Monday, October 27, 2008

ဒုတိယအလုပ်

ဟိုတစ်လောက ပထမဆုံးအလုပ်ဆိုပြီး ပိုစ့်တစ်ခုတင်ထားခဲ့တယ်...။
အဲ့တုန်းက အစ်ကိုအောင်သာငယ်နဲ့ မောင်မျိုးက လာပြီးမြှောက်ပင့်ထားခဲ့လေတော့
(ဘာပဲဖြစ်ဖြစ်ကျေးဇူးတင်ပါတယ်နော်...။) ခုဒုတိယအလုပ်၊တတိယအလုပ်ဆိုပြီးဆက်ရေးပါဦးမယ်..။

ဒီကြားရက်ထဲတွေမှာတော့ ပေါ်ပင်တွေလျှောက်လိုက်နေမိတာနဲ့ မရေးဖြစ်ခဲ့ပါဘူး။
ခုတော့ လုပ်ခဲ့ဖူးတဲ့အလုပ်တွေကို ပြန်လည်လွမ်းဆွတ်ရင်း ဒီစာတွေကိုရေးနေမိပါတော့တယ်..။

အလုပ်ဆိုတော့ စကားကြီးစကားကျယ်တော့ နိုင်သလိုရှိပါတယ်..။
ဒါပေမယ့် ကျမတို့ဆီမှာ ဘယ်သူကမှ ငါဘာကိုဝါသနာပါတယ်...၊ဘယ်အလုပ်နဲ့တော့ အသက်မွေးဝမ်းကျောင်းပြုမယ်
ဆိုပြီး ပုံသေကားချပ်ထားထားလို့မရတတ်ကြပါဘူး။အများစုသော လူငယ်တွေဟာ ဒီလိုပါပဲ။
လက်ရှိခေတ်ကာလ အခြေအနေမှာ ဘယ်အလုပ်၊ဘယ်အသက်မွေးဝမ်းကျောင်းပညာကို ကိုယ်ဝါသနာပါလဲ
ဆိုတာ မသိကြပါဘူး။အကောင်းဆုံးဖြစ်မယ်ထင်တာ၊နောက်ပြီး hit အဖြစ်ဆုံးဆိုတာတွေကိုသာ
အချိန်နဲ့ တပြေးညီလုပ်နေကြတာကတော့ အားလုံးအသိပဲမှုတ်လားလေ..။

ဒီတော့ ပထမအလုပ်မှာ တယ်လီဖုန်းနစ် လိုလို၊စာရင်းသမားလိုလိုကျမက
ခုဒုတိယအလုပ်လဲကျရော...HIV/Aids လူနာတွေနဲ့ စကားပြော၊ဆွေးနွေးသူဘ၀ရောက်သွားခဲ့ပါတယ်..။
တက်နေတဲ့အင်္ဂလိပ်စာသင်တန်းမှာ လာကပ်ထားတာတွေ့လို့ သွားလျှောက်ရာက ဒီအလုပ်ကိုရခဲ့ပါတယ်။


အင်တာဗျူးဖြေတာကနေ စရမယ်ထင်တယ်...။
ကျမအင်တာဗျူးဖြေတဲ့အချိန်က ညနေ ၄ နာရီထိုးတော့မယ်..ကျနေပေါ့လေ..။
လူတွေများလွန်းလို့စောင့်နေရတာ မနက် ၁၁ နာရီထဲက၊သိပ်တော့မကြာပါဘူးနော်...။
အင်တာဗျူးတဲ့လူတွေက အစ်မကြီးနှစ်ယောက်၊စိတ်ထဲကတော့ ကိုယ့်စိတ်ကိုပြန်အားပေးလိုက်ပါတယ်..။
တတ်သလောက်သာဖြေ၊ဒီလောက်လူများတာ short list တောင်ပါဖို့လမ်းမမြင်၊
သူတို့မေးသွားတာတွေကို ခုနေပြန်ပြီးသုံးသပ်ရမယ်ဆိုရင်တော့ HIV/Aids လူနာတစ်ယောက်အပေါ်မှာ
ထားရှိတဲ့စိတ်နေစိတ်ထားကိုပဲ အဓိကစမ်းသပ်တဲ့မေးခွန်းတွေချည်းပါပဲ၊
သူတို့စကားနဲ့ပြောရမယ်ဆိုရင်တော့ Discrimination ပေါ့။
နောက်ပြီးတော့ ရောဂါနဲ့ပတ်သက်တဲ့ Knowledge ဘယ်လောက်ရှိသလဲဆန်းစစ်ခြင်းပေါ့။
ဒီလောက်ပါပဲ။နောက်နေ့အကြောင်းပြန်မယ် ဆိုတာနဲ့ ပြန်ထွက်လာရတာပေါ့..။

