နောင်၊ပေါက်တောဝလမ်းဆုံများ၊ နောက်ပြီး ဖော့ကန်လမ်းဆုံ။

ဒီလို နေရာတိုင်းမှာ လူ့မလိုင်တွေအတွက်လဲ နေရာရှိတယ်။သူတို့လဲ ရောသောပြီးရှိနေတတ်တာပဲ။
ဒါပေမယ့်သူတို့ကျတော့ ဒီလိုအဖြစ်တွေ မကြုံရဘူး။ မျက်နှာမွဲတွေသာ .....။

ကျမတွေးမိတယ်..။နောက်ဆိုရင် လမ်းလျှောက်တဲ့လူတွေအတွက်လဲ လူ signal ဖန်တီးပေးရမယ်လို့။
ဟုတ်တယ်မှုတ်လား။ဘယ်ဘက် signal ပြတယ်။ဘယ်ဘက်ကို တက်မယ် ။ သူ့ဘာသူရှောင်ချင်ရှောင် မရှောင်ချင်လို့တိုက်မိလဲ ဘာဖြစ်ဖြစ် မကောင်းဘူးလား။ညာဘက်ဆိုလဲ ဒီလိုပဲပေါ့။ လူ့ ဆစ်ကနယ်လုပ်ဖို့အတွက်ကျတော့ ဘာမှ ထွေထွေထူးထူးမလိုဘူး။ လမ်းမပေါ်ကလူတန်းစားတွေတတ်နိုင်မယ့် သီတင်းကျွတ်ရင်ကလေးတွေ ကစားတဲ့မီးလုံးပျော့စိလေးတွေကို သုံးမယ်။အဲ့ဒါလေးတွေက ပျော့စိ၊ ပျော့စိနဲ့။ လက်ထဲမှာ ဘယ်တစ်ဖက်ညာတစ်ဖက် ကိုင်ထားလိုက်ရုံပဲ။ ညာဘက် signal ဆိုဘာဘက်လက်ထဲကအလုံးလေးကိုဖြစ်ထည့်လိုက်။သူကအလုံးလေးကိုဖြစ်လိုက်ရင် အရောင်လေးတွေ လင်းလာတတ်တယ်...။ ဘယ်ဘက် signal ဆိုဘယ်ဘက်လက်ထဲက အလုံးလေးကိုညှစ်ထည့်လိုက်၊ပြီးရော... မရှောင်ပေးတဲ့လူဆိုဘာမှလုပ်မနေနဲ့။စောစောက ဒုံးပျံလိုကားပေါ်ကလူတွေလိုပဲ အော်သာဆဲခဲ့လိုက်၊ ကောင်းလိုက်တဲ့အကြံ အေးရော။ အဲ ဒါပေမယ့် ဖနောင့်နဲ့တင်ပါး တစ်သားထဲကျအောင်တော့ ပြေးတတ်ဖို့လိုလိမ့်မယ်...ထင်တယ်။

ဒီလောက်ပါပဲ။
လမ်းမပေါ်မှာတွေ့ရ၊ကြုံရတာလေးတွေကို ပြန်ပြီးအတင်းအုပ်တာပါ။

မနေ့က ကော်နက်ရှင်အခက်အခဲကြောင့် စာအကျအပေါက်များကိုသေချာပြန်မစစ်ခဲ့ဖြစ်၊
ဒီနေ့ပြန်စစ်ပြီးပြန်တင်ထားပါတယ်..။

Wednesday, November 05, 2008

မြန်မာပြည် အင်တာနက်အခြေအနေ

မနေ့က(၄.၁၁.၀၈) ညနေ 6 နာရီလောက်ထဲကကျသွားလိုက်တဲ့
အင်တာနက်ကော်နက်ရှင်က ဒီနေ့ ခုစာရေးနေချိန်ထိ(တင်လို့ရမရတော့မသိသေးပါ)
ကောင်းကောင်းကိုပြန်တက်မလာသေးပါဘူး...ဘယ်မှလဲ သွားလို့မရ ဘာမှလဲလုပ်လို့မရ....။
ကျသွားလိုက် ပြန်တက်လာလိုက်နဲ့...loading ဆိုတာကိုကြည့်ရင်းက လူလဲမူးနောက်လာပြီ

အိုဘားမား အမေရိကန်သမ္မတဖြစ်တာနဲ့များပတ်သတ်နေလို့လား...
(ဆိုင်လားတော့မသိဘူး တစ်ခါတစ်ခါကျတော့ ဒီလိုအူကြောင်ကြောင်ခန့်မှန်းချက်တွေက မှန်သွားတတ်တယ်လေ..)
အရင်ထဲက ၊ရွေးကောက်ပွဲရက်တွေထဲက ဒီကောင်အိုဘားမားနိုင်လို့ကတော့ ငါ့ဆီကဟာတွေကို
ကမ္ဘာနဲ့အဆက်အသွယ်ဖြတ်ပဲ လို့များတေးထားခဲ့သလား ..။

ဒီလောက်တောင်ပဲ ရက်စက်လှချည်လား...ဟင်...
ရက်တွေဆက်လာတော့ မကောင်းတော့ဘူး..ပြောတာတော့ ပုဂံနတ်ကကိုက ဒေါင်းနေတာပါတဲ့..

ခါတိုင်းလိုတောင် ကျော်လို့ ခွလို့လဲ မရတော့ဘူး.. 8:(

Tuesday, November 04, 2008

သမိုင်းတစ်ခုစတင်ရာနေရာ

"မ,အအောင် သမိုင်းသင်တယ်"လို့ဆိုတဲ့ သမိုင်းပါမောက္ခဒေါက်တာသန်းထွန်းရဲ့ ဇာတိရွာလေးကိုလှမ်းရိုက်ထားတဲ့ပုံတွေပါ...။
ကျမဒေါက်တာသန်းထွန်းကို ငသိုင်းချောင်းမြို့အထက်တန်းကျောင်းရဲ့ နှစ် 50ပြည့်ပွဲမှာတုန်းက
နတ်တော်လပြည့်နဲ့လဲ ရက်တိုက်လို့လုပ်တဲ့ စာပေဟောပြောပွဲမှာပဲ တစ်ခါဆုံဖူးတယ်...။(ဆုံဖူးတယ်လို့ဆိုတာထက် မြင်ဖူး၊ကြုံဖူးခဲ့တာပါ...)
အဲ့ဒါက လွန်ခဲ့တဲ့ 6 နှစ်လောက်ကပါ...။အဲ့ဒိစာပေဟောပြောပွဲတုန်းက သူဘာတွေဟောခဲ့၊ပြောခဲ့လဲဆိုတာထက်
ကျမနားထဲမှာ ဘယ်တော့မှမထွက်တဲ့စကားတစ်ခုကိုပဲ မှတ်မိနေပါတယ်..။
အရှုံးခံပြီး ထုတ်ပေးမယ့်ထုတ်ဝေသူတွေရှိနေသရွေ့သူသမိုင်းစာအုပ်တွေဆက်ရေးနေပါဦးမယ်တဲ့....။
ဘာလို့ဆိုတော့ကျနော့်စာအုပ်တွေကို ဖတ်တဲ့လူသိပ်မရှိလို့ပါတဲ့...။အဲ့ဒိတုန်းကထဲက ဆရာကလူထူ၊လူထဖြစ်နေပြီ။
ခုတော့ဆရာမရှိတော့ပါဘူး..။သူ့ရွာလေးကလူတွေထဲမှာ တချို့လဲသူ့အကြောင်းသိသူတွေရှိသလို...မသိတဲ့သူတွေလဲ
အများကြီးပါပဲ....။ကဲဒါတွေထားပါတော့လေ...ကျမရဲ့ မလှပေမယ့်ကြိုးစားပမ်းစားရိုက်ထားတဲ့ပုံလေးတွေကိုပဲ
တင်လိုက်ပါပီ...။ဓာတ်ပုံအားလုံးကို င၀န်မြစ်တစ်ဖက်ကမ်းကနေ လှမ်းရိုက်ထားတာပါ...။

မြန်မာရွာတွေရဲ့ထုံးစံအတိုင်းရွာဦးစေတီလေးလဲ ရှိတယ်...။င၀န်မြစ်ရေကတသွင်သွင်စီးနေတယ်...။


မိုးကလဲရွာတော့မလိုဖြစ်လိုက်၊လင်းလာလိုက်နဲ့ ၊နောက်ပြီးကျမကလဲ မရိုက်တတ်တာကြောင့် သေချာတော့မမြင်ရဘူး။
လှမ်းမြင်နေရတဲ့မြစ်ဝကနေ ဧရာဝတီတိုင်းမှာရှိတဲ့ မြို့တော်တော်များများကိုသွားလာနိုင်တယ်...။


ဒါကတော့ ငသိုင်းချောင်း(ငါးသိုင်းချောင်း)မြို့ရဲ့မြစ်ဆိပ်ပေါ့...။
ရေလမ်းခရီးကြောင့် ဒီမြို့ကလူတွေကခြေလှမ်းတွေပိုကျဲလေ့ရှိတယ်....။