ဒီလိုနဲ့ ကျမအလုပ်ရမယ့်ကံ ဖန်လာပါတယ်..။
အလုပ်ရမယ့်ကံပါ။အလုပ်ကတော့ မရသေးပါဘူး။
ဘာလို့လဲဆိုတော့ကျမအပါအ၀င် လူ 20 လောက်ကိုသူတို့က Training ဆိုပြီး ၅ ရက်ခေါ်ပါတယ်..။
လှိုင်သာယာမှာ ကိုယ့်ထမင်းကိုယ်စားပြီးသွားတက်ရတာပါ၊
(ခုဒီမှာ ဒီလိုကိစ္စတွေအရမ်းပေါပါတယ်...အလုပ်မရတောင် အဲ့ဒိကရတဲ့ အတွေ့အကြုံကိုလိုချင်တယ်လို့
ခေါင်းစဉ်တပ်ပြီးတော့ အဲ့လိုကိစ္စတွေကို အားကြိုးမာန်တက်လိုက်လုပ်နေတဲ့လူတွေ တစ်ပုံတစ်ပင်ပါပဲ)
Training ဆိုပေမယ့် သူတို့ကချည်းသင်ပေးနေတာမျိုးမဟုတ်ပါဘူး၊
small talk လေးတွေ၊short presentation လေးတွေလုပ်ရတယ်..။ရောဂါနဲ့ပတ်သက်တာတွေပေါ့..။
ကူးစက်ခြင်း၊ပျံ့နှံ့ခြင်း၊ကာကွယ်ခြင်း ဒါတွေထင်ပါတယ်..
အကြောင်းအရာတွေကိုတော့ သေချာမမှတ်မိတော့ပါဘူး။
၅ ရက်ပြီးတော့လဲ ပြန်အကြောင်းကြားပါ့မယ်ပေါ့။20 လောက်ထဲကနေ ၃ ယောက်ရွေးပါတယ်..
ကံကောင်းထောက်မစွာ ကျမအဲ့ဒိအဖွဲ့အစည်းမှာ အလုပ်ရခဲ့ပါတယ်..။
၃ လအစမ်းခန့်အနေနဲ့ အလုပ်စတင်ရပါတော့တယ်...။

ရာထူးကတော့ အင်္ဂလိပ်လိုဆိုရင် Counsellor ၊မြန်မာလိုပြန်ရင်တော့ ဘယ်လိုပြန်ရမလဲမသိဘူး၊
အဲ့ဒိကိစ္စနဲ့ပတ်သက်ပြီး ကွဲပြားမှုတွေရှိနေတော့ ကျမလိုငချွတ်က ဘယ်လိုဘာသာပြန်ရမလဲ မသိဘူး။
ကျမနားလည်သလောက်ပြောရရင်တော့ ထိုင်စကားပြောခြင်းပါပဲ။
ဒါပေမယ့်ဦးတည်ချက်တစ်ခုခုရှိနေတဲ့ စကားဝိုင်းပေါ့။
အဲ့ဒိဦးတည်ချက်က ကိုယ့်အတွက်မဟုတ်ပဲ သူ့အတွက်ဆိုတာကိုသိသိသာသာမဟုတ်တဲ့နည်းလမ်းတွေနဲ့
အဲ့ဒိလူသိလာအောင်စကားတွေပြောနေရခြင်းပါပဲ။