ကျေးဇူးတင်ပါသည်...။

Sunday, November 02, 2008

ဆောင်းဝင်ပြီလား

ဒီရက်ထဲကောင်းကောင်းနေမကောင်းပါ..။ရာသီအကူးအပြောင်းမို့ထင်ပါရဲ့....။
မိုးကလဲ မကုန်တကုန် ဆောင်းကလဲမပီပြင်သေးဘူး။
အေးလိုက်တဲ့လေ တချက်လေးဝေ့လိုက်ရင် ရင်ဘတ်ထဲထိစိမ့်တယ်...။
ဒါပေမယ့် ရန်ကုန်မှာလေကဘယ်အရပ်ကတိုက်လို့ ဘယ်အရပ်ကိုသွားမှန်းမသိဘူး။
ညနေဘက်ဆို အရင်ရက်တွေလို မိုးအုံ့သလလိုလို၊မှိုင်းသလိုလို မဟုတ်တော့ဘူး။
တိမ်တွေက အရောက်တောက်တယ်...။နေ၀င်ချိန်ရဲ့ အရောင်များကို သေချာထိတွေ့ခွင့်ခံစားလို့ ရတယ်...။လူတွေအားလုံးကလှနေတယ်...။

8 ထပ်တိုက်ကနေမြင်ရတဲ့တိမ်တွေက ကိုယ့်နားနီးနီးရှိနေသလိုမျိုးလေးခံစားရတယ်...။
တိမ်တွေက အမျှင်လေးတွေ၊အရင်လို အလိပ်အခဲတွေမဟုတ်တော့။
ဖြူပြီးသန့်နေတယ်...။ကင်မရာက လတ်တလောအိမ်မှာမရှိနေတာနာတယ်။

စာအုပ်တစ်အုပ်ထဲမှာဖတ်ဖူးတာ...ဘယ်သူရေးတာလဲ သေချာမမှတ်မိတော့ဘူး။
တက္ကသိုလ်နောက်ခံဝတ္ထုဆိုတော့ ဆရာမင်းလူပဲ ထင်ပါတယ်..။ကျမအမှတ်မမှားဘူးဆိုရင် သူရေးထားတာကဒီလို..။
ပင်မတက္ကသိုလ်ကြီးရဲ့ ဆောင်းရာသီအလှကို ခံစားချင်ရင် နိုဝင်ဘာတစ်ရက်နေ့ကိုသွားကြည့်လို့
ရေးထားတာဖတ်ဖူးတယ်...။ခါတိုင်းနှစ်တွေရောက်ဖြစ်တယ်...။ခံစားရင်းဂုဏ်ယူဖြစ်တယ်..။
ဒီနှစ်တော့ နေမကောင်းတာနဲ့ ဘယ်မှမသွားနိုင်၊
မိုးမကုန်ပဲ ကူးတဲ့ဆောင်း။
ဒီနှစ်ဆောင်း ဘာတွေဖြစ်ဦးမလဲ မသိ....။လူတွေကိုအေးချမ်းစေတဲ့ဆောင်းဖြစ်မလားမသိ။

Saturday, November 01, 2008

နတ်မတောင်ဘုရား နဲ့ ရွာဘုရားလေးတစ်ဆူ

ဒါက နတ်မောက်ကနေ 15 မိုင်လောက်ထွက်လိုက်ရင်ရောက်တဲ့ နတ်မတောင်ပေါ်ကဘုရားပုံပါ...။




အညာရွာတွေထဲမှာ ဒီဘုရားလေးရှိတဲ့ရွာက ကံတော်တော်ကောင်းတယ်ဆိုရမယ်..။
ရေရှားတဲ့ဒေသပေမယ့် သူတို့ရွာမှာတော့ တစ်ရွာထဲကွက်ပြီး ရေပေါတယ်..။ရေလှိုင်တယ်လို့
ဆိုလို့ရမယ်..။နာမည်ကိုက "ရေယိုရွာ"တဲ့..။
ဆိုတော့ ဒါကရေယိုဘုရားပေါ့..။

နတ်မောက်ကိုသွားတုန်းက ရိုက်ထားတဲ့ပုံတွေထဲက ဘုရားပုံလေးတွေပဲ
ရွေးတင်လိုက်ပါတယ်..။ကိုယ်က ပရောက်ဖက်ရှင်နယ်တစ်ယောက်လဲမဟုတ်ပါဘူး။
ရိုက်ချင်သလိုရိုက်ထားခဲ့တာဖြစ်ပါတယ်..။စိတ်ကူးလဲသိပ်မရှိခဲ့ပါဘူး။
ဓာတ်ပုံရိုက်ရတာကိုတော့ ၀ါသနာပါပါတယ်..။ဒီလိုပဲ ဟိုစပ်စပ်ဒီစပ်စပ်ကတော့ ၀ါသနာကပါနေတာပါပဲ..
ကဗျာလိုလို၊စာလိုလို၊ဓာတ်ပုံလိုလိုပေါ့..။

ဒီနေ့ နိုဝင်ဘာလဆန်းတစ်ရက်မို့
အစ်ကို၊အစ်မများအားလုံး စိတ်နှလုံးအေးချမ်းပါစေကြောင်း
ဆုတောင်းရင်း ဘုရားပုံများကိုတင်ထားပါတယ်.........။