လူလူချင်းတော့အတူတူ၊ဒါပေမယ့် ကိုယ်ကနားထောင်ပေးတဲ့သူ၊သူကပြောတဲ့သူ၊
ကိုယ်ကဖြေရှင်းပေးတဲ့သူ၊သူကပြဿနာနဲ့လူ၊
သူကငိုတဲ့သူ၊ကိုယ်က ပြေရာပြေကြောင်းတတ်သလောက်မှတ်သလောက်ပြောရတဲ့သူ...။
ဒီလို၊ဒီလိုအကြောင်းအရာတွေပေါ့လေ..။
တစ်ခါတစ်ခါ မိသားစုအရေး၊တစ်ခါတစ်ခါ အိမ်ထောင်ရေး အချစ်ရေး၊တစ်ခါတစ်ခါကျန်းမာရေး၊
တစ်ခါတစ်ခါ နိုင်ငံရေး...။အဲ့ဒိအကြောင်းတွေကို ကျမရဲ့လူနာတွေနဲ့ ပြောဖြစ်ခဲ့ပါတယ်..။
ဒီအလုပ်ကို လူတွေဘယ်လိုသတ်မှတ်ကြသလဲတော့မသိဘူး။သိပ်ကိုလဲကျေနပ်ပီတိဖြစ်ရတဲ့အလုပ်ပါ..။

အဲ့ဒိမှာ အခက်အခဲတွေကလဲ ကြုံရတာပါပဲ။
အသိသာဆုံး အခက်အခဲကတော့ အသက်အရွယ်ပါပဲ။
ကျမစောစောက ပြောတဲ့အကြောင်းအရာတွေကို ကျမထက်အသက်အရွယ်၊
အခက်အခဲ၊အတွေ့အကြုံ၊ဘ၀ သင်ခန်းစာ တစ်ပုံတစ်ပင်နဲ့ လူ့ဘ၀ကိုဖြတ်သန်းခဲ့ကြတဲ့
အစ်ကိုကြီး၊အစ်မကြီးအရွယ်တွေ၊ဦးလေး၊ဒေါ်လေးအရွယ်၊ဘကြီး အရွယ်တွေကို
ကျမအနေနဲ့ဘယ်လို အသုံးအနှုန်း၊ဘယ်လိုမျက်နှာပေးနဲ့ စကားပြောရပါ့မလဲ။
ကျမမှာ သူတို့ထက်သိနေနိုင်တာက ကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတလောက်ပဲရှိမယ်လေ..။
တခြားအကြောင်းအရာတွေကို တည်တည်ငြိမ်ငြိမ်နဲ့ဆွေးနွေးဖို့၊တစ်နည်းအားဖြင့် စကားလုပ်ပြီးထိုင်ပြောနေဖို့ဆိုတာ
ကျမအတွက်တော့ အင်မတန်ခက်ခဲတဲ့ အလုပ်တစ်ခုဖြစ်နေခဲ့တယ်..။
တကယ်လဲ ပင်ပင်ပန်းပန်းကြိုးစားခဲ့ရပါတယ်...။
ကိုယ့်ထက်အတွေ့အကြုံရင့်ကျက်တဲ့ စီနီယာအစ်ကို၊အစ်မတွေ ဆီမှာပညာယူရပါတယ်..။

အဲ တစ်ခုခက်တာက ပညာယူတယ်ဆိုတော့ သူတို့အလုပ်လုပ်နေတဲ့အချိန်မှာ ကိုယ်ကထိုင်ကြည့်နေလို့ရတာမျိုး
မဟုတ်ဘူး၊ဒီတော့ ထမင်းစားတဲ့အချိန်တို့၊ညနေပိုင်း သူတို့ဆီမှာလူနာပါးတဲ့အချိန်တို့မှာ
သူတို့ဆီကနေ အစ်အောက်ပြီး မေးရမြန်းရပါတယ်...။
၃လ ကြာတော့ ကျမကိုအလုပ်ဆက်ခန့်ဖို့အတွက် Evaluation လို့နာမည်တပ်ထားပြီး
အကြီးအကဲ ၄ယောက်က ကျမအလုပ်လုပ်တာကို ဆက်တိုက်စစ်ဆေးပြီးတဲ့အခါမှာ ကျမကို သူတို့ဆက်ပြီး
အလုပ်ခန့်ခဲ့တယ်...။အဲ့ဒိမှာ ကျမ ၁ နှစ်နီးပါးအလုပ်လုပ်ခဲ့ပါတယ်...။

လူမှုရေးကိစ္စအခက်အခဲတွေကိုချည်း နေ့စဉ်ကြုံတွေ့နေရတဲ့အလုပ်လို့ယူဆပါတယ်..။
အစောဆုံးရက်တွေကဆိုရင် ကြုံရသမျှ လူနာတွေရဲ့ပြဿနာတွေကို ကိုယ့်ပြဿနာလုပ်ပြီး
အိမ်အထိသယ်လာ၊ညကျ အိမ်မက်ထဲ ထည့်မက်၊သူတို့ငိုသလို ကိုယ်ကပါလိုက်ငိုပေါ့။
စိတ်ဆင်းရဲ ကိုယ်ဆင်းရဲတွေဖြစ်ခဲ့ရတာ...။ဒါပေမယ့် ကျမကိုယ့်ကိုယ်ကို အံ့သြတာတစ်ခုက
အပြင်မှာ၊တကယ့်လက်တွေ့မှာတော့ ကျမဘယ်တုန်းကမှ လူနာတွေရှေ့မှာ ၀မ်းသာ၊၀မ်းနည်းမဖြစ်ခဲ့တာပါပဲ။
ဒီလိုနဲ့ပဲ နောက်တော့အလုပ်ကိုလူကနိုင်သွားတယ်လို့ပဲ ဆိုရမှာပေါ့..။တဖြည်းဖြည်းနဲ့ ကျွမ်းကျင်လာတယ်။
အလုပ်တာဝန်တွေကလဲ သိသိသာသာများလာခဲ့တယ်..။ကျမပျော်ခဲ့ပါတယ်..။ကျေနပ်ပီတိဖြစ်ခဲ့ရတယ်...။
ကိုယ့်စကားတွေကြောင့် လူတွေစိတ်သက်သာရာရခဲ့တဲ့အခါ၊သူတို့ခံစားမှုတွေ
လျော့ကျသွားတာကို ခံစားမိတဲ့အခါ ရလာတဲ့ခံစားမှုကို ဖေါ်ပြစရာစကားလုံးမရှိနိုင်။

ကျမအထင်ပြောရရင် ကျမဒီအလုပ်ကရရှိလိုက်တဲ့အတွေ့အကြုံတွေက ဟင်းလေးအိုးကြီးတစ်ခုလိုပါပဲ။
အဲ့ဒိတုန်းက ကျမအသက်က ၂၀၊ကျမလိုက်မမှီနိုင်တဲ့၊တစ်ခါမှလဲ မကြုံဖူး၊မကြားဖူးတဲ့ လူမှုရေးပြဿနာတွေက
တစ်ပုံတစ်ပင်ရှိနေတယ်ဆိုတာကို သိလာခဲ့တယ်..။
ဘာနဲ့မှမလဲနိုင်တဲ့၊ငွေနဲ့ရှာဝယ်လို့မရနိုင်တဲ့အတွေ့အကြုံပေါင်းများစွာရရှိခဲ့ပါတယ်..။

သို့သော် ဘောလုံးသမားတွေ အသင်းပြောင်းချင်တဲ့အခါ ပြောနေကျစကားလိုပေါ့။
ကျမလဲ စိန်ခေါ်မှုအသစ်တွေရဲ့ ခေါ်ဆောင်ရာနောက်ကိုတစ်ကောက်ကောက်လိုက်ချင်တဲ့လူငယ်တစ်ယောက်ပဲ။
ဒါကြောင့် အဲ့ဒိအလုပ်မှာ တစ်နှစ်နီးပါးကြာလာတဲ့အခါမှာတော့ နောက်ထပ်အလုပ်သစ်တစ်ခုကိုရှာဖို့
ဇာတ်လမ်းကိုစတင်ခဲ့ပါတယ်.........။

2 Responses to “ဒုတိယအလုပ်”

Anonymous said...

စိန်ခေါ်မှုနောက်ကိုလိုက်ချင်တာ လူငယ်တွေရဲ့ သဘာဝပဲ။ကောင်းပါတယ် ပို့စ်လေးက။

အလုပ်တွေ များများ လုပ်ရလေ ဘ၀အတွ့အကြုံတွေ ပိုရလေပေါ့ ညီမရေ...

အတွေ့အကြုံတွေကို များများ စုထား ဟေ့ ....